အခန်း (၁၃) ငါ့ရဲ့ ကုန်ကျစရိတ်တွေကို တာဝန်ယူမယ်လား
"ဟုတ်ကဲ့ပါ ဆရာသခင်" အားလုံးက ပြန်ဖြေပြီးနောက် ထွက်ခွာသွားကြသည်။
လီချင်းယွင် တောင်အောက်သို့ ဆင်းလာရင်း တွေးလိုက်သည်။ "ဒီလျှို့ဝှက်နယ်မြေ ခရီးစဉ်က တစ်လလောက် ကြာမှာဆိုတော့ ကျန်းယွီရှီးကို သွားပြောပြရင် ကောင်းမလား"
မကြာမီ ယွင်ဟိုင် စီးပွားရေးအသင်းသို့ ရောက်ရှိလာသည်။ ဝင်လိုက်သည်နှင့် သူ ဒဏ်ရာရစဉ်က ဆေးတိုက်ခဲ့သော ပိန်ပိန်ပါးပါး ဖခင်အရွယ် ဦးလေးကြီးကို တွေ့လိုက်ရသည်။
"ဦးလေးနင်... ကျန်းယွီရှီး ရှိလား"
လီချင်းယွင်ကို မြင်လိုက်သောအခါ ဦးလေးနင်က ကြင်နာစွာ ပြုံးပြပြီး "သခင်မလေး နောက်ဖေးခြံဝင်းထဲမှာ ရှိတယ် သခင်လေးလီ ကိုယ့်ဘာသာ ဝင်သွားလိုက်ပါ" ဟု ပြောသည်။
"ကျေးဇူးပါ ဦးလေးနင်"
လီချင်းယွင် နောက်ဖေးခြံဝင်းဘက်သို့ ချက်ချင်း လျှောက်သွားလိုက်ရာ မကြာမီ ကြာကန်တစ်ခုရှိသော ကျယ်ဝန်းသည့် ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။ ကန်ထဲတွင် ကြာပန်းများ အစီအရီ ပွင့်လန်းနေပြီး ပန်းချီကားတစ်ချပ်အလား လှပနေသည်။ ပန်းများအကြားတွင် ဇရပ်ငယ်လေးတစ်ခု ရှိသည်။
ကျန်းယွီရှီးသည် ဇရပ်ထဲတွင် ဂူချင်း တီးခတ်နေသည်။ သူမ၏ ဆံနွယ်နက်ရှည်ကြီးများ ခါးအထိ ရေတံခွန်သဖွယ် ဖြာကျနေပြီး ကျက်သရေရှိလှသည်။ သူမ၏ လက်ချောင်းများမှာ သွက်လက်ချောမွတ်နေပြီး ကျော့ရှင်းသော ထိုင်ပုံထိုင်နည်းကြောင့် သူမ၏ ရှည်လျားဖြောင့်စင်းသော ခြေတံများကို ရေးရေးလေး မြင်နေရသည်။ သူမ၏ ခါးလေးမှာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားနိုင်လောက်အောင် သေးသွယ်နေသည်။ သူမသည် ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးနှင့် တူလှသည်။
သူမ၏ လက်ချောင်းလေးများ ကြိုးပေါ်တွင် လှုပ်ရှားလိုက်တိုင်း ကြည်လင်ပြတ်သားပြီး နူးညံ့သိမ်မွေ့သော တေးသွားများ ထွက်ပေါ်လာသည်။ နားထောင်သူကို လူသူကင်းဝေးသော တောတောင်ရိပ်မြုံတစ်ခုသို့ ခေါ်ဆောင်သွားသကဲ့သို့ ခံစားရစေသည်။ လေပြည်လေညှင်းများ အေးမြသော မြူခိုးများ ငှက်ကလေးများ၏ တေးသီသံများနှင့် ကြာပန်းရနံ့များကို ခံစားရသကဲ့သို့ ဖြစ်စေပြီး တကယ့်ကို ကြည်နူးဖွယ်ကောင်းကာ ဖမ်းစားနိုင်စွမ်း ရှိလှသည်။
လီချင်းယွင်သည် သူ့ရှေ့မှ လှပသော မြင်ကွင်းတွင် မိန်းမောသွားပြီး စိုက်ကြည့်နေမိသည်။
သီချင်းဆုံးသွားသောအခါ ကျန်းယွီရှီး မော့ကြည့်လိုက်ရာ အံ့သြဝမ်းသာသော အပြုံးတစ်ခု ပေါ်လာသည်။ "ဂိုဏ်းတူအစ်ကိုလီ... ဘယ်တုန်းက ရောက်နေတာလဲ"
လီချင်းယွင် ဇရပ်ထဲသို့ လျှောက်ဝင်သွားသည်။ "ရောက်တာ မကြာသေးပါဘူး"
"ဘာလို့ မခေါ်လိုက်တာလဲ"
"ဂူချင်းတီးနေတဲ့ ပုံစံလေးက အရမ်းလှနေတော့ ငေးကြည့်နေမိလို့ပါ"
ကျန်းယွီရှီး ချိုသာစွာ ပြုံးလိုက်သည်။ စိတ်ထဲတွင် ကျေနပ်နေသော်လည်း ဟန်လုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ဘယ်တုန်းက ဒီလောက် စကားတတ်သွားတာလဲ"
လီချင်းယွင် ရယ်မောလိုက်သည်။ "အမှန်အတိုင်း ပြောတာပါ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်လှလဲ မသိဘူးလား"
"ဂိုဏ်းတူအစ်မကြီးရှန်လောက်တော့ ဘယ်လှမလဲ" ကျန်းယွီရှီးက နောက်ပြောင်သလိုလိုဖြင့် လီချင်းယွင်၏ စိတ်ကို စမ်းသပ်လိုက်သည်။
လီချင်းယွင် ခေါင်းကို တရစပ် ခါလိုက်သည်။ "ဂိုဏ်းတူအစ်မကြီးရှန်က အမြဲတမ်း မျက်နှာကြီး တည်ထားတာ သရဲတောင် ကြောက်ရတယ် သူကတော့ တစ်သက်လုံး ယောက်ျားရမှာ မဟုတ်တော့ဘူး"
ကျန်းယွီရှီး ရယ်မောလိုက်သည်။ "ရှင်ပြောသလောက်ကြီးလည်း မဆိုးပါဘူး"
"ဆိုးတာပေါ့ ကျန်းယွီရှီး... မင်း နားမလည်ပါဘူး။ သူက ကိုယ့်ကိုဆိုရင် အမြဲတမ်း ဒေါသတကြီး စိုက်ကြည့်နေတာ အကြွေးတွေ အများကြီး တင်နေတဲ့အတိုင်းပဲ"
"မိန်းကလေးရှန်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ဂိုဏ်းတူအစ်ကိုလီ... ရှင်နဲ့ သူနဲ့ကြားမှာ မကျေလည်စရာတွေ ရှိနေလို့လား"
လီချင်းယွင်၏ မျက်နှာထား အေးခဲသွားသည်။ သူများတင်ပါးကို ရိုက်မိလို့ပါ ဆိုပြီးတော့လည်း အမှန်အတိုင်း ပြောလို့မဖြစ်ဘူးလေ။ ဒါကြောင့် အဆင်မပြေစွာ ရယ်မောလိုက်ပြီး "ကိုယ့်ကို အရမ်းချောလို့ မနာလိုဖြစ်နေတာ နေမှာပါ" ဟု ပြောလိုက်သည်။
"ဖူး!"
"ဂိုဏ်းတူအစ်ကိုလီက ရယ်ရတယ်နော်" ကျန်းယွီရှီးက ပြုံးပြီး ပြောသည်။ "ဒါနဲ့ ဂိုဏ်းတူအစ်ကိုလီ... ဒီနေ့ ဘာကိစ္စ ရှိလို့လဲ"
"ဘာလဲ... ကိစ္စမရှိရင် လာလို့ မရဘူးလား"
"အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ကျွန်မ ဆိုလိုတာက..."
"စတာပါ အတည်မယူပါနဲ့"
"တကယ်တော့... မနက်ဖြန် မေပယ်တောအုပ် လျှို့ဝှက်နယ်မြေကို လေ့ကျင့်ရေး သွားရတော့မယ် တစ်လလောက် ပြန်လာဖြစ်မှာ မဟုတ်ဘူး။ အဲဒါ လာပြောတာပါ"
ကျန်းယွီရှီး၏ မျက်နှာထား လေးနက်သွားသည်။ "ဂိုဏ်းတူအစ်ကိုလီ... သတိထားနော်"
"စိတ်မပူပါနဲ့ ကိုယ်က ထွက်ပြေးတာ ဘယ်လောက်တော်လဲ သိသားနဲ့" လီချင်းယွင် မျက်ခုံးပင့်ပြလိုက်သည်။
လီချင်းယွင်နှင့် စတွေ့စဉ်က အဖြစ်အပျက်ကို ပြန်တွေးမိပြီး ကျန်းယွီရှီး ရယ်မိသွားသည်။
"ဂိုဏ်းတူအစ်ကိုလီ... လက်ဖက်ရည် သောက်ပါဦး ခဏနေကျရင် ညစာ အတူစားကြတာပေါ့"
"ရပါတယ် အိမ်ပြန်စားလိုက်ပါ့မယ်"
ကျန်းယွီရှီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီနေ့ လင်းဇီးမှို ဝက်ဝံလက်ဖဝါးပေါင်း ဂျင်ဆင်း ဝေလငါးပေါင်း ထျန်းရှန်းနှင်းကြာ တောငန်းပေါင်း ပြီးတော့..."
လီချင်းယွင် တံတွေးမြိုချလိုက်သည်။ "ကောင်းပြီလေ... အခုပြန်ရင် နေ့လယ်စာစားချိန် ကျော်သွားလောက်ပြီ ဒီမှာပဲ စားလိုက်တာ ပိုစိတ်ချရမယ်"
ကျန်းယွီရှီး ပြုံးလိုက်ပြီး လီချင်းယွင်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... လက်ဖက်ရည် အရသာ ဘယ်လိုနေလဲ"
လီချင်းယွင် တစ်ငုံသောက်လိုက်သော်လည်း ဘာအရသာမှန်း မသိပေ။ သို့သော် ကောင်းသည်ဟု ထင်လိုက်သည်။ "တကယ်တော့ ကိုယ်က လက်ဖက်ရည်အကြောင်း နားမလည်ပါဘူး။ ရေနွေးကြမ်းပဲ သောက်နေကျဆိုတော့လေ"
"လက်ဖက်ရည် မကြိုက်လို့လား" ကျန်းယွီရှီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဆင်းရဲလွန်းလို့ မဝယ်နိုင်တာပါ" လီချင်းယွင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ကျန်းယွီရှီး တိုးတိုးလေး ရယ်မောလိုက်သည်။ "နောက်ဆိုရင် ရှင့်ရဲ့ လက်ဖက်ရည်ဖိုးနဲ့ ကုန်ကျစရိတ်တွေကို ကျွန်မ တာဝန်ယူပေးပါ့မယ်"
လီချင်းယွင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "ကိုယ့်ကို မွေးစားမလို့လား"
ကျန်းယွီရှီး၏ ပါးပြင်များ ချက်ချင်း ရဲသွေးသမ်းသွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သော်လည်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ကျန်ရှိနေသည်မှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေသည်။
လီချင်းယွင်၏ ရင်ထဲတွင် သူမကို ပွေ့ဖက်လိုက်ချင်စိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာသော်လည်း ထိုသို့လုပ်လိုက်ပါက ကာမစိတ်ကြွသူဟု အထင်ခံရနိုင်ပြီး နောင်တွင် သူမနှင့် ဝေးကွာသွားနိုင်သည်ဟု ဆင်ခြင်တုံတရားက သတိပေးနေသည်။
သူက တကယ်ပဲ အဲဒီလိုလူမျိုး ဖြစ်နေပေမဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ထားရမည်။
'လောကြီးရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး' ဆိုတာ လီချင်းယွင် နားလည်သည်။
"နောက်မနေတော့ပါဘူး"
လီချင်းယွင် ပြောပြီးသည်နှင့် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ဒင်! တာဝန်သစ် ရောက်ရှိလာပါပြီ။
[ကျန်းယွီရှီး၏ တင်ပါးကို ပွတ်သပ်ခြင်း] ဆုလာဘ် - ရေခဲမှော် ကောင်းကင် ကျင့်စဉ် အဆင့်မြှင့်တင်ခြင်း [ရေခဲတောင်ပံ]
သောက်ကျိုးနည်း!
ရိုက်တာက တစ်မျိုး အခုဟာက ပွတ်သပ်ရမယ်တဲ့ ဘယ်လိုလုပ်ရမလဲ။ ငါက ဘယ်လိုလုပ် ဒီလောက် အရှက်မရှိတဲ့ တောင်းဆိုမှုကို လုပ်ရမှာလဲ။ ဒါပေမဲ့ ဆုလာဘ်က အရမ်း မက်လောက်စရာ ကောင်းနေတယ်။
ဘယ်လိုလုပ်မလဲ။
"ဂိုဏ်းတူအစ်ကိုလီ... ဘာလို့ စကားမပြောတာလဲ" ကျန်းယွီရှီးက နူးညံ့စွာ မေးလိုက်သည်။
"ကျန်းယွီရှီး... ပြောစရာတစ်ခု ရှိပေမဲ့ ပြောရမှာ နည်းနည်း ခက်နေလို့"
ကျန်းယွီရှီးက ဒီစကားကို ရင်းနှီးနေသလို ခံစားရပြီး ပို၍ မျက်နှာရဲလာသည်။ "ပြောပါ"
"မင်းရဲ့ တင်ပါးကို ကိုင်လို့ ရမလား"
ကျန်းယွီရှီး၏ လှပသော မျက်နှာလေးမှာ နေဝင်ချိန်ကဲ့သို့ နီရဲတောက်ပလာပြီး လည်ပင်းအထိ ရဲသွားကာ အတော်ကြာအောင် တိတ်ဆိတ်နေသည်။
ဒါကိုမြင်တော့ လီချင်းယွင်က ပြောလိုက်သည်။ "သဘောမတူရင်လည်း ထားလိုက်ပါတော့။ တကယ်တော့ ဒီတောင်းဆိုမှုက နည်းနည်း ရိုင်းပြနေတာ ဟုတ်ပါတယ်။ လျှို့ဝှက်နယ်မြေ သွားတဲ့အခါ ပိုပြီး ဘေးကင်းချင်လို့ပါ"
ကျန်းယွီရှီး နားမလည်စွာ မေးလိုက်သည်။ "ဒါက လျှို့ဝှက်နယ်မြေနဲ့ ဘာဆိုင်လို့လဲ"
လီချင်းယွင်က လေးနက်စွာ ပြောလိုက်သည်။ "တကယ် ဆက်စပ်မှု ရှိပါတယ် ကိုယ် မလိမ်ပါဘူး။ ဘယ်လိုဆက်စပ်နေလဲ ဆိုတာကိုတော့ လောလောဆယ် ပြောပြလို့ မရသေးဘူး"
"ထားလိုက်ပါတော့ သိပ်အရေးမကြီးပါဘူး"
လီချင်းယွင် လက်လျော့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ အဓိကကတော့ ကျန်းယွီရှီးလို အလှပဂေးမျိုး မပြောနဲ့ သာမန်လူတောင် သဘောတူမှာ မဟုတ်ဘူးလေ။
ကျန်းယွီရှီးက တိုးတိုးလေး ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ကိုင်လိုက်ပါ။ ဒါပေမဲ့ နောက်ကျရင် ဒီလို ထူးဆန်းတဲ့ တောင်းဆိုမှု လုပ်ရတဲ့ အကြောင်းရင်းကို ပြောပြရမယ်နော်"
လီချင်းယွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ကျန်းယွီရှီး... မင်း သိပ်သဘောကောင်းတာပဲ"
"မင်းက အရမ်းကောင်းလွန်းလို့ ဘယ်လို ချီးကျူးရမှန်းတောင် မသိတော့ဘူး"
"ကိုယ့်ရဲ့ အခက်ခဲဆုံးအချိန်မှာ မင်းက ဘာအကြောင်းပြချက်မှ မမေးဘဲ ကူညီပေးခဲ့တယ်"
"နောက်ဆိုရင် မင်းကိစ္စက ကိုယ့်ကိစ္စပဲ။ ဘယ်လောက်ပဲ ခက်ခဲပါစေ မင်းအတွက်ဆို ဖြစ်အောင် လုပ်ပေးမယ်"
ကျန်းယွီရှီး ချိုသာစွာ ပြုံးလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင်ပြောတာကို မှတ်ထားမယ်နော်"
လီချင်းယွင် ရင်ဘတ်ကို ပုတ်လိုက်သည်။ "ယောက်ျားကတိပါ"
ကျန်းယွီရှီး ထပ်မံ ရယ်မောလိုက်သည်။
"ဒါဆို ကိုင်လိုက်တော့မယ်နော်"
"အင်း"
ကျန်းယွီရှီး၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ကြည့်ရင်း လီချင်းယွင် တံတွေးမြိုချလိုက်သည်။ သူ ညင်သာစွာ လက်တင်လိုက်ရာ နူးညံ့အိစက်မှုကြောင့် ကျောချမ်းသွားပြီး သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
ကျန်းယွီရှီးလည်း တစ်ကိုယ်လုံး ပျော့ခွေသွားပြီး အားမရှိတော့သကဲ့သို့ ခံစားရကာ ရင်ခုန်သံများ ဗုံတီးသလို မြန်ဆန်လာသည်။
ဒင်! စနစ် တာဝန် ပြီးမြောက်ပါပြီ ဆုလာဘ် ပေးပို့လိုက်ပါပြီ။
လီချင်းယွင် စနစ်၏ အသံကို ကြားလိုက်သော်လည်း သူ့လက်များက သံလိုက်ဆွဲထားသကဲ့သို့ ခွာမရဖြစ်နေပြီး ဆက်လက် ပွတ်သပ်နေမိသည်။ သူ့အကြည့်များက ကျန်းယွီရှီး၏ ကောက်ကြောင်းများပေါ်တွင် စွဲကပ်နေပြီး ရင်ထဲမှ ဆန္ဒများ ဒီရေအလား တိုးပွားလာကာ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားတော့မတတ် ဖြစ်နေသည်။
သူသည် ထိန်းချုပ်မရသော သားရဲတစ်ကောင်အလား ကျန်းယွီရှီးအပေါ် ခုန်အုပ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
"ဂိုဏ်းတူအစ်ကိုလီ... ပြီးပြီလားဟင်" ကျန်းယွီရှီး၏ အသံက လီချင်းယွင်၏ အတွေးများကို ဖြတ်တောက်လိုက်ပြီး အသိပြန်ဝင်လာစေသည်။
သူ ကမန်းကတန်း လက်ရုတ်လိုက်ပြီး "ပြီးပြီ ပြီးပြီ။ ကျန်းယွီရှီး... မင်းရဲ့ တင်ပါးက အရမ်း ကျုံ့နိုင်ဆန့်နိုင်အား ကောင်းတာပဲ"
ဒါကို ကြားတော့ ကျန်းယွီရှီး ခေါင်းငုံ့သွားပြီး မြေကြီးနဲ့ ထိလုမတတ် ဖြစ်သွားသည်။
လီချင်းယွင် စကားမှားသွားမှန်း သိလိုက်ပြီး အမြန် ပြန်ပြင်ပြောလိုက်သည်။ "ဆိုလိုတာက... ဒီလက်ဖက်ခြောက်က ရေနွေးစိမ်လိုက်ရင် အရမ်းပွလာတာပဲလို့ ပြောမလို့ပါ။ ဒါကြောင့် အရသာရှိတာ ကိုးလို့"
ကျန်းယွီရှီး မော့ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။ "ရှင်က ပေါက်ကရတွေ ပြောနေပြန်ပြီ"
"အဲ... ဒါက... ဟို..." လီချင်းယွင်လည်း ရှက်သွားသည်။
ကျန်းယွီရှီး အားရပါးရ ရယ်မောလိုက်သည်။
ကျန်းယွီရှီး စိတ်မဆိုးတာ မြင်တော့ လီချင်းယွင်လည်း လိုက်ရယ်လေသည်။
...
နေ့လယ်စာ စားပြီးနောက် လီချင်းယွင် တောင်ပေါ်သို့ အမြန်ပြန်လာခဲ့သည်။ အခန်းထဲဝင် တံခါးပိတ်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ "ငါ [ရေခဲတောင်ပံ] ကို လေ့လာချင်တယ်"
စနစ် - [ရေခဲတောင်ပံ] ကို လေ့လာနေပါပြီ။ မှော်ပညာ အများအပြား လီချင်းယွင်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ လေ့လာမှု ၁၀%... ၄၀%... ၈၀%... ၁၀၀%။
[ရေခဲတောင်ပံ] ကို အောင်မြင်စွာ တတ်မြောက်သွားပါပြီ။
စနစ် အသိပေးချက် - ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို စနစ်မှ အဆင့်မြှင့်တင်ပေးလိုက်သောကြောင့် ယခုအခါ [မြေကမ္ဘာအဆင့်] ကျင့်စဉ်မှ [ကောင်းကင်အဆင့်] ကျင့်စဉ်သို့ ပြောင်းလဲသွားပါပြီ။
လီချင်းယွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "စမ်းကြည့်ရအောင်"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: