အခန်း (၇) ဝက်စာ စားထားတာလား
လီချင်းယွင် အတော်ကြာအောင် စဉ်းစားပြီးနောက် ဖြစ်နိုင်ချေ နှစ်ခုကို တွေးမိလိုက်သည်။
ပထမအချက်မှာ တာဝန်တစ်ခု ရရှိဖို့အတွက် အလွန်ချောမောလှပသူနှင့် တွေ့ဆုံရမည်။
ဒုတိယအချက်မှာ ယခင်တာဝန် ပြီးဆုံးမှသာ တာဝန်အသစ်တစ်ခု ရရှိနိုင်မည်။
လောလောဆယ် ဒုတိယလမ်းကြောင်းက ပိတ်နေသည်။ သူ ရှန်မုန့်ရို၏ တင်ပါးကို သုံးကြိမ်တိုင်တိုင် ရိုက်ခဲ့ပြီးပြီ။ လေးကြိမ်မြောက် ထပ်ရိုက်လိုက်လျှင် သူမ သေချာပေါက် ဒေါသထွက်တော့မည်ဖြစ်ပြီး သူ၏ ပြိုင်ဘက်ကင်း လမ်းစဉ်ကြီး ရုတ်တရက် အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့် ပထမလမ်းကြောင်းဖြစ်သည့် အလှပဂေး ရှာဖွေခြင်းကိုသာ ရွေးချယ်ရတော့မည်။
ရေခဲနှင်းနတ်ဘုရားနယ်မြေတွင် ရှိနေစဉ်အတွင်း သူသည် ဂိုဏ်းသူ အားလုံးနီးပါးကို ချဉ်းကပ်ခဲ့သော်လည်း ရှန်မုန့်ရိုမှလွဲ၍ မည်သည့်တာဝန်မှ မရရှိခဲ့ပေ။ သူက ကြိုးစားအားထုတ်လိုသူ ဖြစ်သည့်အတွက် အချိန်မဖြုန်းလိုဘဲ အခွင့်အလမ်းရှာရန် မြို့ထဲသို့ သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် ဤဇာတ်လမ်း ဖြစ်လာရသည်။ လီချင်းယွင်သည် လမ်းပေါ်တွင် မိန်းမချောလေး တစ်ယောက်ယောက်ကို တွေ့လိုက်သည်နှင့် ကပ်လိုက်သွားတတ်ပြီး တာဝန်မပေါ်လာပါက နောက်တစ်ယောက်ဆီ ပြောင်းသွားတတ်သည်။
ဤအဖြစ်အပျက်ကို အတွင်းစည်းဂိုဏ်းသား အများအပြား ကြားသိသွားပြီး ပြန်လည်ပြောဆိုကြတော့သည်။
မူလက လီချင်းယွင်၏ ပါရမီကို လေးစားအားကျခဲ့သူများက ယခုအခါ နှာခေါင်းရှုံ့ကုန်ကြသည်။
မူလကတည်းက မနာလိုသူများနှင့် ရွံရှာသူများမှာမူ ပို၍ ရွံရှာလာကြသည်။ အထူးသဖြင့် ရှန်မုန့်ရို ပင်ဖြစ်သည်။ သူမ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး "ဒီ အရှက်မရှိတဲ့ လူယုတ်မာကတော့ ကယ်လို့မရတော့ဘူး" ဟု စိတ်ထဲတွင် အကြိမ်တစ်ထောင်မက ကျိန်ဆဲနေမိသည်။
နေဝင်ရီတရောအချိန်တွင် လီချင်းယွင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရောက်လာသည်။ ဂိုဏ်းတံခါးဝသို့ ဝင်လိုက်သည်နှင့် အတွင်းစည်းဂိုဏ်းသား အများအပြားက ပြုံးဖြဲဖြဲဖြင့် နှုတ်ဆက်ကြသည်။
"ဂိုဏ်းတူညီလေးလီ... ဒီနေ့ရော အလှပဂေးလေးတွေရဲ့ တင်ပါးကို ရိုက်ခဲ့သေးလား"
"ဂိုဏ်းတူညီလေးလီ... နောက်တစ်ခါ လိုက်ရင် ငါ့ကိုပါ ခေါ်သွားဦးကွာ ငါလည်း အရသာထူးလေး စမ်းချင်လို့ပါ ဟား ဟား ဟား"
"ငါလည်း လိုက်ချင်တယ် ဂိုဏ်းတူညီလေးလီ... ငါ့ကို သင်ပေးပါဦး ငါက မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို တစ်ခါမှ မကိုင်ဖူးဘူး ဘယ်လို ခံစားရလဲ မိုက်လား ဟား ဟား ဟား"
လီချင်းယွင်က သူတို့ လှောင်ပြောင်နေမှန်း သိသော်လည်း ဂရုမစိုက်ပေ။ ကိုယ်က မရှက်သရွေ့ ရှက်ရမှာက သူများတွေပဲလေ။
ထို့ကြောင့် သူက ပြောလိုက်သည်။ "ရတာပေါ့ ရတာပေါ့ တို့တွေက ယောက်ျားချင်းပဲဟာ အတွေ့အကြုံ ဖလှယ်တာ ကောင်းတာပေါ့။ အဲဒီ မိန်းကလေးတွေရဲ့ တင်ပါးကို ရိုက်ရတာ တကယ် ဇိမ်ရှိတယ်ဗျ နူးညံ့ပြီး အိစက်နေတာပဲ။ အထူးသဖြင့် ဂိုဏ်းတူအစ်မကြီးရှန်ရဲ့ တင်ပါးဆိုရင် ခံစားချက်က လုံးဝ ရှယ်ပဲ"
သူ့ကို လှောင်ပြောင်နေကြသော ဂိုဏ်းတူအစ်ကိုများသည် အားကျစိတ်ဖြင့် သွားရည်ကျကုန်ကြသည်။
ထိုအချိန်တွင် ရှန်မုန့်ရိုနှင့် ရန်ဇီရှင်းတို့ ဖြတ်လျှောက်လာကြသည်။
"ထွီ... အရှက်မရှိတဲ့ လူယုတ်မာ" ရှန်မုန့်ရိုက ဒေါသတကြီး ပြောလိုက်သည်။ "နင့်ဘာသာ အရှက်မရှိတာက တစ်ပိုင်း တခြားလူတွေကို မကောင်းတဲ့ စံနမူနာ မပြနဲ့"
လီချင်းယွင်က အနေခက်သလိုလိုဖြင့် ပြောလိုက်သည်။ "ကျွန်တော် သင်ပေးတာ မဟုတ်ပါဘူး။ ဒီဂိုဏ်းတူအစ်ကိုတွေက အကြံဉာဏ် တောင်းနေကြလို့ ဂိုဏ်းတူတွေပဲ ဆိုပြီး နှစ်တွေအများကြီး စုဆောင်းလာတဲ့ အတွေ့အကြုံတွေကို မတတ်သာဘဲ လက်ဆင့်ကမ်းပေးလိုက်ရတာပါ။ တခြားလူသာဆိုရင် သင်ပေးမှာ မဟုတ်ဘူး"
"နင်... နင်... နင်..." ရှန်မုန့်ရို ဒေါသကြောင့် ရင်ဘတ်နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ဘယ်လို ပြန်ပြောရမှန်း မသိတော့သဖြင့် လီချင်းယွင်ကို လှောင်ပြောင်နေသော ဂိုဏ်းတူမောင်လေးများကိုသာ လှည့်အော်လိုက်သည်။ "အကုန် ထွက်သွားကြစမ်း နောက်တစ်ခါ ဒီအရှက်မရှိတဲ့ အရာတွေကို သူ့ဆီကနေ သင်ရဲရင် နင်တို့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
"မလုပ်တော့ပါဘူး မလုပ်တော့ပါဘူး"
ဂိုဏ်းသားများ ကမန်းကတန်း ထွက်ပြေးကုန်ကြသည်။
ဂိုဏ်းတူအစ်ကိုကြီး ကျိန့်ကျွင်းဖုန်းလည်း ရောက်လာပြီး ဆူပူလေသည်။ "ဂိုဏ်းတူညီလေးလီ... မင်းကို အပြစ်တင်ချင်တာတော့ မဟုတ်ဘူး ဒါပေမဲ့ လူတိုင်းက ကြိုးစားပမ်းစား ကျင့်ကြံနေကြချိန်မှာ မင်းက ဘာလို့ တစ်နေ့ကုန် လျှောက်သွားနေရတာလဲ"
ရှီရူယွီက ရယ်မောကာ လှောင်ပြောင်လိုက်သည်။ "မင်းသိတာက မိန်းကလေးတွေနောက် လိုက်ဖို့ပဲ ရှိတာမလား ဘာတွေ လုပ်ချင်နေတာလဲ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာပဲ"
လီချင်းယွင်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်လည်း ကြိုးစားနေတာပါပဲ"
"မင်း အစွမ်းကုန် ကြိုးစားနေတာ မဟုတ်ပါဘူး ငါ့အထင် မင်းက မိန်းကလေးငယ်လေးတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ" ဟု ရှီရူယွီက ပြောသည်။
"မင်းတို့က ပါရမီရှင်တွေရဲ့ ကမ္ဘာကို နားမလည်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး ကျင့်ကြံလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ ကျင့်ကြံခြင်းအကြောင်း ဘာမှတောင် နားမလည်သေးဘူး။ ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို လေ့ကျင့်ခွင့်တောင် မရဘူးမလား အဲဒါ တုံးလွန်းလို့ မဟုတ်ဘူးလား"
"တခြားလူကို ပျင်းတယ်လို့ ပြောရဲသေးတယ် အေး... ငါ ပျင်းတယ်ကွာ အဲဒါ ဘာဖြစ်လဲ"
"မကျေနပ်ဘူးလား"
"မင်း အဲဒီလောက် စွမ်းနေရင် ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို ဘာလို့ မတတ်မြောက်တာလဲ"
လီချင်းယွင်က မောက်မာစွာ ခေါင်းမော့လိုက်သည်။ "ဘာမှပြန်မပြောနိုင်တော့ဘူးမလား ဒါဆို ငါ သွားနားတော့မယ်။ မနက်ဖြန် စောစောစီးစီး မြို့ထဲသွားပြီး မိန်းမလှလေးတွေ သွားကြည့်ရဦးမယ်"
ပြောပြီးသည်နှင့် လီချင်းယွင် ဘဝင်မြင့်စွာ လှည့်ထွက်သွားလေသည်။
"မင်း... မင်း..." ရှီရူယွီ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။
ရှန်မုန့်ရိုက မဲ့ပြုံးပြုံးလိုက်သည်။ "အရှက်မရှိတဲ့ကောင် အဖေ့ကို တိုင်ပြီး နင့်ကို အပြစ်ပေးခိုင်းမယ်"
"ဟွန်း!" လီချင်းယွင်က အထင်သေးသည့်အသံ ပြုလိုက်ရာ ရှန်မုန့်ရို ဒေါသတကြီး အံကြိတ်လိုက်သည်။
ကျိန့်ကျွင်းဖုန်းက နှစ်သိမ့်လိုက်သည်။ "ဂိုဏ်းတူညီမလေးရှန်... စိတ်လျော့ပါ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဦး။ ဂိုဏ်းတူညီလေးလီက ငယ်ငယ်ကတည်းက လစ်လျူရှုခံခဲ့ရတော့ အမူအကျင့်ပိုင်း လိုအပ်ချက် ရှိနေတာ မဆန်းပါဘူး။ စိတ်ထဲ ထားမနေပါနဲ့"
...
နောက်တစ်နေ့ မနက်တွင် လီချင်းယွင် တောင်အောက်ဆင်းရန် ပြင်ဆင်လိုက်သည်။ လေ့ကျင့်ရေးကွင်းအနီး ဖြတ်သန်းသွားစဉ် သစ်သားဆိုင်းဘုတ်ကြီးတစ်ခုရှေ့တွင် လူအုပ်စုဝေးနေသည်ကို တွေ့လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားပြီး ပြုံးကာ မေးလိုက်သည်။ "ဂိုဏ်းတူအစ်ကို ဂိုဏ်းတူအစ်မတို့... ဘာတွေ ကြည့်နေကြတာလဲ"
ရန်ဇီရှင်း လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်လာသည်။ "ဂိုဏ်းတာဝန်တွေကို ကြည့်နေကြတာလေ။ ဒါနဲ့ မောင်လေး တာဝန်တစ်ခုမှ မယူရသေးဘူး မဟုတ်လား။ ကိုယ်နဲ့ကိုက်ညီတာ ရှိမရှိ လာကြည့်ပါလား"
လီချင်းယွင် သစ်သားဆိုင်းဘုတ်ရှေ့တွင် ရပ်ပြီး စာများကို ဖတ်ကြည့်လိုက်သည်။
တာဝန် (၁) - ကျောက်မျက်ရတနာများကို အလယ်ပိုင်းဒေသသို့ ပို့ဆောင်ပေးရန် [ဆုလာဘ် - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀]
သူ ခေါင်းခါလိုက်သည်။ "ဒီခေတ်ကြီးက အရမ်း ရှုပ်ထွေးနေတာ ဒီလိုပစ္စည်းမျိုး ပို့ရတာ အရမ်း အန္တရာယ်များတယ် လက်မခံနိုင်ပါဘူး"
တာဝန် (၂) - နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ လင်းဇီးမှိုကို ရှာဖွေရန် [ဆုလာဘ် - အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀]
လီချင်းယွင် ခေါင်းထပ်ခါလိုက်ပြီး ရေရွတ်လိုက်သည်။ "ဒီလောက်သက်တမ်းရင့်တဲ့ ဝိညာဉ်အပင်တွေက ရှာရခက်တယ် အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်။ မဖြစ်ဘူး မဖြစ်ဘူး"
တာဝန် (၃) - ဝိညာဉ်သားရဲဥ ရှာဖွေရန် လျှို့ဝှက်နယ်မြေသို့ သွားရောက်ခြင်း [ဆုလာဘ် - အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၄၀]
သူ သက်ပြင်းချလိုက်သည်။ "သားရဲဥဆိုမှတော့ မိစ္ဆာသားရဲတွေ စောင့်ကြပ်နေမှာ သေချာတယ် သတိမထားရင် အသက်ပါသွားနိုင်တယ်။ အရူးမှပဲ ဒီလိုတာဝန်မျိုးကို လက်ခံမှာ"
တာဝန် (၄)... တာဝန် (၁၀)... တာဝန် (၃၀)...
လီချင်းယွင် ကြည့်ရင်း ခေါင်းခါနေမိသည်။ "အားလုံးက အရမ်းခက်ခဲပြီး အရမ်း အန္တရာယ်များလွန်းတယ်"
လီချင်းယွင်၏ ပုံစံကို မြင်တော့ အားလုံးက ကွယ်ရာတွင် လှောင်ပြောင်ကြသည်။
တကယ်တော့ လီချင်းယွင်က သေမှာကြောက်တာ မဟုတ်ပါဘူး။ စနစ်ကို အခုမှ ရထားတာဆိုတော့ အပြည့်အဝ မစွမ်းဆောင်နိုင်သေးဘူးလေ။ ခဏလောက် အနိမ့်ခံပြီး ဘေးကင်းအောင် နေတာကမှ ဉာဏ်ရှိရာ ရောက်မှာပေါ့။
တာဝန် (၇၂) ကို မြင်လိုက်ရမှသာ သူ့မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။ "ရွှော့ဖုန်းတောင်ကြားသို့ သွားရောက်ပြီး ချေးမပါသော ခရုခွံ ၁၀ ခု ကောက်ယူရန် [ဆုလာဘ် - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ တုံး]"
"ချေးမပါတဲ့ ခရုခွံ?"
"ရေဆေးလိုက်ရင် ချေးစင်သွားမှာပဲလေ"
"ဘယ်ငတုံးက ဒီတာဝန်ကို တင်လိုက်တာလဲ"
"ရယ်ရလိုက်တာ"
လီချင်းယွင် သူ့ဘာသာ ရေရွတ်ပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။ "နောက်ဆုံးတော့ ငါနဲ့ကိုက်ညီတဲ့ တာဝန်တစ်ခု တွေ့ပြီဟေ့"
ပဉ္စမဂိုဏ်းတူအစ်ကို စွန်းချုံးကျင်းက လီချင်းယွင်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်ပြီး သံသယဖြင့် မေးလိုက်သည်။ "မင်း ခရုခွံ သွားကောက်မလို့တော့ မဟုတ်ပါဘူးနော်"
လီချင်းယွင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
ရှီရူယွီက အားရပါးရ ရယ်မောလိုက်သည်။ "ကိုယ်ပိုင်တပည့်လို့ ပြောပြီးတော့ ဒီလိုတာဝန်မျိုးကို ယူတယ်ပေါ့ ရှက်စရာကောင်းလိုက်တာကွာ"
"မင်းတို့ ဘာမှမသိပါဘူး။ ဒီတာဝန်က ရိုးရှင်းတယ်လို့ ထင်နေလား။ တာဝန်ဖော်ပြချက်ထဲမှာ ဘာလို့ 'ချေးမပါတဲ့ ခရုခွံ' လို့ ပါနေလဲ သိလား။ အဲဒီမှာ လှည့်ကွက်ရှိတယ် ဒါပေမဲ့ မင်းရဲ့ တုံးအတဲ့ ရုပ်ကို ကြည့်ရတာ သေချာပေါက် နားလည်မှာ မဟုတ်ပါဘူး" လီချင်းယွင်က လျှို့ဝှက်နက်နဲဟန်ဖြင့် ပြောလိုက်သည်။
ရှီရူယွီက ကြောင်တောင်တောင် ဖြစ်သွားသည်။ "ဘာလျှို့ဝှက်ချက် ရှိလို့လဲ"
လီချင်းယွင်က မောက်မာသောပုံစံဖြင့် ပြောလိုက်သည်။ "လျှို့ဝှက်ချက်ကတော့... ချေးမပါတဲ့ ခရုခွံက ချေးပါတဲ့ဟာထက် ပိုသန့်ရှင်းတာပေါ့ကွ ဟား ဟား ဟား... မင်း ဒါလေးတောင် မသိဘူးလား တုံးလိုက်တာ"
ရှီရူယွီ ဒေါသထွက်သွားသည်။ "မင်း ငါ့ကို အရူးလုပ်ရဲတယ်ပေါ့"
လီချင်းယွင်က မျက်နှာပြောင်တိုက်ပြီး လျှာထုတ်ပြောင်ပြလိုက်သည်။ "မင်းကို စလိုက်တော့ ဘာဖြစ်လဲ လာ လာ လာ လာ လာ"
ကျိန့်ကျွင်းဖုန်းက လီချင်းယွင်ကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး တခြားလူတွေကို ပြောလိုက်သည်။ "သွားကြစို့"
"ကောင်းပြီ"
ခဏချင်းမှာပင် အားလုံးက သိုလှောင်အိတ်ထဲမှ ဓားပျံများကို ထုတ်ယူပြီး စီးနင်းကာ ပျံထွက်သွားကြသည်။
လူတိုင်း ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း လီချင်းယွင် အားကျနေမိသည်။ "ငါ ဘယ်တော့မှ ပျံနိုင်မှာပါလိမ့်"
အသိပြန်ဝင်လာပြီး ခရုခွံကောက်ရမည့် တာဝန်ကဒ်ကို ယူကာ တောင်အောက်သို့ ပြေးဆင်းလာခဲ့သည်။
နေ့လယ်ခင်းအချိန်။
လီချင်းယွင် ရွှော့ဖုန်းတောင်ကြားသို့ ရောက်ရှိလာသည်။ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများ ရှိပြီး ပင်စည်များမှာ လူအများအပြား လက်တွဲဖက်ရလောက်အောင် ကြီးမားသည်။ ထူးဆန်းသော ပုံသဏ္ဍာန်များဖြင့် အလွန် လှပနေသည်။
သစ်ကိုင်းများပေါ်တွင် ငှက်ကလေးများ တေးသီနေကြပြီး မြေပြင်ပေါ်တွင် ထူးခြားဆန်းပြားသော ပန်းမန်များ ဖုံးလွှမ်းနေကာ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။ စမ်းချောင်းစီးဆင်းသံနှင့် ပေါင်းစပ်လိုက်သောအခါ တကယ့်ကို သာယာလှပသော ခံစားမှုကို ပေးစွမ်းသည်။
လီချင်းယွင်သည် လှပသော ရှုခင်းများကို ခံစားရင်း ခရုခွံများကို လိုက်ရှာနေသည်။
မကြာမီ ရေတံခွန်ကြီးတစ်ခု မြင်ကွင်းထဲ ဝင်လာသည်။ ရေကျသံနှင့်အတူ လီချင်းယွင် ဖြည်းညှင်းစွာ ရှေ့တိုးသွားလိုက်သည်။
ရေတံခွန်အောက်တွင် ရေကန်တစ်ခုရှိပြီး ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဝတ်ရုံဖြူဝတ် အမျိုးသမီးတစ်ဦး ဂူချင်း (တရုတ်ရှေးဟောင်း ကြိုးတပ်တူရိယာ) တီးခတ်နေသည်။
သူမ၏ အသားအရေက နို့မလိုင်ကဲ့သို့ ချောမွတ်နေပြီး မျက်နှာလေးမှာ သေသပ်လှပလွန်းသည်။ ထူးခြားသော ကျက်သရေရှိမှုကြောင့် သူမကို ပိုမိုထင်ရှားစေပြီး လူ့လောကနှင့် မတူသော အလှကို ပိုင်ဆိုင်ထားသည်။
လက်ချောင်းလေးများ၏ ကကြိုးဆင် လှုပ်ရှားမှုနှင့်အတူ သာယာနာပျော်ဖွယ် တေးသွားတစ်ပုဒ် လေထဲတွင် ပျံ့လွင့်လာသည်။
ဒင်! စနစ် စတင်လည်ပတ်နေပြီ ဇာတ်ကောင် အချက်အလက်ကို တွေ့ရှိရသည်။
အမည် - ကျန်းယွီရှီး
အသက် - ၁၈
အရပ် - ၁၇၁ စင်တီမီတာ
ရုပ်ရည် - ၉.၈ [ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်]
ခန္ဓာကိုယ် - ၉.၇ [ကျော့ရှင်းပြေပြစ်သည်]
ကျင့်ကြံမှုအဆင့် - အခြေတည်အဆင့် [အလယ်အလတ်]
ပါရမီ - S [အထူးချွန်ဆုံး ပါရမီရှင်]
တတ်မြောက်ထားသော ကျင့်စဉ်များ - ကိုးလွှာကောင်းကင် ဆန်းကြယ်တေးသွား [ကျွမ်းကျင်အဆင့်] [မြေကမ္ဘာအဆင့်] ကျင့်စဉ်
စနစ် တာဝန် - 'နေ' အဆင့်မြှင့်ကဒ် တစ်ကဒ် ရရှိရန် ကျန်းယွီရှီး၏ တင်ပါးကို ရိုက်ပုတ်ပါ။
"'နေ' အဆင့်မြှင့်ကဒ်?"
"ဘာကြီးလဲဟ"
စနစ် - အဆင့်မြှင့်ကဒ်များကို 'နေ' နှင့် 'လ' ဟူ၍ ခွဲခြားထားသည်။ နာမည်အတိုင်းပင် 'နေ' သည် အမျိုးသားများအတွက် ဖြစ်ပြီး 'လ' သည် အမျိုးသမီးများအတွက် ဖြစ်သည်။ အသုံးပြုပြီးပါက ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်။
လီချင်းယွင် ဝမ်းသာအားရ ဖြစ်သွားသည်။ "မိုက်လိုက်တာကွာ"
"အရမ်း ကောင်းတယ်"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက လီချင်းယွင် ရှိနေသည်ကို အာရုံခံမိသွားသည်။ သူမက ဇာသံကြိုးများကို ခပ်ဖွဖွ ပုတ်ခတ်လိုက်ရာ ဂီတသံစဉ်များက ဓားပျံများအသွင် ချက်ချင်း ပြောင်းလဲသွားပြီး လီချင်းယွင်ဆီသို့ ဦးတည်ပျံသန်းလာသည်။
လီချင်းယွင် ထိတ်လန့်သွားပြီး ဝိညာဉ်စွမ်းအားကို ကမန်းကတန်း လှည့်ပတ်ကာ သူ့ရှေ့တွင် ရေခဲမှော် ဒိုင်းတစ်ခု ဖန်တီးလိုက်သည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့် နိမ့်လွန်းသဖြင့် ရေခဲမှော် ဒိုင်းမှာ ချက်ချင်း ကွဲကြေသွားသည်။
ဝိညာဉ်စွမ်းအား ဓားပျံများ သူ့ကို ထိမှန်တော့မည့်ဆဲဆဲတွင် လီချင်းယွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "ကယ်ကြပါဦး... ကျွန်တော် မိန်းမ မရသေးဘူးဗျ... မသေချင်သေးပါဘူး"
ဒါကို ကြားတော့ ဝတ်ရုံဖြူဝတ် အမျိုးသမီးက ဇာသံကြိုးများကို နောက်တစ်ကြိမ် ပုတ်ခတ်လိုက်ရာ ဓားပျံများသည် ချက်ချင်းပင် ချီစွမ်းအားအငွေ့အသက်များအဖြစ် ပြောင်းလဲပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။
"ရှင် ဘယ်သူလဲ"
"ဘာလို့ ဒီနားမှာ သိုသိုသိပ်သိပ်နဲ့ လာချောင်းနေတာလဲ"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက မေးလိုက်သည်။
လီချင်းယွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ကျွန်တော်က ဘယ်မှာ ချောင်းနေလို့လဲ"
"ဒီတိုင်း လျှောက်လာတာပါ ဘာမှလည်း မလုပ်ရသေးဘူး မိန်းကလေးက ကျွန်တော့်ကို သတ်လုနီးပါး လုပ်လိုက်တာလေ"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီနေရာက အန္တရာယ်များတယ် ချက်ချင်း ထွက်သွားပါ"
လီချင်းယွင်က နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်တော်က တာဝန်ထမ်းဆောင်ဖို့ လာတာ တာဝန် မပြီးမချင်း ပြန်မှာ မဟုတ်ဘူး"
"ကျွန်မ ပြောပြီးပြီနော် ရှင် တစ်ခုခုဖြစ်သွားရင် ကျွန်မအပြစ် မဟုတ်ဘူး" ထိုအမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။
လီချင်းယွင် ခါးထောက်လိုက်ပြီး "ကျွန်တော်က အမြဲတမ်း ရဲရင့်တယ် သတိရှိတယ် ကံကောင်းတတ်တယ်။ အန္တရာယ်ဆိုတာ ကျွန်တော့်အတွက် ဘာမှ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ဝတ်ရုံဖြူဝတ် အမျိုးသမီးက သူ့ကို ဂရုမစိုက်တော့ဘဲ ဂူချင်းကို ဆက်လက် တီးခတ်နေသည်။
လီချင်းယွင် ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။ "မိန်းကလေး နာမည် ဘယ်လိုခေါ်လဲ မေးလို့ရမလား"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက ပြန်မဖြေ။
"မိန်းကလေး တီးနေတာ ဘယ်လို နတ်သီချင်းမျိုးလဲ မေးလို့ရမလား"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက ပြန်မဖြေ။
"မိန်းကလေးမှာ စေ့စပ်ထားတဲ့သူ ရှိလားလို့"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက မတုန်မလှုပ် ရှိနေဆဲ။
လီချင်းယွင် ဆက်ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်လည်း အိမ်ထောင်မပြုရသေးပါဘူး"
ဝတ်ရုံဖြူဝတ် အမျိုးသမီး သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။ "ထွက်သွားစမ်း"
လီချင်းယွင် နှုတ်ခမ်းမဲ့သွားပြီး မကျေမနပ် မျက်နှာထားဖြင့် လှည့်ထွက်လာကာ ရေရွတ်လိုက်သည်။
"ဂီတတီးတာ ကောင်းရုံနဲ့ ဘာများ အရေးပါလို့လဲ"
နတ်သမီးလို လှနေတော့ရော ဘာဖြစ်လဲ။
"ရိုင်းစိုင်းလိုက်တဲ့ လူ"
"ဘာကိစ္စလဲကွာ ငါလည်း မင်းနဲ့ စကားမပြောချင်ပါဘူး"
နောက်ဆုံးတော့ တာဝန်တစ်ခု ရလာပြီ ဆိုပေမဲ့ ဒီတစ်ယောက်က ရှန်မုန့်ရိုထက်တောင် ပိုပြီး ဒေါသကြီးနေတော့ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တော့ပေ။ တကယ့်ကို စိတ်ပျက်စရာ ကောင်းသည်။
ဝတ်ရုံဖြူဝတ် အမျိုးသမီးက အဝေးတစ်နေရာကို တည်ငြိမ်စွာ ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူတို့ ရောက်လာတော့မှာပဲ"
လီချင်းယွင် သိပ်ဝေးဝေး မရောက်ခင်မှာပင် ခရုခွံ တစ်ဒါဇင်ကျော် ကောက်လို့ ရသွားသည်။ "ဟားဟား... တာဝန်ပြီးပြီ"
"ငါက တကယ့် ကံကောင်းခြင်းရဲ့ သားတော်ပဲ ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင်ကွ။ တာဝန်ကို လွယ်လွယ်လေး ပြီးမြောက်သွားပြီ မိုက်တယ်ဟေ့"
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သော မျက်လုံးတစ်စုံ ရှေ့နားရှိ ချုံပုတ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။
ချက်ချင်းပင် မီတာအတော်ကြာ ရှည်လျားသော ကျားကြီးတစ်ကောင် ချုံပုတ်ထဲမှ ထွက်လာသည်။ အလွန် ကြီးမားပြီး ချွန်ထက်သော သွားများကို မြင်လိုက်ရသဖြင့် လီချင်းယွင် ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ နှုတ်ခမ်းများပင် တုန်လှုပ်လာသည်။
"ကိုကြီးကျား... ကျွန်တော် လမ်းပျောက်ပြီး ကိုကြီးရဲ့ နယ်မြေထဲ မှားဝင်လာမိတာပါဗျာ။ တောင်းပန်ပါတယ် အခုပဲ ထွက်သွားပါတော့မယ် ကိုကြီးရဲ့ အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါဦး"
"ရပ်လိုက်စမ်း" ကျားကြီးက အသံနိမ့်ဖြင့် ပြောလိုက်သည်။
လီချင်းယွင် သူ့ကို လျစ်လျူရှုပြီး ထွက်ပြေးလေတော့သည်။
"ဘုရားရေ!"
"ဘာကျားကြီးလဲဟ"
"အကောင်ကြီးလိုက်တာ"
"မင်း ဝက်စာတွေ စားထားလို့ ဒီလောက် ကြီးနေတာလား"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: