အခန်း (၅၃) တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်
ကားအတွင်းခန်း မီးကို မဖွင့်ထားပေ။ ကျေးလက်ဒေသများတွင် တပ်ဆင်လေ့ရှိသော နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးတိုင်များမှ မှိန်ဖျော့ဖျော့ အလင်းရောင်သာ ကားထဲသို့ ဖြာကျနေသည်။
ထို့ကြောင့် ဝေမင်ကျယ်၏ မျက်နှာထားကို ကျန်းဖုန်း သေချာ မမြင်ရပေ။ သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းဖုန်းက ဆက်ပြောလိုက်သည်။ "အစ်ကိုကျယ်... ကျွန်တော် ဒီရက်ပိုင်း အောင်သွယ်ပေးနေတဲ့ အောင်မြင်မှုတွေကို အစ်ကို ကြားမှာပါ။ လက်ရှိအချိန်ထိ ကျွန်တော်စီစဉ်ပေးပြီးရင် မအောင်မြင်တာ တစ်ခါမှ မရှိသေးဘူး။ အောင်မြင်မှုနှုန်း ၁၀၀% ပါ။"
"ဒါကြောင့် အစ်ကိုကျယ်ဆီမှာလည်း မလိုလားအပ်တဲ့ အဖြစ်အပျက်တွေ မဖြစ်စေချင်ဘူး။ ကျွန်တော်ပြောတာ နားလည်တယ်မလား။"
ဝေမင်ကျယ် သက်ပြင်းချလိုက်ပြီး "ရှောင်ဖုန်း... မင်းပြောတာ အမှန်ပါပဲ။ ကျွန်တော် ဒီ Blind date ကို လက်ခံလိုက်တာက မိဘတွေ အတင်းအကြပ် တိုက်တွန်းလွန်းလို့ပါ။ ကျွန်တော့်စိတ်ဆန္ဒ လုံးဝ မပါပါဘူး။ ကျွန်တော့် အစီအစဉ်က ဟန်ပြသက်သက် လုပ်ပြပြီး မိဘတွေကို ကျေနပ်စေချင်ရုံပါပဲ။ ဒါပေမဲ့ ဒါက မင်းအပေါ် ထိခိုက်မှုရှိစေမယ်ဆိုတာ မေ့နေခဲ့တယ်။ တကယ် တောင်းပန်ပါတယ်ကွာ" ဟု ပြောလိုက်သည်။
ကျန်းဖုန်းက "အစ်ကိုကျယ်... Blind date မလုပ်ချင်ရတဲ့ အကြောင်းရင်းတော့ ရှိမှာပါ။ ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျွန်တော် မမေးသင့်ပေမယ့် ကျွန်တော်တို့က တစ်ရွာတည်းသား ညီအစ်ကိုတွေလေ။ အစ်ကို့ကို တကယ်ပဲ တစ်သက်လုံး လူပျိုကြီး မဖြစ်စေချင်ဘူး။"
"အခု အစ်ကိုက အသက် ၃၈ နှစ်ပဲ ရှိသေးတော့ ရွာထဲမှာ အစ်ကို့အကြောင်း အတင်းပြောတဲ့သူ သိပ်မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အစ်ကို့အရွယ် လူပျိုကြီးတွေ ရွာထဲမှာ အများကြီး ရှိသေးတာကိုး။ ဒါပေမဲ့ အစ်ကို အသက် ၄၈၊ ၅၈ ရောက်လာရင်တော့ တစ်ရွာလုံးမှာ အစ်ကိုက နာမည်အကြီးဆုံး လူပျိုကြီး ဖြစ်လာလိမ့်မယ်။ အဲ့ဒီလို ဂုဏ်ပုဒ်မျိုး လိုချင်လို့လား။"
ဒီစကားကို ကြားတော့ ဝေမင်ကျယ် ရင်နာသွားသည်။ ဖြစ်နိုင်ရင် ဘယ်သူက လူပျိုကြီး လုပ်ချင်ပါ့မလဲ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။
ကျန်းဖုန်းက စေတနာနဲ့ ပြောမှန်းသိပေမယ့် ဝေမင်ကျယ် မဆိုင်းမတွ ငြင်းဆိုလိုက်သည်။ "ရှောင်ဖုန်း... မင်း ငါ့ကို ကူညီချင်မှန်း သိပါတယ်။ ဒါပေမဲ့ ငါ့ပြဿနာကို မင်း တကယ် ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းစေတနာကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် ငါ့အိမ်ထောင်ရေးအတွက် စိတ်မပူဖို့ မိဘတွေကို ပြောပြီး ဒီကိစ္စကို ဖျက်သိမ်းလိုက်တော့မယ်။"
ဝေမင်ကျယ်ကို စည်းရုံးရတာ မလွယ်ကူမှန်း ကျန်းဖုန်း သိပါတယ်။ ဆယ်စုနှစ်၊ နှစ်စုလောက် မိဘတွေကိုတောင် လျှို့ဝှက်ထားနိုင်ခဲ့တဲ့ သူက ကျန်းဖုန်းကို အလွယ်တကူ ပြောပြမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဝေမင်ကျယ် ငြင်းတာကို ကျန်းဖုန်း မျှော်လင့်ထားပြီးသားပါ။
ကျန်းဖုန်း ဖုန်းကိုထုတ်၊ ကော်ဖီဆိုင်မှာ ရိုက်လာတဲ့ ဝေယွီရှမ်းရဲ့ ဓာတ်ပုံကို ဖွင့်ပြီး ကမ်းပေးလိုက်တယ်။ "အစ်ကိုကျယ်... ငြင်းဖို့ မလောပါနဲ့ဦး။ ကျွန်တော် ရှာပေးထားတဲ့ ကောင်မလေးကို အရင်ကြည့်ပါဦး။ ဘယ်လိုနေလဲလို့။"
ဝေမင်ကျယ်က ငြင်းဖို့ ပြင်ထားပေမယ့် လူတိုင်းမှာ စပ်စုချင်စိတ် ရှိကြတာပဲလေ။ သူလည်း ခြွင်းချက်မရှိပါဘူး။ တစ်ဖက်လူနဲ့ မဖြစ်နိုင်မှန်း သိပေမယ့် ဖုန်းကို ယူကြည့်လိုက်မိတယ်။
ကြည့်လိုက်တာနဲ့ ဝေမင်ကျယ် မျက်လုံး မခွာနိုင်တော့ဘူး။ မှတ်သားစရာက ဝေမင်ကျယ်နဲ့ ဝေယွီရှမ်းတို့ရဲ့ အမြင့်ဆုံး လိုက်ဖက်မှု ရမှတ်က ၈၆ တောင် ရှိတယ်။ လီရှင်းဝမ်နဲ့ ကျန်းချိုလန်တို့ စုံတွဲနဲ့ အတူတူပဲ။ လက်ရှိ ရမှတ် ၇၂ ဖြစ်နေတာက ဝေမင်ကျယ်ရဲ့ "ညီလေး" ပြဿနာကြောင့် ရမှတ် လျော့နေတာ။
အဲ့ဒီအချက်ကို ဖယ်ထားရင်တောင် သူတို့နှစ်ယောက်ရဲ့ လက်ရှိ လိုက်ဖက်မှု ရမှတ်က ၈၀ အောက် မနည်းလောက်ဘူး။ ဒါက အလွန်မြင့်မားတဲ့ ရမှတ်ပဲ။ ဒါက ဘာပြနေလဲဆိုတော့ သူတို့နှစ်ယောက်က ရုပ်ရည်၊ ခန္ဓာကိုယ် အပိုင်းမှာ အလွန်လိုက်ဖက်မှု ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း ဝေယွီရှမ်းက ဝေမင်ကျယ်ရဲ့ "ညီလေး" ပြဿနာကို သိရက်နဲ့တောင် Blind date လုပ်ဖို့ သဘောတူခဲ့တာပေါ့။
ဖုန်းမျက်နှာပြင် အလင်းရောင်အောက်မှာ ဝေမင်ကျယ်ရဲ့ မျက်နှာအမူအရာကို ကျန်းဖုန်း ကောင်းကောင်း မြင်နေရတယ်။ သူက အခွင့်ကောင်းယူပြီး ဆက်ပြောလိုက်တယ်။ "အစ်ကိုကျယ်... ဒီအမျိုးသမီး နာမည်က ဝေယွီရှမ်း။ အသက် ၃၂ နှစ်၊ အရပ် ၁၆၀ စင်တီမီတာ၊ ကိုယ်အလေးချိန် ၄၈ ကီလိုဂရမ်။ ဘေးနားက ဝူဖူမြို့နယ်ကပါ။ အခု ခရိုင်မြို့က စူပါမားကက် တစ်ခုမှာ အလုပ်လုပ်နေတယ်။"
ဝေမင်ကျယ်က ဖုန်းကို ကျန်းဖုန်းလက်ထဲ တိတ်တဆိတ် ပြန်ထည့်ပေးလိုက်တယ်။ မိန်းကလေးက ကြည့်ကောင်းပြီး သူ့အကြိုက်နဲ့ ကိုက်ညီနေပေမယ့် ဇာတ်လမ်းက အတူတူပါပဲ။ ဝေမင်ကျယ်ဟာ မိန်းမယူဖို့ အရည်အချင်း မရှိတော့ပါဘူး။ မိန်းကလေး ဘယ်လောက်ကောင်းကောင်း သူနဲ့ မဆိုင်ပါဘူး။
ဝေမင်ကျယ်ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ပြင်းထန်တဲ့ နည်းလမ်းမသုံးရင် သူ့ဆီက စကားထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျန်းဖုန်း သိလိုက်တယ်။
ဒါကြောင့် ကျန်းဖုန်း ဗုံးတစ်လုံး ခွဲလိုက်တယ်။ "အစ်ကိုကျယ်... အစ်မဝေက လူပေါင်း သိန်းချီထဲကနေ အစ်ကိုနဲ့ အလိုက်ဖက်ဆုံးသူကို ကျွန်တော် သေချာ ရွေးထုတ်ထားတာပါ။ သူ့ကို စည်းရုံးဖို့ ဒီနေ့ နေ့တစ်ဝက်လောက် အချိန်ကုန်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်ကိုက မိန်းမစိုး ဖြစ်နေရင်တောင် အစ်မဝေက အစ်ကို့ကို လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။ သူကိုယ်တိုင် ကတိပေးခဲ့တာပါ။"
ဒီစကားက ကမ္ဘာပျက်မတတ် တုန်လှုပ်စရာ ကောင်းလိုက်တာ။
ဝေမင်ကျယ် ချက်ချင်း မတ်မတ် ထထိုင်လိုက်ပြီး ကျန်းဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ အတော်ကြာမှ တုန်ရီနေတဲ့ အသံနဲ့ "ရှောင်ဖုန်း... မင်း အတည်ပြောနေတာလား။ နောက်နေတာ မဟုတ်ဘူးနော်။ ငါက မိန်းမစိုး ဖြစ်နေရင်တောင် သူက ယူမယ် ဟုတ်လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက သေချာပေါက် ခေါင်းညိတ်ပြီး "တကယ်ပေါ့ဗျာ။ ဒီလိုကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ် နောက်ရမှာလဲ" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာ ဝေမင်ကျယ် တကယ်ကို စိတ်ရှုပ်ထွေးသွားပြီ။ စိတ်ကို အတင်း ငြိမ်အောင်ထားပြီးမှ "အကြောင်းရင်းကို ပြောပြနိုင်မလား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ပြုံးပြီး "အကြောင်းရင်း ၃ ချက် ရှိတယ်။ ပထမအချက်က သူ အစ်ကို့ဓာတ်ပုံကို မြင်ဖူးတယ်။ ရေစက်ပါလို့လားမသိဘူး၊ မြင်မြင်ချင်း သဘောကျသွားတယ်။ ဒုတိယအချက်က သူ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ်။ လက်ထပ်ပြီးရင် ခရိုင်မြို့မှာ အိမ်ဝယ်ပြီး အခြေချပေးရမယ်တဲ့။ တတိယအချက်ကတော့ ကျွန်တော် အစ်ကို့အတွက် ကောင်းတာတွေ အများကြီး ပြောပေးခဲ့တယ်။ ဒါက သူ့ကို စည်းရုံးရာမှာ အဓိက သော့ချက်ပဲ" လို့ ရှင်းပြတယ်။
ဒါကိုကြားတော့ ဝေမင်ကျယ် တွေဝေသွားတယ်။ နှစ်ပေါင်းများစွာ သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ပြောသင့် မပြောသင့် စဉ်းစားနေတယ်။ ဒါက ယောကျ်ားတစ်ယောက်ရဲ့ သိက္ခာလေ။ မဖြစ်မနေ အခြေအနေ မဟုတ်ရင် ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို မပြောဘဲ ထိမ်ချန်ထားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သူ ကြောက်တယ်။ လက်ထပ်ပြီးမှ ဒီကိစ္စ ပေါ်သွားလို့ တစ်ဖက်လူက ပါးစပ်ဖွာပြီး လျှောက်ပြောရင် သူ တကယ် ဒုက္ခရောက်ပြီ။ တကယ့် အကျပ်အတည်းပါပဲ။
ဝေမင်ကျယ် တွေဝေနေတာကို မြင်တော့ ကျန်းဖုန်းက အခွင့်ကောင်းယူပြီး "အစ်ကိုကျယ်... မိန်းကလေးဘက်က သဘောထား ရှင်းနေပြီ။ အစ်ကို ခေါင်းညိတ်လိုက်ရုံပဲ။ Blind date နဲ့ အိမ်လာကြည့်တာတွေက ဟန်ပြသက်သက် ဖြစ်သွားပြီ။ အစ်ကို့ လျှို့ဝှက်ချက်ကို ပြောပြပါတော့။ အစ်ကိုက Gay မဟုတ်ရင် ဖြေရှင်းလို့မရတဲ့ ပြဿနာ မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်" လို့ တိုက်တွန်းလိုက်တယ်။
ဒါကိုကြားတော့ ဝေမင်ကျယ် ဆုံးဖြတ်ချက် ချလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ "ရှောင်ဖုန်း... ငါ့မှာ လျှို့ဝှက်ချက် ရှိတာ အမှန်ပဲ။ ပြောပြရင် မင်း လျှို့ဝှက်ပေးထားရမယ်။ မဟုတ်ရင် ငါ ဒီရွာမှာ နေလို့ရမှာ မဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။
ကျန်းဖုန်း လေးလေးနက်နက် "စိတ်မပူပါနဲ့ အစ်ကိုကျယ်။ ကျွန်တော်က အတင်းပြောတတ်တဲ့လူ မဟုတ်ပါဘူး။ အမှန်တိုင်း ပြောရရင် အစ်ကို မပြောလည်း အစ်ကို့ လျှို့ဝှက်ချက်က ဘာလဲဆိုတာ ကျွန်တော် ရိပ်မိပါတယ်" လို့ ပြောလိုက်တယ်။
ဝေမင်ကျယ် ဆက်မတုံ့ဆိုင်းတော့ဘဲ "ငါ ပန်းသေနေတာ" လို့ တိုးတိုးလေး ပြောလိုက်တယ်။
ကျန်းဖုန်းက တည်ငြိမ်စွာနဲ့ "မွေးရာပါလား၊ နောက်မှ ဖြစ်တာလား" လို့ မေးတယ်။
ကျန်းဖုန်းရဲ့ တည်ငြိမ်မှုကြောင့် ဝေမင်ကျယ် အံ့သြသွားပေမယ့် ဒါက အကောင်းဆုံးပါပဲ။ သူ အကြောက်ဆုံးက ဒီကိစ္စပြောလိုက်ရင် တစ်ဖက်လူက ထူးဆန်းသလို ကြည့်မှာကိုး။ "နောက်မှ ဖြစ်တာ" လို့ ချက်ချင်း ဖြေလိုက်တယ်။
"ဆရာဝန် ပြဖူးလား။"
"စုံစမ်းဖူးတယ်။ ဒါပေမဲ့ မထူးခြားဘူး။ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုခုလို့ ပြောတာပဲ။ ငါလည်း နားမလည်ပါဘူး။"
"အစ်ကိုကျယ်... ဒါ လွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၂၀ လောက်က ပြဖူးတာ မဟုတ်လား။ အဲ့ဒီနောက်ပိုင်း ထပ်ပြသေးလား။"
ဝေမင်ကျယ် ခေါင်းခါပြီး "လွန်ခဲ့တဲ့ ၁၉ နှစ်က ပြဖူးတာ။ အဲ့ဒီနောက်ပိုင်း တစ်ခါမှ ထပ်မပြတော့ဘူး" လို့ ဖြေတယ်။
ကျန်းဖုန်းက "အစ်ကိုကျယ်... အခုခေတ် ဆေးပညာက လွန်ခဲ့တဲ့ ၁၉ နှစ်ကထက် အများကြီး တိုးတက်နေပြီ။ အစ်မဝေအတွက်ပဲ ဖြစ်ဖြစ် နောက်တစ်ခါ ထပ်သွားပြကြည့်ပါလား" လို့ အကြံပေးလိုက်တယ်။
ဝေမင်ကျယ်က သူ့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ရတော့ ရင်ထဲက အထုံးအဖွဲ့ကြီး ပြေလျော့သွားသလို ခံစားလိုက်ရတယ်။ ကျန်းဖုန်းအကြံပေးတာကို ကြားတော့ ခေါင်းညိတ်ပြီး "ကောင်းပြီ... မင်းပြောသလို လုပ်မယ်။ မနက်ဖြန် ပြည်နယ်မြို့တော်သွားပြီး ဆရာဝန် သွားပြမယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းဖုန်း ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရတယ်။ ဝေမင်ကျယ်နဲ့ ဝေယွီရှမ်း Blind date မလုပ်ရသေးပေမယ့် ဒီမင်္ဂလာပွဲ အောင်မြင်တော့မယ်ဆိုတာ သူ သေချာနေပါပြီ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: