အခန်း (၅၂) အောင်သွယ်၏ ဂုဏ်သတင်း
ကော်ဖီဆိုင် သီးသန့်ခန်းအတွင်း။
ဝေယွီရှမ်းက "ရှင်က အောင်သွယ်တွေထဲမှာ အရိုးသားဆုံးပဲ" လို့ ပြောလိုက်ပြီး သူ့ကို ယုံကြည်ကြောင်း ပြသလိုက်တဲ့အခါ ကျန်းဖုန်းက ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
"အစ်ကိုကျယ်ရဲ့ အခြေအနေက အကြမ်းဖျင်းတော့ ဒါပါပဲ။ အစ်မဝေအနေနဲ့ မေးချင်တာရှိရင် မေးနိုင်သလို တောင်းဆိုစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ အားလုံး အဆင်ပြေပြီဆိုရင် Blind date စီစဉ်ပေးပါ့မယ်" လို့ ကျန်းဖုန်းက ပြောလိုက်တယ်။
ဝေယွီရှမ်း ခဏစဉ်းစားပြီး "အောင်သွယ်တော် ကျန်း... ကျွန်မမှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ လက်ထပ်ပြီးရင် ခရိုင်မြို့မှာ အခြေချနေထိုင်ချင်တယ်။ သူက လိုလိုလားလားနဲ့ ဒါကို ဖြည့်ဆည်းပေးနိုင်ရင် ကျွန်မဘက်က ဘာပြဿနာမှ မရှိပါဘူး" လို့ ပြောတယ်။
ကျန်းဖုန်း နေကြာစေ့စားရင်း "ခရိုင်မြို့မှာ အိမ်ဝယ်ပြီး အခြေချဖို့က အစ်ကိုကျယ် မိသားစုအတွက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အစ်ကိုကျယ်က သူ့အဖေနဲ့အတူ မြို့နယ်ထဲမှာ ကန်ထရိုက်တာ အသေးစားလေး လုပ်နေတာလေ။ ကျေးလက်ကို စွန့်ခွာပြီး မြို့တက်နေမယ်ဆိုရင် သူ့အလုပ်ကို ထိခိုက်မှာ စိုးရိမ်ရတယ်။"
"ဒါကြောင့် ဒီကိစ္စကို ကျွန်တော်က သူ့ကိုယ်စား သဘောတူလို့ မရသေးဘူး။ သူ့နဲ့ အရင် တိုင်ပင်ကြည့်ရဦးမယ်။"
ဝေယွီရှမ်းက "ဒီလိုပါ အောင်သွယ်တော် ကျန်း။ ကျွန်မ ခရိုင်မြို့မှာ အခြေချချင်တယ်ဆိုတာက အဓိက ကလေးပညာရေးအတွက်ပါ။ ကျေးလက်က စာသင်ကျောင်းတွေနဲ့ ခရိုင်မြို့က ပညာရေး အခြေအနေက ယှဉ်လို့မှ မရတာ။"
"ပြီးတော့ ခရိုင်မြို့မှာ အိမ်ဝယ်လိုက်ရင်တောင် ကလေးကျောင်းမတက်မချင်း အဲ့ဒီမှာ နေချင်မှ နေရမှာပါ။ ကလေးကျောင်းတက်မှ ကျွန်မက ကလေးစောင့်ရှောက်ရင်း မြို့မှာနေမယ်။ သူကတော့ သူလုပ်ချင်တာ ဆက်လုပ်လို့ ရပါတယ်" လို့ ထပ်ဖြည့်ပြောတယ်။
ကျန်းဖုန်း ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်မိတယ်။ အသက် ၃၀ ကျော် အမျိုးသမီးပီပီ မိန်းကလေးငယ်တွေထက် ပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားတတ်ပါလား။ Blind date တောင် မစရသေးဘူး၊ ကလေးကျောင်းတက်ဖို့ကိစ္စပါ ကြိုစီစဉ်နေပြီ။
ဝေယွီရှမ်းရဲ့ ရှင်းပြချက်ကြောင့် ကျန်းဖုန်း စိတ်အေးသွားပြီး "အဲ့ဒီလိုဆိုရင်တော့ ပြဿနာ မရှိလောက်ပါဘူး။ ပြန်ရောက်ရင် သူတို့နဲ့ ဆွေးနွေးပြီး Blind date စီစဉ်ပေးပါ့မယ်" လို့ ပြောလိုက်တယ်။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး "ကောင်းပါပြီ။ ကျွန်မက အခု စူပါမားကက်မှာ အလုပ်လုပ်နေတာ။ Blind date စီစဉ်မယ်ဆိုရင် ကြိုပြောပေးပါ။ မဟုတ်ရင် အလုပ်ချိန်နဲ့ တိုက်နေမှာစိုးလို့ပါ" လို့ ပြောတယ်။
"စိတ်မပူပါနဲ့။ Blind date စီစဉ်ရင် သေချာပေါက် ကြိုပြောပေးပါ့မယ်။"
ပြောရင်းနဲ့ ကျန်းဖုန်းက ပြုံးပြီး "အစ်မဝေ... အစ်ကိုကျယ်ဘက်က အခြေအနေကို သိပြီဆိုတော့ အစ်မအကြောင်းလည်း ပြောပြပါဦး" လို့ မေးလိုက်တယ်။ ကျန်းဖုန်းက ဝေယွီရှမ်းရဲ့ အချက်အလက် အကုန်လုံးကို သိပြီးသားဆိုပေမယ့် မေးသင့်မေးထိုက်တာကို မေးမှဖြစ်မယ်လေ။ မဟုတ်ရင် သူဘယ်လိုလုပ် အကုန်သိနေတာလဲဆိုတာ ရှင်းပြရ ခက်နေဦးမယ်။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး သူမရဲ့ မိသားစုအခြေအနေနဲ့ အချစ်ရေးရာဇဝင်ကို အသေးစိတ် ပြောပြတယ်။ ဘာပဲဖြစ်ဖြစ် အောင်သွယ် ကျန်းဖုန်းက ရိုးရိုးသားသားနဲ့ တစ်ဖက်လူရဲ့ လျှို့ဝှက်ချက်ကိုတောင် ကြိုပြောပြထားတာလေ။ သူမကလည်း ဘာမှ ဖုံးကွယ်မနေတော့ဘဲ ပြောသင့်တာတွေရော၊ မပြောသင့်တာတွေရော အကုန် ပြောပြလိုက်တယ်။
တစ်နာရီအကြာမှာ။ နှစ်ယောက်သား ကော်ဖီဆိုင်က ထွက်လာကြတယ်။
"အစ်မဝေ... ကျွန်တော် ပြန်တော့မယ်။ ဖုန်းနဲ့ပဲ ဆက်သွယ်ကြတာပေါ့။"
"အိုကေ... လမ်းခရီး ဂရုစိုက်မောင်းနော်။ ဘာထူးခြားမှုရှိရှိ အချိန်မရွေး ဆက်သွယ်လိုက်ပါ။"
...
ကျန်းဖုန်း ထွက်သွားပြီးနောက် ဝေယွီရှမ်း ဖုန်းထုတ်ပြီး ချင်းဟယ်မြို့နယ်က သူမ ဆွေမျိုးတစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။
သူမက ကျန်းဖုန်းကို ယုံချင်ပေမယ့် "သူတစ်ပါးကို ဒုက္ခပေးလိုစိတ် မရှိစေနဲ့၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်လိုစိတ်တော့ မွေးထားပါ" ဆိုတဲ့ စကားကို လက်ကိုင်ထားသူလေ။ ဝေယွီရှမ်းက ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူး၊ အသက် ၃၀ ကျော် ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်နေပြီ။
အောင်သွယ်က ရှေ့မှာ ဘယ်လောက်ပဲ ကောင်းကောင်းပြောပြော၊ ကွယ်ရာမှာ သူ့ဂုဏ်သတင်း ဘယ်လိုရှိလဲဆိုတာ တခြားလူဆီကနေ စုံစမ်းအတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါက မရှိမဖြစ် လုပ်ရမယ့် အလုပ်ပါပဲ။
ဖုန်းထဲမှာ နှုတ်ဆက်စကား ပြောပြီးနောက် ဝေယွီရှမ်းက "အဒေါ်ကြီး... ကျန်းဖုန်းဆိုတဲ့ အောင်သွယ်ကို သိလား" လို့ မေးလိုက်တယ်။
အဒေါ်ကြီးက "နာမည်ကတော့ ရင်းနှီးသလိုပဲ။ ကြားဖူးသလိုလို ရှိတယ်။ နေပါဦး... စဉ်းစားလိုက်ဦးမယ်" လို့ ပြောတယ်။
"သူက ရုပ်ချောချော၊ အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ်။ လုံဆန်းရွာကပါ။ အောင်သွယ်လုပ်တာ တော်တော် ကောင်းတယ်လို့ ကြားလို့" လို့ ဝေယွီရှမ်းက သဲလွန်စ ပေးလိုက်တယ်။
အဒေါ်ကြီး ရုတ်တရက် သတိရသွားပြီး "ညည်းပြောမှပဲ သတိရတော့တယ်။ ငါတို့ ပိုင်ရွှေရွာဘေးက လုံဆန်းရွာမှာ အဲ့လို အောင်သွယ်တစ်ယောက် ရှိတာ ဟုတ်တယ်။ နာမည်ကြီး တက္ကသိုလ် ဘွဲ့ရတဲ့။ ဘွဲ့ရပြီး အလုပ်မဝင်ဘဲ ရွာပြန်ပြီး အောင်သွယ်လာလုပ်နေတာ။ အဲ့ဒီကိစ္စက ဒီဘက်မှာ တော်တော် ဟိုးလေးတကျော် ဖြစ်နေတာ" လို့ ပြောပြတယ်။
"အဒေါ်ကြီး... အဲ့ဒီ အောင်သွယ်ကျန်းရဲ့ နာမည်ဂုဏ်သတင်းနဲ့ စွမ်းရည်က ဘယ်လိုလဲဟင်" လို့ ဝေယွီရှမ်းက မေးလိုက်တယ်။
"အဲ့ဒါတော့ ငါ သေချာ သတိမထားမိဘူး။ ရှောင်ရှမ်း... ဘာလို့ မေးတာလဲ။ သူက ညည်းကို အောင်သွယ်ပေးမလို့လား" လို့ အဒေါ်ကြီးက ပြန်မေးတယ်။
ဝေယွီရှမ်း ခေါင်းညိတ်ပြီး "ဟုတ်တယ် အဒေါ်ကြီး။ သူ လာပြောထားလို့ မဆုံးဖြတ်ခင် အဒေါ်ကြီးကို အရင် လှမ်းမေးကြည့်တာ" လို့ ပြောလိုက်တယ်။
အဒေါ်ကြီးက အမြန်ပဲ "ဒါ သတင်းကောင်းပဲ။ ညည်း အိမ်ထောင်ပြုသင့်တာ ကြာပြီ။ ခဏနေ ငါ စုံစမ်းပေးမယ်" လို့ ပြောတယ်။
"ဒါဆို အဒေါ်ကြီးကိုပဲ ဒုက္ခပေးရတော့မယ်။"
"ရပါတယ်အေ... ဘာမှ မဟုတ်တာ။"
နှစ်ယောက်သား ခဏလောက် စကားဆက်ပြောပြီး ဖုန်းချလိုက်ကြတယ်။
...
ကျန်းဖုန်း အိမ်ပြန်ရောက်ပြီး ရေချိုးပြီးတဲ့အချိန် ည ၁၀ နာရီ ထိုးနေပြီ။ ဒီအချိန်ဆို ရွာထဲက လူကြီးတွေ အိပ်ကုန်ကြပြီ။ ဒါပေမဲ့ ဝေမင်ကျယ်လို လူပျိုကြီးတွေကတော့ သန်းခေါင်မကျော်ခင် ဘယ်တော့မှ အိပ်မှာ မဟုတ်ဘူး။
ဒါကြောင့် ကျန်းဖုန်း စဉ်းစားပြီး ဝေမင်ကျယ်ဆီ ဖုန်းဆက်လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ၊ ၃ စက္ကန့်တောင် မကြာဘူး ဖုန်းကိုင်ပြီး "ရှောင်ဖုန်း... ငါ့ကို မေးစရာ ရှိလို့လား" လို့ မေးတယ်။
"အစ်ကိုကျယ်... အခု အိမ်မှာလား။"
"မဟုတ်ဘူး၊ စန်းဂေါင်အိမ်မှာ အရက်သောက်နေတာ။ မင်း လာသောက်မလား။"
"မသောက်တော့ဘူး။ အစ်ကို အခု အားလား။ အရေးကြီး ပြောစရာ ရှိလို့။"
ဝေမင်ကျယ် ခဏတိတ်သွားပြီး "ကောင်းပြီလေ... ငါ စန်းဂေါင်တို့ကို ပြောလိုက်မယ်" လို့ ပြန်ဖြေတယ်။
"အိုကေ၊ ဒါဆို အိမ်မှာ စောင့်နေမယ်။"
ဖုန်းချပြီးနောက် ဝေမင်ကျယ်ကို ဘယ်လို စည်းရုံးရမလဲဆိုတာ ကျန်းဖုန်း တိတ်တဆိတ် စဉ်းစားနေမိတယ်။ ဝေမင်ကျယ်ဆိုတဲ့ ဒီ "အထူးဖောက်သည်" ဟာ ကျန်းဖုန်း အောင်သွယ်စလုပ်ကတည်းက ကြုံဖူးသမျှထဲမှာ စိန်ခေါ်မှု အများဆုံး ဖောက်သည်ပါပဲ။
ခက်ခဲတာက မိန်းကလေးဘက်က ယောကျ်ားလေးရဲ့ လျှို့ဝှက်ချက်ကို လက်ခံလာအောင် စည်းရုံးရတာ မဟုတ်ပါဘူး။ ယောကျ်ားလေးဘက်က သူ့ပြဿနာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ဆေးကုသမှု ခံယူလာအောင် သူ့စိတ်နေသဘောထားကို ပြုပြင်ပေးဖို့က ပိုခက်ခဲနေတာပါ။
...
၁၀ မိနစ်လောက်ကြာတော့ ဝေမင်ကျယ် ကျန်းဖုန်းအိမ် ရောက်လာတယ်။ ပြောမယ့်ကိစ္စက ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် ဖြစ်နေလို့ ကျန်းဖုန်းက ကားတံခါးဖွင့်ပြီး "ဒီမှာ ပြောဖို့ မကောင်းဘူး၊ ကားထဲမှာ ပြောကြမယ်" လို့ ဖိတ်ခေါ်လိုက်တယ်။
ဝေမင်ကျယ်က ဂရုမစိုက်ပါဘူး။ ကားပေါ်တက် ထိုင်ပြီးတာနဲ့ "ရှောင်ဖုန်း... မင်း ငါ့ကို Blind date ကိစ္စ ပြောမလို့မလား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ကားတံခါးတွေ၊ ပြတင်းပေါက်တွေ အလုံပိတ်လိုက်ပြီးမှ ခေါင်းညိတ်ကာ "ဟုတ်တယ်၊ Blind date အကြောင်း ပြောချင်လို့။ အစ်ကို့ဘက်ကရော ကျွန်တော့်ကို ပြောချင်တာ ရှိလား" လို့ မေးလိုက်တယ်။
ဝေမင်ကျယ်က ကျန်းဖုန်း သူ့လိုအပ်ချက်ကို မေးတယ်ထင်ပြီး ခေါင်းခါကာ "ငါ့မှာ ဘာလိုအပ်ချက်မှ မရှိပါဘူး။ မင်း သင့်တော်သလို စီစဉ်ပေးပါ" လို့ ပြောလိုက်တယ်။
"Blind date လိုအပ်ချက်ကို မေးတာ မဟုတ်ဘူး။ အစ်ကို ကျွန်တော့်ကို ဖွင့်ပြောချင်တာ ရှိလားလို့ မေးတာ။"
ကျန်းဖုန်း သက်ပြင်းချပြီး ဆက်ပြောတယ်။ "အစ်ကိုကျယ်... ကျွန်တော်တို့က တစ်ရွာတည်း အတူကြီးပြင်းလာကြတာလေ၊ တစ်ယောက်အကြောင်း တစ်ယောက် သိပါတယ်။ အစ်ကို့မိဘတွေက အောင်သွယ်လာခိုင်းလို့သာ၊ အစ်ကိုက တကယ် မလုပ်ချင်ဘဲ သူတို့ကို စိတ်မပျက်စေချင်လို့ Blind date လုပ်မယ်လို့ လက်ခံလိုက်တာမလား။ ကျွန်တော်ပြောတာ မှန်လား။"
ဒါကိုကြားတော့ ဝေမင်ကျယ် အံ့သြတကြီး ကြည့်လိုက်တယ်။ ကျန်းဖုန်းက သူ့အတွေးကို ရိပ်မိနေမယ်လို့ မထင်ထားခဲ့ဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: