အခန်း (၁၀) ဒါက ပါရမီပါမှ ရတာ
လီချင်းယွင် ဒေါသထွက်သွားပြီး "လောကမှာ ဒီလောက် အရှက်မရှိတဲ့လူမျိုး ရှိသေးတာလား" ဟု စိတ်ထဲမှ ကြိတ်ဆဲလိုက်သည်။
ထို့ကြောင့် ပြတ်သားစွာ ပြောလိုက်သည်။ "ဝိညာဉ်ကျောက်တုံး မရမချင်း မပြန်နိုင်ဘူး"
မိန်းမပျိုလေးက ညာလက်ကို မြှောက်လိုက်ရာ သူမ၏ လက်ဝါးထဲတွင် ပြင်းထန်သော မီးတောက်များ တောက်လောင်လာသည်။ အပူချိန်မှာ ကြောက်ခမန်းလိလိ မြင့်မားလှပြီး ၇ မီတာ ၈ မီတာ အကွာအဝေးမှပင် ကျောချမ်းသွားစေသည်။
လီချင်းယွင် ကမန်းကတန်း အော်ပြောလိုက်သည်။ "မလုပ်ပါနဲ့ မလုပ်ပါနဲ့"
"ကျွန်တော်တို့က ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေတာလေ စကားနဲ့ ဖြေရှင်းကြတာပေါ့ အကြမ်းဖက်စရာ မလိုပါဘူး"
မိန်းကလေးက ရပ်တန့်မည့်ပုံ မပေါ်ဘဲ မျက်လုံးများ အေးစက်သွားကာ လက်ကို လှန်လိုက်ပြီး လီချင်းယွင်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဒီခရုခွံရဲ့ နောက်ကွယ်မှာ ဝမ်းနည်းကြေကွဲစရာ အချစ်ဇာတ်လမ်းလေး ရှိတယ်ဗျ" လီချင်းယွင် အသံကုန် အော်ပြောလိုက်သည်။
မိန်းကလေး ရုတ်တရက် ရပ်တန့်သွားပြီး မီးတောက်များကို ပြန်သိမ်းလိုက်သည်။ ထို့နောက် လူတစ်ယောက် လဲလိုက်သကဲ့သို့ ပုံစံပြောင်းသွားပြီး လီချင်းယွင် အနားသို့ စိတ်လှုပ်ရှားစွာ ပြေးလာကာ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မျှော်လင့်တကြီး မေးလိုက်သည်။ "ဘာအချစ်ဇာတ်လမ်းလဲ"
"ဟိုးရှေးရှေးတုန်းက နာမည်မရှိတဲ့ ခရုခွံလေး တစ်ကောင် ရှိသတဲ့။ သူက ရာထူးမရှိ ဥစ္စာမရှိတဲ့ သာမန် ခရုခွံလေးပါပဲ။ ဒါပေမဲ့ သူက ငယ်ရွယ်တယ် ချောမောတယ် ပြီးတော့ ထူးခြားတဲ့ ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်လေးပေါ့။ ခရုခွံမင်းသမီးလေးက သူ့ကို ချစ်မိသွားတယ်။ ဒါပေမဲ့ ကံကြမ္မာက ရက်စက်လွန်းတယ်။ ခရုခွံဘုရင်ကြီးက သူတို့ အတူရှိတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး မင်းသမီးလေးကို တခြားတိုင်းပြည်က မင်းသားတစ်ပါးနဲ့ အတင်း လက်ထပ်ပေးလိုက်တယ်။ ခရုခွံမင်းသမီးလေးက နှလုံးကွဲကြေမတတ် ခံစားရပြီး နောက်ဆုံးမှာ သူ့အချစ်ကို သေခြင်းတရားနဲ့ ကာကွယ်သွားခဲ့တယ်။ နောက်ပိုင်းမှာ နာမည်မရှိတဲ့ ခရုခွံလေးလည်း လိုက်ပြီး သတ်သေသွားခဲ့တယ် သူတို့ရဲ့ မိသားစုဝင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်သေကုန်ကြရော..." လီချင်းယွင်က ခံစားချက်အပြည့်ဖြင့် ဇာတ်လမ်းဖွဲ့ပြလိုက်သည်။
မိန်းကလေး၏ မျက်လုံးများ နီရဲလာပြီး မေးလိုက်သည်။ "နင်က ဒါတွေကို ဘယ်လို သိတာလဲ"
လီချင်းယွင်က လေးနက်သော မျက်နှာထားဖြင့် "ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာဗျ"
"အဲဒီမှာ ထိုင်ကြည့်နေလို့ အချိန်ကြန့်ကြာပြီး နောက်ကျမှ ပြန်ရောက်လာတာပေါ့"
"သခင်မလေး ပေးတဲ့ တာဝန်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ တုံးပဲ ရမယ်ဆိုပေမဲ့ တန်ဖိုးနည်းလို့ဆိုပြီး ကျွန်တော် ပေါ့ပေါ့တန်တန် မလုပ်ခဲ့ပါဘူး။ ကျွန်တော်က အသေးစိတ် ဂရုစိုက်တတ်တဲ့လူလေ။ ဒါကြောင့် ဒီခရုခွံတွေရဲ့ နောက်ခံဇာတ်လမ်းကို သိရအောင် သခင်မလေးကို သူတို့ရဲ့ မူလဇာစ်မြစ်အကြောင်း ပိုနားလည်စေချင်လို့ လေးရက်တိတိ ထမင်းမစား ရေမသောက်ဘဲ စောင့်ကြည့်နေခဲ့တာပါ"
"ကြည့်လိုက်ပါဦး... ဒီခရုခွံက ခရုခွံမင်းသမီးလေးပဲ မလှဘူးလား"
မိန်းကလေးက ဇဝေဇဝါဖြင့် "ငါ့အမြင်တော့ အကုန်တူတူပဲ ထင်တာပဲ"
"သေချာကြည့်လေ ကျောဘက်က အရောင်က ပိုတောက်ပတယ်"
"ဟုတ်သားပဲ တကယ်ပဲဟ"
"ဟုတ်တယ်လေ ဒီတစ်ခုကို ကြည့်လိုက် ဒါက ခရုခွံမင်းသမီးလေးရဲ့ ချစ်သူ သူ့မိသားစုက အရမ်းဆင်းရဲတော့ မိသားစု စားဝတ်နေရေးအတွက် ကုန်ပစ္စည်းတွေ ထမ်းရလွန်းလို့ ကျောက နည်းနည်း ကုန်းနေတယ်"
"နင်က ဒါတွေအားလုံး သိတယ်ပေါ့" မိန်းကလေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လီချင်းယွင် စတင်ပြီး လုပ်ကြံဖန်တီး ပြောဆိုလိုက်သည်။ "အင်း... ကျွန်တော်က ဝီရိယရှိပြီး စာပေလေ့လာလိုက်စားတဲ့ လူတစ်ယောက်လေ ကဗျာ၊ လင်္ကာ၊ သီချင်း အကုန်ကျွမ်းကျင်တယ်။ ခရုခွံတွေအကြောင်း လေ့လာထားတာက ကျွန်တော့်ရဲ့ ဘာသာရပ် ၇ သိန်းကျော်ထဲက အပေါ်ယံ အဆန်ဆုံး တစ်ခုပါပဲ"
"နင် အဲဒီလောက်တောင် တော်တာလား" မိန်းကလေးက မျက်လုံးဝိုင်းကြီးများဖြင့် လီချင်းယွင်ကို သံသယအပြည့် စိုက်ကြည့်နေသည်။
ချက်ချင်းပင် လီချင်းယွင်က ဒီခရုခွံ တစ်ဒါဇင်လောက်အတွက် ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ထပ်မံ ဖန်တီးပြောပြလိုက်ပြန်သည်။
နားထောင်ပြီးသောအခါ မိန်းကလေးက မျက်ရည်သုတ်ပြီး မေးလိုက်သည်။ "နင် သူတို့ပြောတာ နားလည်လား"
"နားလည်တာပေါ့"
လီချင်းယွင် အနည်းငယ် မျက်နှာပူပြီး ထိတ်လန့်သွားသည်။ သူ နည်းနည်း လွန်သွားပြီ။ စိတ်ငြိမ်သွားတော့မှ နောင်တရမိသည်။ သို့သော် ကြွားပြီးမှတော့ ဆက်ပြီး ဟန်ဆောင်ရရုံသာ ရှိတော့သည်။ "နည်းနည်းပါးပါးတော့ နားလည်ပါတယ်"
မိန်းကလေးက လီချင်းယွင်ကို နားမလည်စွာ ကြည့်လိုက်ပြီးနောက် မြေကြီးပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကို လက်ညှိုးထိုးပြကာ "သူ ဘာပြောနေတာလဲ" ဟု မေးလိုက်သည်။
လီချင်းယွင် မြေကြီးပေါ်တွင် ဝပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် နားထောင်နေဟန် ပြုသည်။ ပိုပြီး ပညာရှင်ဆန်စေရန် အံကြိတ်ပြီး နားရွက်ကိုပင် လှုပ်ပြလိုက်သေးသည်။ ထို့နောက် အများကြီး သိနားလည်ပုံဖမ်းကာ ပြောလိုက်သည်။ "သူပြောတာက... ငါ့ဘဝကြီးက ခက်ခဲလိုက်တာတဲ့ ပြီးတော့ ခင်ဗျားကို ဝိညာဉ်ကျောက်တုံး ပေးလိုက်ပါတော့လို့ ပြောနေတယ်"
မိန်းကလေး အံ့သြတကြီး အော်ဟစ်လိုက်သည်။ "ဝါး... နင် အရမ်းတော်တာပဲ"
"တိရစ္ဆာန်လေးတွေ ပြောတာ နားလည်တယ်ပေါ့ ငါ့ကို သင်ပေးလို့ ရမလား"
လီချင်းယွင်က ခက်ခဲသည့်ပုံစံဖြင့် "ဒါက ပါရမီပါမှ ရတာဗျ"
မိန်းကလေးက သူမ၏ ပြည့်ဖြိုးသော ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ပါရမီလား ငါ့မှာ ရှိတယ်"
သူ့မှာ ရင်ဘတ်အကြီးကြီး ရှိတာတော့ ဝန်ခံပါတယ် ပြီးတော့ နုနယ်တဲ့ မျက်နှာလေး ရှိတယ်...
ဒါပေမဲ့ သူ့ဦးနှောက်က သိပ်ကောင်းပုံ မရဘူး။ သူ့ကို မတုံးပါဘူးလို့ ပြောရင်တောင် အတော်လေး ချီးကျူးရာ ရောက်နေပြီ။
လီချင်းယွင်က ဒီစကားတွေကို ထုတ်မပြောရဲဘဲ "ခင်ဗျားက ရှာချန်အာ... သခင်မလေး ရှာချန်အာ မလား" ဟု မေးလိုက်သည်။
မိန်းကလေးက ခေါင်းညိတ်သည်။
လီချင်းယွင်က ဆက်ပြောသည်။ "ဒီကိစ္စကို နောက်မှ ပြောကြမလား"
"ကြည့်ပါဦး မိုးချုပ်နေပြီ ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး ပေးလို့ ရပြီလား"
"ကျွန်တော် ထမင်းပြန်စားရဦးမယ်"
ရှာချန်အာ သဘောတူလိုက်သည်။ "ကောင်းပြီလေ ဒါဆို နင် ဘယ်တော့လာပြီး တိရစ္ဆာန်စကား သင်ပေးမှာလဲ"
လီချင်းယွင်က ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သည်။ "နောက်ရက်နည်းနည်းကြာရင် လာခဲ့မယ်"
"သေချာမှတ်ထားနော် နင် မလာရင် သေချာပေါက် နောင်တရလိမ့်မယ်" ရှာချန်အာက လေးနက်စွာ ပြောပြီးနောက် ဝိညာဉ်ကျောက်တုံးအိတ် တစ်အိတ်ကို လီချင်းယွင်ဆီ ပစ်ပေးလိုက်သည်။ "အထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပါတယ်။ ပိုနေတာတွေကို သခင်မလေးရဲ့ ဆုလာဘ်အဖြစ် မှတ်ယူလိုက်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
လီချင်းယွင် ဝိညာဉ်ကျောက်တုံး အများအပြား ရလိုက်သဖြင့် ပျော်ရွှင်အူမြူးနေသည်။ "ကျေးဇူးတင်ပါတယ် သခင်မလေးရှာ ကျေးဇူးတင်ပါတယ် သခင်မလေးရှာ။ ကျွန်တော် သွားခွင့်ပြုပါဦး"
မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
"ငါတော့ ဌေးပြီဟေ့"
"ကံကောင်းလိုက်တာကွာ ကောင်းကင်ဘုံကို အာခံနိုင်လောက်တယ်"
"ပထမဆုံး စီးပွားရေးလုပ်ကွက်က ငတုံးတစ်ယောက်နဲ့ လာတိုးနေတယ်။ ရုပ်လေးလှသလောက် ဖြုန်းတီးတတ်တာ နှမြောစရာပဲ။ ကြာရင် သူ့မိဘတွေကို မွဲအောင်လုပ်ပြီး သူတောင်းစား ဖြစ်သွားဦးမယ်"
"ခင်ဗျားဆီ ပြန်လာမယ်ဟုတ်လား။ ကျွန်တော် အဲဒီလောက် မတုံးပါဘူး။ ကျွန်တော် လိမ်ထားတာ ပေါ်သွားရင် ဝိညာဉ်ကျောက်တုံး ဆုံးရှုံးရုံတင်မကဘူး အသက်ပါ ပျောက်သွားနိုင်တယ်"
လီချင်းယွင် တောင်ပေါ်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး သူ့ကိုယ်သူ အလွန် ကျေနပ်နေသည်။
ရှာချန်အာ၏ တင်ပါးကိုတော့ မရိုက်ရဲခဲ့ပေ။ အဓိက အကြောင်းအရင်းမှာ ဒီမိန်းကလေးက စိတ်မမှန်သည့်အပြင် အလွန် အစွမ်းထက်နေသောကြောင့် ဖြစ်သည်။
မတော်တဆ အသတ်ခံလိုက်ရရင် မတန်ဘူးလေ။
ဘေးကင်းအောင် နေတာ အကောင်းဆုံးပဲ။
ညဘက်တွင် လီချင်းယွင် တောင်ထိပ်ပေါ်၌ ကျင့်ကြံနေသည်။ သူ၏ ကျင့်ကြံမှုအဆင့် အကြီးအကျယ် တိုးတက်လာပြီးနောက် ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကိုပါ တတ်မြောက်ထားသော်လည်း လက်တွေ့ အသုံးချရန် အချိန်မရသေးပေ။
သူ ဝိညာဉ်စွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်ရာ အေးစက်သော ချီစွမ်းအားများ သူ့ခန္ဓာကိုယ်တဝိုက်တွင် တိမ်တိုက်များအလား ဝန်းရံလာပြီး မာကျောသော ရေခဲမှော် သံချပ်ကာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ချီစုစည်းခြင်း တတိယအဆင့်တုန်းက ရေခဲမှော် သံချပ်ကာသည် ကျပ်နေသော အဝတ်အစားတစ်ခုနှင့် တူသော်လည်း ယခုအခါတွင်မူ စစ်သူကြီးတစ်ဦး၏ စစ်ဝတ်တန်ဆာနှင့် တူနေပြီဖြစ်သည်။
"တိုက်ခိုက်နည်း နောက်တစ်မျိုး စမ်းကြည့်ရအောင်" ခဏတာ စဉ်းစားပြီးနောက် လီချင်းယွင်က ညာလက်ကို မြှောက်လိုက်သည်။ ရေခဲမှော် ကောင်းကင် ကျင့်စဉ်၏ ရေခဲစွမ်းအင်များကို လက်ချောင်းထိပ်များသို့ ပို့လွှတ်ပြီး ညင်သာစွာ တွန်းထုတ်လိုက်ရာ ရေခဲစွမ်းအင်တန်းတစ်ခု ပန်းထွက်သွားပြီး သစ်ပင်တစ်ပင်ကို ထိမှန်ကာ ငှက်ကလေးတစ်ကောင်ကို ရေခဲတုံး ဖြစ်သွားစေသည်။
"သွားပါပြီ"
လီချင်းယွင် အပြေးသွားကြည့်ပြီး ငှက်ကလေး၏ ကိုယ်ပေါ်မှ ရေခဲများကို ဖယ်ရှားလိုက်သည်။ ငှက်ကလေး သတိမရသေးသည်ကို မြင်တော့ လေမှုတ်ပြီး အသက်ရှူကူညီမှု ချက်ချင်း လုပ်ပေးလိုက်သည်။
တဖြည်းဖြည်းနှင့် ငှက်ကလေး သတိပြန်ရလာပြီး လီချင်းယွင်ကို တရစပ် အော်မြည်နေတော့သည်။
လီချင်းယွင် သေချာကြည့်လိုက်ပြီး အံ့သြသွားသည်။ "ဒီငှက်ကလေးက ဘာလို့ ဒီလောက် ထူးခြားတဲ့ ပုံစံ ရှိနေရတာလဲ"
"အမွေးတွေက မီးတောက်လို နီရဲတောက်ပနေတာပဲ"
"မျိုးစပ်ထားတဲ့ အကောင်များလား"
လီချင်းယွင် ပြောလိုက်သည်ကို ကြားသောအခါ ငှက်ကလေးက စိတ်လှုပ်ရှားနေပုံရပြီး ပို၍ ကျယ်လောင်စွာ အော်မြည်နေသည်။
"ကောင်လေး... မြန်မြန်သွား တခြားလူတွေ မြင်သွားရင် မင်းကို ကင်စားလိမ့်မယ်"
ငှက်ကလေးက ပျံမသွားဘဲ လီချင်းယွင်၏ ခေါင်းပေါ်တွင် ရက်အနည်းငယ် ပျံဝဲပြီးမှ ပခုံးပေါ် နားလိုက်သည်။ လီချင်းယွင် လက်ကမ်းပေးလိုက်ရာ ငှက်ကလေးက သူ့လက်ဝါးပေါ်သို့ တက်လာသည်။
"ဟီးဟီး... ကောင်လေး မင်း တော်တော် ဉာဏ်ကောင်းတာပဲ"
လီချင်းယွင် လက်ကို မြှောက်ပြီး သူ့မျက်နှာရှေ့တွင် ထားလိုက်သည်။ ငှက်ကလေးက သူ့ကို ခဏလောက် အော်မြည်ပြီးမှ ပျံထွက်သွားသည်။
ထူးဆန်းသည်မှာ ငှက်ကလေး၏ အသံက "နီမားဘီး (ဆဲဆိုသံ)" ဟု ကြားရသော်လည်း မဖြစ်နိုင်ပေ။ ငှက်က ဘယ်လိုလုပ် ဆဲတတ်မှာလဲ။ ထို့ကြောင့် လီချင်းယွင် လုံးဝ အမှုမထားလိုက်ပေ။
လီချင်းယွင် စဉ်းစားကြည့်လိုက်ရာ သူသည် လောလောဆယ် ရေခဲမှော် ကောင်းကင် ကျင့်စဉ် တစ်ခုတည်းသာ တတ်မြောက်ထားပြီး တိုက်ခိုက်မှု နည်းလမ်းများ အလွန် နည်းပါးနေသည်။ တခြား ကျင့်စဉ်အချို့ကို ထပ်မံ သင်ယူရန် လိုအပ်နေသည်။
ကျင့်စဉ်များကို အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ကိုယ်ခန္ဓာ ကျင့်စဉ် (ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးပြုခြင်း)၊ လက်နက် ကျင့်စဉ် (လက်နက် စွမ်းအားကို အသုံးပြုခြင်း) နှင့် မှော်ကျင့်စဉ် (ဝိညာဉ်စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း) တို့ ဖြစ်ကြသည်။
ရေခဲမှော် ကောင်းကင် ကျင့်စဉ်သည် မှော်ကျင့်စဉ် တစ်မျိုးဖြစ်ပြီး အကွာအဝေး တိုက်ခိုက်နည်း ဖြစ်သောကြောင့် အနီးကပ်တိုက်ခိုက်နိုင်မည့် ကျင့်စဉ်တစ်ခု သင်ယူရမည်။
လီချင်းယွင် ကြယ်စုံသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း အတွေးထဲ နစ်မြောသွားသည်။
...
နောက်တစ်နေ့ မနက်။
လီချင်းယွင် စာကြည့်ဆောင်သို့ သွားရောက်ပြီး လျှို့ဝှက်ကျမ်းစာအုပ် အားလုံးကို ဖတ်ရှုကာ လက်သီးသိုင်း စာအုပ်တစ်အုပ်နှင့် ကိုယ်ဖော့ပညာ စာအုပ်တစ်အုပ်ကို ရွေးချယ်လိုက်သည်။
ဝမ်ပါ လက်သီးသိုင်း [အဝါရောင်အဆင့် ကျင့်စဉ်] နှင့် ထွက်ပြေး ခြေလှမ်း [အဝါရောင်အဆင့် ကျင့်စဉ်]။
ဘာကြောင့် ဒီကျင့်စဉ် နှစ်ခုကို ရွေးခဲ့တာလဲ။
အဓိက အကြောင်းရင်းမှာ သင့်တော်တာ ရှာမတွေ့ခြင်းနှင့် လေ့လာခွင့်ရထားသည်ကို အလဟဿ မဖြစ်စေလိုခြင်းတို့ကြောင့် အရိုးရှင်းဆုံး ကျင့်စဉ်နှစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူ့၏ ညံ့ဖျင်းသော ပါရမီဖြင့်ဆိုလျှင် ၎င်းတို့ကို ခက်ခက်ခဲခဲ လေ့လာနိုင်မည် ဖြစ်သည်။ လက်သီးသိုင်း ပါဝင်လာပါက ရေခဲမှော် ကောင်းကင် ကျင့်စဉ်သည်လည်း ပိုမို ထိရောက်လာနိုင်သည်။
လီချင်းယွင်သည် ကျင့်စဉ်များကို ရွေးချယ်ပြီးနောက် လေ့ကျင့်ရေးကွင်းတွင် စတင် လေ့ကျင့်လေသည်။ ဝမ်ပါ လက်သီးသိုင်း ပေါ်ထွက်လာသည်နှင့် မိစ္ဆာများနှင့် ဘီလူးများ လမ်းဖယ်ပေးရမလို ဖြစ်နေသည်။
လီချင်းယွင်သည် ခြေလက်များကို စည်းဝါးမကျ စနစ်မကျဘဲ ရမ်းကားနေပြီး သူ့ပုံစံမှာ ကြည့်ရဆိုးလှသည်။
"လီချင်းယွင်ကို ကြည့်စမ်း ဟိုမှာ ဘာလုပ်နေတာလဲ။ လိပ်ကြီးလိုပဲ"
"ဝမ်ပါ လက်သီးသိုင်း (လိပ်လက်သီးသိုင်း) တကယ် ဖြစ်ပုံရတယ် စာကြည့်ဆောင်မှာ ငါ တွေ့ဖူးတယ်"
"ဟာ... မဖြစ်နိုင်တာ ဒီကျင့်စဉ်ကို လေ့လာတဲ့လူ ရှိတယ်လား။ နာမည်ကလည်း ဆိုးလိုက်တာ ကစားကွက်ကလည်း ကြည့်ရဆိုးလိုက်တာ"
ဂိုဏ်းသားများက ဝိုင်းဝန်း လှောင်ပြောင် ပြောဆိုနေကြသည်။
ထိုအချိန်တွင် လီချင်းယွင်က ထွက်ပြေး ခြေလှမ်းကို ပြောင်းလဲ လေ့ကျင့်ပြန်သည်။ ယိုင်နဲ့နဲ့ဖြင့် လျှောက်ပြေးနေပုံမှာ ကြောက်လန့်တကြား ထွက်ပြေးနေသည့်ပုံ ပေါက်နေသည်။
ဒါကိုမြင်တော့ လူတိုင်း ထပ်မံ ရယ်မောကြပြန်သည်။
ရှန်လီယွမ်သည်လည်း ဘေးမှ ကြည့်နေပြီး အံ့သြနေသည်။ "ချီစုစည်းခြင်း အဆင့် ၈ ကို ဒီလောက်မြန်မြန် ရောက်သွားပြီပဲ။ ဒီကောင်လေးက တကယ် ထူးခြားတယ်။ ငါတို့ ရွှေတွင်းတူးမိပြီ ထင်တယ်။ ဟား ဟား ဟား"
ထိုအချိန်တွင် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦးက လီချင်းယွင် ဝမ်ပါ လက်သီးသိုင်းနှင့် ထွက်ပြေး ခြေလှမ်း လေ့ကျင့်နေသည်ကို စိုက်ကြည့်နေပြီး နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်နေသည်။
ဒါကိုမြင်တော့ ရှန်လီယွမ် အနည်းငယ် အံ့သြသွားသည်။ "သခင်မလေးကျန်း... ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
ဤအမျိုးသမီးမှာ ကျန်းယွီရှီး ဖြစ်သည်။
ယွင်ဟိုင် စီးပွားရေးအသင်းသည် နင်းပြည်နယ်၏ အကြီးဆုံး ကုန်သည်ကြီးများအသင်းဖြစ်ပြီး ဂိုဏ်းအသီးသီးနှင့် စီးပွားရေး ဆက်ဆံမှုများ ရှိသည်။ ရေခဲနှင်းနတ်ဘုရားနယ်မြေသည်လည်း ဆေးလုံးများ ဝိညာဉ်အပင်များ ဝိညာဉ်ကျောက်တုံးများနှင့် လက်နက်များကို ယွင်ဟိုင် စီးပွားရေးအသင်းမှတဆင့် ဝယ်ယူရောင်းချလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးကျွမ်းဝင်လာကြသည်။ သို့သော် ကျန်းယွီရှီးသည် ရေခဲနှင်းနတ်ဘုရားနယ်မြေသို့ တစ်ခါမျှ မလာဖူးပေ။
သူမ အနည်းငယ် ပြုံးလိုက်ပြီး "သူငယ်ချင်းတစ်ယောက်ကို လာတွေ့တာပါ" ဟု ပြောလိုက်သည်။
ရှန်လီယွမ်က နားမလည်စွာ မေးလိုက်သည်။ "သခင်မလေးကျန်းရဲ့ သူငယ်ချင်းက ဘယ်သူလဲ"
"လီချင်းယွင်"
ရှန်လီယွမ် အံ့သြသွားသည်။ "မင်းက ချင်းယွင်ကို သိတယ်လား"
"လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ တွေ့ခဲ့ကြတာပါ" ကျန်းယွီရှီးက ပြန်ဖြေသည်။
အားလုံးက ကျန်းယွီရှီးကို အာရုံစိုက်လာကြသည်။
ဝါး... လှလိုက်တာ။ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေးလိုပဲ။
"သူ့ခန္ဓာကိုယ် သူ့မျက်နှာ သူ့စိတ်နေစိတ်ထား... စကားလုံးနဲ့တောင် မဖော်ပြနိုင်လောက်အောင် လှပလွန်းတယ်"
"ဂိုဏ်းတူအစ်မကြီးရှန်က ကမ္ဘာပေါ်မှာ အလှဆုံးလို့ ငါ အမြဲထင်ခဲ့တာ သူ့လောက်လှတဲ့သူ နောက်တစ်ယောက် ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး"
ကျိန့်ကျွင်းဖုန်းသည်လည်း ငေးမောကြည့်နေမိသည်။
ရှန်မုန့်ရိုက ကျန်းယွီရှီးကို မြင်လိုက်သောအခါ ကျန်းယွီရှီးကလည်း သူမကို ပြန်ကြည့်လိုက်သည်။ မိန်းမလှနှစ်ဦး ခဏတာ မျက်လုံးချင်း ဆုံမိကြပြီးနောက် အကြည့်လွှဲလိုက်ကြသည်။
လူတိုင်း မှင်သက်နေစဉ် လီချင်းယွင်၏ ဝမ်ပါ လက်သီးသိုင်းမှာ ပို၍ မြန်ဆန်လာပြီး လက်သီးမှ ထွက်ပေါ်လာသော လေတိုးသံများကိုပင် ကြားနေရသည်။
ကျန်းယွီရှီး၏ လှပသော မျက်ဝန်းများ အနည်းငယ် တုန်ခါသွားပြီး ချောမောသော မျက်နှာလေးပေါ်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။
လူတိုင်းက သူမ ကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်ကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: