ဒါကို ကြားတော့ ရှန်မုန့်ရိုက လက်ကို ပြန်ရုတ်လိုက်ပြီး လှပတဲ့ မျက်လုံးတွေနဲ့ လီချင်းယွင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ရှင် တကယ် မျက်မမြင် ဖြစ်နေတာလား"

လီချင်းယွင် တံတွေးတစ်ချက် မြိုချလိုက်သည်။ "တကယ် မမြင်ရတာပါ အရမ်းကို ကန်းနေတာပါ ကန်းနေတာ နှစ်အတော်ကြာပါပြီ"

"ဒါဆို ကျွန်မ ဝတ်ထားတဲ့ ဂါဝန်ရှည်က ဘာအရောင်လဲ"

ငါ့ကို စမ်းသပ်နေတာလား။ ငါ အဲ့လောက် မတုံးပါဘူး။

"ကျွန်တော်က မျက်မမြင်လေ မိန်းကလေးရဲ့ ဂါဝန်အရောင်ကို ဘယ်လိုလုပ် သိမှာလဲ"

"ရှင် ကျွန်မကို နောက်နေတာ မဟုတ်ပါဘူးနော်" ရှန်မုန့်ရိုက မေးရင်း လီချင်းယွင်၏ မျက်နှာရှေ့တွင် လက်ကို ယမ်းပြလိုက်သည်။

ရှန်မုန့်ရို မယုံကြည်တာကို မြင်တော့ လီချင်းယွင် သက်ပြင်းချလိုက်သည်။ "လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းကပေါ့... အပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာ ဆော့ကစားနေတုန်း ရထားလုံးတစ်စီးက သူ့ဆီကို အရှိန်နဲ့ မောင်းဝင်လာတယ် အခြေအနေက အရမ်းအန္တရာယ်များနေပေမဲ့ ဘယ်သူမှ ကူညီမယ့်သူ မရှိခဲ့ဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ မဆိုင်းမတွ ပြေးဝင်သွားခဲ့တာ။ သူ့ကို ကယ်နိုင်ခဲ့ပေမဲ့ ကျွန်တော့်မျက်လုံးတွေက မြင်းခွာနဲ့ ထိမိပြီး အဲဒီကတည်းက အလင်းကွယ်သွားခဲ့ရတာပါပဲ"

"ကျွန်တော် အရမ်းနာကျင်ရပါတယ် ဒီရောင်စုံကမ္ဘာကြီးကို နောက်တစ်ကြိမ်လောက်ပဲ ပြန်ကြည့်ချင်မိပါတယ်"

ပြောရင်းဆိုရင်း လီချင်းယွင်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ "ကျွန်တော် မျက်မမြင် ဖြစ်နေတာကို မေ့နေခဲ့တာပါ မိန်းကလေးက ဂါဝန်အရောင်ကို မေးလိုက်တော့မှ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ အတိတ်က အမှတ်တရတွေ ခေါင်းထဲ ပြန်ဝင်လာတော့တာပဲ"

"ဒါကြောင့် ကျွန်တော်က မျက်မမြင်ပါ"

"ကျွန်တော် ဒီရောင်စုံကမ္ဘာကြီးကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး"

"အား..."

လီချင်းယွင်က ရင်ကွဲပက်လက် အော်ဟစ်လိုက်သည်။

သူ၏ မခံမရပ်နိုင်အောင် နာကျင်နေမှုကို မြင်လိုက်ရသောအခါ ရှန်မုန့်ရို၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လာပြီး ရင်ထဲ၌ ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာသည်။

"မငိုပါနဲ့တော့ မငိုပါနဲ့တော့ အားလုံးက ကျွန်မအမှားပါ တောင်းပန်ပါတယ်"

လီချင်းယွင် သက်ပြင်းချလိုက်သည်။ "ရပါတယ် မျက်လုံးကန်းသွားရင်တောင် ကျွန်တော် ဘယ်တော့မှ နောင်တမရပါဘူး"

"အချိန်တွေကို နောက်ပြန်လှည့်ပြီး ပြန်ရွေးချယ်ခွင့်ရရင်တောင် ကျွန်တော် တွေဝေနေမှာ မဟုတ်ဘဲ လူတွေကို ကယ်တင်ဦးမှာပါပဲ"

"တခြားအကြောင်းပြချက်ကြောင့် မဟုတ်ပါဘူး ကျွန်တော်က သူတစ်ပါးကို ကူညီရတာ နှစ်သက်တဲ့သူမို့လို့ပါ"

လီချင်းယွင်သည် တရားမျှတပြီး ကြည်ညိုဖွယ်ကောင်းသော ပုံစံမျိုး ဖမ်းလိုက်ရာ သဘာဝကျစွာပင် လူများကို လေးစားမှု ဖြစ်ပေါ်စေသည်။

"မိန်းကလေး... သူ့စကားကို မယုံနဲ့ သူ့ကို ကြည့်ပါဦး မျက်မမြင်နဲ့ လုံးဝ မတူဘူး မျက်လုံးတွေက တောက်ပပြီး ချက်ချာနေတာပဲ သူ ဟန်ဆောင်နေတာ သေချာတယ်"

"ဟုတ်တယ် သူ တည့်တည့်ပြေးသွားပြီး မင်းရဲ့ တင်ပါးကို ရိုက်လိုက်တာ ငါ မျက်စိနဲ့တပ်အပ် မြင်လိုက်တယ် သူပြေးတာ အရမ်းမြန်တယ် မမြင်ရတဲ့လူနဲ့ လုံးဝမတူဘူး။ ဒါ့အပြင် မျက်မမြင်တွေတောင် လမ်းလျှောက်တုတ် ပါသေးတယ် သူ့ကို ကြည့်လိုက် ဘာမှမပါဘူး"

"မင်းလို ရုပ်ချောတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက် ယုတ်မာတဲ့အလုပ်ကို လုပ်ရက်တာလဲ မင်းက တကယ့် လူမိုက်ပဲ လူယုတ်မာကောင်"

လမ်းသွားလမ်းလာ အများအပြားက ဒေါသတကြီး ပြောဆိုကြသည်။

လီချင်းယွင် မျက်မှောင်ကြုတ်သွားပြီး ဒီလို စပ်စုတဲ့ လူတွေကို ထိပ်ပြောင်သွားအောင် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ လွတ်ခါနီးမှ ဘာလို့ လာနှောင့်ယှက်ကြတာလဲ။

ငါ မျက်စိမြင်တာ မမြင်တာ မင်းတို့နဲ့ ဘာဆိုင်လို့လဲ။

ခွေးက ကြွက်ဖမ်းသလို သူများကိစ္စ ဝင်စပ်စုနေကြတယ်။

လူတွေ ပြောနေတာကို ကြားတော့ ရှန်မုန့်ရိုက လီချင်းယွင်ကို သံသယဖြင့် ကြည့်လိုက်သည်။ "ရှင် မျက်မမြင်ဆိုတာ ယုံပေးလိုက်ရင်တောင် ဘာလို့ ကျွန်မတင်ပါးကို ရိုက်တာလဲ"

လီချင်းယွင် - "..."

"ကျွန်... ကျွန်တော်... ကျွန်တော် ဗိုက်နာပြီး အိမ်သာတက်ချင်နေလို့ပါ အလျင်လိုနေတာနဲ့ မိန်းကလေးရဲ့ တင်ပါးကို မတော်တဆ ရိုက်မိသွားတာပါ"

"တကယ် တောင်းပန်ပါတယ်ဗျာ။"

"ဒီက မိန်းကလေးကို တောင်းပန်ပါတယ်" သူက လက်သီးဆုပ်ကာ အရိုအသေပေးပြီး အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်သည်။

ဒီအချိန်မှာ လာကြည့်တဲ့သူတွေ ပိုများလာပြီး ဈေးသည်တချို့လည်း ရောက်လာကြသည်။

ရှန်မုန့်ရို မယုံကြည်သေးတာကို မြင်တော့ လီချင်းယွင် သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီလေ ဒီနေ့ကစပြီး ကျွန်တော် အိမ်မှာပဲ နေပါတော့မယ်"

"ကျွန်တော့်လို မျက်မမြင်တစ်ယောက်က အကြောင်းမဲ့ အပြင်ထွက်လာပါ့မလား"

"သူများတိုက်မိမှာ ကြောက်လို့ပါ"

"ဒါပေမဲ့ သူများကို ဝင်တိုက်မိမှာလည်း စိုးရိမ်ပါတယ်"

"လမ်းလျှောက်ရင် အမြဲတမ်း ခလုတ်တိုက်ပြီး လဲကျတတ်တယ် တစ်ခါတလေ သစ်ပင်ကြီးတွေကိုတောင် ဝင်တိုက်မိသေးတယ်"

"အရမ်း ခက်ခဲပါတယ်"

"ဒီလောက် ခက်ခဲနေပေမဲ့ အဲဒီကောင်မလေးကို ကယ်တင်ခဲ့တာ နောင်တမရပါဘူး အပြစ်ကင်းတဲ့ အသက်လေးတစ်ချောင်းကို ကယ်တင်ခဲ့တယ်ဆိုတဲ့ အသိနဲ့တင် နာကျင်မှုတွေအားလုံး ပျောက်ကွယ်သွားရပါတယ်"

လီချင်းယွင်က ရင်ဘတ်ကို ဖိပြီး နာကျင်စွာ ပြောလိုက်သည်။ "ဒီနေ့ ဖြစ်ခဲ့တာ ကျွန်တော့်အမှားပါ ကျွန်တော့်ကို ကြိုက်သလိုသာ လုပ်ပါတော့"

ပြောပြီးနောက် သူသည် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသကဲ့သို့ ပုံစံဖမ်းလိုက်သည်။

သူမရှေ့က ချောမောသော မျက်မမြင်လူငယ်ကို ကြည့်ရင်း ရှန်မုန့်ရိုက တွေးလိုက်သည်။ "မယုံတာထက်စာရင် ယုံလိုက်တာက ပိုကောင်းပါတယ် လူကောင်းတစ်ယောက်ကို စိတ်ဓာတ်မကျစေသင့်ဘူးလေ" ထို့နောက် သူမ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ယုံပါတယ်"

"မိန်းကလေး... မင်း တကယ်ကြီး ယုံလိုက်တာလား"

"တကယ်ပါပဲကွာ... ဒီလောက်လှတဲ့ ကောင်မလေးက ဦးနှောက်မရှိတာ နှမြောစရာပဲ"

"ဝံပုလွေကို တောပြန်လွှတ်ပေးလိုက်တာက တခြားမိန်းကလေးတွေကို ဒုက္ခရောက်အောင် ကူညီပေးရာ ရောက်နေပြီ"

လူအုပ်ကြီးထဲမှ ကန့်ကွက်သံများ ထွက်ပေါ်လာသည်။

ရှန်မုန့်ရိုက လူအုပ်ကြီးဘက် လှည့်ပြီး ပြောလိုက်သည်။ "အားလုံးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒီကိစ္စကို ကျွန်မ ဆက်ပြီး အရေးမယူတော့ပါဘူး အားလုံးပဲ လူစုခွဲလို့ ရပါပြီ"

"သခင်လေး... နားလည်မှုလွဲတာ ရှင်းသွားပြီဆိုတော့ ကျွန်မ သွားခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်"

ဒါကို ကြားတော့ လီချင်းယွင် သက်ပြင်းချလိုက်သည်။ "နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့"

"တောက်! ငါလည်း မျက်မမြင် ယောင်ဆောင်ချင်လိုက်တာကွာ"

ငါ့ကိုလည်း ထည့်တွက်ပေးကြပါဦး။

လူအုပ်ကြီးက မကျေမနပ် ဖြစ်နေကြသည်။

ရှန်မုန့်ရို ထွက်သွားပြီးနောက် လီချင်းယွင်က ဆုလာဘ်များကို စိတ်လှုပ်ရှားစွာ ထပ်စစ်ဆေးလိုက်သည်။

"လောလောဆယ် ကောင်းမွန်တဲ့ ကျင့်စဉ်မရှိသေးတော့ ဉာဏ်ပွင့်ကဒ်တွေကို ခဏ သိမ်းထားလိုက်ဦးမယ်"

"ဒီနေရာက ဆက်နေလို့ မဖြစ်တော့ဘူး လစ်မှပဲ"

လီချင်းယွင်က လမ်းဆုံရောက်သည်အထိ မျက်မမြင်အဖြစ် ဆက်လက်ဟန်ဆောင်ပြီးနောက် လျှပ်စီးလက်သလို ထွက်ပြေးသွားလေသည်။

"တွေ့လား... ဒါ အကွက်တွေပါလို့ ငါပြောသားပဲ ထွီ... အရှက်မရှိတဲ့ကောင်"

ဈေးသည်တစ်ယောက်က မလိုတမာ ပြောလိုက်သည်။

လီချင်းယွင် မြို့ထဲက မထွက်သေးဘဲ တည်းခိုခန်းတစ်ခု ရှာပြီး ညစာစားချိန်အထိ အခန်းထဲတွင် အနားယူလိုက်သည်။

"ဆိုင်ရှင်... ခေါက်ဆွဲ တစ်ပန်းကန် ပန်းကန်အကြီးနော် ကြက်ဥ နှစ်လုံး ပေါက်စီ တစ်ခြင်း ဆန်ပြုတ် နှစ်ပန်းကန်နဲ့ မုန်ညင်းချဉ် တစ်ပိဿာဝက်လောက် ပေးပါ" လီချင်းယွင်က တည်းခိုခန်းထောင့်သို့ လျှောက်သွားပြီး ထိုင်ကာ ပြောလိုက်သည်။

ဆိုင်ထဲတွင် စားသောက်နေသူ သိပ်မရှိဘဲ စားပွဲဆယ်ဝိုင်းကျော်အနက် သုံးဝိုင်း၌သာ လူရှိသည်။ စားပွဲဝိုင်းတစ်ခုတွင် ကျင့်ကြံသူ သုံးဦးက ဂိုဏ်းကိစ္စများကို ဆွေးနွေးနေကြသည်။

"ဒီနားမှာ ရေခဲနှင်းနတ်ဘုရားနယ်မြေ ဆိုတဲ့ ဂိုဏ်းတစ်ခု ရှိတယ်လို့ ကြားတယ် ဒီရက်ပိုင်း ဂိုဏ်းသားသစ်တွေ လက်ခံနေတယ်တဲ့ မင်းတို့ စိတ်ဝင်စားလား"

"ရေခဲနှင်းနတ်ဘုရားနယ်မြေ ဆိုတာ ဘာဂိုဏ်းလဲ တစ်ခါမှ မကြားဖူးပါလား"

"အဲဒါက လူအင်အား ဒါဇင်လောက်ပဲရှိတဲ့ စတုတ္ထတန်းစား ဂိုဏ်းတစ်ခုပါ သိပ်တော့ မစွမ်းပါဘူး ဒါပေမဲ့ ဂိုဏ်းချုပ်က ဖြောင့်မတ်တဲ့သူမို့လို့ ဒေသခံတွေကြားမှာ နာမည်ကောင်းရှိတယ်လို့ ကြားတာပဲ"

"ချစ်ခင်လေးစားခံရတော့ရော ဘာအသုံးဝင်မှာလဲ ဒီခေတ်ကြီးမှာ အင်အားကသာ အဓိကပဲ ပြီးတော့ ဂိုဏ်းက ပိုဖြောင့်မတ်လေ ပိုက်ဆံရှာရ ပိုခက်လေပဲ အဓိပ္ပာယ် မရှိပါဘူး"

"ဟုတ်တယ်... မှီခိုဖို့ ဂိုဏ်းကြီးကြီးတစ်ဂိုဏ်းလောက် ရှာကြတာပေါ့ ဆိုရိုးစကားတောင် ရှိသေးတာပဲ မှီခိုချင်ရင် သစ်ပင်ကြီးကြီးမှာ မှီခိုတာ ကောင်းတယ်တဲ့"

"ရေခဲနှင်းနတ်ဘုရားနယ်မြေ..." လီချင်းယွင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"လူကြီးမင်း... အစားအသောက် ရပါပြီ" စားပွဲထိုးက ပြုံးပြီး ပြောသည်။

လီချင်းယွင် ပေါက်စီတစ်ကိုက် ကိုက်ပြီး မုန်ညင်းချဉ်ကို စားလိုက်ရာ ချက်ချင်း တုန်တက်သွားသည်။ "သောက်ကျိုးနည်း! ဒါ ဘာမုန်ညင်းချဉ်တုန်း ဘာလို့ ဒီလောက် ချဉ်နေရတာလဲ"

စားပွဲထိုးက ပြုံးပြီး ပြောလိုက်သည်။ "ဒါက နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မိသားစုအမွေအနှစ် မုန်ညင်းချဉ်လေ လျှို့ဝှက်ချက်ပြုတ်နည်းနဲ့ လုပ်ထားတာ ခြေထောက်နဲ့တောင် နင်းပြီး လုပ်ထားတာဗျ စားဖူးသူတိုင်း အရမ်းကောင်းတယ်လို့ ပြောကြတယ်"

လီချင်းယွင် တံတွေးမြိုချလိုက်သည်။ "ဒီကလူတွေအားလုံး ဒီလောက် ထူးဆန်းနေကြတာလား"

စားပွဲထိုးက ဆက်ပြောသည်။ "ဒါပေါ့... မုန်ညင်းချဉ်ကောင်းမှတော့ မုန်ညင်းချဉ်ကောင်း မဟုတ်တော့ဘူးပေါ့ ကဲ... လူကြီးမင်း သုံးဆောင်ပါဦး တခြားဧည့်သည်တွေကို သွားချပေးလိုက်ဦးမယ်"

လီချင်းယွင်က စားပွဲထိုးကို လက်ကာပြလိုက်ပြီး မုန်ညင်းချဉ်ကို ကောက်ယူကာ နမ်းကြည့်လိုက်သည်။ "အနံ့က ပြင်းလွန်းတယ် မစားတော့ပါဘူး အခုတောင် နည်းနည်း တုံးနေသလို ခံစားရတယ် ဒါကြီးစားလိုက်ရင် ဝက်ထက်တောင် ဆိုးသွားလိမ့်မယ်"

ညဥ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိလာသည်။

လီချင်းယွင် ပြတင်းပေါက်နားတွင် ရပ်ပြီး အပြင်ဘက်မှ လမင်းကြီးနှင့် တောင်တန်း မြစ်ချောင်းများကို ငေးကြည့်ရင်း ရင်ထဲတွင် တာဝန်မဲ့သော ဟာတာတာ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

အသက် ၂၀ အရွယ် ရောက်နေပြီဖြစ်သော်လည်း အခြေချစရာနေရာပင် မရှိသေးကြောင်း တွေးမိပြီး ဆွေးမြေ့သော ခံစားချက် အနည်းငယ် ဝင်လာသည်။

"ဘာလို့လဲကွာ..."

လီချင်းယွင် သက်ပြင်းကြီး ချလိုက်သည်။ "မနက်ဖြန်ကျရင် ရေခဲနှင်းနတ်ဘုရားနယ်မြေကို သွားကြည့်ရင် ကောင်းမလား"

နောက်တစ်နေ့ မနက်ခင်းတွင် နေမင်းကြီး ထွက်ပေါ်လာသည်။

လီချင်းယွင်သည် ရေခဲနှင်းနတ်ဘုရားနယ်မြေ တည်နေရာကို စုံစမ်းပြီး ထွက်လာခဲ့သည်။

တစ်နာရီခန့် ကြာသောအခါ လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များရှိသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ရှုခင်းများမှာ မြေကမ္ဘာပေါ်မှ နတ်ဘုံနတ်နန်းကဲ့သို့ သာယာလှပပြီး ဝိညာဉ်စွမ်းအားများလည်း အလွန်သိပ်သည်းသဖြင့် စိတ်လက်ပေါ့ပါး ရွှင်လန်းစေသည်။

မလှမ်းမကမ်းတွင် "နှင်းနတ်ဘုရားတောင်ထွတ်" ဟူသော စာလုံးကြီးသုံးလုံး ရေးသားထားသည့် သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး ဘေးတွင် ရေခဲနှင်းနတ်ဘုရားနယ်မြေသို့ ညွှန်ပြထားသော မြှားတစ်စင်း ရှိသည်။

"ကြည့်ရတာ ရှေ့နားလေးမှာပဲ" လီချင်းယွင် ခြေလှမ်းကို သွက်လိုက်သည်။

ထိုအချိန်တွင် ဆွဲဆောင်မှုရှိပြီး ကောက်ကြောင်းလှပသော မိန်းမပျိုတစ်ဦး သူ့ရှေ့၌ ပေါ်လာသည်။ သူမသည် ဆေးဖက်ဝင်အပင်များကို အာရုံစိုက်ကာ ဆောင့်ကြောင့်ထိုင် ခူးနေသည်။

ဒင်! စနစ် အသိပေးသံ ထပ်မံ ထွက်ပေါ်လာသည်။

တာဝန် - ကျင့်စဉ်ကဒ်တစ်ခု ရရှိရန် ထိုမိန်းကလေး၏ တင်ပါးကို တစ်ချက် ရိုက်ပုတ်ပါ။

လီချင်းယွင် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြေးဝင်သွားသည်။ အတွေ့အကြုံ ရှိထားပြီးသားဖြစ်၍ ဒီတစ်ကြိမ်တွင် လက်ခံရန် ပိုလွယ်ကူသွားသည်။

ဖြောင်း!

ပြတ်သားသော အသံ!

"အား!"

မိန်းကလေးက အော်ဟစ်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။

သောက်ကျိုးနည်း!

"မိန်းကလေး... တိုက်ဆိုင်လိုက်တာ... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ"

လီချင်းယွင် ကြောင်အသွားပြီး ခေါင်းထဲတွင် ဝီခေါ်သွားသည်။

ရှန်မုန့်ရို၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပြီး လီချင်းယွင်ကို အစိမ်းလိုက် ဝါးစားချင်သကဲ့သို့ သွားများကို ကြိတ်ထားသည်။ "နင်... ညစ်ပတ်တဲ့ လူမိုက်ကောင် လူလိမ်ကြီး အရှက်မရှိတဲ့ လူမိုက် ငါ နင့်ကို သတ်မယ်"

ပြောပြီးသည်နှင့် သူမက လီချင်းယွင်ကို ပြင်းထန်သော လက်သီးဖြင့် ထိုးလိုက်သည်။

လီချင်းယွင်၏ မျက်နှာထား အလွန် တည်ငြိမ်လေးနက်သွားသည်။ သူသည် ဝိညာဉ်စွမ်းအားကို ကမန်းကတန်း လှည့်ပတ်ပြီး ကာကွယ်ရန် လက်နှစ်ဖက်ကို ယှက်လိုက်သည်။

ကံဆိုးစွာပင် သူတို့၏ အင်အားချင်း ကွာခြားလွန်းသဖြင့် လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားသည်။

ရှန်မုန့်ရိုက လီချင်းယွင်ကို အသက်ရှူချိန်ပင် မပေးဘဲ သူ့ရှေ့သို့ ရောက်လာကာ ပေါင်ကြားခွဆုံကို ကန်ထည့်လိုက်သည်။

"အား!"

"အစ်မကြီး... တောင်းပန်ပါတယ်... ကျွန်တော် မှားသွားပါတယ်"

ရှန်မုန့်ရို ရပ်မတန့်ပေ။ ဒီကန်ချက်က ပြင်းထန်ပြီး တိကျလွန်းသည်။ တကယ်လို့ တစ်စုံတစ်ယောက်သာ အကန်ခံလိုက်ရလျှင် နောက်ထပ် ဘယ်တော့မှ ယောက်ျားပီသနိုင်တော့မည် မဟုတ်ပေ။

လီချင်းယွင် အံကြိတ်ပြီး လက်ဖြင့်သာ ကာကွယ်လိုက်ရသော်လည်း 'ဒုန်း' ခနဲ အသံနှင့်အတူ မီတာ ၃၀ ကျော်အကွာသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားသည်။

ဒီမိန်းမ အရမ်းကြမ်းတာပဲ အခု မပြေးရင် သေတော့မယ်။

ဒါကို တွေးပြီး လီချင်းယွင် ကိုယ်ခန္ဓာမှ နာကျင်မှုများကို ကြိတ်မှိတ်သည်းခံကာ မြေကြီးပေါ်မှ ထလိုက်သည်။ လက်များ ရောင်ရမ်းနေခြင်းနှင့် တင်ပါးနာကျင်နေခြင်းကို လျစ်လျူရှုပြီး လှည့်ပြေးလေတော့သည်။

"နင် ဘယ်ကို သွားမလို့လဲ" ရှန်မုန့်ရိုက လက်ဖြင့် ဟန်ရေးပြလိုက်သည်။ "နှင်းခဲ ဝိညာဉ်စွမ်းအား"

ရေခဲစွမ်းအားတစ်ချက် ပန်းထွက်သွားပြီး လီချင်းယွင်၏ ခြေထောက်များနှင့် ပတ်ဝန်းကျင် ၁၀ မီတာအချင်းဝက်အတွင်းရှိ မြေပြင်ကို အေးခဲသွားစေသည်။

"ပြေးလေ"

"ဘာလို့ မပြေးတော့တာလဲ"

ရှန်မုန့်ရိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နင်... ညစ်ပတ်တဲ့ လူမိုက်ကောင် လူလိမ်ကြီး ငါ့ကို လာပြီး နှောင့်ယှက်ရဲတယ် ပြီးတော့ တစ်ကြိမ်မက နှစ်ကြိမ်တောင် လုပ်တယ်ပေါ့ ငါ့ကို အနိုင်ကျင့်ရလွယ်တယ် ထင်နေတာလား"

"ဒါ လုံးဝ သည်းမခံနိုင်စရာပဲ"

"ဒီနေ့ နင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်"