ဆုန့်ဟုန်ကျဲသည် ခြေလှမ်း ဒါဇင်ကျော်ခန့် နောက်သို့ လွင့်စဉ်သွားပြီး ရင်ဘတ်ကို ပုတ်လိုက်သည်။ ထို့နောက် သွားဖြဲပြကာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုဝူ... ကျွန်တော် လက်နက် သုံးတော့မယ်"

ပြောပြီးသည်နှင့် တုတ်ရှည်တစ်ချောင်းကို ထုတ်ကာ ပြေးဝင်သွားသည်။

"လက်နက်မဲ့ပဲ ယှဉ်ကြတာပေါ့" ဝူဝမ်ကျုံးက သံမဏိလက်သီးများဖြင့် ပြန်လည်ခုခံလိုက်သည်။

သူက အရပ်ရှည်ပြီး သန်မာသော်လည်း လှုပ်ရှားမှု အနည်းငယ် နှေးကွေးသည်။

ဆုန့်ဟုန်ကျဲကမူ သွယ်လျပြီး လှုပ်ရှားမှု အလွန် လျင်မြန်ဖြတ်လတ်သည်။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးနောက်။

ဝူဝမ်ကျုံးသည် အကြိမ်ပေါင်းများစွာ အရိုက်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ရောင်ရမ်းနေသော်လည်း ဆုန့်ဟုန်ကျဲကို တစ်ချက်မျှ ပြန်မရိုက်နိုင်ခဲ့ပေ။

သူ အော်ဟစ်လိုက်သည်။ "ယောက်ျားဆိုရင် နောက်မဆုတ်နဲ့လေ ငါနဲ့ တည့်တည့်ရင်ဆိုင်ပြီး တိုက်စမ်း"

ဆုန့်ဟုန်ကျဲက ရယ်မောလိုက်သည်။ "သိုင်းပြိုင်ပွဲဆိုတာ ကျွမ်းကျင်မှုနဲ့ ယှဉ်ပြိုင်တာလေ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"

"ရော့... ယူလိုက်"

ပြောရင်းဆိုရင်း ဝူဝမ်ကျုံး၏ ခေါင်းကို တုတ်ဖြင့် ထပ်ရိုက်လိုက်ပြန်သည်။ ရိုက်ချက်ပြင်းထန်လွန်းသဖြင့် ဝူဝမ်ကျုံး ခေါင်းမူးသွားပြီး ခေါင်းပေါ်တွင် အဖုကြီးတစ်လုံး ထွက်လာသည်။

"အား!" ဝူဝမ်ကျုံး အော်ဟစ်လိုက်သည်။ "ကောင်းပြီလေ... မင်း ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာနော်"

"ဝက်ဝံခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်"

ဝူဝမ်ကျုံး၏ ခန္ဓာကိုယ်နှင့် ကြွက်သားများ လျင်မြန်စွာ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ငါးမီတာခန့်ရှိသော လူကောင်ကြီး ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရေခဲသံချပ်ကာ ပါးပါးလေး ဖုံးလွှမ်းသွားသည်။

ဂိုဏ်းသားတစ်ဦးက အော်ပြောလိုက်သည်။ "ဒါ ဂိုဏ်းတူအစ်ကိုဝူရဲ့ နာမည်ကြီး တိုက်ကွက်ပဲ။ တကယ် မိုက်တယ်ကွာ။ မင်္ဂလာဆောင်တဲ့ညမှာ ဒီတိုက်ကွက်ကို သုံးလိုက်ရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ ဘေးအန္တရာယ်ကျရောက်တော့မယ့် အခြေအနေကနေ ဘယ်လို ရှောင်လွှဲသွားမလဲ ဆိုတာ တွေးကြည့်လို့ ရတယ်"

"အဲဒီတိုက်ကွက်ကို အဲဒီလို သုံးလို့ ရလို့လား"

"ဆရာသမားက လမ်းပြပေးရုံပဲလေ လေ့ကျင့်တာက ကိုယ့်အပိုင်းပဲ။ ဘယ်လိုအသုံးချမလဲ ဆိုတာက ပုံသေမရှိဘူး။ အဓိကက စိတ်ကူးဉာဏ် ကွန့်မြူးတတ်ဖို့ လိုတာ"

"ဪ... နားလည်ပြီ။ ပြိုင်ပွဲပြီးရင် ငါလည်း ဒီတိုက်ကွက်ကို သင်ဦးမှပါ"

ပွဲကြည့်နေသော ဂိုဏ်းသားနှစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

ဝူဝမ်ကျုံး၏ အသံကြီး ထွက်ပေါ်လာသည်။ "ဂိုဏ်းတူအစ်ကိုဆုန့်... လာစမ်းပါ ငါ ဒီမှာ ငြိမ်ငြိမ်လေး ရပ်ပြီး အရိုက်ခံပေးမယ်"

"ကြွားချင်နေတယ်ပေါ့လေ ရမလား မင်းကို အလဲဖြိုပြမယ်" ဆုန့်ဟုန်ကျဲက အစွမ်းကုန် ရိုက်ချလိုက်ရာ တုတ်ရိုက်ချက်ကြောင့် လေတိုးသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ပင် အနည်းငယ် တုန်ခါသွားသည်။

ဒုန်း!

ဝူဝမ်ကျုံးသည် တုတ်ရိုက်ချက်ကို အပြည့်အဝ ခံယူလိုက်သော်လည်း တစ်လက်မမျှ မရွေ့သွားပေ။

ဆုန့်ဟုန်ကျဲ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ "မာလိုက်တာဟ"

"ဟား ဟား ဟား! ဂိုဏ်းတူအစ်ကိုဆုန့်... ထမင်းမစားလာဘူးလား ဘာလို့ ဘာအားမှ မရှိရတာလဲ" ဝူဝမ်ကျုံးက အူယားဖားယား ရယ်မောလိုက်သည်။

"စောစောစီးစီး မပျော်နဲ့ဦး" ဆုန့်ဟုန်ကျဲက ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို အသုံးပြုလိုက်ရာ တုတ်ရှည်သည် ချက်ချင်း ကြည်လင်တောက်ပလာပြီး အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာကာ ဝူဝမ်ကျုံး၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဂိုဏ်းတူအစ်ကိုဆုန့်... ခင်ဗျားမှာ အားနည်းချက် ရှိနေပြီ" ဆုန့်ဟုန်ကျဲသည် ဒေါသအလွန်ထွက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်းကြောင့် ဟာကွက် ပေါ်သွားသည်။ ဝူဝမ်ကျုံးက အခွင့်ကောင်းယူပြီး သူ့ရှေ့သို့ ရောက်လာကာ လက်သီးဖြင့် ထိုးလိုက်သည်။

"မင်း ငါ့ကို လှည့်စားတာလား" ဆုန့်ဟုန်ကျဲ၏ မျက်နှာထား ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

ဘုန်း!

ဆုန့်ဟုန်ကျဲ ရှောင်တိမ်းချိန် မရလိုက်ဘဲ ဝူဝမ်ကျုံး၏ လက်သီးချက်ကြောင့် စင်အောက်သို့ လွင့်ကျသွားသည်။

"ဂိုဏ်းတူအစ်ကိုဆုန့်... တောင်းပန်ပါတယ်ဗျာ"

"ဂိုဏ်းတူအစ်ကိုဝူ... ရိုးသားမယ်ထင်ထားတဲ့ ခင်ဗျားက ဒီလောက် ကောက်ကျစ်မယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ ငါ ပေါ့ဆသွားလို့ပါ နောက်တစ်ခါကျရင်တော့ လုံးဝ ရှုံးမှာ မဟုတ်ဘူး" ဆုန့်ဟုန်ကျဲက မကျေမနပ် ပြောလိုက်သည်။

"ဟား ဟား ဟား!" ဝူဝမ်ကျုံး အားရပါးရ ရယ်မောလိုက်သည်။ "ငါက ကြွက်သားရော ဦးနှောက်ရော ရှိတဲ့လူကွ။ မင်း ငါ့ကို နိုင်မယ် ထင်နေလား ဝေးသေးတယ်"

"ဂိုဏ်းတူအစ်ကိုဝူက တကယ် သန်မာတာပဲ။ ဂိုဏ်းတူအစ်ကိုဆုန့်ကို လက်သီးတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်လိုက်တယ်။ အလစ်အငိုက် မိသွားတာ ပါပေမဲ့ သူ့ခွန်အားကတော့ ရိုးရှင်းတာ မဟုတ်ဘူး"

"ဟုတ်တယ်... ဂိုဏ်းတူအစ်ကိုဝူက တကယ် မိုက်တယ်။ သူ့အဆင့် ရောက်ဖို့ ငါ ဘယ်နှစ်နှစ်လောက် ကြိုးစားရမလဲ မသိဘူး"

ပွဲကြည့်နေသော ဂိုဏ်းသားများ တရစပ် ပြောဆိုနေကြသည်။

ဂိုဏ်းသားတစ်ဦး စင်ပေါ်သို့ ခုန်တက်လာပြီး ကြေညာသည်။ "ဒုတိယပွဲစဉ်ကို ဝူဝမ်ကျုံး အနိုင်ရရှိပါတယ်"

"တတိယပွဲစဉ် - လီချင်းယွင် နှင့် စွန်းချုံးကျင်း"

စွန်းချုံးကျင်းသည် စင်ပေါ်သို့ လျှောက်လှမ်းလာပြီး လက်ကို နောက်ပစ်လျက် ယုံကြည်မှုရှိစွာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဂိုဏ်းတူညီလေးလီ... စလိုက်လေ"

"မှတ်ထားနော်... မင်းရဲ့ အကောင်းဆုံး တိုက်ကွက်တွေကို ထုတ်သုံး မဟုတ်ရင် တိုက်ခိုက်ဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး"

"ဂိုဏ်းတူအစ်ကိုစွန်းက တကယ့်ကို ထူးခြားတာပဲ။ အားကောင်းတဲ့သူတစ်ယောက်ရဲ့ စိတ်ထားမျိုး ရှိတယ်။ မိုက်တယ် တကယ် မိုက်တယ်"

"ဒါပေါ့ ဂိုဏ်းတူညီလေးလီက ဂိုဏ်းတူအစ်ကိုစွန်းနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျနေသေးတာပဲ။ သူ့ကို ရှင်းပစ်ဖို့က မုန့်စားရသလောက် လွယ်တယ်။ ဒီပွဲရဲ့ ရလဒ်က ပေါ်နေပြီးသားပါ"

စင်အောက်မှ ဂိုဏ်းသားများ ပြောနေသံကို ကြားတော့ စွန်းချုံးကျင်း ပိုမို ဘဝင်မြင့်လာပြီး စစ်နတ်ဘုရားတစ်ပါးအလား ခါးကို မတ်မတ်ထားလိုက်သည်။

ရှန်လီယွမ်က "ချင်းယွင်က တိုးတက်မှု မြန်တယ် ဆိုပေမဲ့ အခုမှ ချီစုစည်းခြင်း အဆင့်ပဲ ရှိသေးတာ အနိုင်ရဖို့ ခက်လိမ့်မယ်" ဟု တွေးလိုက်သည်။

ရှန်မုန့်ရိုက ခေါင်းခါလိုက်ပြီး "မေပယ်တောအုပ် လျှို့ဝှက်နယ်မြေ သွားဖို့ နောက်တစ်ခါ အခွင့်အရေး ရှိကောင်းရှိနိုင်ပေမဲ့ ဒီတစ်ခါတော့ မျှော်လင့်ချက် မရှိတော့ပါဘူး" ဟု တွေးလိုက်သည်။

"ဒါဆို ကျွန်တော် အားမနာတော့ဘူး" လီချင်းယွင် ပြေးဝင်သွားသည်။ "ဝမ်ပါ လက်သီးသိုင်း ပထမကွက် - လိပ်ကဟန်"

"ဟား ဟား ဟား! ကြည့်စမ်း... ဂိုဏ်းတူညီလေးလီရဲ့ လက်သီးသိုင်းက တကယ် ရုပ်ဆိုးတာပဲ"

"ငါ လောင်းရဲတယ် သူ အသေ အရိုက်ခံရတော့မယ် ဟားဟား!"

"ဂိုဏ်းတူညီလေးလီရဲ့ မဖြစ်စလောက် အင်အားနဲ့ဆိုရင် ဂိုဏ်းတူအစ်ကိုစွန်း မပြောနဲ့ ငါတောင် အလွယ်လေး နိုင်တယ်"

ပွဲကြည့်နေသော ဂိုဏ်းသားများ ရယ်မောလိုက်ကြသည်။

လက်သီးချက် ဝင်လာသည်ကို မြင်တော့ စွန်းချုံးကျင်းက တည်ငြိမ်စွာဖြင့် ဘေးသို့ ခြေတစ်လှမ်းရွှေ့ကာ ရှောင်လိုက်ပြီး "ဂိုဏ်းတူညီလေးလီ... မင်းက..."

ဘုန်း!

စကားမဆုံးခင်မှာပင် သူ့ကျောကုန်းကို လက်သီးတစ်ချက် ဝင်ဆောင့်သွားသည်။

စွန်းချုံးကျင်း - ????

"ဘာဖြစ်သွားတာလဲ"

"ငါ သေချာပေါက် ရှောင်လိုက်တာပါ"

"ဒီလက်သီးက ဘယ်က ရောက်လာတာလဲ"

အားလုံး - ????

ကွင်းထဲရှိ လူတိုင်းလည်း ကြောင်အသွားကြသည်။ လီချင်းယွင်က ဂိုဏ်းတူအစ်ကိုစွန်းကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် ရိုက်လိုက်နိုင်သလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။

"ပေါ့ဆသွားလို့ နေမှာပါ" စွန်းချုံးကျင်းက ခုနက သူ ပေါ့ဆမိလို့ ထိသွားတာ ဖြစ်မည်ဟု ယုံကြည်လိုက်ပြီး "နောက်တစ်ခါ" ဟု ပြောလိုက်သည်။

"ကောင်းပြီ" လီချင်းယွင် ထပ်မံ ပြေးဝင်လာသည်။

ယခင်အတွေ့အကြုံကို သင်ခန်းစာယူပြီး စွန်းချုံးကျင်း ဒီတစ်ကြိမ်တွင် အထူးအာရုံစိုက်လိုက်ကာ သူ၏ နာမည်ကြီး တိုက်ကွက်ဖြစ်သော 'တောင်ရွှေ့ လက်သီး' ကို အသုံးပြု၍ လီချင်းယွင်နှင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း...!

လက်သီးချင်း ထိခတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး တိုက်ခိုက်မှု လှိုင်းဂယက်များကြောင့် ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။

ခဏတာ တိုက်ခိုက်ပြီးနောက် စွန်းချုံးကျင်းက တဖြည်းဖြည်း အသာစီးရလာသည်။ သူ့မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။ "ဂိုဏ်းတူညီလေးလီ... မင်းရဲ့ လက်သီးသိုင်းက နည်းနည်း ထူးခြားတယ် ဆိုပေမဲ့ ဒီလောက်ပါပဲ..."

ဘုန်း!

စကားမဆုံးခင် သူ့ဗိုက်ကို ခြေထောက်တစ်ဖက်က လာကန်သွားပြန်သည်။

"အား...!" စွန်းချုံးကျင်း လေထဲ လွင့်ထွက်သွားရင်း အော်ဟစ်လိုက်သည်။

ဘုန်း!

ချက်ချင်းပင် သူ မြေကြီးပေါ်သို့ ပက်လက်လန်ကာ ပြုတ်ကျသွားသည်။ ခြေလက်လေးဖက် ထောင်လျက်သား ဖြစ်သွားသည်။

"ဂိုဏ်းတူအစ်ကိုစွန်းက နှစ်ကြိမ်ဆက်တိုက် အထိနာသွားပြီ ဘယ်လို ဖြစ်တာလဲ။ ဂိုဏ်းတူညီလေးလီကို တမင် အလျော့ပေးနေတာများလား"

"မထင်ပါဘူး ဂိုဏ်းတူညီလေးလီရဲ့ လက်သီးသိုင်းက တကယ် ထူးဆန်းတယ် တိုက်ခိုက်တဲ့ ထောင့်တွေကလည်း ပုံမှန်မဟုတ်ဘူး"

"ဂိုဏ်းတူအစ်ကိုစွန်းက ဂိုဏ်းတူညီလေးလီရဲ့ ပြိုင်ဘက် မဟုတ်တာများလား"

ဘေးနားရှိ ဂိုဏ်းတူညီလေးများ ပြောဆိုနေကြသည်ကို ကြားတော့ စွန်းချုံးကျင်း မျက်နှာရဲတက်လာသည်။ သူ ကမန်းကတန်း ထလိုက်ပြီး ဖုန်ခါကာ လေးနက်စွာ ပြောလိုက်သည်။ "ဂိုဏ်းတူညီလေးလီ... မဆိုးဘူးပဲ အခု ငါ အစွမ်းကုန် တိုက်တော့မယ်"

"ကောင်းပြီလေ... ဂိုဏ်းတူအစ်ကိုစွန်းရဲ့ အထူးစွမ်းရည်ကို မြင်ဖူးချင်နေတာ ကြာပြီ"

"ရော့... ယူလိုက်" စွန်းချုံးကျင်းက ဝိညာဉ်စွမ်းအားကို စုစည်းပြီး ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို လက်ထဲသို့ ပို့လွှတ်လိုက်ရာ ရေခဲလက်သီးအဖြစ် ပြောင်းလဲသွားသည်။

"ဒါက ငါ့ရဲ့ တောင်ခွဲလက်သီးသိုင်းရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ပဲ... ကျောက်ကွဲမြေဟပ်"

လီချင်းယွင်လည်း ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး ရေခဲမှော် သံချပ်ကာကို ဝတ်ဆင်လိုက်သည်။ "ဝမ်ပါ လက်သီးသိုင်း ဒုတိယကွက် - လိပ်မြီးရမ်း"

နှစ်ဦးသား ထပ်မံ ထိပ်တိုက်တွေ့ပြီး ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ လက်သီးများမှ ထွက်ပေါ်လာသော အရှိန်အဝါများက လေဆင်နှာမောင်းသဖွယ် ဟိန်းဟောက်နေပြီး ဆံပင်များ လွင့်ပျံကာ ကျောက်ခဲများ လွင့်စဉ်ကုန်သည်။ နှစ်ဦးသား အခြေအနေ တူနေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဂိုဏ်းတူညီလေးလီက ချီစုစည်းခြင်း အဆင့်ပဲ ရှိသေးတာ ဘယ်လိုလုပ် အခြေတည်အဆင့်နဲ့ ယှဉ်နိုင်မှာလဲ"

"ဂိုဏ်းတူညီလေးလီက ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို တတ်မြောက်ထားလို့ ကျင့်စဉ်ရဲ့ စွမ်းအားကို အားကိုးပြီး ဂိုဏ်းတူအစ်ကိုစွန်းနဲ့ ကြားက အဆင့်ကွာဟချက်ကို ဖြည့်ဆည်းနိုင်ခဲ့တာ ဖြစ်ရမယ်"

"အပေါ်ယံ ကြည့်ရင်တော့ တူသလိုပဲ ဒါပေမဲ့ ဂိုဏ်းတူညီလေးလီရဲ့ ချီစုစည်းခြင်း အဆင့်နဲ့ ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို သုံးနေတာ ကြာကြာခံမှာ မဟုတ်ဘူး မကြာခင် ရှုံးသွားလိမ့်မယ်"

"ဟုတ်တယ်... ငါ ဒါကို မတွေးမိဘူးပဲ"

ကွင်းအောက်ရှိ ဂိုဏ်းတူအစ်ကိုများ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

"ဂိုဏ်းတူညီလေးလီ... ပြောရရင် မင်းရဲ့ စွမ်းဆောင်ရည်က ငါ့ကို တကယ် အထင်ကြီးစေတယ် ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်စွမ်းအား ကုန်ခါနီးပြီ ထင်တယ် လက်လျော့လိုက်တော့မလား" စွန်းချုံးကျင်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

ရုတ်တရက် လီချင်းယွင် လိပ်တစ်ကောင်အလား လေထဲတွင် ဝဲပျံလိုက်ပြီး နောက်ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်ရာ စွန်းချုံးကျင်း၏ ပေါင်ကြားတည့်တည့် ထိမှန်သွားသည်။

"အား!"

စွန်းချုံးကျင်း မြေကြီးပေါ် ဒူးထောက်ကျသွားသည်။ အံကြိတ်ထားပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ ထောင်ထလာကာ နဖူးမှ ချွေးစေးများ ဒလဟော စီးကျလာသည်။

ကွင်းအောက်ရှိ ဂိုဏ်းသားများ ထိတ်လန့်သွားပြီး ကိုယ်ချင်းစာစိတ်ဖြင့် မိမိတို့၏ ပေါင်ကြားကို အလိုအလျောက် အုပ်ကိုင်မိလိုက်ကြသည်။

ရှန်မုန့်ရို ရှက်လွန်း၍ ခေါင်းလွှဲလိုက်ပြီး "အရှက်မရှိလိုက်တာ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

"တောင်းပန်ပါတယ် ဂိုဏ်းတူအစ်ကိုစွန်း ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး" ပြောပြီးသည်နှင့် လီချင်းယွင် ပြေးဝင်သွားပြီး ထပ်မံ ထိုးကြိတ် ကန်ကျောက်လိုက်သည်။

စွန်းချုံးကျင်း စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ "သောက်ကျိုးနည်း... စိတ်မကောင်းဘူး ပြောပြီး ဆက်ရိုက်နေတယ် ဘာသဘောလဲကွ"

သူ ပြန်တိုက်ချင်သော်လည်း ချီစွမ်းအားကို စုစည်းလိုက်သည်နှင့် အောက်ပိုင်းမှ နာကျင်မှုက မခံမရပ်နိုင် ဖြစ်လာပြီး ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရသည်။

"ငါ အရှုံးပေးတယ်" စွန်းချုံးကျင်း မကျေမနပ် ပြောလိုက်သည်။

ငြင်းမရသည့်အချက်မှာ လီချင်းယွင်၏ တိုက်ကွက်သည် အလွန် ပြင်းထန်ပြီး စွန်းချုံးကျင်းကို ပြန်လည်ခုခံနိုင်စွမ်း မရှိအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

"ယုတ်မာလိုက်တာ အဓိကနေရာကို တိုက်ခိုက်ပြီး အခွင့်ကောင်းယူတယ်"

စွန်းချုံးကျင်းဘက်မှ မကျေနပ်သူ အများအပြား ရှိနေကြသည်။

လီချင်းယွင်သည် ပြင်းထန်သော တိုက်ပွဲကြောင့် မောပန်းနွမ်းနယ်နေပြီး အသက်ပြင်းပြင်း ရှူနေရသည်။ အမောပြေသွားသောအခါ ပြောလိုက်သည်။ "မူလက ဂိုဏ်းတူအစ်ကိုစွန်းရဲ့ ဗိုက်ကို ကန်မလို့ပါ ဒါပေမဲ့ မှားပြီး ကန်မိသွားတာ"

စွန်းချုံးကျင်း ငိုမဲ့မဲ့ဖြင့် အော်ပြောလိုက်သည်။ "ငါ့ကို ဆရာဝန်ဆီ မြန်မြန် ပို့ပေးကြပါ ငါ မိန်းမ မရသေးဘူးကွ"

ဂိုဏ်းသားအချို့ သူ့ကို ထမ်းခေါ်သွားကြသည်။

"အရှက်မရှိလိုက်တာ" ရှီရူယွီက ဒေါသတကြီး ပြောလိုက်သည်။

"တတိယပွဲစဉ်ကို လီချင်းယွင် အနိုင်ရရှိပါတယ်" ဂိုဏ်းသားတစ်ဦးက အော်ဟစ် ကြေညာလိုက်သည်။

ရှန်လီယွမ် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ရလဒ် ထွက်ပေါ်လာပြီ ဖြစ်တဲ့အတွက် မေပယ်တောအုပ် လျှို့ဝှက်နယ်မြေ ခရီးစဉ်မှာ ကျိန့်ကျွင်းဖုန်း၊ ရှန်မုန့်ရို၊ ဝူဝမ်ကျုံး နဲ့ လီချင်းယွင် တို့ လိုက်ပါရမယ်လို့ ကြေညာလိုက်တယ်"

...

နောက်ရက်များတွင် လီချင်းယွင်သည် လေ့ကျင့်ရေးကွင်း၌ ဝမ်ပါ လက်သီးသိုင်းနှင့် ထွက်ပြေး ခြေလှမ်းတို့ကို ကြိုးစားပမ်းစား လေ့ကျင့်နေသည်။ အဓိက အကြောင်းရင်းမှာ ရှန်မုန့်ရို၏ တင်ပါးကို မရိုက်ရဲခြင်း ရှာချန်အာ၏ တင်ပါးကို ပို၍ပင် မရိုက်ရဲခြင်းတို့ကြောင့် ဖြစ်သည်။ ကျန်းယွီရှီးဆီကလည်း တာဝန်မရှိတော့သောကြောင့် ကိုယ့်ဘာသာ တိုးတက်အောင် လုပ်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည်။

အချိန်အတန်ကြာ ကြိုးစားလေ့ကျင့်ပြီးနောက် လီချင်းယွင်သည် ဝမ်ပါ လက်သီးသိုင်းနှင့် ထွက်ပြေး ခြေလှမ်းတို့ကို နောက်ဆုံးတွင် ကျွမ်းကျင်သွားလေသည်။

ရှန်လီယွမ် ဖြည်းညှင်းစွာ ထွက်လာသည်။ "မနက်ဖြန်က မေပယ်တောအုပ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မယ့်နေ့ပဲ။ မင်းတို့ကို အရေးကြီးတဲ့ အချက်တချို့ သတိပေးစရာ ရှိတယ်"

"ပထမအချက် - ဒီလျှို့ဝှက်နယ်မြေ ခရီးစဉ်က တစ်လ ကြာမယ်"

"ဒုတိယအချက် - မေပယ်တောအုပ် လျှို့ဝှက်နယ်မြေထဲမှာ 'သားရဲချောက်ကမ်းပါး' လို့ခေါ်တဲ့ တားမြစ်နယ်မြေတစ်ခု ရှိတယ်။ ချောက်ကမ်းပါးထဲက မိစ္ဆာသားရဲတွေအားလုံးက အခြေတည်အဆင့် အထက်တန်းအဆင့် အထက်မှာ ရှိကြတယ်။ ရွှေချီအမြုတေအဆင့် မိစ္ဆာသားရဲ နှစ်ကောင်တောင် စောင့်ကြပ်နေကြတယ်။ အဲဒီနေရာကို လုံးဝ မသွားကြနဲ့ သွားရင် အသက်ပြန်ပါလာမှာ မဟုတ်ဘူး"

အားလုံး သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ရှန်လီယွမ်က ဆက်ပြောသည်။ "နှစ်ပေါင်းများစွာ ကြာပြီ သားရဲချောက်ကမ်းပါးထဲကနေ ဘယ်သူမှ အရှင်ပြန်မထွက်လာနိုင်ဖူးဘူး။ ဒါပေမဲ့ ဒီနှစ် ကွန်းလွန်ဂိုဏ်းက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပါဝင်လာလိမ့်မယ်"

"သူ့နာမည်က ဆုန့်ထျန်းယန် ကွန်းလွန်ဂိုဏ်းချုပ် ဆုန့်ချင်းဖုန်းရဲ့ သားပဲ။ အသက် ၂၁ နှစ်နဲ့ ရွှေချီအမြုတေအဆင့် အလယ်အလတ်ကို ရောက်နေပြီ"

"သူက သားရဲချောက်ကမ်းပါးမှာ ကံစမ်းကောင်း စမ်းလိမ့်မယ်"

ဒီစကားက ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ရွှေချီအမြုတေအဆင့် အလယ်အလတ် ရောက်နေပြီလား"

ကျိန့်ကျွင်းဖုန်း မျက်မှောင်ကြုတ်သွားသည်။

လီချင်းယွင်ကတော့ "သိပ်လည်း မဟုတ်ပါဘူး ရှာချန်အာဆို ၁၇ နှစ်နဲ့ မူလဝိညာဉ်အဆင့် ရောက်နေပြီ" ဟု တွေးလိုက်သည်။

ရှန်လီယွမ်က ဆက်ပြောသည်။ "ဆုန့်ထျန်းယန် အပြင် ပင်လယ်ငါးမန်းဂိုဏ်းက ကျူဟန် နဲ့ လီကျွယ်ဂိုဏ်းက ထန်ရှောင်ဝမ် တို့ကိုလည်း သတိထားရမယ်"

"ဒီနှစ်ယောက်လုံးက ဒီနှစ်ပိုင်းတွေမှာ ပေါ်ထွက်လာတဲ့ ကြယ်ပွင့်အသစ်တွေပဲ သူတို့ရဲ့ အင်အားက အခြေတည်အဆင့် အထွတ်အထိပ် ရောက်နေကြပြီ"

"ဟုတ်ကဲ့ပါ ဆရာသခင်" ကျိန့်ကျွင်းဖုန်းက အရင်ဆုံး ပြန်ဖြေလိုက်သည်။ ရှန်မုန့်ရိုနှင့် ဝူဝမ်ကျုံးတို့ကလည်း ခေါင်းညိတ်ကြသည်။

လီချင်းယွင်က မေးလိုက်သည်။ "ဆရာသခင်... သားရဲချောက်ကမ်းပါးထဲမှာ ဘာပစ္စည်းကောင်းတွေ ရှိလို့လဲ"

ရှန်လီယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ "သားရဲချောက်ကမ်းပါးက နှစ်ပေါင်းများစွာ လူသူအရောက်အပေါက် မရှိခဲ့ဘူး ဒါကြောင့် ရှေးဟောင်း ဝိညာဉ်အပင်တွေ အများကြီး ရှိနိုင်တယ်။ အဲဒီ ဝိညာဉ်အပင်တွေက ကျင့်ကြံမှုကို တိုးတက်စေဖို့ အရမ်း အထောက်အကူပြုတယ်"

ဒါကို ကြားတော့ လီချင်းယွင် ဝမ်းသာသွားသည်။

ရှန်လီယွမ်က လေးနက်စွာ ပြောလိုက်သည်။ "မှတ်ထားနော်... လုံးဝ မသွားရဘူး မဟုတ်ရင် အသက်အန္တရာယ် ရှိနိုင်တယ်"

လီချင်းယွင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"

ရှန်မုန့်ရိုက ပြောလိုက်သည်။ "အဖေ စိတ်မပူပါနဲ့ သမီး ဂိုဏ်းတူမောင်လေးလီရဲ့ အကျင့်ကို ကောင်းကောင်းသိပါတယ်။ သူက ရေခဲနှင်းနတ်ဘုရားနယ်မြေမှာ ဘယ်သူမှ မယှဉ်နိုင်လောက်အောင် သူရဲဘောကြောင်တဲ့လူပါ။ အသက် တစ်သိန်းလောက် ရှိရင်တောင် သူ သွားရဲမှာ မဟုတ်ပါဘူး"

"ဟုတ်တယ်... သူက ခရုခွံကောက်တဲ့ မင်းသားလေးလေ" ရှီရူယွီက ထပ်လောင်း ပြောလိုက်သည်။

ကျိန့်ကျွင်းဖုန်း အောင့်မထားနိုင်ဘဲ ရယ်မောလိုက်သည်။

အခြားဂိုဏ်းသားများလည်း ရယ်မောကြသည်။

ရန်ဇီရှင်းက ရှန်မုန့်ရို၏ လက်မောင်းကို ဆွဲပြီး ဆက်မပြောရန် သတိပေးလိုက်သည်။

ရှန်လီယွမ်က တင်းမာစွာ ပြောလိုက်သည်။ "ရှောင်ရို... မင်း ဂိုဏ်းတူမောင်လေးလီကို အဲဒီလို မပြောရဘူးလေ"

ရှန်မုန့်ရိုက ပြန်ပြောသည်။ "သမီးက အမှန်အတိုင်း ပြောတာပဲဟာ"

ကျိန့်ကျွင်းဖုန်းက ဝင်ထောက်ခံသည်။ "ဟုတ်ပါတယ် ဆရာသခင်... ဂိုဏ်းတူညီမလေးကို အပြစ်မတင်ပါနဲ့ သူက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါ"

ပြောပြီးသည်နှင့် သူက လီချင်းယွင်ကို ပြုံးပြကာ ပြောလိုက်သည်။ "ဂိုဏ်းတူညီလေးလီ... ဂိုဏ်းတူအစ်မကြီးရှန်ကို အပြစ်မယူပါနဲ့ သူက မကောင်းတဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"

လီချင်းယွင် ခေါင်းခါလိုက်သည်။ "ရပါတယ် ကျွန်တော် စိတ်မဆိုးပါဘူး။ ဂိုဏ်းတူအစ်မကြီး ပြောတာ မှန်ပါတယ်"

ငါက ဘာလို့ သူများတင်ပါးကို အကြောင်းမဲ့ သွားရိုက်မိပါလိမ့်။ တခြားလူတွေ ငါ့ကို အမြင်စောင်းတာ မဆန်းပါဘူးလေ။ လီချင်းယွင် စိတ်မပျော်မရွှင် ဖြစ်သွားသည်။

ရှန်လီယွမ်က တင်းမာစွာ ပြောလိုက်သည်။ "ဂိုဏ်းတူမောင်လေးလီက အပြစ်မယူပေမဲ့ နောက်ဆို အဲဒီလိုစကားမျိုး ထပ်မပြောရဘူး နားလည်လား"

"နားလည်ပါပြီ အဖေ" ရှန်မုန့်ရို တိုးတိုးလေး ပြန်ဖြေသည်။

"ကဲ... အားလုံး ပြန်ပြီး ပြင်ဆင်ကြတော့။ မနက်ဖြန် မနက်စောစော မေပယ်တောအုပ် လျှို့ဝှက်နယ်မြေကို သွားကြမယ်"