အခန်း (၆) ကျင့်စဉ်က သာမန်ဆန်လွန်းတယ် ကျွန်တော် မလေ့လာနိုင်ဘူး
လီချင်းယွင်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဆရာသခင်... တပည့်က မတိုးတက်တာ မဟုတ်ပါဘူး ဒီကျင့်စဉ်က သာမန်ဆန်လွန်းလို့ ကျွန်တော် မလေ့လာနိုင်တာပါ"
သူ့စကားကို ကြားသောအခါ လူအများအပြား ခိုးရယ်ကြသည်။
"ဘာကို ဆိုလိုတာလဲ"
"ကျင့်စဉ်က သာမန်ဆန်လွန်းတယ်?"
"သာမန်ဆန်လွန်းတဲ့ ကျင့်စဉ်ကိုတောင် မလေ့လာနိုင်မှတော့ မင်းက ဘာမို့လို့လဲ"
ရှန်လီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းက သာမန်ဆန်တယ်လို့ ပြောတယ် ဒါဆို ဘာလို့ မတတ်မြောက်ရတာလဲ"
လီချင်းယွင်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ဆရာသခင်... ကျွန်တော် ကြွားတာ မဟုတ်ပါဘူး ကျင့်စဉ်က အဆင့်မြင့်လေ ကျွန်တော် လေ့လာရတာ ပိုမြန်လေပါပဲ။ ပြောင်းပြန်အနေနဲ့ ရိုးရှင်းတဲ့ ကျင့်စဉ်တွေကိုကျတော့ ကျွန်တော် လေ့လာလို့ မရသလို ဖြစ်နေတယ်"
ရှန်လီယွမ်၏ မျက်နှာထား လေးနက်သွားသည်။ "ဘာကြောင့်လဲ"
လီချင်းယွင် ခေါင်းခါလိုက်သည်။ "တပည့်လည်း အကြောင်းရင်းကို မသိပါဘူး"
"ဒါက ပါရမီရှင်တွေရဲ့ ထူးခြားချက်များလား မသိဘူး"
"ဖြီးနေတာ"
"ထွီ!"
"အရှက်မရှိလိုက်တာ"
"သူက မစဉ်းစားမဆင်ခြင်ဘဲ ကြွားနေတာပဲ"
"ငါ ဖန်တာ့နျူက မင်းကို 'အကြွားဘုရင်' လို့ ခေါ်လိုက်ပြီ"
ပတ်ဝန်းကျင်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
ရှန်လီယွမ်ကလည်း လီချင်းယွင်၏ စကားကို သဘာဝကျစွာပင် မယုံကြည်ပေ။ ထို့ကြောင့် တင်းမာစွာ ပြောလိုက်သည်။ "ကောင်းပြီလေ... မင်းက အဆင့်မြင့်ကျင့်စဉ်တွေကိုမှ လေ့လာနိုင်မယ်လို့ ထင်နေမှတော့..."
"ငါ့ဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်က 'ရေခဲမှော် ကောင်းကင် ကျင့်စဉ်' ပဲ"
"မင်းကို လေ့ကျင့်ခိုင်းမယ် မင်း တကယ်ရော လေ့ကျင့်နိုင်ပါ့မလား"
လီချင်းယွင်က ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "အေးဆေးပါ!"
"ဂိုဏ်းတူညီလေးလီ... မင်း နည်းနည်း လွန်နေပြီနော် 'ရေခဲမှော် ကောင်းကင် ကျင့်စဉ်' ဆိုတာ ငါတို့ ရေခဲနှင်းနတ်ဘုရားနယ်မြေရဲ့ အဆင့်အမြင့်ဆုံး လျှို့ဝှက်ကျင့်စဉ် မြေကမ္ဘာအဆင့် ကျင့်စဉ်ကွ တော်ရုံတန်ရုံ ကျွမ်းကျင်ဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲတာ အခြေခံလောက် သဘောပေါက်ဖို့တောင် နှစ်နဲ့ချီ ကြာတတ်တယ်။ မင်းက လွယ်လွယ်လေး လေ့ကျင့်နိုင်တယ်လို့ ပြောရဲတယ်ပေါ့။ မင်း ငါ့ကို ရယ်ရအောင်လုပ်ပြီး ငါ့သိုလှောင်အိတ်ကို အမွေဆက်ခံချင်လို့လား"
"ဟုတ်တယ်... ပါရမီထူးတဲ့ ဂိုဏ်းတူအစ်ကိုကြီးတောင် ကျွမ်းကျင်ဖို့ နှစ်နှစ်ခွဲလောက် အချိန်ယူခဲ့ရတာ မင်းက ဘယ်လိုလုပ် ဂိုဏ်းတူအစ်ကိုကြီးကို ကျော်နိုင်မှာလဲ"
အတွင်းစည်းဂိုဏ်းသား နှစ်ဦးက ဝင်ပြောကြသည်။
ရှန်လီယွမ်က လက်ကာပြလိုက်ပြီး အားလုံးကို တိတ်ဆိတ်စေလိုက်သည်။ ထို့နောက် မေးလိုက်သည်။ "တကယ်လို့ မလေ့လာနိုင်ရင် ဘယ်လိုလုပ်မလဲ"
လီချင်းယွင်က လုံးဝ ယုံကြည်မှုရှိနေသည်။ "ကျွန်တော်သာ မလေ့လာနိုင်ရင် ဆရာသခင် ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်"
ရှန်မုန့်ရိုက လီချင်းယွင်ကို အထင်သေးစွာ ကြည့်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို အဲဒီလောက် လွယ်လွယ် လေ့လာနိုင်မယ် ထင်နေတာလား"
ရန်ဇီရှင်းက စိုးရိမ်တကြီး ပြောလိုက်သည်။ "ဂိုဏ်းတူမောင်လေးလီ... ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ပါနဲ့"
ဂိုဏ်းတူအစ်ကိုကြီး ကျိန့်ကျွင်းဖုန်းက လှောင်ပြောင်လိုက်သည်။ "လူတွေ အာရုံစိုက်လာအောင် လုပ်နေတာ"
အခြားဂိုဏ်းသားများကလည်း ဝိုင်းဝန်း လှောင်ပြောင်ကြသည်။
လီချင်းယွင်၏ စကားကို ဘယ်သူမှ မယုံကြပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် မည်သူမျှ မြေကမ္ဘာအဆင့် ကျင့်စဉ်ကို ဤမျှ လွယ်ကူစွာ မလေ့လာနိုင်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ လွယ်ကူစွာ လေ့လာနိုင်သည်ဟူသော ကောင်းကင်ဘုံကို အာခံသည့် နည်းလမ်းမျိုး တစ်ခါမှ မကြားဖူးပေ။
"ရေခဲမှော် ကောင်းကင် ကျင့်စဉ်က ရေခဲနှင်းနတ်ဘုရားနယ်မြေရဲ့ အမြင့်ဆုံး ပညာရပ်ဖြစ်ပြီး ကိုယ်ပိုင်တပည့်တွေပဲ လေ့လာခွင့်ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ ယုံကြည်မှုကို ကြည့်ပြီး ငါ ခြွင်းချက်အနေနဲ့ စမ်းကြည့်ခွင့် ပေးမယ်" ရှန်လီယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဆရာသခင်... ဘာလို့ ဂိုဏ်းတူညီလေးလီက ဂိုဏ်းထဲရောက်ရောက်ချင်း ဂိုဏ်းရဲ့ အဓိကကျင့်စဉ်ကို လေ့လာခွင့်ရပြီး ကျွန်တော်တို့ကျတော့ မရတာလဲ"
"ဟုတ်တယ်... ဆရာသခင်... တပည့်လည်း လေ့လာချင်ပါတယ်"
အတွင်းစည်းဂိုဏ်းသားတစ်စုက ဝိုင်းပြောကြသည်။
"မင်းတို့ လေ့လာချင်ရင် လေ့လာလို့ ရတယ်" ရှန်လီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ မတတ်မြောက်ရင်တော့ ဒန်တျန် ပျက်စီးသွားပြီး တစ်သက်လုံး ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး ဘယ်သူ စမ်းကြည့်ချင်သေးလဲ"
ရှန်လီယွမ်၏ စကားကို ကြားလိုက်ရသောအခါ အတွင်းစည်းဂိုဏ်းသားများအားလုံး တိတ်ဆိတ်သွားကြသည်။
"ဘာဖြစ်လို့လဲ အကုန်လုံး ငြိမ်သွားကြပါလား အားလုံးပဲ လေ့လာချင်တယ်ဆို" ရှန်လီယွမ်က တင်းမာစွာ မေးလိုက်သည်။
"တကယ်လို့ ဂိုဏ်းတူညီလေးလီ မလေ့လာနိုင်ရင်ရော ဒန်တျန် ဖျက်ဆီးခံရမှာလား" အတွင်းစည်းဂိုဏ်းသား ရှီရူယွီက မေးလိုက်သည်။
ရှန်လီယွမ် မဖြေနိုင်ခင်မှာပင် လီချင်းယွင်က ချက်ချင်း သဘောတူလိုက်သည်။ "တစ်ရက်အတွင်း ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို မလေ့လာနိုင်ရင် ကျွန်တော် ဒန်တျန်ကို စွန့်လွှတ်ပါမယ်"
တစ်ရက်အတွင်း?
ရှန်လီယွမ် ဆွံ့အသွားသည်။ သူကိုယ်တိုင်တောင် အခြေခံလောက် ရဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရသည် ဒါ နည်းနည်း များလွန်းမနေဘူးလား။ ထို့ကြောင့် သူ သတိပေးလိုက်သည်။ "ချင်းယွင်... မြေကမ္ဘာအဆင့် ကျင့်စဉ်က လေ့လာရ ဘယ်လောက်ခက်ခဲလဲ မင်း သိရဲ့လား တကယ်လို့ မလေ့လာနိုင်ရင် ငါ ညှာတာမှာ မဟုတ်ဘူးနော်"
"တပည့် ပြောနိုင်ရင် လုပ်နိုင်ပါတယ် ဆရာသခင် စိတ်ချပါ" လီချင်းယွင်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"ဂိုဏ်းတူညီလေးလီ... မဆင်မခြင် မလုပ်နဲ့နော် နောင်တရလိမ့်မယ်"
"ဟုတ်တယ်... ဂိုဏ်းတူမောင်လေး... ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်နဲ့"
ရန်ဇီရှင်းနှင့် ဝူဝမ်ကျုံးတို့ ဝင်ပြောကြသည်။
"ဂိုဏ်းတူအစ်မကြီးရန် ဂိုဏ်းတူအစ်ကိုဝူ... မပူပါနဲ့ ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော် သိပါတယ်" လီချင်းယွင်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ရှန်မုန့်ရိုက လှောင်ပြောင်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် တကယ် အထင်ကြီးလွန်းနေတာပဲ"
ရှန်လီယွမ်၏ မျက်နှာထား လေးနက်နေသည်။ "ချင်းယွင်... မင်း သေချာ စဉ်းစားပြီးပြီလား"
"ဟုတ်ကဲ့ပါ" လီချင်းယွင် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆို မင်းဆန္ဒအတိုင်း ခွင့်ပြုလိုက်မယ်" ရှန်လီယွမ်က လက်ညှိုးဖြင့် ညွှန်လိုက်ရာ အလင်းဖြူတန်းတစ်ခု လီချင်းယွင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။ ရေခဲမှော် ကောင်းကင် ကျင့်စဉ်၏ သတင်းအချက်အလက်များ ဒီရေအလား သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။
"ပြီးပြီ... ဂိုဏ်းတူညီလေးလီတော့ ဒုက္ခိတ ဖြစ်တော့မယ်"
"သူ့ဟာသူ ရှာတဲ့လမ်းပဲ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခိုင်းလို့လဲ နောက်ကျရင် သေချာပေါက် နောင်တရလိမ့်မယ်"
"ကြွားဝါခြင်းရဲ့ တန်ဖိုးပေါ့ကွာ"
လူတိုင်းက ကိုယ့်အမြင်နှင့်ကိုယ် ဝေဖန်ပြောဆိုနေကြသည်။
ရှန်မုန့်ရိုနှင့် ရန်ဇီရှင်းတို့က လီချင်းယွင်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိကြသည်။
လီချင်းယွင်က စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ "စနစ်... ငါ ကျင့်စဉ်ကဒ် သုံးချင်တယ်"
စနစ် - အိမ်ရှင်က ဘယ်ကျင့်စဉ်ကို လေ့လာချင်တာပါလဲ။
"ရေခဲမှော် ကောင်းကင် ကျင့်စဉ်"
စနစ် - ဉာဏ်ပွင့်ကဒ် ဘယ်နှစ်ကဒ် သုံးမလဲ။
"နှစ်ကဒ်"
ကျင့်စဉ် လေ့လာနေသည်... ၃၀%... ၈၀%... ၁၀၀%။ ရေခဲမှော် ကောင်းကင် ကျင့်စဉ် [ကနဦး အဆင့်] သို့ ရောက်ရှိ။
ဒုတိယမြောက် ကျင့်စဉ်ကဒ်ကို အသုံးပြုနေသည်... ၁၅%... ၆၀%... ၁၀၀%။ ရေခဲမှော် ကောင်းကင် ကျင့်စဉ် [ကျွမ်းကျင်အဆင့်] သို့ ရောက်ရှိ။
လီချင်းယွင် မျက်လုံးဖွင့်လိုက်ပြီး ဝိညာဉ်စွမ်းအားကို လှည့်ပတ်လိုက်ရာ ချက်ချင်းပင် အေးစက်သော အရှိန်အဝါများ သူ့ကို လွှမ်းခြုံသွားပြီး လက်ဝါးထဲတွင် ရေခဲမှော် ဒိုင်းတစ်ခု ဖွဲ့စည်းသွားသည်။
ရှန်လီယွမ် အံ့သြတကြီး စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်ပေါ်နေသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ ဒီအဆင့်ရောက်ဖို့ ငါးနှစ်လောက် ကြိုးစားခဲ့ရတာ သူက မျက်စိတစ်မှိတ်အတွင်း ရောက်သွားတယ်လား"
ရှန်မုန့်ရို ထိတ်လန့်သွားသည်။
ကျိန့်ကျွင်းဖုန်း ထိတ်လန့်သွားသည်။
အားလုံး ကျောက်ရုပ်လို ဖြစ်သွားကြသည်။
ရှန်လီယွမ် မျက်လုံးကို ပွတ်သပ်လိုက်ပြီး အံ့သြစွာ မေးလိုက်သည်။ "မင်း ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို ဘယ်တုန်းက လေ့လာလိုက်တာလဲ"
လီချင်းယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ခုနလေးတင် လေ့လာလိုက်တာပါ"
"မဖြစ်နိုင်တာ မဖြစ်နိုင်တာ" ရှန်လီယွမ် ခေါင်းကို တွင်တွင်ခါနေသည်။
"ဘယ်သူကများ ဒီလောက် မြန်မြန် လေ့လာနိုင်မှာလဲ"
"တကယ်တော့... ကျွန်တော် နောက်တစ်ဆင့် ထပ်တိုးလို့ရသေးတယ် ဒါပေမဲ့... ဒါပေမဲ့..." လီချင်းယွင် စကားထစ်နေသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ" ရှန်လီယွမ်က အတင်းမေးလိုက်သည်။
လီချင်းယွင် ချောင်းဟန့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ "တကယ်လို့ ကျွန်တော် ဂိုဏ်းတူအစ်မကြီးရှန်ရဲ့ တင်ပါးကို ရိုက်ခွင့်ရရင် အခုချက်ချင်း ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်နိုင်ပါတယ်"
ဒါကို ကြားတော့ အခန်းထဲရှိ လူတိုင်း အေးခဲသွားကြသည်။
"ဒီ အရှက်မရှိတဲ့ကောင် အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား"
"အရှက်မရှိလိုက်တာ လူတောင် မဟုတ်ဘူး"
"ဂိုဏ်းတူအစ်မကြီးရှန်က ငါတို့ရဲ့ နှလုံးသားထဲက နတ်သမီးပါကွ မင်းလို ဖားပြုတ်ကများ ဟင်္သာကို စားဖို့ စိတ်ကူးယဉ်နေတယ်"
ဂိုဏ်းတူအစ်ကိုများက ဝိုင်းဝန်း ဆဲဆိုကြသည်။
ဒါကို ကြားတော့ ရှန်မုန့်ရို ဒေါသကြောင့် မျက်နှာရဲတက်လာသည်။ "ထွီ... အရှက်မရှိတဲ့ကောင်"
ကျိန့်ကျွင်းဖုန်းသည်လည်း ရှန်မုန့်ရိုကို သဘောကျနေသူဖြစ်ပြီး ဂိုဏ်းတူအစ်ကိုကြီးဖြစ်သည့်အပြင် အသန်မာဆုံးလည်း ဖြစ်သည့်အတွက် ရှန်မုန့်ရိုသည် သူ့အတွက်သာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ လီချင်းယွင်၏ စကားကို ကြားသောအခါ သူ၏ မျက်နှာထား အလွန် မဲမှောင်သွားသည်။
ရှန်လီယွမ်က နားမလည်စွာ မေးလိုက်သည်။ "ရှောင်ရိုရဲ့ တင်ပါးကို ရိုက်တာနဲ့ ကျင့်ကြံမှုကို တိုးတက်စေတာ ဘာဆိုင်လို့လဲ"
ဘာအကြောင်းပြချက် ရှိလို့လဲ။
"ဒါကို စနစ်ရဲ့ တာဝန်လို့ ကျွန်တော် ပြောရမှာလား"
အမှန်တိုင်း ပြောဖို့ မဖြစ်နိုင်တာကြောင့် သူက လှည့်ပတ် ပြောလိုက်သည်။ "အဲဒါကို ကျွန်တော်လည်း ဘယ်လို ရှင်းပြရမလဲ မသိဘူး။ ရှင်းပြရမယ် ဆိုရင်တော့ ဒါက ခံစားချက်တစ်ခုပါ ကျင့်စဉ်အတွက် စိတ်ကူးဉာဏ် ပွင့်လန်းမှု တစ်မျိုးပေါ့။ ဂိုဏ်းတူအစ်မကြီးရှန်ရဲ့ တင်ပါးကို ရိုက်လိုက်တာနဲ့ အဆင့်တက်သွားမယ့် ခံစားချက်မျိုး ရလာတယ်"
ရှန်လီယွမ် ခဏမျှ တိတ်ဆိတ်နေပြီးနောက် လီချင်းယွင်၏ ယုံကြည်မှုရှိသော မျက်နှာထားကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ရှောင်ရို... သူ့ကို ရိုက်ခွင့်ပေးလိုက်ပါ"
"ဖူး!"
ဒါကို ကြားတော့ ရှန်မုန့်ရို သွေးအန်မတတ် ဖြစ်သွားသည်။ "အဖေ... အဖေက..."
ရှန်လီယွမ်က ရှန်မုန့်ရို၏ စကားကို ဖြတ်ပြောလိုက်သည်။ "သူနဲ့ လက်ထပ်ခိုင်းနေတာမှ မဟုတ်တာ တင်ပါးလေး နည်းနည်း ရိုက်ရုံပဲဟာ ဘာမှ မဖြစ်ပါဘူး။ ကျင့်ကြံသူတစ်ယောက်က ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို စိတ်ထဲ ထားမနေသင့်ဘူး"
ကျိန့်ကျွင်းဖုန်းက ကမန်းကတန်း တားလိုက်သည်။ "ဆရာသခင်... မဖြစ်ပါဘူး"
ရှန်လီယွမ်က ပြတ်သားစွာ ပြောလိုက်သည်။ "ထပ်မပြောနဲ့တော့"
ကျိန့်ကျွင်းဖုန်း အံကြိတ်ပြီး ငြိမ်နေလိုက်ရသည်။
ဖခင်ဖြစ်သူ၏ ပြတ်သားသော သဘောထားကို မြင်တော့ ရှန်မုန့်ရို ဘာမှမတတ်နိုင်တော့ဘဲ လီချင်းယွင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
လီချင်းယွင် စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။
ဖြောင်း!
ဒင်! တာဝန် ပြီးမြောက်ပါပြီ ကျင့်စဉ်ဉာဏ်ပွင့်ကဒ် ပေးပို့လိုက်ပါပြီ။
လီချင်းယွင် စိတ်ထဲတွင် ရွတ်ဆိုလိုက်သည်။ "ရေခဲမှော် ကောင်းကင် ကျင့်စဉ် အပေါ် ကျင့်စဉ်ကဒ် အသုံးပြုမယ်"
ဉာဏ်ပွင့်လင်းမှု ဖြစ်ပေါ်နေသည်... ပြီးမြောက်ပြီ။ [ရေခဲမှော် ကောင်းကင် ကျင့်စဉ်] ကို [ကျွမ်းကျင်မှုအဆင့်] ထိ တတ်မြောက်သွားပြီ။
အိမ်ရှင် အချက်အလက် အပ်ဒိတ် လုပ်ပြီးပါပြီ။
အမည် - လီချင်းယွင်
အသက် - ၂၀
အရပ် - ၁၈၇ စင်တီမီတာ
ကျင့်ကြံမှုအဆင့် - ချီစုစည်းခြင်း တတိယအဆင့်
ပါရမီ - D [မျှော်လင့်ချက်မဲ့]
တတ်မြောက်ထားသော ကျင့်စဉ်များ - ရေခဲမှော် ကောင်းကင် ကျင့်စဉ် [ကျွမ်းကျင်မှု] [မြေကမ္ဘာအဆင့် ကျင့်စဉ်]
လီချင်းယွင်၏ အေးစက်သော အရှိန်အဝါ ပိုမိုပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ရေခဲမှော် သံချပ်ကာတစ်ခု ပါးပါးလေး ပေါ်လာသည်။
"ရေခဲမှော် သံချပ်ကာ!" ရှန်လီယွမ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ကျိန့်ကျွင်းဖုန်းက လီချင်းယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါ ကျွမ်းကျင်အဆင့် ရောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ သူက မျက်စိတစ်မှိတ်အတွင်း တတ်မြောက်သွားတယ်လား"
ရှန်မုန့်ရို၏ ဒေါသများမှာ ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။ "ဒါက ငါ့ထက်တောင် သာသွားပြီလား"
"အဖေက ပြောတော့ ငါက သန်းတစ်ယောက်မှာ တစ်ယောက် ပေါ်ထွန်းနိုင်တဲ့ ပါရမီရှင်ဆို ဒါဆို လီချင်းယွင်က ဘာလဲ ပါရမီရှင်တွေထဲက ပါရမီရှင်လား"
ရန်ဇီရှင်း၊ ဝူဝမ်ကျုံး၊ ဆုန့်ဟုန်ကျဲ နှင့် စွန်းချုံးကျင်း တို့အားလုံး မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကျန်တဲ့လူတွေအားလုံး ကျောက်ရုပ်လို ဖြစ်သွားကြသည်။
စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ရှန်လီယွမ်က လူအုပ်ဘက်လှည့်ပြီး လေးနက်စွာ ကြေညာလိုက်သည်။ "ဒီနေ့ကစပြီး လီချင်းယွင်ဟာ ငါ့ရဲ့ သတ္တမမြောက် ကိုယ်ပိုင်တပည့် ဖြစ်သွားပြီ"
ဤစကားကြောင့် အခန်းထဲတွင် ဆူညံပွက်လောရိုက်သွားသည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်" လီချင်းယွင်က ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။
ရှန်လီယွမ်က ထပ်ပြောသည်။ "ချင်းယွင်... မင်းက ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို တတ်မြောက်သွားပြီ ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိသေးတယ် အရမ်း နိမ့်လွန်းတယ်။ ဝိညာဉ်စွမ်းအား နည်းလွန်းတော့ ကျင့်စဉ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်းကျရင် ကျင့်ကြံမှုအဆင့် တိုးတက်အောင် လုပ်ရမယ်"
လီချင်းယွင် ခေါင်းညိတ်လိုက်သည်။ "တပည့် နားလည်ပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံနည်းက တခြားလူတွေနဲ့ မတူဘူး။ ကျွန်တော် ကိုယ့်ဘာသာ ကျင့်ကြံလို့ ရမလား"
ရှန်လီယွမ် ခဏမျှ စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်"
"ဒါ့အပြင် တခြားကျင့်စဉ်တွေ လေ့လာချင်တယ်ဆိုရင် စာကြည့်ဆောင်မှာ သွားရွေးလို့ရတယ်"
"ကန့်သတ်ချက် မရှိဘူး ကြိုက်တာ လေ့လာလို့ ရတယ်"
ဂိုဏ်းတူအစ်ကိုကြီး ကျိန့်ကျွင်းဖုန်းက ချက်ချင်း ဝင်ပြောသည်။ "ဆရာသခင်... ဒါက စည်းကမ်းနဲ့ မညီဘူး မဟုတ်လား ဂိုဏ်းသားတွေအားလုံးက ကျင့်စဉ်လေ့လာဖို့ ဂိုဏ်းအတွက် အလုပ်အကျွေးပြုရတယ် ရမှတ်တွေ စုရတယ် ပြီးမှ အဲဒီရမှတ်တွေနဲ့ ကျင့်စဉ်တွေကို လဲလှယ်ရတာလေ။ ဂိုဏ်းတူညီလေးလီ တစ်ယောက်တည်းကိုပဲ ဒီလို အခွင့်ထူးပေးလိုက်ရင် တခြားလူတွေ ကျေနပ်အောင် ရှင်းပြဖို့ ခက်လိမ့်မယ်"
ရှန်လီယွမ်က ပြန်ပြောလိုက်သည်။ "တကယ်လို့ တစ်စုံတစ်ယောက်က ချင်းယွင်လိုမျိုး ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို တစ်ရက်တည်းနဲ့ တတ်မြောက်နိုင်မယ်ဆိုရင်... အဲဒီလိုလူမျိုးလည်း ဒီအခွင့်ထူးကို ရနိုင်တယ်"
ကျိန့်ကျွင်းဖုန်း စကားမပြောနိုင်တော့ပေ။
"ကျေးဇူးတင်ပါတယ် ဆရာသခင်" လီချင်းယွင်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
ရှန်လီယွမ်က ကျေနပ်စွာ ခေါင်းညိတ်ပြီး "အားလုံးပဲ ကောင်းကောင်း ကျင့်ကြံကြပါ" ဟု ပြောကာ လှည့်ထွက်သွားလေသည်။
ဆဋ္ဌမဂိုဏ်းတူအစ်မ ရန်ဇီရှင်းက စိတ်လှုပ်ရှားစွာ ပြေးလာသည်။ "ဂိုဏ်းတူမောင်လေးလီ... မင်း တကယ် မိုက်တာပဲ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးက တကယ် ပြိုင်ဘက်ကင်းပဲ"
ရှန်မုန့်ရိုက အံကြိတ်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ "အရှက်မရှိတဲ့ လူယုတ်မာ"
ကျိန့်ကျွင်းဖုန်း၏ မျက်လုံးများ အေးစက်နေပြီး စိတ်ထဲတွင် တွေးလိုက်သည်။ "ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို တတ်မြောက်တော့ရော ဘာဖြစ်လဲ ငါ့ရဲ့ အခြေတည်အဆင့်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်လိုက်ရင် ဘာမှ အရေးမပါပါဘူး"
"ဂိုဏ်းတူအစ်ကိုကြီး... ဒီကောင်က အစ်ကိုကြီးရဲ့ မိန်းကလေးကို လုဖို့ ကြိုးစားနေတာ ကျွန်တော် သွားပြီး ပညာပေးလိုက်ရမလား"
ပြောလိုက်သူမှာ ကျိန့်ကျွင်းဖုန်း၏ လူယုံ ရှီရူယွီ ဖြစ်သည်။
ကျိန့်ကျွင်းဖုန်း၏ မျက်နှာထား တင်းမာသွားပြီး အသံနက်ဖြင့် ပြောလိုက်သည်။ "ဆရာသခင်က လောလောဆယ် သူ့ကို အရေးပေးနေတယ် လောလောဆယ် ဘာမှမလုပ်နဲ့ဦး အခွင့်အရေး စောင့်ကြတာပေါ့"
"ဂိုဏ်းတူအစ်မကြီးရှန်... ကျွန်တော်ရော အစ်မကြီးရဲ့ တင်ပါးကို ရိုက်လို့ ရမလား ကျွန်တော်လည်း ကျင့်စဉ်ဉာဏ်ပွင့်ချင်လို့ပါ" အတွင်းစည်းဂိုဏ်းသားတစ်ဦးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူလည်း လီချင်းယွင်လို ဖြစ်ချင်သည်။ ကျင့်စဉ်ဉာဏ်ပွင့် မပွင့်ဆိုတာကတော့...
အရေးကြီးလို့လား။
လုပ်ခွင့်ရရင် ပြီးတာပဲလေ။
"ထွီ... နင် သွားသေလိုက်ပါလား အကောင်စုတ်" ရှန်မုန့်ရိုက ဒေါသတွေ အများကြီး ထိန်းထားရတာမို့ ဒီဂိုဏ်းတူမောင်လေးအပေါ် ပုံချလိုက်သည်။
တခြား အမျိုးသားဂိုဏ်းသားများလည်း ဒီလိုစိတ်ကူးမျိုး ရှိကြသော်လည်း အခြေအနေကို ကြည့်ပြီး ထုတ်မပြောရဲကြတော့ပေ။
နောက်ရက်များတွင် လီချင်းယွင်သည် လေ့ကျင့်ရေးကွင်းသို့ မလာတော့ဘဲ ထမင်းစားချိန်မှသာ ပေါ်လာပြီး ပြီးသည်နှင့် ပြန်ပျောက်သွားတတ်သည်။
ဂိုဏ်းသားများအားလုံး လေ့ကျင့်ရေးကွင်းတွင် ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ ရှန်မုန့်ရိုက ရန်ဇီရှင်းအနားသို့ လျှောက်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "လီချင်းယွင်က လေ့ကျင့်ရေးကွင်းကို မလာတာ ကြာပြီ သူ ဘယ်ရောက်နေလဲ သိလား"
ရန်ဇီရှင်း ခေါင်းခါလိုက်သည်။ "အစ်မလည်း မသိဘူး"
ရှန်မုန့်ရိုက လီချင်းယွင်အကြောင်း မေးနေသည်ကို မြင်တော့ ကျိန့်ကျွင်းဖုန်း ရောက်လာပြီး ပြောလိုက်သည်။ "ဂိုဏ်းတူညီလေးလီက ဒီရက်ပိုင်း မြို့ထဲ ခဏခဏ သွားနေပုံရတယ်"
ရှီရူယွီက ဝင်ထောက်ခံသည်။ "ဟုတ်တယ်... ဂိုဏ်းတူညီလေးလီက လုံ့လဝီရိယလည်း မရှိ ဇွဲလည်း မရှိဘူး သူ့ရဲ့ အကျင့်စာရိတ္တက ပိုတောင် သံသယဖြစ်စရာ ကောင်းသေးတယ်။ ဂိုဏ်းတူအစ်ကိုကြီးနဲ့ဆို မိုးနဲ့မြေလို ကွာခြားတာပဲ"
ရှန်မုန့်ရိုက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
ကျိန့်ကျွင်းဖုန်းက နှိမ့်ချဟန်ဖြင့် လက်ကာပြလိုက်သည်။ "ညီလေးရှီ... မင်းက မြှောက်ပြောလွန်းပါပြီ"
တဖက်တွင် လီချင်းယွင်သည် ဒီရက်ပိုင်း အတော်လေး စိတ်ဓာတ်ကျနေသည်။ စနစ်က ရှန်မုန့်ရို၏ တင်ပါးကို ရိုက်ရမည့် တာဝန်တစ်ခုသာ ပေးထားသည်။
ဘယ်သူကများ ဒီလို ထပ်လုပ်ရဲမှာလဲ။
ထပ်လုပ်လိုက်ရင်တော့ အဲဒီနေ့မှာပဲ ရွာလုံးကျွတ် ဆွမ်းကျွေးဖိတ်လိုက်ရမယ့် အခြေအနေ ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ တာဝန်တွေကို ကျော်လို့က မရ ပိုသန်မာလာဖို့ဆိုရင် တာဝန်တွေ ပြီးမြောက်အောင် လုပ်ရမည်။ ထို့ကြောင့် သူသည် မိန်းမချောလေးများနှင့် တွေ့ဆုံပြီး တာဝန်အသစ်များ ရလာမလားဟူသော မျှော်လင့်ချက်ဖြင့် နေ့တိုင်း မြို့ထဲတွင် လျှောက်သွားနေသည်။
သို့သော် ဘာကြောင့်မှန်းမသိ မိန်းကလေး ရာပေါင်းများစွာနှင့် တွေ့သော်လည်း စနစ်က လုံးဝ တုံ့ပြန်မှု မရှိပေ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: