အခန်း (၁၁) ဝမ်ပါ လက်သီးသိုင်းရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရပြီ
"အရှက်ခွဲနေတာပဲကွာ ကစားကွက်က တော်တော်ဆိုးတယ် ရေခဲနှင်းနတ်ဘုရားနယ်မြေရဲ့ သိက္ခာကျအောင် လုပ်နေတာပဲ" ဂိုဏ်းသားတစ်ယောက်က ပြောလိုက်သည်။
ကျန်းယွီရှီး၏ စိတ်ဝင်စားမှုကို ရယူရန်အတွက် အမျိုးသားဂိုဏ်းသားများအားလုံး မိမိတို့၏ ထူးခြားသော စွမ်းရည်များကို ထုတ်ပြနေကြသည်။
"ကျားက လမင်းကို ဟပ်လိုက်ပြီဟေ့!"
"ယုန်ကလေး ဖိချလိုက်ပြီ!"
"ငှက်ပျောသီး သေမင်းခြေကန်ချက်!"
"ကျောက်ခွဲ ဝါဂွမ်းလက်ဝါး!"
ဘယ်လောက်ပဲ ခမ်းနားအောင် တိုက်ခိုက်ပြနေပါစေ ကျန်းယွီရှီး၏ အကြည့်များက လီချင်းယွင်ထံမှ ခွာမသွားခဲ့ပေ။
ဝမ်ပါ လက်သီးသိုင်း လေ့ကျင့်ပြီးနောက် လီချင်းယွင် ရပ်တန့်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။
ဒါကိုမြင်တော့ ကျန်းယွီရှီး ပျံသန်းလာခဲ့သည်။ သူမသည် ကျော့ရှင်းသော ကိုယ်လုံး သေသပ်လှပသော မျက်နှာနှင့် ကောင်းကင်ဘုံသူကဲ့သို့ အလှတရားတို့ကို ပိုင်ဆိုင်ထားသဖြင့် ရှိနေသူအားလုံးကို ဖမ်းစားထားသည်။
လီချင်းယွင်သည် ကျင့်ကြံခြင်းတွင် အလွန်အာရုံစိုက်နေသဖြင့် ကျန်းယွီရှီး ရုတ်တရက် ရောက်လာသည်ကို မြင်ပြီး လန့်သွားသည်။
"ဟာ... မိန်းကလေးကျန်း... ဘာကိစ္စ ရှိလို့လဲ"
ကျန်းယွီရှီးက နူးညံ့စွာ ပြောလိုက်သည်။ "ရှင် ဒဏ်ရာသက်သာရဲ့လား လာကြည့်တာပါ။ ကြည့်ရတာ တော်တော် သက်သာနေပုံပဲ"
ပြောရင်းဆိုရင်း သူမက နောက်ထပ် ခြင်းတောင်းတစ်လုံးကို ထုတ်ယူကာ အဖုံးဖွင့်လိုက်သည်။ အငွေ့တထောင်းထောင်း ထနေသော ဟင်းချိုတစ်ခွက်ကို ထုတ်ယူလိုက်ရာ မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာသည်။
"ဒါ ကျွန်မ ကိုယ်တိုင်ချက်လာတဲ့ ဝိညာဉ်ကြက်ပေါင်းရည်ပါ ပူတုန်းလေး သောက်လိုက်ပါဦး"
အားလုံး - "..."
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ဒီနတ်သမီးလေးက လီချင်းယွင်ကို လာတွေ့တာလား။ ပြီးတော့ ဟင်းချိုတောင် ချက်လာပေးသေးတယ်?"
"မဖြစ်နိုင်တာ... လီချင်းယွင်က မိန်းကလေးငယ်လေးတွေနောက် လိုက်နေတဲ့ အရှက်မရှိတဲ့ လူမိုက်လေ"
"သူ့ရဲ့ ဝမ်ပါ လက်သီးသိုင်း (လိပ်လက်သီးသိုင်း) ကြောင့်များ စွဲလမ်းသွားတာလား"
လီချင်းယွင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြက်ပေါင်းရည်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ "အရသာ ရှိသားပဲ ဒါပေမဲ့ ပုံမှန်သောက်နေကျ အရသာနဲ့ နည်းနည်း ကွာနေသလိုပဲ"
ကျန်းယွီရှီးက နူးညံ့စွာ ပြုံးလိုက်သည်။ "ကြက်ပေါင်းရည်ထဲမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ထည့်ထားလို့လေ ရှင့်ဒဏ်ရာအတွက် ကောင်းတယ်"
"ဪ... ဒါကြောင့်ကိုး။ ဒါဆို အလဟဿ အဖြစ်မခံသင့်ဘူး" လီချင်းယွင် လျှာထုတ်လိုက်ပြီး ပန်းကန်ထဲတွင် ကျန်နေသည်များကို စပြောင်အောင် ယက်လိုက်သည်။
အားလုံး - ????
သောက်ကျိုးနည်း!
"ဒီလောက်တောင် အရှက်ကွဲဖို့ လိုလို့လား"
"အလှပဂေးလေး ရှေ့မှာ ပန်းကန်ကို ယက်ပြနေတယ်?"
မင်း ဒီထက်ပိုပြီး တုံးနိုင်ဦးမလား။
ရေခဲနှင်းနတ်ဘုရားနယ်မြေမှ အမျိုးသားဂိုဏ်းသားများအားလုံး ကွယ်ရာတွင် လှောင်ပြောင်နေကြသည်။
ကျန်းယွီရှီးက နူးညံ့စွာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... မယက်ပါနဲ့တော့ ရှင် ကြိုက်တယ်ဆိုရင် နောက်နေ့တွေမှာ နေ့တိုင်း ချက်ပေးပါ့မယ်"
အားလုံး - ????
"အဲလို ရတယ်လား"
"ဒီလိုအခြေအနေမျိုးမှာ စိတ်ပျက်သွားရမှာ မဟုတ်ဘူးလား"
"ဘယ်နေရာမှာများ လွဲချော်သွားတာလဲ"
ရှီရူယွီက မနာလိုသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "မိန်းကလေး... လီချင်းယွင်ရဲ့ လှည့်စားတာ မခံပါနဲ့။ သူက ရုပ်ချောပေမဲ့ နေရာတကာ မိန်းကလေးတွေနောက် လိုက်နေတဲ့ အရှက်မရှိတဲ့ လူမိုက်ပါ။ ရေခဲနှင်းနတ်ဘုရားနယ်မြေမှာ အရှက်အနည်းဆုံး လူဆိုရင် သူပဲ"
"ဒါ့အပြင် အသက်ဘေးကို ကြောက်ပြီး လောဘကြီးတယ် ကောက်ကျစ်စဉ်းလဲတယ်" နောက်ထပ် ဂိုဏ်းသားတစ်ယောက်က ဝင်ထောက်ခံသည်။
"ထွက်သွားစမ်း" ကျန်းယွီရှီး၏ မျက်နှာမှာ ရေခဲရိုက်ထားသကဲ့သို့ အေးစက်သွားပြီး သူတို့နှစ်ယောက်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် လီချင်းယွင်ဘက်သို့ လှည့်ကာ လေသံအလွန် နူးညံ့သွားသည်။ "ဂိုဏ်းတူအစ်ကိုလီ... လမ်းလျှောက် ထွက်ကြရအောင်"
"ကောင်းပြီ" လီချင်းယွင် ပြန်ဖြေပြီး ရှန်လီယွမ်ကို လှမ်းပြောလိုက်သည်။ "ဆရာသခင်... ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်"
"သွားလေ" ရှန်လီယွမ်က ခွင့်ပြုလိုက်သည်။
"ဂိုဏ်းချုပ်ရှန်... သွားခွင့်ပြုပါဦး" ကျန်းယွီရှီးက လက်သီးဆုပ် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
ရှန်လီယွမ် အနည်းငယ် ပြုံးလိုက်သည်။ "သခင်မလေးကျန်း... ကောင်းကောင်း သွားပါ"
ကျန်းယွီရှီးနှင့် လီချင်းယွင်တို့ ယှဉ်တွဲလျက် တောင်ပေါ်သို့ လျှောက်သွားကြသည်။
အဝေးသို့ ထွက်ခွာသွားသော ပုံရိပ်နှစ်ခုကို ကြည့်ရင်း ရေခဲနှင်းနတ်ဘုရားနယ်မြေ ဂိုဏ်းသားများ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကြသည်။
"ဘာလို့ ဒီလောက် ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ အလှပဂေးလေးက လီချင်းယွင်ကို သဘောကျနေရတာလဲ"
"ဒါက နောက်ယောင်ခံ လိုက်ခြင်းရဲ့ မှော်စွမ်းအားလား"
"ငါတို့လည်း မြို့ထဲသွားပြီး စမ်းကြည့်ကြမလား"
ဂိုဏ်းသားများ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
လီချင်းယွင်နှင့် ကျန်းယွီရှီးတို့ စကားတပြောပြော လျှောက်လာရင်း မကြာမီ တောင်ထိပ်သို့ ရောက်ရှိသွားသည်။
"ဒန်းစီးမယ်!"
ကျန်းယွီရှီးက ပျော်ရွှင်နေသော ကလေးမလေးတစ်ယောက်လို ပြေးသွားပြီး ဒန်းပေါ်ထိုင်ကာ လီချင်းယွင်ကို လှည့်ကြည့်လိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... တွန်းပေးပါဦး"
"ကောင်းပြီ" လီချင်းယွင် လျှောက်သွားပြီး စတင် လွှဲပေးလိုက်သည်။
ကျန်းယွီရှီး၏ ဆံနွယ်များ လေထဲတွင် ကခုန်နေပြီး လီချင်းယွင်ကို ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ကြည့်လိုက်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ ပိုမိုဖမ်းစားနိုင်စွမ်း ရှိလာပြီး "တစ်ချက်ကြည့်လိုက်ရုံနဲ့ အလှပဂေး ရာဂဏန်းကို ဖမ်းစားနိုင်သည် နန်းတော်ထဲရှိ အခြားမိန်းမပျိုများကို အရောင်မှိန်သွားစေသည်" ဟူသော တင်စားမှုနှင့် တကယ့်ကို ထိုက်တန်လှသည်။ လီချင်းယွင် သူမ၏ အလှတွင် မိန်းမောသွားသည်။
"ကဲ... တော်ပြီ ရပ်တော့။ ရှင့်ကို ပြောစရာ ရှိတယ်"
လီချင်းယွင် ရပ်လိုက်သည်။ "ဘာကိစ္စလဲ"
"ရှင့်ဒဏ်ရာက နာနေသေးလား"
ကျန်းယွီရှီး၏ စိုးရိမ်တကြီး အကြည့်ကို မြင်တော့ လီချင်းယွင် ရယ်မောလိုက်သည်။ "ကျွန်တော့်အရေပြားက ထူပါတယ် အကုန် သက်သာသွားပါပြီ"
"ရှင့်ရဲ့ ဂိုဏ်းတူတွေ အများစုက ရှင့်ကို အထင်သေးနေသလိုပဲ ရှင် စိတ်မဆိုးဘူးလား"
လီချင်းယွင် တွေးလိုက်သည်။ "ရေခဲနှင်းနတ်ဘုရားနယ်မြေကို ရောက်ရောက်ချင်း ရှန်မုန့်ရိုရဲ့ တင်ပါးကို သုံးကြိမ်တိုင်တိုင် ရိုက်ခဲ့တာကိုး။ သူက ဂိုဏ်းတူတွေအားလုံးရဲ့ နှလုံးသားထဲက နတ်သမီးလေ။ ဘယ်သူက ငါ့ကို ကြိုက်မှာလဲ"
ဒါ့အပြင် သူက လမ်းပေါ်က မိန်းကလေးငယ်လေးတွေကို အချိန်အကြာကြီး နောက်ယောင်ခံလိုက်ခဲ့တာ။ တခြားလူတွေအမြင်မှာ သူက အလုပ်မရှိအကိုင်မရှိ ကာမစိတ်ကြွနေတဲ့ အရှက်မရှိတဲ့လူ ဖြစ်နေမှာပေါ့။ ဘယ်သူကမှ မကြိုက်တာ မဆန်းပါဘူး။
ဒါပေမဲ့ ဒါကို ထုတ်ပြောလိုက်ရင် သူ့ပုံရိပ် အရမ်းကျသွားလိမ့်မယ်။
လီချင်းယွင် လေးနက်သော မျက်နှာထား လုပ်လိုက်ပြီး ခေါင်းအနည်းငယ်ခါကာ သက်ပြင်းချလိုက်သည်။ "ဒီလောကကြီးမှာ ထူးခြားပြောင်မြောက်တဲ့ ပါရမီရှင်တွေက သာမန်လူတွေရဲ့ မနာလိုဝန်တိုမှုကို ခံရစမြဲပါပဲ။ ကျွန်တော်က အရမ်းထူးချွန်လွန်းတော့ ကိုယ့်အရည်အချင်းကို ဖုံးကွယ်ထားဖို့ ခက်ခဲတယ်။ ဒါကြောင့် သူတပါးရဲ့ လှောင်ပြောင်သရော်မှုတွေကို ကျင့်သားရနေပါပြီ"
"သူတို့အဆင့်နဲ့ သွားဖက်ပြိုင်နေရင် ကိုယ့်အဆင့်ပဲ နိမ့်ကျသွားမှာပေါ့"
ကျန်းယွီရှီးက လေးစားအားကျသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီက တကယ့်ကို သဘောထားကြီးတာပဲ"
လီချင်းယွင် ခေါင်းညိတ်လိုက်သည်။ "အင်း"
"ဂိုဏ်းတူအစ်ကိုလီ... ရှင်က သဘောထားကြီးပြီး သူတို့ကို အပြစ်မယူပေမဲ့ ရေရှည်ကျရင် စိတ်မကောင်း ဖြစ်လာမှာ မဟုတ်ဘူးလား"
လီချင်းယွင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "အခြေအနေတွေ မကြာခင် ကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"ပြီးတော့ အတိတ်နဲ့ ယှဉ်ရင် အခု အများကြီး ပိုကောင်းနေပါပြီ"
"အတိတ်?" ကျန်းယွီရှီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီက အရင်တုန်းက ခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာလား"
လီချင်းယွင် အတိတ်ကို ပြန်ပြောင်းသတိရပြီး မျက်ဝန်းများ နက်ရှိုင်းသွားသည်။ "ကျွန်တော် အဖေ့ကို တစ်ခါမှ မမြင်ဖူးဘူး။ ငယ်ငယ်လေးကတည်းက အမေ့ကိုပဲ အားကိုးပြီး နေလာတာ။ ဒါပေမဲ့ အမေ ရုတ်တရက် ပျောက်သွားခဲ့တယ်။ စားစရာမရှိ ပိုက်ဆံမရှိနဲ့ သူတောင်းစားဖြစ်ခဲ့ရတယ် အမှိုက်ကောက်ခဲ့ရတယ် စေ့စပ်ထားသူရဲ့ စွန့်ပစ်တာတောင် ခံခဲ့ရသေးတယ်"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်က သနားစရာကောင်းတဲ့လူပါ ဘယ်သူမှ ဂရုမစိုက်ကြဘူး ဘယ်သူမှ မချစ်ကြဘူး"
"ခက်ခဲသလား မခက်ခဲဘူးလား ဆိုတာ ပြောရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပညာတွေ အများကြီး တတ်လိုက်ပါတယ်။ ဥပမာ - တောင်းရမ်းခြင်း အတတ်ပညာပေါ့။ အဲဒီမှာ လှည့်ကွက်တွေ အများကြီး ရှိတယ်။ လှည့်ကွက် မသိရင် အစာ လုံးဝ ရမှာ မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်တော်က တောင်းရမ်းလောကမှာ နာမည်ကြီးလေ။ လမ်းတွေ တစ်ဒါဇင်လောက်အထိ ဂယက်ထခဲ့တာ။ ကျွန်တော့်ရွယ်တူတွေ အများကြီး လာပြီး ပညာတောင်းသင်ကြတယ်။ ဒါပေမဲ့ တောင်းရမ်းခြင်းလောကမှာ ယှဉ်ပြိုင်မှုက အရမ်းပြင်းထန်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ တပည့်မွေးလိုက်ရင် ကိုယ်ငတ်သွားမှာပေါ့။ ဒါကြောင့် မသင်ပေးခဲ့ဘူး။ နောက်ပိုင်း သူတို့ ဝိုင်းပြီး ကျွန်တော့်ကို ရိုက်ကြတယ်။ ဒါပေမဲ့ ထူးဆန်းတာက ကျွန်တော်က သာမန်လူတွေထက် ပိုပြီး အရိုက်ခံနိုင်တယ်။ သူတို့ ကျွန်တော့်ကို ရိုက်ရင်းနဲ့ သူတို့အရိုးတွေတောင် ကျိုးကုန်ကြတာ"
"ကျွန်တော် အရမ်းချောလို့များလား ဒါမှမဟုတ် နတ်ဘုရားတွေက စောင့်ရှောက်ထားလို့များလား မသိဘူး"
"ဟိ!"
ကျန်းယွီရှီး ပါးစပ်အုပ်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။
"ဘာလဲ... ကျွန်တော် တောင်းရမ်းတာ တော်တယ်ဆိုတာ မယုံဘူးလား" လီချင်းယွင်က နားမလည်စွာ မေးလိုက်သည်။
"မဟုတ်ပါဘူး ဂိုဏ်းတူအစ်ကိုလီက တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲလို့ တွေးမိလို့ပါ။ လူအများစုက သူတောင်းစားအကြောင်း ပြောပြဖို့ ဝန်လေးတတ်ကြပေမဲ့ ရှင်ကတော့ စိတ်ပါလက်ပါ ပြောပြနေတာပဲ"
"မင်းက ကိုယ့်သူငယ်ချင်းပဲဟာ ကိုယ့်အတိတ်နဲ့ ပတ်သက်ပြီး ဖုံးကွယ်စရာ မရှိပါဘူး" လီချင်းယွင် သွားဖြဲပြလိုက်သည်။ "ဒါ့အပြင် အလုပ်အကိုင်ပေါင်း ၃၆၀ ရှိတယ်လေ နယ်ပယ်တိုင်းမှာ ကျွမ်းကျင်သူ ပေါ်ထွန်းနိုင်တာပဲ။ သူတောင်းစားဖြစ်ရင်တောင် သူတောင်းစားတွေထဲမှာ အတော်ဆုံး ဖြစ်ရမယ်။ ဒါက ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခြင်း တစ်မျိုးပဲလေ"
"ညဘက် တစ်ယောက်တည်း ရှိနေတဲ့အချိန်ကျမှသာ အထီးကျန်တယ် အေးစက်တယ် ဟာတာတာ ဖြစ်တယ်လို့ ခံစားရတာ"
ကျန်းယွီရှီးက အလွန်နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင် တစ်ယောက်တည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို စောင့်ရှောက်ပေးပါ့မယ်"
လီချင်းယွင် ကျေးဇူးတင်စွာ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း"
"မိန်းကလေးကျန်း လို့ မခေါ်ပါနဲ့တော့ ကျန်းယွီရှီး လို့ပဲ ခေါ်ပါ"
မိမိရှေ့ရှိ လှပပြီး သန့်ရှင်းစင်ကြယ်သော အမျိုးသမီးကို ကြည့်ရင်း လီချင်းယွင်၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ "ကျန်းယွီရှီး"
...
ရက်အနည်းငယ် ကြာသောအခါ ရေခဲနှင်းနတ်ဘုရားနယ်မြေ လေ့ကျင့်ရေးကွင်းတွင်။
ရှန်လီယွမ်က စင်မြင့်ပေါ်တွင် ရပ်ပြီး လူအုပ်ကြီးကို ကျယ်လောင်စွာ ကြေညာလိုက်သည်။ "နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ 'မေပယ်တောအုပ် လျှို့ဝှက်နယ်မြေ' ပွဲတော် မကြာခင် စတင်တော့မယ်"
"နင်းပြည်နယ်က ဂိုဏ်းအားလုံး ပါဝင်ကြလိမ့်မယ်"
"ဒုတိယတန်းစား ဂိုဏ်း [ကွန်းလွန်ဂိုဏ်း] တတိယတန်းစား ဂိုဏ်းများဖြစ်တဲ့ [ပင်လယ်ငါးမန်း ဂိုဏ်း] [လီကျွယ် ဂိုဏ်း] စတုတ္ထတန်းစား ဂိုဏ်းများဖြစ်တဲ့ [ကြယ်တာရာ ဂိုဏ်း] [သွေးသန့်စင်ခြင်း ဂိုဏ်း] [သံလက်သီး ဂိုဏ်း] [ခုနစ်ပါး ပြိုင်ဘက်ကင်း ဂိုဏ်း] နဲ့ [ရေခဲနှင်းနတ်ဘုရားနယ်မြေ] တို့ ပါဝင်ကြမယ်"
"ငါတို့ဂိုဏ်းက စတုတ္ထတန်းစား ဂိုဏ်းဖြစ်ပေမဲ့ တစ်နေ့ကျရင် တတိယတန်းစားဂိုဏ်း၊ ဒုတိယတန်းစားဂိုဏ်းအထိ တိုးတက်လာမယ်လို့ မျှော်လင့်တယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် အားလုံး ဝိုင်းဝန်း ကြိုးစားကြဖို့ လိုတယ်"
ပြောပြီးသည်နှင့် သူ အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ ဆရာသခင်" ကျိန့်ကျွင်းဖုန်း၏ မျက်လုံးများက ပြတ်သားနေသည်။ "ကျွန်တော် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်"
ရှန်မုန့်ရိုကလည်း လေးနက်သော မျက်နှာထားဖြင့် "အဖေ စိတ်ချပါ သမီးနဲ့ ဂိုဏ်းတူမောင်မယ်တွေ အစွမ်းကုန် ကြိုးစားပါ့မယ်"
"ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဒုတိယဂိုဏ်းတူအစ်မကြီးတို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ သေချာပေါက် နာမည်ရအောင် လုပ်နိုင်မှာပါ" ဟု ရှီရူယွီက ပြောသည်။
"ဟုတ်တယ်"
"သေချာပေါက် လုပ်နိုင်မှာပါ"
အခြားဂိုဏ်းသားများကလည်း ထောက်ခံပြောဆိုကြသည်။
လီချင်းယွင် တိတ်ဆိတ်နေပြီး နားထောင်ရုံသာ နားထောင်နေသည်။
သူ့စိတ်ထဲတွင်တော့ "သူတို့အားလုံးက ကြွားနေတဲ့ လူပျော့တွေပဲ ဘာမှ အဓိပ္ပာယ်မရှိဘူး။ သူတို့နဲ့ သွားရောပြောရင် ငါပါ ငတုံး ဖြစ်သွားလိမ့်မယ်" ဟု တွေးနေသည်။
ရှန်လီယွမ်က ဆက်ပြောသည်။ "ဒီလျှို့ဝှက်နယ်မြေ ခရီးစဉ်အတွက် ငါတို့ဂိုဏ်းမှာ နေရာ လေးနေရာ ရှိတယ်။ စိတ်ဝင်စားသူတိုင်း လျှောက်ထားနိုင်တယ်။ ပြိုင်ပွဲကို သုံးရက်နေရင် ကျင်းပမယ် အနိုင်ရသူက နေရာတစ်နေရာ ရမယ်"
ပြောပြီးသည်နှင့် ဂိုဏ်းသားများ ဆွေးနွေးကြတော့သည်။
"ဂိုဏ်းတူအစ်ကိုကြီးက အခြေတည်အဆင့် အလယ်အလတ် ရောက်နေပြီ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးမို့လို့ ထိပ်ဆုံးနေရာက သူ့အတွက် သေချာနေပြီ။ အဓိကက ဒုတိယဂိုဏ်းတူအစ်မကြီး ရှန်မုန့်ရို ဂိုဏ်းတူအစ်ကို ဝူဝမ်ကျုံး ဂိုဏ်းတူအစ်ကို ဆုန့်ဟုန်ကျဲ ပဉ္စမဂိုဏ်းတူအစ်ကို စွန်းချုံးကျင်း ဂိုဏ်းတူအစ်မ ရန်ဇီရှင်း နဲ့ တခြား လေးယောက်က ကျန်တဲ့ သုံးနေရာအတွက် ယှဉ်ပြိုင်ကြရမှာ"
"ကျန်တဲ့ သုံးနေရာကို ဘယ်သူ ရမယ် ထင်လဲ"
"ပြောရခက်တယ် သူတို့အားလုံးက အခြေတည်အဆင့် ကနဦးမှာပဲ ရှိကြတာဆိုတော့ အင်အားက သိပ်မကွာလောက်ဘူး"
...
သုံးရက်အကြာ မိုးသောက်ယံအချိန်တွင် ဂိုဏ်းသားတစ်စု လေ့ကျင့်ရေးကွင်းရှိ ပြိုင်ပွဲဇယားရှေ့တွင် စုရုံးနေကြသည်။
ကျိန့်ကျွင်းဖုန်းက တိုက်ရိုက် အဆင့်တက်သွားသည်။
ရှန်မုန့်ရို နှင့် ရန်ဇီရှင်း။
ဝူဝမ်ကျုံး နှင့် ဆုန့်ဟုန်ကျဲ။
လီချင်းယွင် နှင့် စွန်းချုံးကျင်း။
"ဘာဖြစ်တာလဲ လီချင်းယွင်လည်း ပါတာလား"
"မဖြစ်နိုင်တာ... သူက တခြား ဂိုဏ်းတူအစ်ကိုတွေနဲ့ ယှဉ်ပြိုင်ဖို့ ဘယ်က ယုံကြည်ချက်တွေ ရနေတာလဲ"
"တခြားလူတွေအားလုံးက အခြေတည်အဆင့် ရောက်နေကြပြီ သူက ချီစုစည်းခြင်း အဆင့်ပဲ ရှိသေးတာလေ။ ပြဿနာ ရှာနေတာ မဟုတ်ဘူးလား"
"ပိုမကောင်းဘူးလား ပွဲကောင်း ကြည့်ရတော့မယ်လေ"
"ဟုတ်တယ် ဟား ဟား ဟား... လီချင်းယွင် ဘယ်လောက်တောင် အထိနာမလဲဆိုတာ ကြည့်ချင်နေပြီ"
လူအချို့ တီးတိုး ပြောဆိုနေကြသည်။
ရှန်လီယွမ်က ကုလားထိုင်တွင် ထိုင်နေပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
ဂိုဏ်းသားတစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ပြိုင်ပွဲကို တရားဝင် စတင်လိုက်ပါပြီ"
"ပထမပွဲစဉ် - ရှန်မုန့်ရို နှင့် ရန်ဇီရှင်း"
နှစ်ဦးသား လက်သီးဆုပ် အရိုအသေပြုလိုက်ကြသည်။
"ဂိုဏ်းတူအစ်မကြီးရှန်... အကြံဉာဏ် တောင်းခံပါရစေ"
"ဂိုဏ်းတူညီမလေးရန်... စလိုက်ကြစို့"
"ကောင်းပြီ ဒါဆို အားမနာတော့ဘူး" ရန်ဇီရှင်းက လက်နှစ်ဖက်ဖြင့် ဟန်ရေးပြလိုက်ပြီး ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ "ရေခဲမှော် ချီစွမ်းအား!"
ရေခဲတုံးများစွာ ပါဝင်သော ပြင်းထန်သည့် လေပြင်းတစ်ချက် ရှန်မုန့်ရိုဆီသို့ တိုက်ခတ်သွားသည်။
ရှန်မုန့်ရိုက ဘယ်လက်ကို မြှောက်လိုက်ပြီး ချိုသာသော အသံဖြင့် အော်လိုက်သည်။ "ရေခဲမှော် ဒိုင်း!"
ချက်ချင်းပင် သူမလက်ထဲ၌ ရေခဲတုံးများစွာ စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်း မီတာအတော်အတန်ရှိသော ရေခဲဒိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရှေ့မှ ကာကွယ်လိုက်သည်။
ရေခဲတုံးများသည် ရေခဲဒိုင်းကို ဝင်တိုက်ပြီး မိုးရေစက်များအလား ပြုတ်ကျကုန်သည်။
ဒါကိုမြင်တော့ ရန်ဇီရှင်း အံ့သြမသွားပေ။ ထက်ရှသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ ရှန်မုန့်ရိုဆီသို့ ပျံသန်းသွားသည်။
ရှန်မုန့်ရိုလည်း ဓားထုတ်ပြီး ပြန်လည် တိုက်ခိုက်သည်။
ချလွမ်... ချလွမ်... ချလွမ်...!
ဓားချင်း ထိခတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဓားဝှေ့ယမ်းလိုက်တိုင်း ငန်းမွေးများကဲ့သို့ နှင်းပွင့်များ ကျဆင်းလာပြီး မကြာမီ ကွင်းတစ်ခုလုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းသွားသည်။
"ဝါး... ဂိုဏ်းတူအစ်မကြီးရှန်ရဲ့ ဓားသိုင်းက နတ်သမီးလေး ကနေသလိုပဲ ပြင်းထန်တဲ့ တိုက်စစ်ရော ထူးခြားတဲ့ စွမ်းရည်ရော ပါတယ်။ မိုက်တယ်"
"ဂိုဏ်းတူအစ်မကြီးရန်လည်း မခေပါဘူး။ သူ့ရဲ့ လှုပ်ရှားမှုတွေက စမ်းချောင်းရေစီးဆင်းနေသလိုပဲ စိတ်သွားတိုင်း ကိုယ်ပါ ဓားကစားနိုင်တာ သဘာဝလက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ"
ဂိုဏ်းသားနှစ်ဦး စိတ်လှုပ်ရှားစွာ သုံးသပ်ပြောဆိုနေကြသည်။
အကွက်ပေါင်း ဒါဇင်အတော်ကြာ တိုက်ခိုက်ပြီးနောက် ကွင်းထဲတွင် နှင်းထု ထူထဲစွာ စုပုံလာသည်။ ခွေးတစ်ကောင် အေးလွန်း၍ တုန်ယင်နေပြီး ၎င်း၏ ဆီးများမှာ ရေခဲချောင်းအဖြစ် တွဲလောင်းခဲနေသည်မှာ ရယ်စရာပင် ကောင်းနေသည်။
ရုတ်တရက် ပုံရိပ်တစ်ခု နှင်းပွင့်များကြားမှ နောက်ပြန်လွင့်ထွက်လာသည်။
"ဂိုဏ်းတူအစ်မကြီးရန်ပဲ" တစ်ယောက်က အော်ပြောလိုက်သည်။
"ကျွန်မ ရှုံးသွားပြီ" ရန်ဇီရှင်း မတ်တတ်ရပ်ပြီး နှမြောတသစွာ ပြောလိုက်သည်။
ရှန်မုန့်ရိုသည် ကိုးလွှာကောင်းကင်မှ နတ်သမီးတစ်ပါးအလား ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ "ဂိုဏ်းတူညီမလေးရန်... ညီမလေးက မြှောက်ပင့်လွန်းပါပြီ"
ထိုအချိန်တွင် ဂိုဏ်းသားတစ်ဦး စင်ပေါ်တက်လာပြီး ကြေညာလိုက်သည်။ "ပထမပွဲစဉ်ကို ရှန်မုန့်ရို အနိုင်ရရှိပါတယ်"
"ဒုတိယပွဲစဉ် - ဝူဝမ်ကျုံး နှင့် ဆုန့်ဟုန်ကျဲ"
စကားမဆုံးခင်မှာပင် ဝူဝမ်ကျုံး စင်ပေါ်သို့ ခုန်တက်လိုက်သည်။ "ဂိုဏ်းတူအစ်ကိုဆုန့်... တက်ခဲ့လေ"
ဆုန့်ဟုန်ကျဲက အားရပါးရ ရယ်မောလိုက်သည်။ "လာပြီလေ မင်းလောက်ကတော့ စာဖွဲ့နေစရာ မလိုပါဘူး"
ပြောပြီးသည်နှင့် သူ စင်ပေါ်သို့ ခုန်တက်လိုက်သည်။
ဝူဝမ်ကျုံးက ဆုန့်ဟုန်ကျဲကို လက်သီးဖြင့် ထိုးလိုက်သည်။ "ဒီမှာ... ကျားဆင်းလက်သီး!"
သူ့လက်သီးတွင် အံ့မခန်း စွမ်းအားများ ပါဝင်ပြီး လက်သီးအရှိန်ကြောင့် ကျားဟိန်းသံများ ထွက်ပေါ်လာသည်။
"ဂိုဏ်းတူအစ်ကိုဝူရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ် အံ့သြစရာပဲ။ ရေခဲနှင်းနတ်ဘုရားနယ်မြေရဲ့ အသန်မာဆုံး လူသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်ပါတယ်။ မိုက်တယ်ကွာ" ဂိုဏ်းသားတစ်ဦးက လေးစားအားကျစွာ ပြောလိုက်သည်။
ဆုန့်ဟုန်ကျဲက ဝိညာဉ်စွမ်းအားကို စုစည်းပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ရေခဲမှော် ဒိုင်း!"
ကလစ်!
ရေခဲမှော် ဒိုင်း ချက်ချင်း ကွဲကြေသွားပြီး ဆုန့်ဟုန်ကျဲ အံ့သြစွာ နောက်သို့ ခြေလှမ်း ဆုတ်လိုက်သည်။
ဝူဝမ်ကျုံး၏ လက်သီးက ရေခဲဒိုင်းကို ခွဲပြီးသော်လည်း အရှိန်မလျော့ဘဲ ဆုန့်ဟုန်ကျဲကို လျှပ်စီးလက်သလို ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ဘုန်း!
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: