လီချင်းယွင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ "မိန်းကလေး... ကျွန်တော့်မှာ အကြောင်းအရင်း ရှိပါတယ် ကျွန်တော် ပြောတာကို နားထောင်ပေးပါဦး"

"ပါးစပ်ပိတ်ထား" ရှန်မုန့်ရိုက ဒေါသတကြီးဖြင့် သူ့ပေါင်ကြားကို ကန်လိုက်သည်။

"မဟုတ်ဘူး... မိန်းကလေး... ကျွန်တော် မိန်းကလေးရဲ့ တင်ပါးကို ရိုက်တာ တကယ် အကြောင်းအရင်း ရှိပါတယ် ကျွန်တော့်ကို နောက်တစ်ကြိမ်လောက် ယုံပေးပြီး ရှင်းပြခွင့် ပေးပါဦး" လီချင်းယွင်က အသံဝင်သွားသည်အထိ အော်ဟစ်ပြောဆိုလိုက်သည်။

ရှန်မုန့်ရိုက ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ပြော"

လီချင်းယွင်က စိတ်ဆင်းရဲနေသော ပုံစံဖြင့် "တကယ်တော့ ကျွန်တော့်မှာ ကုလို့မရတဲ့ ရောဂါဆိုးတစ်ခု ရှိနေပြီး အသက်ရှင်ဖို့ လအနည်းငယ်ပဲ လိုပါတော့တယ်"

"ဒါပေမဲ့ ကျွန်တော်က မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် တစ်ခါမှ မကိုင်ဖူးပါဘူး။ နောင်တတွေနဲ့ မသေချင်လို့ ဒီလို အောက်လမ်းနည်းကို သုံးလိုက်ရတာပါ။ ဒါက တကယ်ကို ပထမဆုံးအကြိမ် လုပ်ဖူးတာပါ"

"မဟုတ်ဘူး... နှစ်ကြိမ်တော့ ရှိပြီ အဲဒီနှစ်ကြိမ်စလုံး မိန်းကလေးနဲ့ လာတိုးတာက တကယ့် တိုက်ဆိုင်မှုပါပဲ"

"ကျွန်တော်တို့ကြားမှာ ရေစက်ပါလာပုံ ရတယ်"

ရှန်မုန့်ရိုက ဒေါသကြောင့် မျက်နှာပျက်ယွင်းသွားပြီး လီချင်းယွင်၏ တင်ပါးကို ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်လိုက်သည်။ "အရှက်မရှိတဲ့ကောင် ငါ့ကို ထပ်ပြီး လာလိမ်နေပြန်ပြီလား ငါ့ကို အဲဒီလောက် အတုံးအအ ထင်နေတာလား"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... အစ်မကြီး"

"ဖြောင်း!"

"ဘယ်သူက နင့်အစ်မကြီးလဲ"

"ငါက နင့်ထက် ငယ်တယ်။"

လီချင်းယွင် ကမန်းကတန်း ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် မိန်းကလေးရဲ့ ရင်သပ်ရှုမောဖွယ် အလှတရား ပြိုင်ဘက်ကင်း ကျက်သရေ ဆွဲဆောင်မှုရှိတဲ့ ညှို့ဓာတ်နဲ့ လူ့လောကနဲ့ မတူတဲ့ အလှတွေကြောင့် ကျွန်တော် မှင်သက်သွားခဲ့ရတာပါ"

"ဒါ့အပြင် မိန်းကလေးမှာ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ထူးခြားတဲ့ အရည်အသွေးတွေ ရှိတယ်လေ။ ကျွန်တော် ဝန်ခံပါတယ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် ဖြစ်သွားတာပါ"

"ဟုတ်တယ်"

"ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူး"

"လုံးဝ ထိန်းချုပ်လို့ မရတော့တာ"

ရှန်မုန့်ရို နှုတ်ခမ်းထောင့် စွန်းတက်သွားပြီး ဒေါသအတော်အတန် ပြေလျော့သွားသော်လည်း မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ "လေလုံးထွားတဲ့ကောင်"

လီချင်းယွင်က လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။ "ကျွန်တော် မလိမ်ပါဘူး မိုး မြေနဲ့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်"

"မိန်းကလေးရဲ့ အလှက ဒီလောကနဲ့ မတန်ပါဘူး ငြင်းဆန်လို့မရတဲ့ ဒီညှို့ဓာတ်ကို ဖော်ပြဖို့ စကားလုံးတောင် ရှာမတွေ့တော့ဘူး"

"ဘာလို့လဲကွာ..."

"ဒါတွေအားလုံးက စာကို သေချာမလေ့လာခဲ့တဲ့ ကျွန်တော့်အပြစ်တွေပါ"

ရှန်မုန့်ရိုက တည်ငြိမ်စွာ ပြောလိုက်သည်။ "နင့်မျက်လုံးက အမြင်ရှိသားပဲ"

ဒါကို မြင်တော့ လီချင်းယွင် စိတ်ထဲကနေ 'အခြေအနေကောင်းသွားပြီဟေ့' ဟု တွေးလိုက်သည်။

ထို့နောက် သူ ဆက်ပြောလိုက်သည်။ "ကျွန်တော် တခြားဟာတော့ မပြောရဲဘူး ဒါပေမဲ့ မိန်းကလေးက လူတိုင်း ချစ်ခင်မြတ်နိုးရတဲ့ နတ်သမီးဆိုတာတော့ သေချာတယ် ပန်းတွေက မိန်းကလေးကို မြင်ရင် ပွင့်လန်းလာကြတယ် ရထားလုံးတွေက မိန်းကလေးကို တွေ့ရင် လမ်းကြောင်းလွဲကုန်ကြတယ်"

"ကမ္ဘာပေါ်က မိန်းကလေးတိုင်းက မင်းကို မနာလို ဖြစ်ကြလိမ့်မယ်"

"ယောက်ျားတိုင်းက မင်းအတွက် ရူးသွပ်ကြလိမ့်မယ်"

"မင်းကို ပထမဆုံး မြင်လိုက်ရကတည်းက ဒီလို ခံစားချက်မျိုး ရခဲ့တာ"

"နတ်သမီးတစ်ပါး လူ့ပြည်ဆင်းလာတာပဲလို့လေ"

"လူ့လောကရဲ့ အညစ်အကြေးတွေ မစွန်းထင်းဘဲ ပြိုင်ဘက်ကင်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတာ တကယ့် ကောင်းကင်ဘုံက နတ်သမီးပါပဲ"

"ယုံနိုင်စရာမကောင်းလောက်အောင် လှပလွန်းတယ်"

"ဘုရားသခင်က အရမ်း မျက်နှာလိုက်တယ်လို့ ကျွန်တော် ထင်တယ် မိန်းမလှတွေရဲ့ အရည်အချင်းကောင်းတွေ အကုန်လုံးကို မင်းဆီမှာပဲ လာစုပေးထားသလိုပဲ မင်းကို မြင်ပြီးတာနဲ့ တခြားမိန်းကလေးတွေကို ကြည့်ချင်စိတ်တောင် မရှိတော့ဘူး သူတို့အကုန်လုံးက တစ်ယောက်ထက်တစ်ယောက် ပိုဆိုးနေသလိုပဲ"

"ကျွန်တော့်လို သာမန်ယောက်ျားတစ်ယောက်က မင်းရဲ့ ပြိုင်ဘက်ကင်း အလှတရားမှာ ဖမ်းစားခံလိုက်ရတာ မှားသလား" လီချင်းယွင်က ရှန်မုန့်ရိုကို လှမ်းကြည့်လိုက်ပြီး သူမ ဘာမှပြန်မပြောတာ မြင်တော့ ဆက်ပြောလိုက်သည်။ "မမှားပါဘူး လုံးဝ မမှားပါဘူး"

"မင်းရဲ့ အလှကို ခံစားတာက မှားတယ်ဆိုရင် အဲဒီအမှားကို ကျွန်တော် ဆက်လုပ်ချင်ပါတယ် ဒီနေရာကနေ အကျယ်ကြီး အော်ပြောပစ်ချင်တယ်"

"မိန်းကလေး... မင်း အရမ်းလှတာပဲလို့"

လီချင်းယွင်က စိတ်ပါလက်ပါ ဈာန်ဝင်စားနေသလို ဟန်ဆောင်ပြီး ပြောလိုက်သည်။

ရှန်မုန့်ရို အလွန်ပျော်ရွှင်သွားသည်။ သူမက သူမလှပကြောင်း သိထားပြီး ဘေးနားက လူတွေကလည်း မကြာခဏ ချီးကျူးတတ်ကြပေမဲ့ ဘယ်သူမှ ဒီလောက်ထိ မြှောက်ပင့်ပြီး မချီးကျူးဖူးပေ။ သူမ အလွန် ပျော်ရွှင်သွားပြီး အနည်းငယ် ရှက်သလိုတောင် ဖြစ်သွားသော်လည်း တည်ငြိမ်ချင်ယောင် ဆောင်နေသည်။ သူမ၏ မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်လာသော အပြုံးလေးက အလွန်ချစ်စရာကောင်းနေသည်။

လီချင်းယွင်က ရိုးသားဟန်ဖြင့် ပြောလိုက်သည်။ "ဒီလောကကြီးမှာ မိန်းကလေးရဲ့ အလှက အကောင်းဆုံးပဲလို့ ကျွန်တော် ယုံကြည်တယ်"

ရှန်မုန့်ရိုက ပြုံးပြီး ပြောလိုက်သည်။ "ရှင်က ဒီလောက် ရိုးသားနေမှတော့ ရှင့်ကို ဒုက္ခိတဖြစ်အောင် မလုပ်တော့ပါဘူး"

ရှန်မုန့်ရိုက လီချင်းယွင်၏ စကားကို လုံးဝကြီး မယုံကြည်သော်လည်း ဒီလို အချီးကျူးခံရတာကို သဘောကျနေသည်။

သူမက ဘယ်ဘက်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လီချင်းယွင်၏ ခြေထောက်မှ ရေခဲတုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။

"ရှင့်ကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်မယ် ဒါပေမဲ့ ပြစ်ဒဏ်ကနေတော့ မလွတ်စေရဘူး။ ရှင်က အရှက်မရှိတဲ့ လူယုတ်မာပဲ ရှင့်ကို ဒီအတိုင်း တောင်အောက် ပြန်လွှတ်လိုက်ရင် နောက်ထပ် ဘယ်လောက်များတဲ့ ယုတ်မာမှုတွေ ဆက်လုပ်ဦးမလဲ ဘယ်သူသိမှာလဲ။ ဒါကြောင့် ရှင့်ကို ဂိုဏ်းထဲ ခေါ်သွားပြီး အဖေ့လက်ထဲ အပ်လိုက်မယ် အဖေက ရှင့်ကို စီရင်ချက်ချလိမ့်မယ်"

လီချင်းယွင် နှုတ်ခမ်းမဲ့သွားသည်။ "မဖြစ်ဘူးလေ စကားပြောကောင်းနေတုန်း ဘာလို့ ရုတ်တရက်ကြီး လေသံပြောင်းသွားတာလဲ"

ရှန်မုန့်ရိုက ညာဘက်လက်ဖြင့် ညွှန်လိုက်ရာ ဝိညာဉ်စွမ်းအား ကြိုးတစ်ချောင်းက မြွေတစ်ကောင်အလား လီချင်းယွင်ကို တင်းကြပ်စွာ ရစ်ပတ်လိုက်သည်။ ထို့နောက် ဓားပျံပေါ်တင်ကာ ဆွဲခေါ်သွားလေသည်။

"အား... ကျွန်တော့်ကို ပြန်ချပေး... အား..." လီချင်းယွင် လေထဲတွင် တွဲလောင်းပါသွားရင်း အော်ဟစ်နေသည်။

နာရီဝက်ခန့် ကြာသောအခါ ရှန်မုန့်ရိုက လီချင်းယွင်ကို ဂိုဏ်းတံခါးဝတစ်ခု ရှေ့သို့ ခေါ်ဆောင်လာသည်။

တံခါးဝရှေ့ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် "ရေခဲနှင်းနတ်ဘုရားနယ်မြေ" ဟူသော စာလုံးများကို ရေးထိုးထားသည်။

လီချင်းယွင် ကျောက်တုံးကို ကြည့်ပြီး "တိုက်ဆိုင်လိုက်တာ" ဟု တွေးလိုက်သည်။

တံခါးစောင့် ဂိုဏ်းသားက ရှန်မုန့်ရိုကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။ "ဂိုဏ်းတူအစ်မကြီးရှန် ပြန်ရောက်လာပြီပဲ" ထို့နောက် သူမနောက်တွင် အတုပ်ခံထားရသော လီချင်းယွင်ကို သတိထားမိပြီး "ဂိုဏ်းတူအစ်မကြီး... ဘာလို့ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ခေါ်လာတာလဲ" ဟု နားမလည်စွာ မေးလိုက်သည်။

"ဂိုဏ်းတူညီလေးကျိုး... အဖေ ဘယ်မှာလဲ" ရှန်မုန့်ရိုက မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။

"လေ့ကျင့်ရေးကွင်းမှာပါ ဂိုဏ်းတူအစ်မကြီးရှန်... ကြည့်ပါဦး..."

"ငါ့မှာ တခြားကိစ္စတွေ ရှိသေးတယ်" ရှန်မုန့်ရိုက သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်ပြီး လီချင်းယွင်ကို ဆွဲခေါ်သွားသည်။

"ခန္ဓာကိုယ်ကို မတ်မတ်ထား ချီစွမ်းအား တည်ငြိမ်ရမယ် ဒန်တျန်..." ဝိညာဉ်စွမ်းအားများကို နှလုံးသားတွင် စုစည်းထားပါ။

"မင်းဗိုက်က ဘာလို့ အဲဒီလောက် ပူနေတာလဲ နေ့လယ်စာ မစားချင်ဘူးလား"

"တင်ပါးကို ကပ်ထားစမ်း နောက်ထပ် ကုန်းနေမယ်ဆိုရင် ဖြတ်ပစ်လိုက်မယ်"

"ငါက ဝိညာဉ်စွမ်းအားကို နှိုးဆွဖို့ ပြောနေတာ မင်းရဲ့ ချီစွမ်းအားက ဘယ်ရောက်နေတာလဲ"

"ဖူး!"

"ငါက စက်လည်ပတ်ဖို့ ပြောနေတာ မင်းက ဘာတွေ လာပြောနေတာလဲ ငါ့ကို မကျေနပ်တာလား"

"မဟုတ်ပါဘူး ဆရာသခင်... ဒီမနက် အစားများသွားလို့ပါ"

လေးထောင့်စပ်စပ် မျက်နှာ မုတ်ဆိတ်မွေးများနှင့် ဖခင်အရွယ် အမျိုးသားကြီးတစ်ဦးက ဂိုဏ်းသားများကို သင်ကြားပြသနေသည်။

ရှန်မုန့်ရိုက လီချင်းယွင်ကို ထိုအမျိုးသားကြီးအနားသို့ ဆွဲခေါ်သွားသည်။ "အဖေ!"

ထိုအမျိုးသားက ရှန်မုန့်ရိုကို ကြည့်လိုက်ပြီးနောက် လီချင်းယွင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "သူက ဘယ်သူလဲ"

ရှန်မုန့်ရိုက လီချင်းယွင်ကို ရှေ့သို့ ဆွဲထုတ်လိုက်သည်။ "ဒီလူက အရှက်မရှိတဲ့ကောင်ပါ သမီးရဲ့ တင်ပါးကို နှစ်ကြိမ်တောင် ရိုက်တယ် ဒါကြောင့် အဖေ စီရင်ဖို့ ပြန်ဖမ်းခေါ်လာတာ"

ဒါကို ကြားတော့ ဂိုဏ်းသားများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ အထွတ်အမြတ်ထားရသော နတ်သမီးလေး စော်ကားခံလိုက်ရပြီတဲ့လား။

ဖခင်ဖြစ်သူ မျက်မှောင်ကြုတ်လိုက်သည်။ "မိုက်ရိုင်းလိုက်တာ ငါ့ရဲ့ အဖိုးတန် သမီးလေးရဲ့ တင်ပါးကို ရိုက်ရဲတယ်ပေါ့"

"မင်း သတ္တိရှိလှချည်လား"

"ဝမ်ကျုံး... ဒီကောင်စုတ်လေးကို ဆွဲထုတ်ပြီး သင်းကွပ်ပစ်လိုက်စမ်း"

"ဟုတ်ကဲ့... ဆရာသခင်"

လီချင်းယွင် - "......"

"ဘာတွေ ဖြစ်ကုန်တာလဲ"

"အဲဒီလောက်ကြီး လိုလို့လား"

"မဖြစ်နိုင်တာ"

"တင်ပါးလေး နှစ်ချက်လောက် ရိုက်မိတာပဲလေ ဘာကြီးကျယ်တဲ့ ရာဇဝတ်မှု ကျူးလွန်ထားတာမို့လို့လဲ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"

လီချင်းယွင် ကမန်းကတန်း အော်ပြောလိုက်သည်။ "နေပါဦး... စီနီယာကြီး"

"စီနီယာကြီးကို ကြည့်ရတာ ဉာဏ်ပညာကြီးမားပြီး အစွမ်းထက်တဲ့ပုံပဲ ချောမောခန့်ညားပြီး စတိုင်ကျတယ် ထူးခြားတဲ့ သူရဲကောင်းဆန်ပြီး လူတွေကြားက နဂါးတစ်ကောင်လိုပဲ" ဖီးနစ်ငှက်တစ်ကောင်လိုပဲ။

"ကျွန်တော် စီနီယာကြီး သမီးရဲ့ တင်ပါးကို ဘာလို့ ရိုက်ခဲ့တာလဲဆိုတာ အရမ်းသိချင်နေမှာပဲနော်"

"ကျွန်တော့်ကို ရှင်းပြခွင့်လေး ပေးပါဦး" လီချင်းယွင်က ပြာပြာသလဲ ပြောလိုက်သည်။

ဖခင်ဖြစ်သူက လက်ကာပြလိုက်သည်။ "မင်းရှင်းပြတာ ငါ နားမထောင်ချင်ဘူး သင်းကွပ်ပစ်လိုက်"

သောက်ကျိုးနည်း... မဖြစ်နိုင်ဘူးလေ။ ငါက Cheat Code သုံးတဲ့လူပါ ငါ့ရဲ့ တောက်ပတဲ့ ဘဝကြီးက မစခင်မှာတင် ဒီလို အဆုံးသတ်သွားတော့မှာလား။

ငါ မကျေနပ်ဘူး ဒီလို ဖြစ်လို့မရဘူး။

တည်ငြိမ်ထား... မင်း တည်ငြိမ်ရမယ်။

"ကျွန်တော်က ဆရာသခင်ရဲ့ တပည့်အဖြစ် ခံယူဖို့ လာခဲ့တာပါ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အရိုအသေကို လက်ခံပေးပါ"

ဘယ်သူမှ ဘာမှမလုပ်နိုင်ခင်မှာပင် လီချင်းယွင်က 'ဒုန်း' ခနဲ ဒူးထောက်ချလိုက်ပြီး သုံးကြိမ် ဦးချလိုက်သည်။

ရှန်မုန့်ရို ကြောင်အသွားသည်။

ဖခင်ဖြစ်သူ ကြောင်အသွားသည်။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဖခင်ဖြစ်သူက ကြောင်တောင်တောင်ဖြင့် "မင်းက အရှက်မရှိတဲ့ ကောင်စုတ်လေးပဲ ငါက မင်းကို တပည့်အဖြစ် လက်ခံမယ်လို့ ဘယ်တုန်းက ပြောလို့လဲ"

လီချင်းယွင်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "ဆရာသခင်... ရေခဲနှင်းနတ်ဘုရားနယ်မြေမှာ မကောင်းမှုတွေကို တိုက်ဖျက်ပြီး အားနည်းသူတွေကို ကူညီပေးတဲ့ စစ်မှန်တဲ့ သူရဲကောင်းတွေ လူကောင်းလူမွန်တွေ ရှိတယ်ဆိုတာ ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော် အရမ်း လေးစားအားကျရပါတယ် ဒါကြောင့် ဆရာသခင်ဆီမှာ ပညာသင်ကြားဖို့ အဝေးကြီးကနေ လာခဲ့တာပါ။ တပည့်အဖြစ် လက်ခံပေးမယ်ဆိုရင် ပညာရပ်တချို့ သင်ယူပြီး အနာဂတ်မှာ မကောင်းမှုတွေကို နှိမ်နင်း ကောင်းမှုတွေကို ဖော်ဆောင်ချင်ပါတယ်"

"ထွီ... ဖားတဲ့ကောင် ငါတို့ဂိုဏ်းနာမည်က အဲဒီလောက်ထိ ပျံ့နှံ့နေလို့လား" ဂိုဏ်းသားတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

ထိုအမျိုးသားကြီးက ဂိုဏ်းသားကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီချင်းယွင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ "ငါတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းက တကယ်ပဲ အဲဒီလောက် ပျံ့နှံ့နေတာလား"

စောစောက ဝင်ပြောလိုက်သော ဂိုဏ်းသားမှာ သူ့အမှားကို သိသွားပြီး ခေါင်းငုံ့ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

လီချင်းယွင်က လေးလေးနက်နက် အတည်ပြုပြောလိုက်သည်။ "လုံးဝ အမှန်ပါပဲ"

"ကျွန်တော်တင် မကပါဘူး ကျွန်တော်တို့ ဒေသက အသက်ရာကျော် အဘိုးအိုကနေ ကလေးလေးတွေအထိ လူတိုင်းက ဆရာသခင်တို့ဂိုဏ်းကို အထွတ်အမြတ် ထားကြတာပါ။ ကျွန်တော်ဆိုရင် စီနီယာကြီးကို ဘုရားသခင်တစ်ပါးလိုကို ကိုးကွယ်တာ နို့ပြတ်တဲ့ အရွယ်ကတည်းက စီနီယာကြီးကို စံပြပုဂ္ဂိုလ် လမ်းပြကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ထားခဲ့တာပါ။ တစ်နေ့ကျရင် ဆရာသခင် အောင်မြင်ခဲ့တာတွေရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်ပဲ ရအောင်ယူနိုင်ရင်တောင် ကျွန်တော် သေပျော်ပါပြီ"

"ဒီနေ့ ဆရာသခင်နဲ့ တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ ဆရာသခင်က တကယ့်ကို ကျွန်တော် စိတ်ကူးထားသလိုပါပဲလား... အရပ်ရှည်ပြီး ခန့်ညားတယ် ချောမောပြီး ယဉ်ကျေးသိမ်မွေ့တယ် ဂုဏ်ကျက်သရေရှိတဲ့ ရုပ်ရည်သွင်ပြင်နဲ့ပဲ"

"ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ဆရာသခင်ရဲ့ စိတ်နေစိတ်ထား နှိုင်းယှဉ်မရနိုင်တဲ့ အမူအရာတွေက တကယ့်ကို ပြီးပြည့်စုံလွန်းပါတယ်"

"ဒီအတိုင်း ရပ်နေတာနဲ့တင် ဘာမှလုပ်စရာမလိုဘဲ ကမ္ဘာပေါ်က သူရဲကောင်းတွေကို ဦးညွှတ်လာစေနိုင်တဲ့ မိန်းကလေးပေါင်းများစွာကို ရူးသွပ်သွားစေနိုင်တဲ့ အရည်အသွေးမျိုး ရှိနေတာပါ"

"ပုံမှန်ဆိုရင် တပည့်က ကိုယ့်ကိုယ်ကိုယ် အရမ်းချောတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ဆရာသခင်နဲ့ တွေ့ပြီးမှပဲ 'ရေတွင်းထဲက ဖား' ဆိုတာ ဘာလဲဆိုတာ နားလည်သွားတော့တယ် တကယ်ကို မယှဉ်နိုင်ပါဘူး"

"ဆရာသခင်နဲ့ ယှဉ်လိုက်ရင် တပည့်က အများကြီး နိမ့်ကျနေပါသေးတယ်"

"ဒါပေမဲ့ ဒါက တပည့် ညံ့လို့ မဟုတ်ပါဘူး ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ် ဆရာသခင်ကလွဲရင် ကျွန်တော့်ရုပ်ရည်က ကောင်းကင်ဘုံကို အာခံနိုင်ပါတယ်"

ပြောရင်းဆိုရင်း လီချင်းယွင်က ရေခဲနှင်းနတ်ဘုရားနယ်မြေ ဂိုဏ်းသားတချို့ဘေးသို့ သွားရပ်လိုက်ပြီး "ဆရာသခင်... ဒီဂိုဏ်းတူအစ်ကိုတွေက ကျွန်တော်နဲ့ ယှဉ်လိုက်ရင် ရုပ်ဆိုးတယ်လို့ မထင်ဘူးလား" ဟု မေးလိုက်သည်။

ရှန်လီယွမ်သည် မြှောက်ပင့်ခံရလွန်းသဖြင့် ဘဝင်မြင့်နေပြီဖြစ်သည်။ မူလက သူသည် သာမန်ရုပ်ရည်သာ ရှိသော်လည်း ယခုအခါ သူ့ကိုယ်သူ အလွန်ချောမောသည်ဟု ခံစားနေရပြီး အလှအပဆိုင်ရာ စံနှုန်းများလည်း မြင့်တက်လာသည်။ လီချင်းယွင်ဘေးရှိ ဂိုဏ်းသားများကို ကြည့်လိုက်သောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

"မင်းတို့ကောင်တွေက နည်းနည်း ရုပ်ဆိုးတာပဲ"

"ဒီကောင်လေးက ကြည့်ရတာ ပိုအဆင်ပြေတယ်"

ရုပ်ဆိုးသည်ဟု အပြောခံလိုက်ရသော ဂိုဏ်းသားများမှာ နှုတ်ခမ်းများ တွန့်သွားပြီး မကျေမနပ် ဖြစ်သွားကြသည်။ သူတို့က လီချင်းယွင်လောက် မချောတာ မှန်သော်လည်း ရှန်လီယွမ်နှင့် ရုပ်ရည်ချင်း တူတူလောက်ပင် ဖြစ်သည်။ ယခုလို ရုပ်ဆိုးသည်ဟု အပြောခံရသောအခါ သဘာဝကျစွာပင် ဒေါသထွက်မိကြသည်။

ရှန်လီယွမ်ကို ပြန်မပြောရဲသဖြင့် လီချင်းယွင်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေကြသည်။

လီချင်းယွင်က ဒူးတစ်ဖက်ထောက် လက်သီးဆုပ် အရိုအသေပေးပြီး တောင်းပန်လိုက်သည်။ "ဆရာသခင်... ကျွန်တော်တို့က ချောမောတဲ့ ယောက်ျားအချင်းချင်းမို့လို့ မျက်နှာထောက်ထားပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ"

ရှန်မုန့်ရိုက လီချင်းယွင်ကို အထင်သေးစွာ ကြည့်ပြီး "ဖားတဲ့ကောင်" ဟု လှောင်ပြောင်လိုက်သည်။

တခြားဂိုဏ်းသားများကလည်း "အရှက်မရှိတဲ့ကောင်" ဟု ကျိန်ဆဲကြသည်။

ဖခင်ဖြစ်သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ပုံမှန်ဆိုရင် ငါက အဲဒီလို ဖားတဲ့ကောင်တွေကို အမုန်းဆုံးပဲ အဲဒီလိုလူတွေက လေလုံးထွားပြီး စိတ်ဓာတ်မကောင်းကြဘူး"

ဒါကို ကြားတော့ လီချင်းယွင် ကျောချမ်းသွားပြီး 'ငါတော့ သွားပြီ' ဟု တွေးလိုက်သည်။

မထင်မှတ်ထားစွာပင် ဖခင်ဖြစ်သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါပေမဲ့ အမှန်တရားကို ပြောတာက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ခုနက ဒီလူငယ်လေး ပြောတာတွေက သူ့ရင်ထဲက လာတဲ့ စကားစစ်တွေပဲ။ သူက ရိုးသားပြီး ပွင့်လင်းတယ် ဒီလို ဖြောင့်မတ်တဲ့ လူမျိုးက ဖြောင့်မတ်တည်ကြည်ရမယ် ငါ့အကြိုက်ပဲ"

ထို့နောက် သူက လီချင်းယွင်ကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းရဲ့ ရုပ်ရည်က ငါ့လောက် မချောပေမဲ့ တော်တော်လေး ထူးချွန်ပါတယ်။ ကောင်းပြီလေ... ငါ မင်းကို အခွင့်အရေး ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဆရာသခင်" လီချင်းယွင်က နဖူးပေါ်မှ ပဲစေ့ခန့် ချွေးသီးများကို သုတ်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

ရှန်မုန့်ရို ကြောင်နေရာမှ အသိပြန်ဝင်လာပြီး အံ့သြတကြီး အော်ပြောလိုက်သည်။ "အဖေ... သူက သမီးရဲ့ ဂိုဏ်းတူမောင်လေး ဖြစ်သွားတာလား"

ဂိုဏ်းသားများ - ????

"ဟုတ်တယ်" ဖခင်ဖြစ်သူက ပြန်ဖြေပြီး လီချင်းယွင်၏ ပခုံးကို ပုတ်လိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည် လီချင်းယွင်ပါ"

"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ရေခဲနှင်းနတ်ဘုရားနယ်မြေက အတွင်းစည်းဂိုဏ်းသား ဖြစ်သွားပြီ"