အခန်း (၅၄) လက်ဆောင်များနှင့် မုန့်ဖိုးများ ရရှိခြင်း
ဝေမင်ကျယ်က ကတိတည်ပါတယ်။ နောက်တစ်နေ့မနက်မှာပဲ ပြည်နယ်မြို့တော်ကို ကားစီးပြီး ဆေးကုဖို့ ထွက်သွားခဲ့တယ်။
ကျန်းဖုန်းကတော့ ကျန်တဲ့ ဖောက်သည်တွေအတွက် သင့်တော်တဲ့သူတွေကို တစ်ယောက်ချင်းစီ လိုက်ရှာပေးနေပါတယ်။ ကျန်းဖုန်းက လိုက်ဖက်မှု ရမှတ် ၈၀ အထက်၊ လက်ရှိ ရမှတ် ၆၅ အထက်ရှိတဲ့သူတွေကိုပဲ ရွေးချယ်ပေးတာဆိုတော့ အဆင့် ၃ ဆင့်စလုံး အဆင်ပြေချောမွေ့သွားကြတယ်။
တစ်ပတ်မပြည့်ခင်မှာပဲ ပြည်နယ်မြို့တော်မှာနေတဲ့ ဝေမင်ကျယ်နဲ့ ကျောက်ကျင်းတို့ကလွဲရင် ကျန်တဲ့ ကျူးရွှယ်လျူအပါအဝင် ဖောက်သည် ၆ ယောက်စလုံးက မင်္ဂလာရက်သတ်မှတ်တာ ဒါမှမဟုတ် တိုက်ရိုက် လက်မှတ်ထိုးတာတွေ လုပ်ဖြစ်သွားကြတယ်။
ကျေးလက်ဒေသမှာက အိမ်တိုင်း မင်္ဂလာဆောင်ပွဲ ကျင်းပလေ့ မရှိကြဘူး။ ဥပမာ - ဒုတိယအိမ်ထောင်၊ တတိယအိမ်ထောင် (သို့) အဲ့ဒီထက်ပိုတဲ့သူတွေ၊ ဒါမှမဟုတ် ငွေကြေး မပြည့်စုံသူတွေက မင်္ဂလာဆောင်ပွဲ မကျင်းပတတ်ကြဘူး။ လက်မှတ်ထိုးပြီးတာနဲ့ ဆွေမျိုးရင်းချာ ၃ ဆက်လောက်ကို ဖိတ်ပြီး ထမင်းလက်ဆုံစားရုံနဲ့ ပြီးသွားကြတယ်။
ဒီဖောက်သည် ၆ ယောက်ထဲမှာ ၄ ယောက်က မင်္ဂလာဆောင်ပွဲ မကျင်းပဖို့ ရွေးချယ်ကြတယ်။ ကျူးရွှယ်လျူနဲ့ နောက်တစ်ယောက်ကတော့ အမျိုးသားနေ့မှာ မင်္ဂလာဆောင်ပွဲ ကျင်းပဖို့ ရွေးချယ်ကြတယ်။
အရင်က ဖောက်သည် ၃ ယောက်ပါ ပေါင်းလိုက်ရင် အခုဆို ကျန်းဖုန်းမှာ အမျိုးသားနေ့မှာ မင်္ဂလာဆောင်မယ့် ဖောက်သည် ၅ ယောက် ရှိနေပြီ။
ဒီရက်ပိုင်း ကျန်းဖုန်းဆီ ဝင်လာတဲ့ လက်ဆောင်တွေနဲ့ မုန့်ဖိုးတွေက လက်မလည်နိုင်အောင်ပါပဲ။
- အောင်သွယ်လာငှားစဉ် လက်ဆောင်နဲ့ မုန့်ဖိုး ၇ ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း တန်ဖိုး ယွမ် ၈ ထောင်ဝန်းကျင်။
- Blind date အတွက် မုန့်ဖိုး ၆ ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း ယွမ် ၅ ထောင်။
- အိမ်လာကြည့်ခြင်းအတွက် မုန့်ဖိုး ၆ ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း ယွမ် ၅ ထောင်။
- အောင်သွယ်ကန်တော့ပွဲ လက်ဆောင်နဲ့ မုန့်ဖိုး ၄ ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း တန်ဖိုး ယွမ် ၆ သောင်း ၈ ထောင်ခန့်။
စုစုပေါင်းလိုက်ရင် မုန့်ဖိုးငွေသား ယွမ် ၇ သောင်း ၄ ထောင်နဲ့ လက်ဆောင်ပစ္စည်းတန်ဖိုး ယွမ် ၂ သောင်း ၂ ထောင်လောက် ရရှိခဲ့တယ်။
အရင်က ဝင်ငွေတွေပါ ထည့်ပေါင်းလိုက်ရင် ၂ လမပြည့်ခင်မှာ ကျန်းဖုန်းက ငွေသား ယွမ် ၁ သိန်း ၄ သောင်းနီးပါးနဲ့ လက်ဆောင်ပစ္စည်းတန်ဖိုး ယွမ် ၄ သောင်းလောက် ရှာနိုင်ခဲ့ပြီ။
ဒါတောင် အမျိုးသားနေ့မှာ မင်္ဂလာဆောင်မယ့် ဖောက်သည် ၅ ယောက် မပါသေးဘူး။ မင်္ဂလာဆောင်ပြီးရင် သူတို့ဆီကရမယ့် အောင်သွယ်ကန်တော့ငွေတွေက နောက်ထပ် ဝင်ငွေအများကြီး ဖြစ်လာဦးမှာ သေချာတယ်။
မတွက်ကြည့်ရင် မသိသာပေမယ့် တွက်ကြည့်လိုက်တော့မှ တကယ် အံ့သြစရာ ကောင်းနေတယ်။ ဒီသတင်းသာ ပေါက်ကြားသွားရင် လူတော်တော်များများ လန့်သွားကြလိမ့်မယ်။ တစ်နိုင်ငံလုံးမှာ ဒီလောက် ဝင်ငွေကောင်းတဲ့ အောင်သွယ်မျိုး ရှာလို့ရမယ် မထင်ဘူး။
ကျန်းဖုန်းကတော့ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ သူက ပြိုင်ဘက်ကင်း အောင်မြင်မှုနှုန်းရှိတဲ့ အောင်သွယ်လေ။ တခြားသူတွေ လိုက်မမီနိုင်ပါဘူး။
"သိုင်းလောက" ထဲက နာမည်ကြီးစကားလိုပေါ့။ "လူရှိရင် အငြိုးအတေး ရှိမယ်။ အငြိုးအတေး ရှိရင် သိုင်းလောက ဖြစ်လာမယ်။ လူဆိုတာ သိုင်းလောကပါပဲ" တဲ့။
ကျန်းဖုန်းက အောင်သွယ်လုပ်ပြီး ကြီးပွားနေပေမယ့် သူ မသိလိုက်တာက ရွာထဲမှာ သူ့ကို မုန်းတီးနေသူတစ်ယောက် ရှိနေတယ် ဆိုတာပါပဲ။ အဲ့ဒီလူကတော့ တခြားသူမဟုတ်ပါဘူး၊ လုံဆန်းရွာက နောက်ထပ် အောင်သွယ်တစ်ယောက်ဖြစ်တဲ့ အဒေါ်ဝမ်ပါပဲ။
ကျန်းဖုန်း အောင်သွယ်မဖြစ်ခင်တုန်းက အဒေါ်ဝမ်ဟာ လုံဆန်းရွာတစ်ရွာလုံးမှာ တစ်ဦးတည်းသော ပရော်ဖက်ရှင်နယ် အောင်သွယ်ပါ။ တစ်ရွာလုံး သူ့ဆီပဲ လာကြတယ်လို့ ပြောရင် ပိုလွန်းရာကျပေမယ့် ရွာထဲက လူပျိုကြီး တော်တော်များများကတော့ အောင်မြင်မှုနှုန်း နည်းပေမယ့် အဒေါ်ဝမ်ကိုပဲ အားကိုးခဲ့ကြရတာပါ။
