အခန်း (၅၁) ရှင်က ကျွန်မ တွေ့ဖူးသမျှ အောင်သွယ်တွေထဲမှာ အရိုးသားဆုံးပဲ
ညနေ ၆ နာရီ။
ဦးလေး (ကျန်းယုံကွေ့) အိမ်။
"ရှောင်ဖုန်း... ဒါက ဒီခရိုင်မြို့မှာ အကောင်းဆုံး ဘဲပေါင်းဆိုင်က ဝယ်လာတာ။ စားကြည့်၊ အရသာ ဘယ်လိုလဲလို့။"
"ရှောင်ဖုန်း... ဒီ မျှစ်နဲ့ဝက်သားကြော်က အဒေါ့်လက်ရာ။ မြည်းကြည့်ပါဦး။"
"ရှောင်ဖုန်း... ဒါ အဒေါ့်လုပ်ဖော်ကိုင်ဖက် ပေးတဲ့ အမဲခြောက်လေ။ သူ့ချွေးမက စီချွမ်က ပြန်လာရင်း ယူလာပေးတာ။ အရသာ တော်တော်ကောင်းတယ်။ မင်းဦးလေးရော အဒေါ်ရော ကြိုက်တယ်။ မင်းလည်း စားကြည့်။"
"ရှောင်ဖုန်း... ဒါကတော့..."
ညစာစားပွဲမှာ အဒေါ်ဖြစ်သူက ကျန်းဖုန်းကို အလွန်နွေးထွေးစွာ ဧည့်ခံနေသည်။ ဟင်းတွေ ခဏခဏ ထည့်ပေးနေပြီး သူမရဲ့ ဆက်ဆံပုံက အရင်ကထက် အများကြီး ပိုကောင်းမွန်နေသည်။
တကယ်တော့ အရင်တုန်းကလည်း အဒေါ်က သူ့အပေါ် ကောင်းပါတယ်။ သူက ငယ်ငယ်ကတည်းက စာတော်ပြီး "သူများအိမ်က ကလေး" (စံပြကလေး) ဖြစ်ခဲ့တာကိုး။ ကျောင်းမှာ ဆရာတွေချစ်၊ အိမ်မှာ မိဘတွေချစ်ရုံမက ဆွေမျိုးမိတ်ဆွေတွေကပါ အားကိုးတကြီး ကြည့်ခဲ့ရတဲ့ ပညာတတ်လေးလေ။
ညစာစားပွဲက မိသားစုမေတ္တာတွေနဲ့ နွေးထွေးနေခဲ့ပါတယ်။
ထမင်းစားပြီးတော့ အချိန်တော်တော် လင့်နေပြီမို့ ကျန်းဖုန်းက "အဒေါ်... ကျွန်တော် လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်။ ပြီးရင် ရွာကို တန်းပြန်တော့မယ်" လို့ ပြောလိုက်တယ်။
အဒေါ်က အမြန် တားလိုက်တယ်။ "ရှောင်ဖုန်း... ခရိုင်မြို့ကို ရောက်ခဲတာ။ ကိစ္စပြီးရင် ဘယ်အချိန်ရှိနေဦးမလဲ မသိဘူး။ ဒီမှာပဲ တစ်ညအိပ်ပြီး မနက်ဖြန်မှ ပြန်ပါလား။"
ကျန်းဖုန်း ပြုံးပြီး ငြင်းလိုက်တယ်။ "မလိုပါဘူး အဒေါ်ရယ်။ ဒီနေ့ ဖောက်သည် ၆၊ ၇ ယောက်လောက် လက်ခံထားရတာ။ သူတို့အားလုံးက ကျွန်တော် Blind date စီစဉ်ပေးမှာကို စောင့်နေကြတာ။ ဘာပဲဖြစ်ဖြစ် ဘာမှ အရေးမကြီးရင် နောက်ရက်နည်းနည်းနေရင် ကျွန်တော် ပြန်လာခဲ့ဦးမှာပါ။"
"အော်... ဟုတ်ပြီလေ။ ဒါဆို နောက်ရက်နည်းနည်းနေလို့ ပြန်လာရင် ထမင်းလာစားဦးနော်။"
"ဟုတ်ကဲ့ အဖွား၊ အဒေါ်... ကျွန်တော် သွားတော့မယ်။"
...
မြို့တောင်ဘက်ပိုင်း။
ငှားရမ်းထားသော အခန်းတစ်ခု။
ဝေယွီရှမ်းသည် ညစာ ရိုးရိုးရှင်းရှင်း စားပြီး ပန်းကန်ဆေးကာ လမ်းလျှောက်ထွက်လာခဲ့သည်။ အိမ်ထဲကထွက်ပြီး ဈေးဝယ်စင်တာဘက် လျှောက်သွားမလို့ လုပ်တုန်းမှာပဲ ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက် သူ့ရှေ့ ရုတ်တရက် ပေါ်လာပြီး "မင်္ဂလာပါ... ဝေယွီရှမ်း ဟုတ်ပါသလား" လို့ ပြုံးပြုံးလေး မေးလိုက်တယ်။
ဝေယွီရှမ်း သတိထားပြီး "ဟုတ်ပါတယ်။ ရှင်က ဘယ်သူလဲ။ ဘာကိစ္စ ရှိလို့လဲ" လို့ ပြန်မေးလိုက်တယ်။
ဒီလူငယ်ချောလေးကတော့ ကျန်းဖုန်းပါပဲ။ သူက အချိန်ကိုက် ရောက်လာပြီး ဝေယွီရှမ်း လမ်းလျှောက်ထွက်တာကို စောင့်နေခဲ့တာပါ။ သူမကို တွေ့တာနဲ့ ဖော်ရွေစွာ ပြုံးပြပြီး "မင်္ဂလာပါ အစ်မဝေ။ ကျွန်တော့်နာမည်က ကျန်းဖုန်းပါ။ ပရော်ဖက်ရှင်နယ် အောင်သွယ်တစ်ယောက်ပါ။ အစ်မနဲ့ စကားခဏလောက် ပြောလို့ အဆင်ပြေမလား" လို့ မေးလိုက်တယ်။
ဝေယွီရှမ်း သူ့ကို အံ့သြတကြီး ကြည့်ပြီး "ရှင်က ပရော်ဖက်ရှင်နယ် အောင်သွယ် ဟုတ်လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက သူမ ဘာကိုဆိုလိုလဲဆိုတာ နားလည်တာပေါ့။ "ဟုတ်ပါတယ် အစ်မဝေ။ ကျွန်တော် အသက်ငယ်ပေမယ့် အထင်မသေးပါနဲ့။ တကယ့် ပရော်ဖက်ရှင်နယ် အောင်သွယ်စစ်စစ်ပါ။ စုံတွဲ ၆ တွဲကို အောင်မြင်စွာ ပေါင်းဖက်ပေးခဲ့ပြီးပြီ။ လက်ရှိမှာ နောက်ထပ် ဖောက်သည် ၇ ယောက်၊ ၈ ယောက်လောက် လက်ခံထားရပါတယ်" လို့ ယုံကြည်မှုရှိရှိ ဖြေလိုက်တယ်။
သူ့ပုံစံက ရိုးသားပုံပေါက်တာကြောင့် (အဓိကက ချောလို့ပါ) ဝေယွီရှမ်း ယုံကြည်လိုက်ပြီး "အောင်သွယ်တော် ကျန်း... ဟုတ်လား။ ဘယ်သူက ကျွန်မနဲ့ မိတ်ဆက်ပေးတာလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ "ဒီနေရာက စကားပြောဖို့ မကောင်းဘူး။ ဟိုဘက်မှာ ကော်ဖီဆိုင် ရှိတယ်။ ကော်ဖီတစ်ခွက်လောက် တိုက်ပါရစေ" လို့ ဖိတ်ခေါ်လိုက်တယ်။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး "ကောင်းပြီလေ" လို့ ပြောလိုက်တယ်။
...
၁၀ မိနစ်အကြာ။
ကော်ဖီဆိုင် သီးသန့်ခန်းတစ်ခုထဲမှာ။ ပိုင်လျန်ခရိုင်မှာ သီးသန့်ခန်းပါတဲ့ ကော်ဖီဆိုင်တွေက ခပ်များများပါပဲ။
နှစ်ယောက်စလုံး ထမင်းစားပြီးကာစမို့ ကော်ဖီ ၂ ခွက်နဲ့ နေကြာစေ့တစ်ပန်းကန်ပဲ မှာလိုက်ကြတယ်။
စားပွဲထိုး ထွက်သွားတာနဲ့ တရားဝင် စကားစပြောကြတယ်။
ကျန်းဖုန်းက အရင်စပြောတယ်။ "အစ်မဝေ... ကျွန်တော် ဘာလို့ရောက်လာလဲဆိုတာ အစ်မ ရိပ်မိလောက်ပါပြီ။ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။ အစ်မအနေနဲ့ မကြာခင် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိလား။"
ဝေယွီရှမ်း ကော်ဖီတစ်ငုံသောက်ပြီး "ရှိတာပေါ့။ အသက်လည်း မငယ်တော့ဘူးလေ။ ရှင် မိတ်ဆက်ပေးမယ့်သူက ဘာအလုပ်လုပ်လဲ။ ဘယ်ကလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်း နေကြာစေ့တစ်ဆုပ် ယူလိုက်ပြီး ခွာစားရင်း "ကျွန်တော် မိတ်ဆက်ပေးချင်တာက ကျွန်တော်တို့ရွာက အစ်ကိုကြီးတစ်ယောက်ပါ။ နာမည်က ဝေမင်ကျယ်။ ဒီနှစ် အသက် ၃၈ နှစ်။ ရုပ်ရည်သန့်တယ်။ သူနဲ့ သူ့အဖေက မြို့နယ်ထဲမှာ ကန်ထရိုက်တာ အသေးစားလေး လုပ်ကြတယ်။ ကျေးလက်မှာဆိုရင်တော့ မိသားစုအခြေအနေ မဆိုးပါဘူး" လို့ ပြောပြတယ်။
ဝေယွီရှမ်း မျက်မှောင်ကြုတ်ပြီး "အသက်က ကျွန်မထက် နည်းနည်း ကြီးနေသလိုပဲ။ ဒုတိယ အိမ်ထောင်လား" လို့ မေးတယ်။
ကျန်းဖုန်း ခေါင်းခါပြီး "အစ်ကိုကျယ်က ရည်းစားတောင် တစ်ခါမှ မထားဖူးသေးဘူး" လို့ ဖြေလိုက်တယ်။
ဝေယွီရှမ်း သံသယဝင်သွားပြီး "အောင်သွယ်တော် ကျန်း... ရှင် ကျွန်မကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော်။ ဒီခေတ်ကြီးမှာ အသက် ၃၈ နှစ်ရှိပြီး ရည်းစားတောင် မထားဖူးဘူးဆိုတာ ဖြစ်နိုင်လို့လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ကော်ဖီတစ်ငုံသောက်ပြီး "ကျွန်တော့် အောင်သွယ်စည်းကမ်းက ရိုးသားဖို့ပါပဲ။ ဘယ်တော့မှ မလိမ်ပါဘူး။ အကြောင်းရင်း အတိအကျကို နောက်မှ ပြောပြမယ်။ ဒါပေမဲ့ ဒီအချက်ကတော့ သေချာပါတယ်" လို့ အာမခံလိုက်တယ်။
ဝေယွီရှမ်း ခဏတိတ်သွားပြီးမှ "သူ့ဓာတ်ပုံ ရှိလား" လို့ မေးတယ်။
"ရှိတာပေါ့။" ကျန်းဖုန်း ဖုန်းထုတ်ပြီး ဝေမင်ကျယ်ရဲ့ ဓာတ်ပုံကို ဖွင့်ကာ ပြလိုက်တယ်။ "ဒါက ဒီနေ့ ခိုးရိုက်လာတဲ့ ပုံတွေပါ" လို့ ပြောတယ်။
ဝေယွီရှမ်း ဖုန်းကိုယူကြည့်လိုက်တော့ ဓာတ်ပုံထဲကလူက ကြည့်ပျော်ရှုပျော် ရှိတာကို တွေ့လိုက်ရတယ်။ ရှေ့က အောင်သွယ်လေးလောက် မချောပေမယ့် ကြည့်ရတာ သက်သောင့်သက်သာ ရှိတယ်။
ကျန်းဖုန်းက သူမမျက်နှာထား ပြောင်းလဲသွားတာကို ကြည့်ပြီး "ဘယ်လိုလဲ အစ်မဝေ... မဆိုးဘူးမလား" လို့ ပြုံးပြီး မေးလိုက်တယ်။
ဝေယွီရှမ်း ဖုန်းပြန်ပေးရင်း "ဓာတ်ပုံထဲမှာတော့ မဆိုးပါဘူး။ ဒါပေမဲ့ အပြင်ပုံစံနဲ့ ဓာတ်ပုံ ဘယ်လောက်ကွာမလဲတော့ မသိဘူး" လို့ ပြောတယ်။
"အပြင်ပုံစံနဲ့ ဓာတ်ပုံ သိပ်မကွာပါဘူး။ ဒီပုံက Beauty camera သုံးမထားဘူးဆိုတာ အစ်မ ကြည့်တာနဲ့ သိမှာပါ" လို့ ကျန်းဖုန်းက ပြောတယ်။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး "အောင်သွယ်တော် ကျန်း... ရှင်ပြောသလိုဆိုရင် သူ့မိသားစုလည်း ပြည့်စုံတယ်၊ ရုပ်လည်း ချောတယ်။ ကျေးလက်မှာဆိုရင် ဒါက တော်တော်ကောင်းတဲ့ အခြေအနေပဲ။ ဒါဆို ဘာလို့ အသက် ၃၈ နှစ်အထိ ရည်းစားတောင် မထားဖူးတာလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ခဏတိတ်ဆိတ်နေပြီးမှ သက်ပြင်းချကာ "ဘာလို့လဲဆိုတော့ သူ့မှာ ဖွင့်ပြောမရတဲ့ လျှို့ဝှက်ချက် ရှိနေလို့ပါ" လို့ ဖြေလိုက်တယ်။
"ဘာလျှို့ဝှက်ချက်လဲ။"
"သူ့ရဲ့ 'ညီလေး' မှာ ပြဿနာ ရှိနေလို့ပါ။"
ဒါကိုကြားတော့ ဝေယွီရှမ်း မျက်နှာရဲသွားတယ်။ အသက် ၃၂ နှစ် ရှိနေပြီ၊ အပျိုစစ်စစ် မဟုတ်တော့ပေမယ့် ယောကျ်ားလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ပြီး ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စ ပြောရတာ ရှက်စရာ ကောင်းနေတုန်းပဲ။
ရှက်တာတွေ ပြေသွားတော့ ဝေယွီရှမ်းက ကျန်းဖုန်းကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ပြီး "အောင်သွယ်တော် ကျန်း... သူ့မှာ အဲ့လို ပြဿနာရှိနေတာကို ရှင်က ကျွန်မနဲ့ မိတ်ဆက်ပေးတယ် ဟုတ်လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ချောင်းဟန့်လိုက်ပြီး "ဒါက ကုလို့ရပါတယ်။ မဟုတ်ရင် ကျွန်တော် မိတ်ဆက်ပေးမှာ မဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။
ဝေယွီရှမ်း မျက်နှာရဲရဲနဲ့ "အခု ရောဂါပျောက်သွားပြီလား" လို့ မေးတယ်။
ကျန်းဖုန်း ခေါင်းခါပြီး "မပျောက်သေးပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် သူ ဆရာဝန်ဆီ လုံးဝ မသွားဖြစ်သေးဘူး" လို့ ဖြေတယ်။
ဝေယွီရှမ်း နားမလည်စွာနဲ့ "ဆရာဝန်ဆီ မသွားဘဲနဲ့ ကုလို့ရမယ်ဆိုတာ ရှင် ဘယ်လိုသိလဲ။ တကယ်လို့ ကုမရရင် ဘယ်လိုလုပ်မလဲ..."
ဒါ ဖြေရခက်တဲ့ မေးခွန်းပဲ။ လိုက်ဖက်မှုရမှတ်ကနေ တွက်ချက်ထားတာပါလို့ ပြောလို့မှ မရတာ။
ဒါကြောင့် ကျန်းဖုန်း မုသားလေးတစ်ခု သုံးလိုက်ရတယ်။ "ကျွန်တော် ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်ကို မေးကြည့်ပြီးပါပြီ။ ဆရာဝန်က ကုလို့ရတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော် ပြောပြလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော် အစ်မကို မလိမ်ပါဘူးဆိုတာ ယုံပေးပါ" လို့ ပြောလိုက်တယ်။
ဝေယွီရှမ်း ယုံလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ တဖက်လူက တကယ် လိမ်ချင်ရင် ဒီလို ပြောရခက်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြနေစရာ အကြောင်းမရှိဘူးလေ။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး "ရှင်က ကျွန်မ တွေ့ဖူးသမျှ အောင်သွယ်တွေထဲမှာ အရိုးသားဆုံးပဲ။ ကျွန်မ ရှင့်ကို ယုံပါတယ်" လို့ ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: