အခန်း (၂၀) အဲဒါလေးနဲ့ မျက်နှာသုပ်ချင်လို့ပါ
ပင်မခန်းမဆောင် အပြင်ဘက်တွင် ရှန်မုန့်ရိုသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ကျန်းယွီရှီးအနားသို့ လျှောက်သွားကာ ပြောလိုက်သည်။ "သခင်မလေးကျန်း... ပြောစရာလေး ရှိလို့ပါ။ ကျွန်မတို့က မိန်းကလေးအချင်းချင်းပဲဟာ အလိမ်ခံရမှာစိုးလို့ လာပြောပြတာပါ"
"ဂိုဏ်းတူအစ်မကြီးရှန်... ပြောပါ"
"လီချင်းယွင်က လူလိမ်ကြီး အရှက်မရှိတဲ့ လူယုတ်မာပါ"
ကျန်းယွီရှီးက အံ့သြစွာ မေးလိုက်သည်။ "ဘာလို့ အဲဒီလို ပြောတာလဲ"
ရှန်မုန့်ရိုက ကျန်းယွီရှီးအနား ကပ်သွားပြီး လီချင်းယွင်အကြောင်း သူမ၏ အမြင်များကို ပြောပြလိုက်သည်။ လီချင်းယွင်က သူမ၏ တင်ပါးကို ရိုက်ခဲ့သည့် အကြောင်းအပြင် မိန်းကလေးငယ်လေးများနောက် လိုက်လေ့ရှိသည် ဆိုသောအချက်ကို အထူးတလည် အလေးပေး ပြောကြားလိုက်သည်။
ကျန်းယွီရှီးက ချိုသာစွာ ပြုံးလိုက်သည်။ "သူက တော်တော် ရယ်ရတာပဲနော်"
ကျန်းယွီရှီးက ဂရုမစိုက်သည်ကို မြင်တော့ ရှန်မုန့်ရိုက ပိုပြီး အလေးအနက်ထားကာ တောင်းပန်သလို ပြောလိုက်သည်။ "လီချင်းယွင်က တကယ် လူယုတ်မာပါ သခင်မလေးကျန်းရယ်။ ယောက်ျားတွေ အများကြီး ရှိပါတယ်။ အခုချိန် လမ်းခွဲလိုက်တာ နောက်မကျသေးပါဘူး"
"ဒါဆို ဂိုဏ်းတူအစ်မကြီးရှန်က ဂိုဏ်းတူအစ်ကိုလီကို မကြိုက်တော့ဘူးပေါ့" ကျန်းယွီရှီးက ပြန်မေးလိုက်သည်။
"ဒါပေါ့... ကျွန်မက အတုံးအအမှ မဟုတ်တာ အဲဒီလို ညစ်ပတ်တဲ့ ယောကျ်ားမျိုးကို ဘယ်စိတ်ဝင်စားမလဲ"
ကျန်းယွီရှီး ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဝမ်းသာလိုက်တာ။ ဂိုဏ်းတူအစ်မကြီးရှန်... အမှန်အတိုင်း ပြောရရင် ကျွန်မ ဂိုဏ်းတူအစ်ကိုလီကို တကယ် သဘောကျနေတာ။ ဂိုဏ်းတူအစ်မကြီးများ လုယူသွားမလားလို့ စိုးရိမ်နေတာ အခုလို ကြားရတော့ စိတ်အေးသွားပြီ"
"ဒါဆို သဘောတူပြီနော် ဂိုဏ်းတူအစ်ကိုလီက ကျွန်မအပိုင်ပဲ ဘယ်လိုလဲ"
ရှန်မုန့်ရို သွေးအန်မတတ် ဖြစ်သွားသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ငါက လီချင်းယွင်ကို လက်လျော့ဖို့ လာဖျောင်းဖျတာ မဟုတ်ဘူးလား။
ဘာလို့ ဇာတ်လမ်းက တခြားစီ ဖြစ်သွားတာလဲ။
ရှန်မုန့်ရို ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ ပြောပြီးကာမှ ပြန်ပြင်လို့လည်း မရတော့။ ထို့ကြောင့် "သဘောပဲ လမ်းပေါ်မှာ အဲဒီလိုလူမျိုးတွေ ပုံနေတာပဲ ငါ ဂရုမစိုက်ပါဘူး" ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် လီချင်းယွင် ထွက်လာသည်။ "ကျန်းယွီရှီး... သွားကြစို့"
"ကောင်းပြီ"
သူတို့နှစ်ဦး စကားတပြောပြော ရယ်မောရင်း ဂိုဏ်းတံခါးဝဘက်သို့ ထွက်ခွာသွားကြသည်။
ရှန်မုန့်ရိုက "လူယုတ်မာ" ဟု မကျေမနပ် ရေရွတ်လိုက်သည်။
"ရှောင်ရို၊ ကျွင်းဖုန်း၊ ဝမ်ကျုံး... ဝင်ခဲ့ကြ" ပင်မခန်းမဆောင်ထဲမှ ရှန်လီယွမ်၏ အသံ ထွက်ပေါ်လာသည်။
ခန်းမထဲ ဝင်လိုက်သည်နှင့် သုံးဦးသားမှာ တောင်ပုံရာပုံ စုပုံနေသော အမြုတေများ ဝိညာဉ်အပင်များ ရတနာများနှင့် လက်နက်များကို တွေ့လိုက်ရသည်။
"အဖေ... ဘယ်လိုလုပ် ဒီလောက် အများကြီး ရလာတာလဲ" ရှန်မုန့်ရို အံ့သြသွားသည်။
ရှန်လီယွမ် ရယ်မောလိုက်သည်။ "ချင်းယွင်က လျှို့ဝှက်နယ်မြေထဲကနေ ယူလာပေးတာကွ"
ထိတ်လန့်ခြင်း!
ကျောက်ရုပ်ဖြစ်သွားခြင်း!
အသက်ရှူရပ်သွားခြင်း!
ရှန်မုန့်ရို ကျိန့်ကျွင်းဖုန်း နှင့် ဝူဝမ်ကျုံးတို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
"ဒါ... ဒါတွေ အကုန်လုံး... ဂိုဏ်းတူညီလေးလီက လျှို့ဝှက်နယ်မြေကနေ ယူလာတာလား" ကျိန့်ကျွင်းဖုန်း အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။
ရှန်မုန့်ရို ထိတ်လန့်သွားပြီး "ဒီပစ္စည်းတွေက တန်ဖိုးမဖြတ်နိုင်ဘူး လီချင်းယွင်က ဘယ်လိုလုပ် ပေးရက်တာလဲ" ဟု တွေးနေမိသည်။
"မဖြစ်နိုင်ဘူး... သူက အောက်တန်းကျ အရှက်မရှိ ရိုင်းစိုင်းပြီး သူရဲဘောကြောင်တဲ့ လူစားမျိုး မဟုတ်ဘူး"
"ငါ သူ့ကို အထင်လွဲနေခဲ့တာများလား"
"ဒါ့အပြင် လျှို့ဝှက်နယ်မြေထဲတုန်းက ငါ့တင်ပါးကို ရိုက်ခဲ့ပေမဲ့ ငါ့ကို ကယ်တင်ခဲ့တာပဲလေ"
ဒါကို တွေးမိတော့ ရှန်မုန့်ရို ဇဝေဇဝါ ဖြစ်သွားသည်။
"သူက ဘယ်လိုလူစားမျိုးလဲ" ရှန်မုန့်ရို စဉ်းစားခန်း ဖွင့်နေမိသည်။
ရှန်လီယွမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဒီအရင်းအမြစ်တွေနဲ့ဆိုရင် ရေခဲနှင်းနတ်ဘုရားနယ်မြေရဲ့ အတိုင်းအတာကို ချဲ့ထွင်နိုင်မယ် ဂိုဏ်းသားတွေရဲ့ စွမ်းရည်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်မယ် မကြာခင် တတိယတန်းစား ဂိုဏ်းတစ်ခု ဖြစ်လာတော့မယ်"
"ဂိုဏ်းတူညီလေးလီက ပစ္စည်းကောင်းတွေ ဒီလောက်အများကြီး ရထားတာတောင် ကျွန်တော့်ကို မပြောပြဘူးဗျာ" ဝူဝမ်ကျုံးက နောက်ပြောင်လိုက်သည်။ "ကျွန်တော်က ခိုးမယ်လို့ ထင်နေတာလား မသိဘူး"
ရှန်လီယွမ် ပြုံးပြီး ပြောလိုက်သည်။ "သားရဲချောက်ကမ်းပါးထဲက အခွင့်အရေးတွေ အကုန်လုံး သူယူလာတာမို့လို့လေ။ လူသိများလေ အန္တရာယ်များလေပဲ။ ဒါကြောင့် ပြန်မရောက်ခင်အထိ ထုတ်မပြောခဲ့တာ နေမှာပါ"
ဝူဝမ်ကျုံး ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ။ ဂိုဏ်းတူညီလေးလီက ဒီလောက် စွမ်းလိမ့်မယ်လို့ မထင်ထားဘူး။ တကယ် လေးစားစရာပဲ"
ကျိန့်ကျွင်းဖုန်းကတော့ မျက်နှာထား အုံ့မှိုင်းပြီး တိတ်ဆိတ်နေသည်။
ထို့နောက် ရှန်လီယွမ်က လွန်ခဲ့သော တစ်လတာ ကာလအတွင်း သူတို့ သုံးဦး၏ အတွေ့အကြုံများကို မေးမြန်းလေသည်။
လျှို့ဝှက်နယ်မြေအတွင်း ပင်လယ်ငါးမန်း ဂိုဏ်းမှ ကျူဟန်နှင့် လီကျွယ် ဂိုဏ်းမှ ထန်ရှောင်ဝမ် တို့၏ လုပ်ရပ်များကို ကြားသိလိုက်ရသောအခါ ရှန်လီယွမ် ဒေါသထွက်လွန်း၍ ဘေးနားရှိ ကုလားထိုင်ကို ရိုက်ခွဲပစ်လိုက်သည်။ "တစ်နေ့ကျရင် ဒီကိစ္စအတွက် တရားမျှတမှု ရအောင် ပြန်တောင်းရမယ်"
တဆက်တည်းမှာပင် သူသည် ကျိန့်ကျွင်းဖုန်းအပေါ် အလွန် စိတ်ပျက်မိသွားသည်။
"ငယ်ငယ်ကတည်းက ပျိုးထောင်လာခဲ့တာ သေမှာကြောက်ပြီး သူရဲဘောကြောင်လိမ့်မယ်လို့ မထင်ထားဘူး။ ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်ရဲ့ အရည်အချင်း လုံးဝ မရှိဘူး"
...
တဖက်တွင်...
လီချင်းယွင်နှင့် ကျန်းယွီရှီးတို့ တောင်ထိပ်သို့ ရောက်ရှိလာပြီး ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ အဝေးသို့ ငေးကြည့်ရင်း အောက်ဘက်ရှိ လှပသော ရှုခင်းများကို ခံစားနေကြသည်။ စိတ်လက်ပေါ့ပါး လန်းဆန်းနေကြသည်။
"မင်းတင်ပါးကို ဘာလို့ရိုက်ခဲ့လဲ ဆိုတာ ပြောပြမယ်လို့ ကတိပေးထားတယ်လေ မှတ်မိလား" လီချင်းယွင်က မေးလိုက်သည်။
"အင်း" ကျန်းယွီရှီးက မျက်နှာရဲရဲလေးဖြင့် ခေါင်းညိတ်လိုက်သည်။
"သေချာ နားထောင်နော်... မင်းတင်ပါးကို ရိုက်လိုက်ရင် ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတယ်"
ကျန်းယွီရှီး အံ့သြသွားသည်။ "တကယ်လား"
"လုံးဝ အမှန်ပဲ" လီချင်းယွင်က လေးနက်စွာ ပြောလိုက်သည်။ "မင်းတင်ပါးကို ရိုက်လိုက်တုန်းက ချီစုစည်းခြင်း တတိယအဆင့်ကနေ အဋ္ဌမအဆင့်ကို တက်သွားတယ်။ မင်းတင်ပါးကို ပွတ်သပ်လိုက်တုန်းက ရေခဲတောင်ပံကို ရခဲ့တာ"
လီချင်းယွင်၏ ရှင်းပြချက်ကို နားထောင်ပြီး ကျန်းယွီရှီး မယုံနိုင်အောင် ဖြစ်နေသည်။
ကျန်းယွီရှီး သံသယဖြစ်နေသည်ကို လီချင်းယွင် သတိထားမိသဖြင့် ဝိညာဉ်စွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်သည်။ ရေခဲမှော် သံချပ်ကာက သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားပြီး ရေခဲတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် လီချင်းယွင်သည် ကြည်လင်တောက်ပနေပြီး အလွန်ချောမောခန့်ညားသော မျက်နှာ ထည်ဝါသော ကိုယ်လုံးကိုယ်ပေါက်တို့ဖြင့် တောက်ပနေသည်။ သူမကို ကယ်တင်ခဲ့စဉ်ကထက် ပိုမို သူရဲကောင်းဆန်ပြီး ထူးခြားနေကာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ကျန်းယွီရှီး၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
သူမ၏ ပါးပြင်များ ရဲသွေးသမ်းလာသည်။
ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် ဖြစ်သော်လည်း သူမ ဒီလောက်ထိ တစ်ခါမှ ရင်မခုန်ဖူးပေ။
လီချင်းယွင်က ညာလက်ဖြင့် ကျန်းယွီရှီး၏ ခါးလေးကို ဖက်လိုက်ပြီး ရေခဲတောင်ပံ ခတ်လိုက်ရာ တောက်ပသော ကြယ်တံခွန်အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ကျန်းယွီရှီးသည် လီချင်းယွင်ဆီမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။
အောက်ဘက်မှ လှပသော ရှုခင်းများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ တစ်ခဏတွင် မိုးထိအောင် မြင့်မားသော နှင်းဖုံးတောင်များ တစ်ခဏတွင် အဆုံးမရှိ ကျယ်ပြန့်သော မြက်ခင်းပြင်များ လေတိုက်တိုင်း ယိမ်းနွဲ့နေသော မြက်ပင်စိမ်းစိမ်းများက သမုဒ္ဒရာလှိုင်းလုံးများအလား လှုပ်ရှားနေသည်။
နောက်တစ်ခဏတွင် သစ်ပင်အုပ်များ ထူထပ်သော တောအုပ်ကြီး စိမ်းလန်းစိုပြေသော သစ်ပင်များကြားမှ နေရောင်ခြည်များ ဖြာကျနေပြီး အရိပ်များ ကျရောက်နေသည်။
မျက်စိတစ်မှိတ်အတွင်း လှိုင်းလုံးများ ထန်နေသော ပင်လယ်ပြင်ကြီး မြင်ကွင်းထဲ ဝင်လာသည်။ သဘာဝတရား၏ အကန့်အသတ်မရှိသော စွမ်းအားများကို ခံစားလိုက်ရသည်။
ကျန်းယွီရှီးက တိုးတိုးလေး ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင်က ဒီလောက် မြန်မြန် ပျံနိုင်တာပဲ ဘာလို့ မပျံတတ်ဘူးလို့ ဟန်ဆောင်နေတာလဲ"
"အရေးကြုံရင် လွတ်မြောက်နိုင်ဖို့အတွက် ဝှက်ဖဲတချို့ ချန်ထားရတာပေါ့"
"ငါ ပျံတတ်တယ်ဆိုတာ သိတဲ့ ပထမဆုံးလူက မင်းပဲ"
ကျန်းယွီရှီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘာလို့ ကျွန်မကို လျှို့ဝှက်ချက်တွေ ပြောပြတာလဲ"
လီချင်းယွင် ပြုံးပြီး ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဒီနှစ်တွေအတွင်း ကိုယ့်အပေါ် အကောင်းဆုံး ဆက်ဆံပေးခဲ့တာ မင်းမို့လို့လေ မင်းကို ယုံတယ်"
ဒါကို ကြားတော့ ကျန်းယွီရှီး ရင်ထဲ နွေးထွေးသွားပြီး ပျော်ရွှင်သော အပြုံးတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦး ယွင်ဟိုင် စီးပွားရေးအသင်း၏ နောက်ဖေးခြံဝင်းထဲရှိ ဇရပ်သို့ ရောက်ရှိသွားသည်။
ကျန်းယွီရှီးက နူးညံ့စွာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ကျွန်မ ထမင်းသွားပြင်ခိုင်းလိုက်ဦးမယ်။ ခဏစောင့်နော်"
"ကောင်းပြီ"
ခဏအကြာတွင် ကျန်းယွီရှီး လက်ဖက်ရည်ယူပြီး ပြန်ရောက်လာသည်။
လီချင်းယွင်က သိုလှောင်အိတ်ထဲမှ ဖူရှီ ဂူချင်း ကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်သည်။ "ကျန်းယွီရှီး... မင်းအတွက် လက်ဆောင်"
ကျန်းယွီရှီးက ဂူချင်းကို ကြည့်ပြီး အံ့သြဝမ်းသာ ဖြစ်သွားသည်။ "ဒါ... ဒါ ဒဏ္ဍာရီလာ ဧကရာဇ် လက်နက်... ဖူရှီ ဂူချင်း မလား"
လီချင်းယွင် ခေါင်းညိတ်လိုက်သည်။ "ယွင်ဟိုင် စီးပွားရေးအသင်း ဒုဥက္ကဋ္ဌ ဆိုတဲ့အတိုင်း တကယ် ဗဟုသုတ ကြွယ်ဝတာပဲ"
ကျန်းယွီရှီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်မ မိသားစု စာအုပ်တွေထဲမှာ ဖတ်ဖူးလို့ပါ။ ရတနာတွေကို အဆင့်ခွဲမယ်ဆိုရင် [သာမန်လက်နက်] [မြင့်မြတ်သော လက်နက်] [ဝိညာဉ်လက်နက်] [ဧကရာဇ် လက်နက်] နဲ့ [တစ်ဝက်မသေမျိုး လက်နက်] ဆိုပြီး ရှိတယ်။"
"တစ်ဝက်မသေမျိုး လက်နက်လို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ရတနာတွေက ပျောက်ကွယ်သွားတာ ကြာပြီ။ ဒါကြောင့် ဧကရာဇ် လက်နက်က လောကမှာ အစွမ်းအထက်ဆုံး ရတနာပဲ။ ကျွန်မတို့ ယွင်ဟိုင် စီးပွားရေးအသင်းမှာ တစ်ခုပဲ ရှိတယ် အဲဒါက ကျွန်မအဘိုးရဲ့ အသက်သွေးကြော လက်နက်လေ"
"ကျွန်မရဲ့ အရင် ဂူချင်းက ဝိညာဉ်လက်နက် အဆင့်ပဲ ရှိတာ။ အဲဒါတောင် တော်တော် တန်ဖိုးကြီးနေပြီ"
"ဒီလောက် တန်ဖိုးကြီးတဲ့ ရတနာကို ကျွန်မ လက်မခံနိုင်ပါဘူး"
လီချင်းယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ပေးပြီးသားပဲဟာ ယူထားလိုက်ပါ"
"ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ ကိုယ့်အတွက် မင်းရဲ့ တန်ဖိုးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး"
ကျန်းယွီရှီး၏ ပါးပြင်များ ချက်ချင်း ရဲသွေးသမ်းသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ"
"ဂူချင်းလေး တစ်လက်ပဲဟာ ဘာမှ မဟုတ်ပါဘူး။ နောက်ကျရင် ပိုတန်ဖိုးရှိတာ ပေးဦးမှာ"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုလီ" ကျန်းယွီရှီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"နောက်ထပ် လက်ဆောင်တစ်ခု ရှိသေးတယ်" လီချင်းယွင်က ဝိညာဉ်အပင်တစ်ပင် ထုတ်လိုက်သည်။ "ဒါက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မီးဝိညာဉ် လင်းဇီး ပါ။ စားလိုက်ရင် ကျင့်ကြံမှုအဆင့် တက်လာလိမ့်မယ်"
ကျန်းယွီရှီး အလွန် စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလာသည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင်က ကျွန်မအပေါ် သိပ်ကောင်းတာပဲ"
လီချင်းယွင်က ရေတံခွန်ကဲ့သို့ ကျဆင်းနေသော ကျန်းယွီရှီး၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ "မင်းက ကိုယ့်အပေါ် ကောင်းတာကိုး ကိုယ်ကလည်း မင်းအပေါ် ပိုကောင်းပေးရမှာပေါ့"
ကျန်းယွီရှီး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ "ဂိုဏ်းတူအစ်ကိုလီ... ရှင့် ကျွန်မကို သဘောကျလား"
လီချင်းယွင် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ "သဘောကျတာပေါ့"
သူက ငတုံးမှ မဟုတ်တာ ဘယ်လိုလုပ် သဘောမကျဘဲ နေမလဲ။ သူမ၏ ရင်ဘတ်အစုံက မို့မောက်နေသည် ခါးလေးက သေးသွယ်သည် ခြေတံများက ရှည်လျားဖြောင့်စင်းပြီး ဖြူဝင်းနေသည် ဆွဲဆောင်မှုရှိသော တင်ပါးလေးများက ယောက်ျားတိုင်းအတွက် သေလောက်အောင် ဆွဲဆောင်မှု ရှိနေသည်။ ဒါ့အပြင် ကျန်းယွီရှီးက စိတ်ထားကောင်းပြီး သူ့အပေါ် အရမ်းကောင်းသည်။
"ဒါဆို ကျွန်မ ရှင့်ရဲ့ ကျင့်ကြံဖော် လုပ်ပေးရမလား" ကျန်းယွီရှီးက ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကောင်းတာပေါ့" လီချင်းယွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကျန်းယွီရှီးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
နူးညံ့သော အထိအတွေ့ ချောမွတ်သော အသားအရေနှင့် ရင်ဘတ်ချင်း ထိကပ်ထားသော နွေးထွေးမှုတို့ကြောင့် လီချင်းယွင် ဓာတ်လိုက်သလို ခံစားလိုက်ရသည်။
"အရမ်း ကောင်းတာပဲ"
လီချင်းယွင်၏ လက်များက နေရာတကာ လျှောက်သွားပြီး ကျန်းယွီရှီး၏ တင်ပါးကို ပွတ်သပ်လိုက်သည်။
"ဂိုဏ်းတူအစ်ကိုလီ... မလုပ်ပါနဲ့" ကျန်းယွီရှီးက ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကျန်းယွီရှီး... မင်းရဲ့ ဂါဝန်အသားက အရမ်း ကောင်းတာပဲနော်။ ဘာအသားနဲ့ ချုပ်ထားတာလဲ။ တစ်ထည်လောက် ဝယ်ပြီး မျက်နှာသုပ်ရင် ကောင်းမလားလို့"
လီချင်းယွင် နည်းနည်း စိတ်လှုပ်ရှားသွားသည်။ လူငယ်ဆိုတော့ သွေးသားဆန္ဒ ပြင်းပြတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ သူ လောကြီးသွားမှန်း သတိထားမိလိုက်ပြီး ကာမစိတ်ကြွသူလို့ အထင်မခံရအောင် ဆင်ခြေပေးပြီး အခြေအနေကို ထိန်းလိုက်ရသည်။
ကျန်းယွီရှီး ကြောင်သွားသည်။ "ဒါက..."
...
ညစာစားပြီးနောက်။
လီချင်းယွင် ကျန်းယွီရှီးကို နှုတ်ဆက်ပြီး ရေခဲတောင်ပံ ဖြန့်ကျက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ရေခဲနှင်းနတ်ဘုရားနယ်မြေသို့ ပြန်ရောက်လာသည်။
ဂိုဏ်းတံခါးမှ ဝင်ပြီး ရှန်မုန့်ရို၏ အခန်းရှေ့သို့ ရောက်သွားသည်။
"ဂိုဏ်းတူအစ်မကြီးရှန်... ရှိလား"
တံခါးချက်ချင်း ပွင့်လာသည်။ "ဘာကိစ္စလဲ"
ရှန်မုန့်ရိုက အခုထိ စိတ်ကောက်မပြေချင်သေးဘဲ လီချင်းယွင်အပေါ် လေသံမကောင်းလှပေ။
လီချင်းယွင်က နောက်ဆုံးကျန်သော မီးဝိညာဉ် လင်းဇီး ကို ထုတ်ပေးလိုက်သည်။ "ဂိုဏ်းတူအစ်မကြီး... ရော့... ယူလိုက်"
"ဒါ ဘာလဲ"
"ဒါက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မီးဝိညာဉ် လင်းဇီး ပါ။ စားလိုက်ရင် ကျင့်ကြံမှုအဆင့် တက်လာလိမ့်မယ်"
"အရင်တုန်းက အစ်မကြီးကို စော်ကားမိခဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ လက်ခံပေးပါ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: