စကားပြောပြီးနောက် ကျန်းယွီရှီး၏ မျက်နှာမှာ လည်ပင်းအရင်းထိ နီရဲသွားသည်။ သူမ၏ ရှက်သွေးဖြာနေသော ပုံစံလေးက ချစ်စရာ ပိုကောင်းနေသည်။

"သူ တကယ် လက်ခံလိုက်တယ်ဟ!"

လီချင်းယွင် အံ့သြနေမိသည်။ "ဒါ ရေကန်ထဲမှာ ဂူချင်းတီးနေတဲ့ မိန်းကလေး ဟုတ်ရဲ့လား"

"အစနဲ့ အခု ကွာခြားချက်က များလွန်းမနေဘူးလား"

"မိန်းကလေးကျန်း... တကယ် ပြောနေတာလား"

ကျန်းယွီရှီးက ခေါင်းငုံ့ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တကယ်ပါ ဂိုဏ်းတူအစ်ကိုလီက ကျွန်မအသက်ကို ကယ်ခဲ့တာပဲ ရှင့်ရဲ့ စိတ်ထားကို ကျွန်မ ယုံပါတယ်"

"ဒါဆို ကျွန်တော် ရိုက်တော့မယ်နော်" လီချင်းယွင်က သေချာစေရန် လက်ကိုမြှောက်ကာ ထပ်မေးလိုက်သည်။

"အင်း"

ဖြောင်း! ပြတ်သားသော အသံ။

ဂုဏ်ယူပါတယ် အိမ်ရှင် တာဝန် ပြီးမြောက်သွားပါပြီ။ ဆုလာဘ်ကို ပေးပို့လိုက်ပါပြီ။

ကျန်းယွီရှီးက ငှက်ကကုလားအုတ်သဖွယ် ရှက်လွန်း၍ တစ်ဖက်သို့ လှည့်နေပြီး တိတ်ဆိတ်နေသည်။

လီချင်းယွင်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း ခင်ဗျား သိပ်သဘောကောင်းတာပဲ"

ကျန်းယွီရှီးက တိုးတိုးလေး ပြန်ဖြေသည်။ "ကျေးဇူးကြွေး ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ"

လီချင်းယွင် ရယ်မောလိုက်သည်။ "ကောင်းပါပြီ"

...

နောက်တစ်နေ့။

"မိန်းကလေးကျန်း... ကျွန်တော် ပြန်လိုက်ပါဦးမယ်"

"နောက်ဆို ခင်ဗျားကို ဘယ်မှာ ရှာလို့ရမလဲ"

"ကျွန်မ ရေခဲနှင်းနတ်ဘုရားနယ်မြေမှာ နေပါတယ်"

"ခင်ဗျားက ရေခဲနှင်းနတ်ဘုရားနယ်မြေက ဂိုဏ်းသူလား"

"ဟုတ်ပါတယ်"

လီချင်းယွင် လက်သီးဆုပ် အရိုအသေပြုလိုက်သည်။ "မိန်းကလေးကျန်း... ပြန်တွေ့ကြတာပေါ့"

"ပြန်တွေ့ကြတာပေါ့"

လီချင်းယွင် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကယ်ဆယ်ခံရသည့်နေ့က အဖြစ်အပျက်ကို ပြန်တွေးမိကာ ကျန်းယွီရှီး၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်လာသည်။

လီချင်းယွင် ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဆရာသခင်အား ဘေးကင်းကြောင်း သတင်းပို့ပြီး အနားယူရန် အခန်းသို့ ပြန်လာခဲ့သည်။

သူ အိပ်ရာပေါ်တွင် ထိုင်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ "စနစ်... ငါ 'နေ' အဆင့်မြှင့်ကဒ်ကို သုံးချင်တယ်"

စနစ် - 'နေ' အဆင့်မြှင့်ကဒ်ကို အသုံးပြုနေပါပြီ။

ပတ်ဝန်းကျင်မှ အစွမ်းထက်သော ဝိညာဉ်စွမ်းအားများသည် လေဆင်နှာမောင်းတစ်ခုအလား လီချင်းယွင်၏ ခန္ဓာကိုယ်ထဲသို့ စုစည်းဝင်ရောက်လာသည်။

ကျင့်ကြံမှုအဆင့် တိုးတက်လာသည်... ချီစုစည်းခြင်း အဆင့် ၄... ချီစုစည်းခြင်း အဆင့် ၅... ချီစုစည်းခြင်း အဆင့် ၆... ချီစုစည်းခြင်း အဆင့် ၈။ အဆင့်မြှင့်ကဒ် အသုံးပြုပြီးပါပြီ။

လီချင်းယွင်သည် ဒန်တျန်မှသည် ခြေလက်အင်္ဂါများနှင့် အရိုးများအထိ စီးဆင်းနေသော စွမ်းအင်များကို ခံစားလိုက်ရသည်။

"ဒီလို ကောင်းမွန်တဲ့ ခံစားချက်မျိုး တစ်ခါမှ မရဖူးဘူး ဒဏ်ရာတွေလည်း အကုန်ပျောက်သွားပြီ ဟား ဟား ဟား"

လီချင်းယွင် စိတ်လှုပ်ရှားနေစဉ် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။

"သောက်ကျိုးနည်း... ဝိညာဉ်စွမ်းအားတွေ ဘယ်ရောက်သွားလဲ"

"ငါရောပဲ ချီစုစည်းခြင်း ပဉ္စမအဆင့်ကို ရောက်ခါနီးမှ ဝိညာဉ်စွမ်းအားတွေ ပျောက်သွားလို့ အဆင့်တက်တာ ပျက်သွားပြီ"

"တောက်!"

"အား!"

"ဘာလို့ ဒီလို ဖြစ်ရတာလဲ"

"ဘာလို့ ဘုရားသခင်က ငါ့ကို ကျီစားနေရတာလဲ"

လီချင်းယွင်က သတိပေးချက်ကို လျစ်လျူရှုကာ စောင်ခေါင်းမြီးခြုံပြီး အိပ်လိုက်တော့သည်။

...

"အား!"

လီချင်းယွင် အကြောဆန့်ရင်း သီချင်းလေးတစ်ပုဒ် ညည်းလိုက်သည်။

မျက်နှာသစ်ပြီးနောက် ပျော်ရွှင်စွာဖြင့် တာဝန်လဲလှယ်သည့် နေရာသို့ လျှောက်သွားလိုက်သည်။

နွေဦးလေပြေအောက် ရောက်နေသကဲ့သို့ တစ်လမ်းလုံး ပြုံးရွှင်နေသည်။

"ဟေး!"

"ဒါ ဂိုဏ်းတူညီလေးလီ မဟုတ်လား"

"မင်း ခရုခွံကောက်ရင်း ပျောက်သွားတယ်ဆို"

"ဘာလို့ ပြန်ရောက်လာတာလဲ"

ရှီရူယွီက လီချင်းယွင်ကို လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဘာမှ အရေးကြီးကိစ္စ မဟုတ်ပါဘူး။ တာဝန်ထမ်းဆောင်နေရင်း အမျိုးသမီးဓားပြတစ်ဖွဲ့နဲ့ တွေ့တာ။ သူတို့က ကျွန်တော် ချောမောခန့်ညားလို့ဆိုပြီး တောင်ပေါ်ခေါ်သွားကာ သူတို့ခေါင်းဆောင်ရဲ့ ယောက်ျားတော်ခိုင်းနေလို့လေ။ ကျွန်တော့်ရဲ့ လျင်မြန်ဖြတ်လတ်မှု ဉာဏ်ကောင်းမှုနဲ့ ထူးခြားတဲ့ ပါရမီတွေကြောင့် သူတို့ကို ဖယ်ရှားပစ်ဖို့က လွယ်လွယ်လေးပါ"

"ဒါပေမဲ့ ကျွန်တော်က စိတ်သဘောထား နူးညံ့တာကိုး။ သူတို့ သနားစရာကောင်းတာ မြင်တော့ တောင်ပေါ် လိုက်သွားပြီး ရက်အနည်းငယ်လောက် ခေါင်းဆောင်ရဲ့ ယောက်ျား လုပ်ပေးလိုက်တယ်။ မနေ့ညကမှ ပြန်ရောက်တာ"

"မင်းသာ ကိုယ်တိုင် ကြုံဖူးရင် ဘယ်လောက်လွတ်လပ်ပြီး ပျော်ဖို့ကောင်းလဲဆိုတာ သိမှာပါ"

"ကံဆိုးစွာနဲ့ မင်းရုပ်ရည်နဲ့ဆိုရင် ဒီဘဝမှာ အဲဒီလို အခွင့်အရေးမျိုး ရမှာ မဟုတ်ဘူး"

"ဝမ်းနည်းစရာပဲကွာ"

"မင်း... မင်း..." ရှီရူယွီ နှုတ်ခမ်းများ တုန်ယင်လာပြီး ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။

ထိုအချိန်တွင် ရှန်မုန့်ရို လျှောက်လာပြီး အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ "အရှက်မရှိတဲ့ကောင်" ဟု ပြောလိုက်သည်။

လီချင်းယွင် စဉ်းစားလိုက်သည်။ "ဘာဖြစ်တာလဲဟ"

"ဒီမိန်းမ ငါ့ကို တွေ့တိုင်း ရွံရှာတဲ့ အကြည့်နဲ့ ကြည့်နေတာပဲ။ သူ့တင်ပါးကို သုံးချက်လောက် ရိုက်မိတာလေးများ ဘာအရေးကြီးလို့လဲ"

လီချင်းယွင်က ပြန်ချေပလိုက်သည်။ "ဘာကို အရှက်မရှိတာလဲ။ ကျွန်တော်က သူတို့ဖမ်းတာ ခံလိုက်ရတာလေ။ အရှက်မရှိတာက သူတို့ပါ။ ကျွန်တော်က သားကောင်ပါဗျာ နားလည်လား"

ရှန်မုန့်ရိုက "ထွီ" ဟု တံတွေးထွေးလိုက်သည်။

သူမက လီချင်းယွင်အပေါ် အမြင်မကြည်ဖြစ်နေပြီးသား။ နောက်ပိုင်း သူ့ကို သနားပြီး စာနာစိတ် အနည်းငယ် ဖြစ်ပေါ်ခဲ့သော်လည်း မသိနားမလည်သော မိန်းကလေး ရာပေါင်းများစွာနောက် သူလိုက်ခဲ့သည်ကို ကြားသိလိုက်ရသောအခါ အမြင်အလွန်ဆိုးဝါးသွားခဲ့သည်။ ထိုကဲ့သို့ လူမျိုး၏ တင်ပါးရိုက်ခြင်းကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရသည်ကို တွေးမိတိုင်း နေမထိထိုင်မသာ ဖြစ်ရသည်။

ရှန်မုန့်ရိုက သူမ၏ ဖခင်ကိုပင် လီချင်းယွင်အား အဘယ်ကြောင့် တပည့်အဖြစ် လက်ခံခဲ့သနည်းဟု မေးမြန်းခဲ့သေးသည်။ ရှန်လီယွမ်က ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေခဲ့ပေ။

လီချင်းယွင် တာဝန်လဲလှယ်သည့် နေရာသို့ ရောက်ရှိလာသည်။ "ဂိုဏ်းတူအစ်ကို... ကျွန်တော် တာဝန်ပြီးမြောက်ကြောင်း တိုကင်ပြား လာအပ်တာပါ"

ပြောရင်းဆိုရင်း တာဝန်ကဒ်ပြားကို ထုတ်ပေးလိုက်သည်။

"ဒီတာဝန်က သက်တမ်းကုန်သွားပြီ။ ဆုလာဘ် လိုချင်ရင် အလုပ်အပ်တဲ့သူဆီ ကိုယ်တိုင်သွားပြီး လိုသေးလား မေးကြည့်ရလိမ့်မယ်"

ပြောပြီးသည်နှင့် ဝိညာဉ်စွမ်းအား ပါဝင်သော ဝါးလိပ်တစ်ခုကို ထုတ်ပြီး လီချင်းယွင်ကို ပြလိုက်သည်။

"ဖုန်းယွီစံအိမ် ရှာချန်အာ"

"ကျေးဇူးပါ ဂိုဏ်းတူအစ်ကို" လီချင်းယွင်က လက်သီးဆုပ် ကျေးဇူးတင်စကားဆိုကာ ပြေးထွက်သွားသည်။

"ဟား ဟား ဟား!"

ရှီရူယွီက လှောင်ပြောင်လိုက်သည်။ "မင်းက ခရုခွံကောက်တဲ့ တာဝန်လေးတစ်ခုကို ရက်အများကြီး လုပ်နေရတယ် အဲဒါတောင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ တုံး မရဘူးပေါ့။ ရယ်ရလိုက်တာ"

လီချင်းယွင်၏ ကျင့်ကြံမှုအဆင့်သည် ယခုအခါ ဓားပျံစီးနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကျင့်စဉ် မလေ့လာရသေးသောကြောင့် ပြေးရုံသာ တတ်နိုင်သည်။ သို့သော် သူ ယခင်ကထက် ပိုမြန်မြန် ပြေးနိုင်ပြီး ပိုမြင့်မြင့် ခုန်နိုင်နေပြီ ဖြစ်သည်။

မကြာမီ ချီမျိုးနွယ်စု၏ စံအိမ်သို့ ရောက်ရှိလာသည်။

လီချင်းယွင်က တံခါးစောင့်ကို ပြောလိုက်သည်။ "ရှာချန်အာ ကို ပြောပေးပါ ခရုခွံ လာပို့တဲ့သူ ရောက်နေပြီလို့"

"ဒီမှာ စောင့်နေ" အစေခံက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ခဏအကြာတွင် အစေခံ ပြန်ထွက်လာသည်။ "သခင်မလေးက ခဏလောက် စောင့်ပါဦးတဲ့"

လီချင်းယွင် ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"

တစ်နာရီ ကြာသွားသည်။ လီချင်းယွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ခွင့်ပြုပါ... သခင်မလေးက ဘယ်တော့ ထွက်လာမှာလဲ"

အစေခံ - "ခဏနေရင် ထွက်လာလိမ့်မယ်"

နောက်ထပ် တစ်နာရီ ထပ်ကုန်သွားသည်။

"သခင်မလေးက ဘယ်အချိန် ထွက်လာမှာလဲလို့" လီချင်းယွင် စိတ်မရှည်တော့ဘဲ မေးလိုက်သည်။

"ထွက်လာတော့မှာပါ ဘာလို့ လောနေတာလဲ"

လီချင်းယွင် စိတ်ပျက်သွားပြီး အစေခံနှင့် ငြင်းခုံရန် ပြင်လိုက်စဉ် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် မိန်းမပျိုလေးတစ်ဦး ကျက်သရေရှိစွာ ထွက်လာသည်။ သူမ၏ မျက်ခုံးများက ဝေးကွာသော တောင်တန်းများကဲ့သို့ မျက်လုံးများက ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ ခန္ဓာကိုယ်က သွယ်လျကျော့ရှင်းပြီး အသားအရေက နှင်းကဲ့သို့ ဖြူဝင်းနေသည်။ သူမ၏ မွေးရာပါ မြင့်မြတ်သော အရှိန်အဝါက မြင်သူတိုင်းကို ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် ဖမ်းစားနိုင်စွမ်း ရှိသည်။

ဒင်! စနစ် တာဝန် စတင်လည်ပတ်နေပြီ။

အမည် - ရှာချန်အာ

အသက် - ၁၇

အရပ် - ၁၆၅ စင်တီမီတာ

ရုပ်ရည် - ၉.၉ [ပြိုင်ဘက်ကင်း အလှပိုင်ရှင်]

ခန္ဓာကိုယ် - ၉.၆ [ကျော့ရှင်းပြေပြစ်သည်]

ကျင့်ကြံမှုအဆင့် - မူလဝိညာဉ်အဆင့် [ကနဦး]

ပါရမီ - SS [ပြိုင်ဘက်ကင်း ပါရမီရှင်]

တတ်မြောက်ထားသော ကျင့်စဉ်များ - တောက်လောင်သော နတ်မီးလျှံ ကျင့်စဉ် [ကျွမ်းကျင်မှု] [ကောင်းကင်အဆင့် ကျင့်စဉ်]

ဖီးနစ်အက ကိုးလွှာကောင်းကင် [ကနဦး] [ကောင်းကင်အဆင့်] ကျင့်စဉ်

စနစ် တာဝန် - 'နေ' အဆင့်မြှင့်ကဒ် တစ်ကဒ် ရရှိရန် ရှာချန်အာ၏ တင်ပါးကို ရိုက်ပုတ်ပါ။

သောက်ကျိုးနည်း!

"ဘယ်သူကြီးလဲဟ"

"၁၇ နှစ်နဲ့ မူလဝိညာဉ်အဆင့် ရောက်နေပြီ ကောင်းကင်အဆင့် ကျင့်စဉ် နှစ်ခုတောင် တတ်ထားတယ်"

"ကြမ်းလိုက်တာ"

ကျင့်ကြံမှုအဆင့်များကို အောက်ပါအတိုင်း ခွဲခြားထားသည် - [ချီစုစည်းခြင်း] [အခြေတည်အဆင့်] [ရွှေချီအမြုတေအဆင့်] [မူလဝိညာဉ်အဆင့်] [ဝိညာဉ်ပေါ်ထွန်းအဆင့်] [ဝိညာဉ်ကွဲအဆင့်] [ကိုယ်ခန္ဓာပေါင်းစည်းအဆင့်] [ဟင်းလင်းပြင်သန့်စင်အဆင့်] [မဟာယာနအဆင့်] [ဘေးဒုက္ခခံအဆင့်]

ရှန်လီယွမ်က မူလဝိညာဉ်အဆင့် [အလယ်အလတ်] သာ ရှိသေးသည်။ လက်ရှိအချိန်တွင် ဝိညာဉ်ကွဲအဆင့်သည် ထိပ်တန်း အစွမ်းထက်သူများ ဖြစ်ကြသည်။ ၎င်းထက်မြင့်သော အဆင့်များသည် ဒဏ္ဍာရီလာများသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

"'နေ' အဆင့်မြှင့်ကဒ်က တကယ် ကောင်းပါတယ် ဒါပေမဲ့ ဘာလို့ စိတ်မသန့်ဖြစ်နေရတာလဲ"

လီချင်းယွင် စဉ်းစားနေမိသည်။

မိန်းမပျိုလေး ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ပစ္စည်းထားခဲ့ပြီး ပြန်လို့ရပြီ"

လီချင်းယွင် ပစ္စည်းများကို အစေခံလက်ထဲ ထည့်ပေးလိုက်ပြီး ကြောင်အစွာ ရပ်နေမိသည်။

ဒါကိုမြင်တော့ မိန်းမပျိုလေးက အေးစက်စွာ ပြောလိုက်သည်။ "ဘာလို့ မပြန်သေးတာလဲ"

"ပြန်ရမယ်?"

"ငါ နားကြားများ မှားနေလား"

"ဘာဖြစ်တာလဲ"

"ဝိညာဉ်ကျောက်တုံးက ဘယ်မှာလဲ"

"အဟမ်း..." လီချင်းယွင် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ "သခင်မလေး... ဝိညာဉ်ကျောက်တုံး မပေးရသေးပါဘူး"

"ဝိညာဉ်ကျောက်တုံး?" မိန်းမပျိုလေးက လီချင်းယွင်ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။ "နင်က ဝိညာဉ်ကျောက်တုံး တောင်းရဲသေးတယ်ပေါ့"

"ဒီလောက် ရိုးရှင်းတဲ့ တာဝန်လေးကို နင်က အချိန်အကြာကြီး ယူပြီး လုပ်ခဲ့တာလေ။ ဝိညာဉ်ကျောက်တုံး မပေးတာကို ငါ့အတွက် တောင်းပန်ကြေးလို့ သဘောထားလိုက်တော့ သွားတော့"