လီချင်းယွင် အားရပါးရ ရယ်မောလိုက်သည်။ "ရတာပေါ့"

ရေခဲနှင်းနတ်ဘုရားနယ်မြေ ဂိုဏ်းသားများ ကျန်းယွီရှီးကို ထပ်မံ မြင်တွေ့ရသောအခါ သူမ၏ ရင်သပ်ရှုမောဖွယ် အလှနှင့် ထူးခြားသော အရှိန်အဝါကြောင့် ညှို့ယူဖမ်းစားခံလိုက်ရပြီး မနာလိုအားကျမှုများ ဖြစ်ပေါ်လာကြပြန်သည်။

ရှန်လီယွမ်က ဝတ်ရုံလက်ကို ခါလိုက်သည်။ "သွားကြစို့"

အားလုံး ဓားပျံပေါ်တက်ပြီး ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။

ကျန်းယွီရှီးက ဓားပျံပေါ်တွင် ရပ်ရင်း လီချင်းယွင်ကို လှည့်ကြည့်လိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... မြန်မြန် တက်လေ"

လီချင်းယွင် မဆိုင်းမတွပင် ကျန်းယွီရှီး၏ နောက်တွင် သွားရပ်လိုက်သည်။

ကျန်းယွီရှီးက ညာလက်ကို အနည်းငယ် မြှောက်လိုက်ရာ ဓားပျံသည် လေးညှို့မှ လွှတ်လိုက်သော မြှားတစ်စင်းအလား သူတို့နှစ်ဦးကို တင်ဆောင်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ဆုန့်ဟုန်ကျဲက လီချင်းယွင် ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း "ဂိုဏ်းတူအစ်ကိုစွန်း... ကျွန်တော်တော့ ဂိုဏ်းတူညီလေးလီကို နည်းနည်း အားကျမိတယ်ဗျာ" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။

စွန်းချုံးကျင်းက မျက်လုံးလှန်ကြည့်လိုက်သည်။ "မင်းငါ့ကိုများ မအားကျဘူး ထင်နေလား"

ရှီရူယွီကတော့ လီချင်းယွင် ထွက်ခွာသွားရာ အရပ်ကို အံကြိတ်ကာ စိုက်ကြည့်နေသည်။

ကျန်သော ဂိုဏ်းသားများလည်း ကောင်းကင်ကို ငေးမောကြည့်နေကြပြီး မျက်ဝန်းထဲတွင် အားကျမှုများ ပြည့်နှက်နေသည်။

"ကျန်းယွီရှီး... ကျွန်တော် ခြေမခိုင်တော့သလိုပဲ" လီချင်းယွင်က ထိတ်လန့်ဟန်ဆောင်ပြီး ပြောလိုက်သည်။

"မတ်မတ်မရပ်နိုင်ရင် ကျွန်မကို ဖက်ထားလိုက်လေ" ကျန်းယွီရှီးက မျက်နှာရဲရဲလေးဖြင့် ပြောသည်။

ဒါကို ကြားတော့ လီချင်းယွင် အပျော်လွန်သွားပြီး ကျန်းယွီရှီးကို အနောက်မှ တင်းကြပ်စွာ ဖက်လိုက်သည်။ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး "တော်ပါသေးရဲ့ ခုနက ပြုတ်ကျတော့မလို့" ဟု ပြောလိုက်သည်။

ဒါက လီချင်းယွင်အတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ပွေ့ဖက်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် ဒီလောက် လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးမျိုးပေါ့။ သူမ၏ ခါးလေးမှာ အရိုးမပါသကဲ့သို့ နူးညံ့ပျော့ပျောင်းနေပြီး ကျောလယ်လောက်ရှိသော ဆံနွယ်နက်များက သူ့မျက်နှာကို လာရောက်ပွတ်တိုက်နေသည်။ မွှေးပျံ့သော ရနံ့များနှင့်အတူ မိန်းမပျိုလေး၏ ဆွဲဆောင်မှုရှိသော ကိုယ်သင်းနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာရာ လီချင်းယွင် လုံးဝ မိန်းမောသွားတော့သည်။

ကျန်းယွီရှီးသည်လည်း အမျိုးသားတစ်ဦး၏ ပွေ့ဖက်ခြင်းကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်၍ ရှက်ရွံ့သလိုလို ချိုမြိန်သလိုလို ခံစားနေရသည်။ အကြောင်းရင်း မသိရသော်လည်း သူမသည် လီချင်းယွင်ကို ဘယ်တော့မှ မငြင်းဆန်နိုင်ပေ။ အန္တရာယ်ကြုံချိန်တွင် လီချင်းယွင်က သူမကို ကယ်တင်ခဲ့ပုံများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

အမျိုးသမီးအားလုံးက နူးညံ့သိမ်မွေ့နိုင်ပါတယ် ဒါပေမဲ့ သင့်အပေါ်တော့ နူးညံ့ချင်မှ နူးညံ့မှာပါ။

သို့သော် သူမကို နူးညံ့သိမ်မွေ့လာအောင် စွမ်းဆောင်နိုင်သူ အမျိုးသားတစ်ဦးတော့ ရှိစမြဲပင်။ လီချင်းယွင်ကတော့ ကျန်းယွီရှီးကို နူးညံ့သိမ်မွေ့လာစေသူ ဖြစ်သည်။

သူတို့နှစ်ဦး သိကျွမ်းသည်မှာ မကြာသေးသော်လည်း အတူရှိချိန် နည်းပါးသော်လည်း ဒါက ရေစက် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့နှစ်ဦး ရင်းနှီးနေသည်ကို မြင်တော့ ရှန်မုန့်ရိုက "အရှက်မရှိလိုက်တာ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

မေပယ်တောအုပ် လျှို့ဝှက်နယ်မြေ ဝင်ပေါက်တွင် လူအများအပြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

ကြယ်တာရာ ဂိုဏ်း သွေးသန့်စင်ခြင်း ဂိုဏ်း သံလက်သီး ဂိုဏ်း နှင့် ခုနစ်ပါး ပြိုင်ဘက်ကင်း ဂိုဏ်းတို့ အားလုံး ရောက်ရှိနေကြပြီ။

"သရဲဝတ်ရုံ... ဒီနှစ် မင်းခေါ်လာတဲ့ ဂိုဏ်းသားတွေက မဆိုးပါလား အခြေတည်အဆင့် အလယ်အလတ်က နှစ်ယောက်တောင် ပါတာပဲ" ပြောလိုက်သူမှာ ကြယ်တာရာ ဂိုဏ်းချုပ် လျူရှီမင်း ဖြစ်သည်။

သရဲဝတ်ရုံ ဆိုသည်မှာ သွေးသန့်စင်ခြင်း ဂိုဏ်းချုပ်၏ နာမည်ပြောင် ဖြစ်ပြီး နာမည်ရင်းမှာ ဟွာထော် ဖြစ်သည်။

"ဟီးဟီး... လျူကြီး မင်းလည်း မခေပါဘူး မင်းသားကိုတောင် ခေါ်လာသေးတာပဲ"

လျူရှီမင်းက အနည်းငယ် ပြုံးလိုက်သည်။ "လူငယ်တွေကို တစ်သီးပုဂ္ဂလ လုပ်ခိုင်းနေတာထက် အတွေ့အကြုံ ရစေတာက ပိုကောင်းပါတယ်"

သံလက်သီး ဂိုဏ်းချုပ် ချီကျုံးဇယ် နှင့် ခုနစ်ပါး ပြိုင်ဘက်ကင်း ဂိုဏ်းခေါင်းဆောင် လုရှုံးတို့ တိတ်ဆိတ်နေကြသည်။

ဂိုဏ်းချုပ်တိုင်း၏ နောက်တွင် ဂိုဏ်းသားအချို့ ရပ်နေကြသည်။

ထိုအချိန်တွင် ဝေါခနဲ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အားလုံး မော့ကြည့်လိုက်ရာ ရှန်လီယွမ်က ဂိုဏ်းသားများနှင့်အတူ ဓားပျံစီးကာ ရောက်လာသည်ကို တွေ့လိုက်ရသည်။

ကျန်းယွီရှီးနှင့် ရှန်မုန့်ရိုတို့သည် ရင်သပ်ရှုမောဖွယ် လှပပြီး ပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက်များ ရှိကြသဖြင့် ချက်ချင်းပင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

"အဲဒီ အလှပဂေး နှစ်ယောက်က ဘယ်သူတွေလဲ။ ဘယ်လိုလုပ် ဒီလောက်တောင် လှရတာလဲ"

"ဘယ်ဘက်က တစ်ယောက်ကို ငါ သိတယ် သူက ဂိုဏ်းချုပ်ရှန်ရဲ့ အချစ်တော်သမီး ရှန်မုန့်ရိုလေ။ တခြားတစ်ယောက်ကိုတော့ အရင်က မမြင်ဖူးဘူး"

"ငါ သိတယ် သူက ယွင်ဟိုင် စီးပွားရေးအသင်းရဲ့ ဒုဥက္ကဋ္ဌ ကျန်းယွီရှီးပဲ"

"အရမ်းလှတာပဲ နတ်သမီးလေးတွေ ကျနေတာပဲ"

ဂိုဏ်းသားတစ်စု အံ့သြမှင်သက်နေကြသည်။

ဓားပျံသည် ကြယ်တံခွန်အလား ထိုးဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်း ရှန်လီယွမ်နှင့်အဖွဲ့ လူအုပ်ကြားသို့ ရောက်ရှိလာသည်။

ရှန်လီယွမ် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ "မိတ်ဆွေတို့... တွေ့ရတာ ဝမ်းသာပါတယ်"

ဂိုဏ်းချုပ်များကလည်း လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်ကြသည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ အော်မြည်သံများ ထပ်မံ ထွက်ပေါ်လာသည်။

ပင်လယ်ငါးမန်း ဂိုဏ်းနှင့် လီကျွယ် ဂိုဏ်းတို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။

ပင်လယ်ငါးမန်း ဂိုဏ်းခေါင်းဆောင် ရွှယ်လီသည် နှုတ်ခမ်းထူထူနှင့် လူကောင်ကြီးတစ်ဦးဖြစ်ပြီး ဂိုဏ်းသား ခြောက်ဦး ပါလာသည်။ ထိုအထဲမှ တစ်ဦးမှာ မျက်နှာထား အုံ့မှိုင်းနေပြီး အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဤသူမှာ ကျူဟန် ဖြစ်သည်။

လီကျွယ် ဂိုဏ်းချုပ် ကျာဟွမ်သည် ကြင်နာသော မျက်နှာထား မျက်လုံးသေးသေးနှင့် မျက်နှာတွင် အရေးအကြောင်းများ ရှိသည်။ သူ၏ နောက်တွင် ဂိုဏ်းသား ခြောက်ဦး ပါလာပြီး ထိုအထဲမှ တစ်ဦးမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ဖြစ်ကာ အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဤသူမှာ ထန်ရှောင်ဝမ် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း အဖွဲ့နှစ်ဖွဲ့လုံး လျှို့ဝှက်နယ်မြေ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်ရွှယ်၊ ဂိုဏ်းချုပ်ကျာ... တောင်းပန်ပါတယ်ဗျာ"

ဂိုဏ်းချုပ်များအားလုံး ဦးညွှတ်ပြီး နှုတ်ဆက်လိုက်ကြသည်။

ကျာဟွမ်နှင့် ရွှယ်လီတို့ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် မောက်မာမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဟင်းလင်းပြင်ထဲမှ လေခွင်းသံများ ထပ်မံ ထွက်ပေါ်လာသည်။

"အားလုံး စုံပြီဆိုတော့ စလိုက်ကြစို့" ဟိန်းထွက်နေသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

စကားမဆုံးခင်မှာပင် ထိုလူနှင့် အခြားဂိုဏ်းသားများ ရောက်ရှိလာကြသည်။

ပြောလိုက်သူမှာ ကွန်းလွန်ဂိုဏ်းမှ ဖြစ်သည်။ မူလဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အကြီးကဲ ရန်ဝမ်နျန် ဖြစ်ပြီး သူ၏ ဘေးတွင် ကွန်းလွန်ဂိုဏ်း သခင်လေး ဆုန့်ထျန်းယန် ရပ်နေသည်။ ဆုန့်ထျန်းယန်သည် ရွှေချီအမြုတေအဆင့် အလယ်အလတ်သို့ ရောက်ရှိနေသော အစွမ်းထက်သူတစ်ဦးဖြစ်ပြီး ထုဆစ်ထားသကဲ့သို့ ပေါ်လွင်သော မျက်နှာကျ ခန့်ညားထည်ဝါပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည်။ ရုပ်ရည်အားဖြင့် လီချင်းယွင်ထက် အနည်းငယ်သာ နိမ့်ကျသည်။

သူ၏ နောက်တွင် အခြေတည်အဆင့် အထက်တန်းအဆင့် ဂိုဏ်းသား ခုနစ်ဦး ပါလာသည်။ သူတို့အားလုံး တက်ကြွလန်းဆန်းနေပြီး စွမ်းအင်များနှင့် ယုံကြည်မှုများ ပြည့်နှက်နေသည်။

"နင်းပြည်နယ်ရဲ့ အသန်မာဆုံး ဂိုဏ်းဆိုတဲ့အတိုင်း ဂိုဏ်းသားတွေရဲ့ အင်အားက တခြားဂိုဏ်းတွေထက် အများကြီး သာလွန်နေတာပဲ။ အရင်တုန်းက ဝူချန်ဂိုဏ်းနဲ့ ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားတာပဲ" လီချင်းယွင် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဆုန့်ထျန်းယန်သည် ရှုခင်းပန်းချီ ရေးဆွဲထားသော ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားပြီး လူအုပ်ကြီးကို အနည်းငယ် ပြုံးပြလိုက်ရာ အလွန် သိမ်မွေ့ယဉ်ကျေးပုံ ပေါက်နေသည်။

"ဝါး... အရမ်းချောတာပဲ ငါ သူ့ကို ချစ်မိသွားပြီ ထင်တယ်"

"သူက ငါ့လူနော် ငါ့ဆီက လာလုဖို့ မကြိုးစားနဲ့"

"ဘာလို့ နင့်ကို ပေးရမှာလဲ ငါ သူ့ကို ရအောင်ယူမှာ"

အမျိုးသမီး ဂိုဏ်းသားနှစ်ဦး တိုးတိုးတိတ်တိတ် ငြင်းခုံနေကြသည်။

ဆုန့်ထျန်းယန်က ရှန်မုန့်ရိုနှင့် ကျန်းယွီရှီးတို့ကို ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားသည်။ "ဒီလောကကြီးမှာ ဒီလောက် ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ဒီလောက် ပြီးပြည့်စုံတဲ့ အမျိုးသမီးတွေ ရှိသေးတာပဲ။ ငါ့ရဲ့ ပါရမီနဲ့ အရည်အချင်းဆိုရင် သူတို့ကို သေချာပေါက် ရအောင်ယူနိုင်မှာ" ဟု စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။

ကျန်းယွီရှီး၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ဆုန့်ထျန်းယန်က လီချင်းယွင်ကို သတိထားမိသွားပြီး စိတ်ထဲတွင် သံသယဝင်သွားသည်။

ဒီလူက ဘယ်သူလဲ။

"သူက ငါ့ထက်တောင် ပိုချောနေပါလား"

ဘာလို့ ဒီအလှပဂေးလေးနဲ့ ဒီလောက် ရင်းနှီးနေရတာလဲ။

"ထားလိုက်ပါတော့ အလုပ်ကိစ္စ အရင်လုပ်ရအောင်။ လျှို့ဝှက်နယ်မြေ ခရီးစဉ် ပြီးမှပဲ ဒီမိန်းကလေးနှစ်ယောက်အကြောင်း စုံစမ်းတော့မယ်"

ဂိုဏ်းချုပ်တစ်ဦးစီက အနက်ရောင် သံပြားအပိုင်းအစ တစ်ခုစီ ထုတ်ယူကာ ပစ်လိုက်ပြီးနောက် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

ဝိညာဉ်အလင်းတန်းများ သံပြားအပိုင်းအစများပေါ်သို့ ကျရောက်သွားပြီးနောက် ပေါင်းစပ်သွားကာ စက်ဝိုင်းပုံ သံပြားကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသံပြားကြီးမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်နယ်မြေအပေါ်သို့ ကျရောက်သွားသည်။

ဘုန်း ဘုန်း ဘုန်း...!

ပိတ်ထားသော လျှို့ဝှက်နယ်မြေ၏ တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာသည်။

ကွန်းလွန်ဂိုဏ်း အကြီးအကဲ ရန်ဝမ်နျန်က ပြောလိုက်သည်။ "လျှို့ဝှက်နယ်မြေ ပွင့်ပြီ မြန်မြန် ဝင်ကြ"

အရပ်ရပ်မှ ဂိုဏ်းသားများ လျှို့ဝှက်နယ်မြေထဲသို့ အလုအယက် ဝင်ရောက်သွားကြသည်။

ရှန်လီယွမ်က ဂိုဏ်းသားများကို မှာကြားလိုက်သည်။ "အထဲရောက်ရင် အထူးသတိထားကြနော်"

အားလုံး ခေါင်းညိတ်လိုက်ကြပြီး လျှို့ဝှက်နယ်မြေထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။

"ကျန်းယွီရှီး... မင်း ပြန်နှင့်တော့။ ငါ ပြန်ထွက်လာမှ မင်းကို လာရှာမယ်"

ကျန်းယွီရှီးက ပြန်ပြောသည်။ "တစ်လနေရင် ကျွန်မ လာကြိုမယ်။ ဂရုစိုက်နော်"

လီချင်းယွင် ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲသို့ ပြတ်သားစွာ ခုန်ဝင်လိုက်သည်။

...

လျှို့ဝှက်နယ်မြေ အတွင်းတွင် ပန်းများ ဝေဆာပွင့်လန်းနေပြီး သစ်ပင်များ အရိပ်အာဝါသ ပေးစွမ်းနေကာ အပင်များ ရှင်သန်ကြီးထွားနေသဖြင့် စိမ်းလန်းစိုပြေသော အိုအေစစ်တစ်ခုသဖွယ် ဖြစ်နေသည်။

ဝါး... ဝိညာဉ်စွမ်းအားတွေက အရမ်း သိပ်သည်းတာပဲ။

"ဒီလို လူသူကင်းဝေးတဲ့ နေရာမှာ ရှုခင်းတွေက ဒီလောက် လှပလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး"

လီချင်းယွင် အံ့သြတကြီး ပြောလိုက်သည်။

ကျိန့်ကျွင်းဖုန်းက ပြောလိုက်သည်။ "ဝိညာဉ်အပင်တွေ မြန်မြန်စု ပြီးတော့ ရသလောက် မိစ္ဆာသားရဲတွေကို လိုက်သတ်။ ဒါ ငါတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ပဲ။ ငါတို့ မြန်မြန်လှုပ်ရှားမှ ဖြစ်မယ် မဟုတ်ရင် တခြားဂိုဏ်းတွေ ဦးသွားလိမ့်မယ်"

"ကောင်းပြီ"

အားလုံး တက်ကြွစွာ တုံ့ပြန်လိုက်ကြသည်။

ထို့နောက် ကျိန့်ကျွင်းဖုန်းက လီချင်းယွင် ဝူဝမ်ကျုံး နှင့် ရှန်မုန့်ရိုတို့ကို ဦးဆောင်ကာ လျှို့ဝှက်နယ်မြေ အတွင်း ရှာဖွေရေး စတင်လိုက်သည်။

လမ်းတစ်လျှောက်တွင် အခြားဂိုဏ်းသား အများအပြား မိစ္ဆာသားရဲများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို တွေ့ရပြီး အလွန် ရှုပ်ထွေးသော မြင်ကွင်းဖြစ်နေသည်။

"ဒီနားမှာ ဘာမှ မရှိတော့ဘူး ရှေ့ဆက်သွားကြည့်ရအောင်" ကျိန့်ကျွင်းဖုန်းက တိုက်တွန်းလိုက်သည်။

"ကောင်းပြီ"

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်လောက် ကြာသောအခါ ဝူဝမ်ကျုံး ရုတ်တရက် အော်ဟစ်လိုက်သည်။ "ရှေ့ကို ကြည့်လိုက် ဝိညာဉ်အပင်တွေ အများကြီးပဲ"

အားလုံး အတူတူ ပြေးသွားကြသည်။

"သစ်ခွသုံးရွက် ဆယ်နှစ်သားမျိုးစိတ်ပဲ ကံကောင်းတာပဲကွာ" ကျိန့်ကျွင်းဖုန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒီဝိညာဉ်အပင်တွေကို အရင် ခူးလိုက်ကြရအောင်"

အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ကြသဖြင့် ပစ္စည်းများ အမြန်စုဆောင်းပြီးသွားသည်။

"ကြည့်ပါဦး... ဟိုဘက်မှာ ချီစုစည်းခြင်းအဆင့် အစင်းခုနစ်စင်း ပင့်ကူအုပ်ကြီး ရှိတယ်" ရှန်မုန့်ရို ပြောလိုက်သည်။

"ငါ့တာဝန် ထားလိုက်" ဝူဝမ်ကျုံး ရှေ့ထွက်သွားပြီး မကြာမီ အစင်းခုနစ်စင်း ပင့်ကူအားလုံးကို ရှင်းလင်းလိုက်သည်။

နောက်ရက်များတွင် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်။ မိစ္ဆာသားရဲများကို လိုက်လံသတ်ဖြတ်ခြင်း ဝိညာဉ်အပင်များ ရှာဖွေခြင်းနှင့် မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရခြင်းတို့ ဖြစ်သည်။ အဆင့်တွေကလည်း သိပ်မမြင့်လှဘဲ အများစုမှာ အခြေတည်အဆင့် ကနဦးနှင့် ချီစုစည်းခြင်း အဆင့်များသာ ဖြစ်သည်။

တစ်နေ့တွင် တောအုပ်ထဲ၌ မိစ္ဆာသားရဲ ရှာဖွေနေစဉ် ဝံပုလွေမိစ္ဆာအုပ် တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။

"တိုက်... သတ်ပစ်လိုက်" ဝူဝမ်ကျုံးက ဟိန်းဟောက်ပြီး ဝံပုလွေအုပ်ထဲသို့ အရင်ဆုံး ပြေးဝင်သွားသည်။ ကျိန့်ကျွင်းဖုန်း ရှန်မုန့်ရို နှင့် လီချင်းယွင်တို့လည်း ကပ်လျက် လိုက်ပါသွားကြသည်။

မကြာမီ ကျိန့်ကျွင်းဖုန်းနှင့် အခြားနှစ်ဦးတို့သည် သူတို့ရှေ့ရှိ ဝံပုလွေမိစ္ဆာများအားလုံးကို သတ်ဖြတ်လိုက်ကြသည်။

လီချင်းယွင်ကတော့ ဝံပုလွေမိစ္ဆာတစ်ကောင်နှင့် တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ခိုက်ရင်း ဆဲဆိုနေသည်။ "မင်းကို သေအောင် ရိုက်မယ်ကွာ ခွေးကောင်... မျက်လုံးဖောက်မယ် လည်ပင်းညှစ်မယ် မျောက်မက်မွန်သီးခိုး (ပေါင်ကြားကန်) မယ် ဟား ဟား ဟား... မင်းက ငါ့ကို ကိုက်ရဲတယ်ပေါ့ 'သေ' ဆိုတဲ့ စာလုံးပေါင်းကို မသိလို့ နေမှာပေါ့လေ"

ရှန်မုန့်ရိုက ပြောလိုက်သည်။ "ဝံပုလွေမိစ္ဆာလေး တစ်ကောင်ကို ရိုက်တာများ အဲဒီလောက် စိတ်လှုပ်ရှားနေဖို့ လိုလို့လား"

လီချင်းယွင်က ဝံပုလွေမိစ္ဆာ အလောင်းကို ဘေးသို့ ပစ်လိုက်ပြီး အမောတကော ပြောလိုက်သည်။ "ဒီဝံပုလွေက တော်တော် ဆိုးတာဗျ ခုနက ကျွန်တော့်တင်ပါးကို ကိုက်မလို့ လုပ်တာ"

"ဝေါင်း...!"

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေဟောင်သံများ ထွက်ပေါ်လာသည်။

ဆယ်မီတာကျော် ရှည်လျားသော ဝံပုလွေမိစ္ဆာ လေးကောင်က သူတို့ကို ဝိုင်းထားလိုက်သည်။ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ တောက်ပနေပြီး အစွယ်များကို ဖြဲထားကာ လီချင်းယွင်နှင့် အဖွဲ့ကို စူးစိုက်ကြည့်နေကြသည်။

နှစ်ကောင်မှာ အခြေတည်အဆင့် အလယ်အလတ် ဖြစ်ပြီး ကျန်နှစ်ကောင်မှာ အခြေတည်အဆင့် အထက်တန်းအဆင့် ဖြစ်သည်။

"ဒုက္ခပဲ" ကျိန့်ကျွင်းဖုန်းက လေးနက်စွာ ပြောလိုက်သည်။ "ထွက်ပြေးဖို့ လမ်းရှာကြ"

အခြေတည်အဆင့် အလယ်အလတ် ဝံပုလွေမိစ္ဆာ တစ်ကောင်က လီချင်းယွင် သတ်လိုက်သော ဝံပုလွေပေါက်လေး၏ ဘေးသို့ ပြေးသွားပြီး ရင်ကွဲပက်လက် အော်ဟစ်ငိုကြွေးနေသည်။

ခဏအကြာတွင် လီချင်းယွင်ဘက်သို့ လှည့်ကာ "မင်း ငါ့သားကို သတ်လိုက်တာလား" ဟု မေးလိုက်သည်။

လီချင်းယွင် နှုတ်ခမ်းမဲ့သွားသည်။ "မဖြစ်နိုင်တာ... ဒါ မင်းသားဆိုရင် မင်းက သူ့ရဲ့ ဘာလဲ"

"ငါက သူ့အမေပဲ ဝံပုလွေဘုရင်မလေ"