နှစ်တွေတစ်လျှောက်လုံး အဒေါ်ဝမ်ဟာ သူမရဲ့ စကားပြောကောင်းမှုကြောင့် အောင်သွယ်လုပ်ပြီး ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆောက်လိုက်တဲ့ ၃ ထပ်တိုက်ဆိုတာ အောင်သွယ်လုပ်ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ဆောက်ထားတာပါ။
ကျန်းဖုန်း မရောက်ခင်တုန်းက အဒေါ်ဝမ်ဟာ တစ်လကို ပျမ်းမျှ တစ်တွဲလောက် အောင်သွယ်ပေးနိုင်ခဲ့တယ်။ မအောင်မြင်ရင်တောင် အောင်သွယ်လာငှားတဲ့ လက်ဆောင်တွေ၊ မုန့်ဖိုးတွေ ရသေးတာပဲ။ အောင်သွယ်ပေးတဲ့ မုန့်ဖိုးတွေပါ ပေါင်းလိုက်ရင် ဝင်ငွေက မနည်းပါဘူး။ Blind date စီစဉ်ပေးရင်း စားသောက်ဆိုင်တွေမှာ စားကောင်းသောက်ကောင်း စားရတာတွေ မပါသေးဘူး။
ဒါပေမဲ့ ကျန်းဖုန်း ရွာပြန်ရောက်ပြီး အောင်သွယ်လုပ်ကတည်းက အဒေါ်ဝမ်အတွက် လက်ဆောင်တွေနဲ့ မုန့်ဖိုးတွေ ရှားပါးလာခဲ့တယ်။ အထူးသဖြင့် ရွာရဲ့ နံပါတ် ၁ လူပျိုကြီး ကျန်းဝမ်တုန်းကို ကျန်းဖုန်းက မိန်းမရအောင် ရှာပေးလိုက်ပြီးတဲ့နောက် လုံဆန်းရွာမှာ နှစ် ၂၀ ကျော် အောင်သွယ်လုပ်လာတဲ့ အဒေါ်ဝမ်ဟာ ဈေးကွက် လုံးဝ ပျောက်သွားတော့တယ်။
"သူတစ်ပါးရဲ့ စီးပွားရေးလမ်းကြောင်းကို ပိတ်ပင်တာဟာ မိဘကို သတ်တာနဲ့ တူတယ်" ဆိုတဲ့ စကားလိုပါပဲ။ အဒေါ်ဝမ်က ကျန်းဖုန်းအပေါ် အငြိုးထားတာ မဆန်းပါဘူး။
ဒီအချိန်မှာ အဒေါ်ဝမ်ဟာ အိမ်မှာ သူမရဲ့ ခင်ပွန်း၊ သား ၃ ယောက်နဲ့ ချွေးမတွေနဲ့အတူ အင်အားကြီး ပြိုင်ဘက် ကျန်းဖုန်းကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ တိုင်ပင်နေကြတယ်။
"ကဲ... ပြောကြပါဦး။ ဘယ်လိုလုပ်ကြမလဲ။ ဟိုကောင်လေး ဒီအတိုင်း ဆက်သွားနေရင် ငါ့ဆီ ဘယ်သူမှ အောင်သွယ်လာခိုင်းတော့မှာ မဟုတ်ဘူး" လို့ အဒေါ်ဝမ်က တင်းမာတဲ့ မျက်နှာထားနဲ့ ပြောတယ်။
သားအကြီးဆုံးက အကြံပေးတယ်။ "အမေ... ကျွန်တော်တို့လည်း သူများတွေလို လုပ်ပါလား။ အောင်သွယ်ခ ဘယ်လောက်ဆိုပြီး မသတ်မှတ်ဘဲ အောင်မြင်မှ စေတနာရှိသလောက် ပေးပါစေဆိုပြီး လွှတ်ထားလိုက်လေ။ ဒါဆို နာမည်လည်း ကောင်းမယ်၊ ရလာမယ့် လက်ဆောင်ကလည်း မနည်းလောက်ဘူး။"
အဒေါ်ဝမ် သက်ပြင်းချပြီး "အောင်သွယ်လုပ်ရင် အောင်သွယ်ခ သတ်မှတ်ရတာ စည်းကမ်းပဲလေ။ လူတိုင်း ဒီလိုပဲ လုပ်လာကြတာ နှစ်တွေကြာပြီ။ ပြီးတော့ အောင်သွယ်လာငှားတာတို့၊ Blind date တို့၊ အိမ်လာကြည့်တာတို့ ဆိုတာ မုန့်ဖိုး အနည်းအကျဉ်းပဲ ရတာ။ အောင်မြင်မှ အောင်သွယ်ခ အပြည့်ရတာ" လို့ ပြောတယ်။
"အဓိက ပြဿနာက အောင်သွယ်ခ သတ်မှတ်တာ မသတ်မှတ်တာ မဟုတ်ဘူး။ ဟို ကျန်းကောင်လေးက သိပ်ထူးဆန်းနေတာ။ ကျန်းဝမ်တုန်းကိုတောင် မိန်းမရအောင် ရှာပေးနိုင်တယ်ဆိုတာ တကယ် မယုံနိုင်စရာပဲ။"
အဒေါ်ဝမ်ရဲ့ ခင်ပွန်းကလည်း ဝင်ပြောတယ်။ "အဲ့ဒီကောင်လေးက တကယ် တစ်ခုခုပဲ။ ကျန်းဝမ်တုန်းက လေဖြတ်လူနာ ၂ ယောက်ကို ပြုစုနေရတဲ့အပြင် ဆင်းရဲတယ်လေ။ ဘယ်အောင်သွယ်မဆို သူ့အကြောင်း ကြားရင် ခေါင်းခါကြတာချည်းပဲ။ ဒါပေမဲ့ ဟိုကောင်လေးက ရှာပေးနိုင်ခဲ့တယ်။ မိန်းမက သိပ်မလှပေမယ့် ဒါက ရွာသားတွေ သူ့ကို အထင်ကြီးသွားစေဖို့ လုံလောက်နေပြီ။"
ချွေးမအကြီးဆုံးက ဝင်ထောက်တယ်။ "ပိုပြီး မယုံနိုင်စရာ ကောင်းတာက ဒီရက်ပိုင်းအတွင်း ရွာထဲက နာမည်ကြီး လူပျိုကြီး တော်တော်များများကို သူက အောင်သွယ်ပေးလိုက်ပြီး အကုန်လုံး အဆင်ပြေသွားကြတာပဲ။"
သားလတ်ကလည်း "ကြားတာတော့ ဒီရက်ပိုင်းလေးအတွင်းမှာတင် ဟို ကျန်းကောင်လေးက ယွမ် ၆ သောင်း၊ ၇ သောင်းလောက် ရှာနိုင်လိုက်သတဲ့။ ပိုက်ဆံရှာတာ တကယ် ကျွမ်းကျင်လွန်းတယ်" လို့ ပြောတယ်။
သားအငယ်ဆုံး၊ ချွေးမလတ်နဲ့ ချွေးမငယ်တို့ကလည်း ကျန်းဖုန်း ပိုက်ဆံရှာတာ တော်ကြောင်း ဝိုင်းပြောကြတယ်။
ဒါက အဒေါ်ဝမ်ကို ဒေါသထွက်စေတယ်။ သူမက "တော်ကြတော့။ သူ့ကို ဝိုင်းချီးကျူးမနေကြနဲ့။ သူက အခု ငါတို့ မိသားစုရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်နေတာ။ ငါသာ အောင်သွယ်မလုပ်ရရင် နင်တို့တွေ ရှေ့လျှောက် ဒုက္ခရောက်ကုန်ကြမှာ။ ဘာလုပ်ရမလဲဆိုတာသာ စဉ်းစားကြ" လို့ ငေါက်လိုက်တယ်။
ဒါကိုကြားတော့ သားသမီးတွေ ငြိမ်ကျသွားကြတယ်။ အောင်သွယ်လုပ်တာက လွတ်လပ်ခွင့်လေ။ သူက ကောင်းကောင်းမွန်မွန် လုပ်နေတာကို ဘယ်လိုသွားပြီး အနိုင်ကျင့်လို့ ရမှာလဲ။ ဥပဒေဆိုတာ ဟန်ပြသက်သက် ထင်နေလား။
ဥပဒေကို ထားလိုက်ဦး၊ သူတို့ အဲ့လိုလုပ်ရဲမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လုံဆန်းရွာက "ကျန်း" မျိုးနွယ်စုတွေ လွှမ်းမိုးထားတဲ့ ရွာလေ။ တခြားမျိုးနွယ်စုတွေက ကျန်းမျိုးနွယ်စုကို သွားရန်စရဲပါ့မလား။ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ။
အကြမ်းဖက်လို့လည်း မရ၊ သာမန်နည်းလမ်းနဲ့ ယှဉ်ပြိုင်လို့လည်း မနိုင်ဆိုတော့ ဘာလုပ်ကြမလဲ။
ဉာဏ်အကောင်းဆုံး ဖြစ်တဲ့ သားအငယ်ဆုံးက ခေါင်းခြောက်အောင် စဉ်းစားပြီးနောက် နောက်ဆုံးမှာ အကြံတစ်ခု ရသွားတယ်။ "အမေ... ထိပ်တိုက် ယှဉ်လို့မရရင် နောက်ကွယ်ကနေ ညစ်ပတ်တဲ့နည်း သုံးရမှာပေါ့။"
အဒေါ်ဝမ် မျက်လုံး အရောင်တောက်သွားပြီး "ဘာနည်းလဲ။ ပြောစမ်း" လို့ မေးလိုက်တယ်။
"ကျွန်တော်တို့ သူ့ကို ဒုက္ခပေးရုံ သက်သက်ပဲလေ။ ဒီနေ့ကစပြီး ဟို ကျန်းကောင်လေးကို စောင့်ကြည့်နေကြမယ်။ သူ အောင်သွယ်ပေးမယ့် မိန်းကလေးဘက်က 'အိမ်လာကြည့်' တဲ့အချိန်ကျရင် ကျွန်တော်တို့က ဒီလိုလုပ်မယ်... ပြီးရင် ဟိုလိုလုပ်မယ်... ပြီးရင် ဒီလို..."
အဒေါ်ဝမ် နားထောင်ရင်း သဘောကျလာပြီး သားအငယ်ဆုံးကို ချီးကျူးလိုက်တယ်။ ပြီးတော့ သားရဲ့ အစီအစဉ်အတိုင်း လူခွဲပြီး တာဝန်ပေးလိုက်တယ်။ ဒီတိုက်ပွဲမှာ နိုင်မှဖြစ်မယ်၊ ရှုံးလို့ မရဘူးလို့ ဆုံးဖြတ်ထားတယ်။
နိုင်ရင် သူတို့မိသားစု စားဝတ်နေရေး ပြေလည်မယ်။ ရှုံးရင်တော့ အလုပ်ပြောင်းရင်ပြောင်း၊ မပြောင်းရင် တခြားနေရာသွားပြီး အောင်သွယ်လုပ်ရတော့မယ်။ လုံဆန်းရွာမှာ သူမအတွက် နေရာမရှိတော့ဘူးလေ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: