ရှေးခေတ်တုန်းကတော့ မိဘသဘောတူ၊ အောင်သွယ်ကောင်းမှုနဲ့ အိမ်ထောင်ပြုခဲ့ကြတယ်။ ခေတ်သစ်မှာ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ကို အားပေးလာကြပြီး မိဘတွေ၊ အောင်သွယ်တွေရဲ့ အစီအစဉ်အတိုင်း လိုက်စရာ မလိုတော့ဘူး ဆိုပေမယ့် မြို့ကြီးတွေမှာရော ကျေးလက်တွေမှာပါ အောင်သွယ်တွေက ရှိနေတုန်းပါပဲ။ အဓိက အကြောင်းရင်းကတော့ ဈေးကွက်လိုအပ်ချက်ကြောင့်ပါ။

ပိုင်လျန်ခရိုင် ကျေးလက်ဒေသတွေမှာဆိုရင် ရွာတိုင်းလိုလိုမှာ ပရော်ဖက်ရှင်နယ် အောင်သွယ် ၁ ယောက်၊ ၂ ယောက်လောက် ရှိတတ်ကြပြီး အချိန်ပိုင်းလုပ်တာတို့၊ ဆွေမျိုးမိတ်ဆွေအချင်းချင်း အောင်သွယ်ပေးတာတို့ လုပ်ကြတဲ့သူတွေဆို ပိုတောင် များသေးတယ်။

"တောကြီးရင် သားရဲစုံတယ်" ဆိုတဲ့ စကားလိုပဲ အောင်သွယ်တွေ များလာရင် မကောင်းတဲ့ အောင်သွယ်တွေလည်း ပါလာတတ်တာ သဘာဝပါပဲ။

လုံဆန်းရွာက အောင်သွယ် အဒေါ်ဝမ်ဟာ အောင်သွယ်စလုပ်ကတည်းက ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိခဲ့တယ်။ အောင်သွယ်လုပ်ပြီး ပိုက်ဆံရှာဖို့ပါပဲ။ စီးပွားရှာဖို့အတွက် အဒေါ်ဝမ်မှာ အောင်သွယ်ကျင့်ဝတ်ဆိုတာ လုံးဝ မရှိပါဘူး။

ကိုယ့်ရွာထဲက လူငယ်တွေကိုတော့ သူ မလိမ်ရဲဘူး။ နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရတာလေ၊ တကယ် ဒုက္ခပေးမိရင် သူလည်း ပြဿနာတက်မှာပေါ့။ ဒါပေမဲ့ တခြားရွာ၊ တခြားမြို့နယ်က လူငယ်တွေကိုဆိုရင်တော့ အဒေါ်ဝမ်က ဘာမှ တွန့်ဆုတ်မနေဘဲ လိမ်လည်လှည့်ဖြားတတ်ပါတယ်။

ဥပမာ - မနှစ်က နှစ်သစ်ကူးကာလတုန်းက အဒေါ်ဝမ် အဲ့ဒီလို မင်္ဂလာပွဲတစ်ခု စီစဉ်ပေးခဲ့တယ်။ ကလေး ၃ ယောက်အမေ မုဆိုးမတစ်ယောက်ကို ပထမဆုံးအကြိမ် အိမ်ထောင်ပြုမယ့် လူပျိုတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တာ။

မိတ်ဆက်ပေးတာက ဘာမှ မမှားပါဘူး။ နှစ်ဖက်စလုံးရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြပြီး တစ်ဖက်လူက လက်ခံတယ်ဆိုရင် သူတို့ ပျော်မပျော်ဆိုတာ အောင်သွယ်နဲ့ မဆိုင်တော့ပါဘူး။

ဒါပေမဲ့ အောင်သွယ်ခ အများကြီးရချင်လို့ အဒေါ်ဝမ်က ဗြောင်လိမ်ခဲ့တယ်။ ကလေး ၃ ယောက်အမေကို ကွာရှင်းထားပေမယ့် ကလေးမရှိဖူးတဲ့ မိန်းမပါလို့ ပြောပြီး အောင်မြင်အောင် ပေါင်းဖက်ပေးလိုက်တယ်။

အခုဆိုရင် အဲ့ဒီမိန်းမရဲ့ ကလေး ၃ ယောက်က သူမရဲ့ မိဘအိမ်မှာ နေနေရပြီး သူမက ရံဖန်ရံခါ ပြန်ကြည့်ပေးရတယ်။ ယောကျ်ားဖြစ်သူကတော့ ဘာမှမသိရှာဘဲ အရူးလုပ်ခံနေရတာကို သတိမထားမိဘူး။ မိန်းမလုပ်သူက လျှို့ဝှက်တာ ကောင်းလွန်းလို့ ကလေး ၃ ယောက် ရှိတာကို မသိသေးတဲ့အပြင် အခုဆို အဲ့ဒီယောကျ်ားနဲ့ ကိုယ်ဝန်တောင် ရနေပြီ။ လောလောဆယ်တော့ အဆင်ပြေနေပုံပါပဲ။

ဒါပေမဲ့ ကလေး ၃ ယောက် ရှိနေတာက အချိန်ကိုက်ဗုံး တစ်လုံးလိုပါပဲ။ အမှန်တရား ပေါ်လာတဲ့တစ်နေ့ကျရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ခန့်မှန်းလို့ မရနိုင်ပါဘူး။

အဒေါ်ဝမ်ကတော့ ဒါတွေ ဂရုမစိုက်ပါဘူး။ အောင်မြင်စွာ ပေါင်းဖက်ပေးပြီးနောက် ယောကျ်ားလေးဘက်ကရော၊ မိန်းကလေးဘက်ကပါ အောင်သွယ်ခ အများကြီး ရလိုက်ပြီလေ။ အောင်သွယ်လုပ်ပြီး ပိုက်ဆံပိုရဖို့အတွက် အဒေါ်ဝမ်က လူတွေကို ဒီလောက်ထိ လိမ်ရဲတာပါ။

အခု ကျန်းဖုန်းက သူမရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်လိုက်ပြီဆိုတော့ သူမ ဘယ်ကျေနပ်နိုင်မလဲ။ သေချာပေါက် သူ့နာမည်ဖျက်ပြီး ရွာထဲမှာ သူမဈေးကွက် မပျောက်အောင်၊ ကျန်းဖုန်း လက်ဝါးကြီးအုပ်တာ မခံရအောင် ကြိုးစားတော့မှာပေါ့။

အခု အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ကျန်းဖုန်းက 'အိမ်လာကြည့်'တဲ့ အစီအစဉ် လုပ်မယ့်ရက်ကိုပဲ စောင့်နေတော့တာ။ အဲ့ဒီအချိန်ကျရင် ညာလက်ရုံး မဟာဗျူဟာကို သုံးတော့မှာလေ။

...

တစ်ပတ်အကြာတွင်။

ဝေမင်ကျယ် ပြည်နယ်မြို့တော်ကနေ ပြုံးပန်းဝေစွာ ပြန်ရောက်လာတယ်။ သူ့မျက်နှာပေါ်က အပြုံးကို ကြည့်ရုံနဲ့ ကျန်းဖုန်း သိလိုက်တယ်။ သူ့ရဲ့ ဖွင့်ပြောရခက်တဲ့ ပြဿနာ လုံးဝ ပြေလည်သွားပြီပဲ။ ကျန်းဖုန်း သူ့အတွက် ဝမ်းသာပေးလိုက်တယ်။ နောက်တစ်နေ့မှာပဲ ဝေယွီရှမ်းနဲ့ Blind date စီစဉ်ပေးလိုက်တယ်။

ဒီ Blind date က ဟန်ပြသက်သက်ပါပဲ။ ဝေမင်ကျယ်ရဲ့ အခြေအနေကို ကျန်းဖုန်းက ဝေယွီရှမ်းကို ပြောပြထားပြီးပြီမို့ သူတို့ရဲ့ လိုက်ဖက်မှု ရမှတ်က ၈၀/၈၆ ဖြစ်သွားပြီ။ လက်ရှိ ရမှတ်က ဒီလောက် မြင့်နေမှတော့ လက်ထပ်ဖို့ မခက်ခဲတော့ပါဘူး။

မိန်းကလေးဘက်ကို အဆင်ပြေစေဖို့ Blind date ကို ခရိုင်မြို့မှာပဲ လုပ်လိုက်ကြတယ်။ ယောကျ်ားလေးဘက်က ဝေမင်ကျယ်နဲ့ မိဘနှစ်ပါး ပါလာပြီး၊ မိန်းကလေးဘက်ကတော့ ဝေယွီရှမ်း တစ်ယောက်တည်းပဲ လာတယ်။

ဒါက မိန်းကလေးဘက်က ယောကျ်ားလေးကို မလေးစားလို့ မဟုတ်ပါဘူး။ Blind date မစီစဉ်ခင်ကတည်းက ဒါက ဟန်ပြသက်သက်ပါလို့ ဝေထျန်တယ်နဲ့ စွန်းဖန်းတို့ကို ကျန်းဖုန်းက ရှင်းပြထားပြီးသားပါ။

တွေ့ဆုံ၊ ထမင်းစား၊ မုန့်ဖိုးဖလှယ်ပြီးတာနဲ့ အစီအစဉ်ပြီးဆုံးသွားတယ်။ ဝေယွီရှမ်း အလုပ်သွားရမယ့်အချိန်လည်း နီးနေပြီ။

မပြန်ခင် ကျန်းဖုန်းက နှစ်ဖက်စလုံးကို ပြောလိုက်တယ်။ "အစ်မဝေက သဘက်ခါ အလုပ်နားတယ်လို့ ပြောထားတယ်။ နှစ်ဖက်စလုံး သဘောတူရင် သဘက်ခါကျရင် 'အိမ်လာကြည့်' ဖို့ စီစဉ်လိုက်မယ်။"

နှစ်ဖက်စလုံး သဘောတူလိုက်ကြပြီး အဲ့ဒီမှာတင် ပြီးသွားတယ်။

ဝေယွီရှမ်းက အလုပ်သွား၊ ကျန်းဖုန်းက ဝေမိသားစု ၃ ယောက်ကို လုံဆန်းရွာ ပြန်ပို့ပေးလိုက်တယ်။

အပြန်လမ်းမှာ ကျန်းဖုန်းက ပြုံးပြီး မေးလိုက်တယ်။ "အစ်ကိုကျယ်... ဒီနေ့ တွေ့ရတာ ဘယ်လိုလဲ။"

ဝေမင်ကျယ် ခေါင်းတငြိမ့်ငြိမ့်နဲ့ "အရမ်းကောင်းတယ်။ လုံးဝ ငါ့အကြိုက်ပဲ။ ဒီတစ်ခါတော့ မင်းကို တကယ် ကျေးဇူးတင်ရမယ်" လို့ ပြောတယ်။

ဝေထျန်တယ်ကတော့ ပြုံးလို့ မဆုံးတော့ဘူး။ သားကြီး အိမ်ထောင်ရေး အဆင်ပြေသွားတော့ ရင်ထဲက အပူမီးကြီး ငြိမ်းသွားသလိုပဲ။ ကျေးဇူးတင်စွာနဲ့ "ရှောင်ဖုန်း... မင်းက ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ပါကွာ" လို့ ပြောလိုက်တယ်။

စွန်းဖန်းကလည်း "ဟုတ်တယ် ရှောင်ဖုန်း။ မင်းသာ မရှိရင် ငါ့သား အာကျယ် တစ်သက်လုံး လူပျိုကြီး ဖြစ်တော့မှာ။ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ဘူး" လို့ ပြောတယ်။

သားကြီးက လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းက မတော်တဆမှုတစ်ခုကြောင့် ပန်းသေနေတယ်ဆိုတာ မနေ့ကမှ သူမ သိလိုက်ရတာ။ ဒါကြောင့် နှစ်တွေအကြာကြီး ရည်းစားမထား၊ Blind date မလုပ်ခဲ့တာကိုး။ အရင်တုန်းက အကြောင်းရင်းကို နားမလည်ခဲ့ဘူး။ သားကြီးက ကျန်းဖုန်းရဲ့ အကြံပေးချက်ကို နားထောင်ပြီး ပြည်နယ်မြို့တော်သွား ကုသလို့ ရောဂါပျောက်မှ မိဘတွေကို ဖွင့်ပြောပြခဲ့တာလေ။

ဒါကြောင့် ကျန်းဖုန်းဟာ သူတို့မိသားစုရဲ့ ကျေးဇူးရှင်ပါလို့ ပြောတာ လွန်တယ်လို့ မဆိုနိုင်ပါဘူး။

ကျန်းဖုန်း ကားမောင်းရင်း ပြုံးကာ "ဦးလေးဝေ၊ အဒေါ်ဝေ... အားနာစရာကြီးဗျာ။ ကျွန်တော်တို့က တစ်ရွာတည်းသား ညီအစ်ကိုတွေပဲလေ။ အစ်ကိုကျယ်ကို ကူညီခွင့်ရတာ ဝမ်းသာပါတယ်" လို့ ပြောလိုက်တယ်။

ကျန်းဖုန်းကို အကျေးဇူးအတင်ဆုံးသူ ဘယ်သူလဲ မေးရင် ကာယကံရှင် ဝေမင်ကျယ် ဖြစ်မှာ သေချာပါတယ်။ မိဘတွေက သူ့ကို ပထမအကြိမ် အသက်ပေးခဲ့တယ်ဆိုရင်၊ ကျန်းဖုန်းက သူ့ကို ဒုတိယအကြိမ် အသက်ပေးခဲ့တာလို့ ပြောလို့ရပါတယ်။

ဝေမင်ကျယ်က ကျေးဇူးတင်စကားတွေ အများကြီး ပြောမနေဘဲ တိုက်ရိုက်ပဲ ပြောလိုက်တယ်။ "ရှောင်ဖုန်း... မင်းတို့အိမ် အိမ်သစ်ဆောက်ဖို့ ရှိတယ်လို့ ကြားတယ်။ ပစ္စည်းတွေသာ ပြင်ဆင်ထား၊ အိမ်ဆောက်တာ ငါ့တာဝန်ထားလိုက်။ သေချာပေါက် လှလှပပလေး ဆောက်ပေးမယ်။"

ဒါကိုကြားတော့ ဝေထျန်တယ်လည်း ဝင်ထောက်တယ်။ "ဟုတ်တယ် ရှောင်ဖုန်း။ မင်းအိမ်ကို ငါတို့သားအဖ တာဝန်ယူ ဆောက်ပေးမယ်။ မင်း ပစ္စည်းဖိုးပဲ စိုက်၊ ကျန်တာ ဘာမှ ပူစရာမလိုဘူး။"

ကျန်းဖုန်း အမြန် ငြင်းလိုက်တယ်။ "ဦးလေးဝေ၊ အစ်ကိုကျယ်... ကျွန်တော့်အိမ်က ဦးလေး (ကျန်းယုံကွေ့) တို့နဲ့ ပေါင်းဆောက်ရမှာ။ ခင်ဗျားတို့ကို အကူအညီတောင်းတာ ပြဿနာမရှိပေမယ့် လက်ခကိုတော့ ပေါက်ဈေးအတိုင်း ယူမှ ဖြစ်မယ်။"

ဝေသားအဖက လုံးဝ လက်မခံပါဘူး။ ကျန်းဖုန်းက သူတို့မိသားစု ကျေးဇူးရှင်မို့ လက်ခ လုံးဝ မယူနိုင်ဘူး၊ အတင်းပေးရင် သူတို့သားအဖကို စော်ကားတာပဲလို့ ပြောကြတယ်။

အကြာကြီး ညှိနှိုင်းပြီးမှ နောက်ဆုံးတော့ ကျန်းဖုန်းရဲ့ အောင်သွယ်စည်းကမ်းအတိုင်း လုပ်ဖို့ သဘောတူလိုက်ကြတယ်။ အိမ်ဆောက်ပြီးရင် ကျန်းဖုန်းက ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဖိုး (Red envelope) ပေးမယ်ပေါ့။

မုန့်ဖိုးပေးမယ် ဆိုတော့ ကျန်းဖုန်း သဘောတူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် မုန့်ဖိုးဆိုတာ ကြားလို့ကောင်းသလို ကိုယ်ပေးချင်သလောက် ပေးလို့ရတာပဲလေ။ လက်ခပေါက်ဈေးအတိုင်း တွက်ပြီး မုန့်ဖိုးထည့်ပေးလိုက်ရင် ပြီးတာပဲ။

...

အိမ်ပြန်ရောက်တော့ ဝေမိသားစု စတင် လှုပ်ရှားကြပြီ။ သတို့သမီးဘက်က သဘက်ခါမှ လာမှာဆိုပေမယ့် ဆွေမျိုးတွေကို ကြိုဖိတ်ထားရမယ်လေ။ ပြီးတော့ ဧည့်ခံကျွေးမွေးဖို့အတွက်လည်း စီစဉ်ရဦးမယ်။ ကြိုမလုပ်ရင် နောက်ကျသွားလိမ့်မယ်။

တစ်ရွာတည်းသားတွေ ဖြစ်သလို ဝေမိသားစုက အဒေါ်ဝမ်တို့ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတော့ ဝေမိသားစု လှုပ်ရှားတာနဲ့ အဒေါ်ဝမ်တို့ သတင်းရလိုက်တယ်။

သဘက်ခါကျရင် သတို့သမီးဘက်က ဝေမိသားစုအိမ် လာကြည့်မယ်ဆိုတာ သိလိုက်တာနဲ့ အဒေါ်ဝမ်တို့ မိသားစုက အောင်သွယ် ကျန်းဖုန်းနဲ့ ဝေမိသားစုကြား သွေးခွဲဖို့၊ မင်္ဂလာပွဲ ပျက်စီးဖို့နဲ့ ကျန်းဖုန်း နာမည်ပျက်ဖို့ အခွင့်အရေး ချောင်းနေကြပြီ။

...

သတိမထားမိလိုက်ခင်မှာပဲ ဝေမင်ကျယ်အိမ်ကို မိန်းကလေးဘက်က "အိမ်လာကြည့်" တဲ့နေ့ ရောက်လာတယ်။

ဝေမင်ကျယ်က ရွာထဲမှာ နာမည်ကြီး လူပျိုကြီး ဖြစ်ပေမယ့် တခြား လူပျိုကြီးတွေနဲ့ မတူတာက သူ့မိသားစု စီးပွားရေး အခြေအနေက ရွာထဲမှာ ထိပ်တန်းအဆင့် ရှိနေတာပါပဲ။ ဒါကြောင့် ဝေယွီရှမ်းရဲ့ မိသားစုနဲ့ ဆွေမျိုးတွေ လာကြည့်တဲ့အခါ အားလုံး ကျေနပ်သွားကြတယ်။

တခြားဟာတွေ ထားလိုက်ဦး၊ ဝေသားအဖက ကန်ထရိုက်တာတွေဆိုတော့ ကိုယ့်အိမ်ကိုယ် လှလှပပ ဆောက်ထားတာပေါ့။

ဝေမိသားစုက ချမ်းသာတော့ ဧည့်ခံကျွေးမွေးတာလည်း တော်တော် ခမ်းနားတယ်။ ဒါကြောင့် ထမင်းစားပွဲမှာ အိမ်ရှင်ရော ဧည့်သည်ပါ ပျော်ရွှင်ခဲ့ကြတယ်။

နေ့လယ် ၂ နာရီခွဲလောက်မှ ပွဲပြီးတယ်။

မပြန်ခင်မှာ ဝေဖခင်က အရေးကြီးဆုံးအပိုင်းကို မမေ့ပါဘူး။ ပြင်ဆင်ထားတဲ့ မုန့်ဖိုးစာအိတ်တွေကို ထုတ်ပြီး မိန်းကလေးဘက်က ပါလာသူတိုင်းနဲ့ အောင်သွယ် ကျန်းဖုန်းကိုပါ ပေးကမ်းလိုက်တယ်။

နှုတ်ဆက်စကား ပြောပြီးနောက် ဝေယွီရှမ်းတို့ ၅ ယောက် ကားပေါ်တက်ပြီး ပြန်ထွက်လာကြတယ်။

ကားက လုံဆန်းရွာအဝင်ဝကို ကျော်ရုံပဲ ရှိသေးတယ်၊ အမျိုးသမီးငယ်တစ်ယောက်က ကားကို တားလိုက်တယ်။ ကားမောင်းတဲ့သူက ဝေယွီရှမ်းရဲ့ ဝမ်းကွဲအစ်ကိုပါ။ ပြတင်းပေါက်ချပြီး "မင်္ဂလာပါ... ဘာကိစ္စ ရှိလို့လဲ" လို့ မေးလိုက်တယ်။

အမျိုးသမီးငယ်က "ရှင်တို့ ဒီနေ့ လုံဆန်းရွာက ဝေထျန်တယ် အိမ်ကို လာကြည့်ကြတာ မဟုတ်လား" လို့ မေးလိုက်တယ်။

ဝမ်းကွဲအစ်ကိုနဲ့ ဝေယွီရှမ်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းညိတ်ကာ "ဟုတ်ပါတယ်... ဝေမိသားစုအိမ် လာကြည့်တာပါ။ ဘာကိစ္စများ ရှိလို့လဲ" လို့ ပြန်မေးလိုက်တယ်။

အမျိုးသမီးငယ်က ဘေးဘီကို ကြောက်လန့်တကြား ကြည့်ပြီး "ရှင်တို့ အဲ့ဒီ အောင်သွယ်ရဲ့ လှည့်စားတာ ခံလိုက်ရပြီ။ ဝေထျန်တယ်ရဲ့ သားကြီးက လူကောင်းမဟုတ်ဘူး။ သူက သောက်စား၊ လောင်းကစား၊ မိန်းမလိုက်စား အကုန်ကျွမ်းတယ်။ နှစ်တွေတစ်လျှောက်လုံး မိန်းကလေးတွေ အများကြီး အိမ်ခေါ်လာဖူးပေမယ့် သူ့ဇာတိရုပ်ကို သိသွားကြလို့ အကုန် ထွက်ပြေးကုန်ကြတာ" လို့ တိုးတိုးလေး ပြောပြတယ်။

ဒါကိုကြားတော့ ကားပေါ်က ၅ ယောက်လုံး မျက်နှာပျက်သွားကြတယ်။

ဝေယွီရှမ်းကတော့ တစ်ဖက်လူ ပြဿနာလာရှာမှန်း ချက်ချင်း သိလိုက်တယ်။ ဝေမင်ကျယ်က အသက် ၁၉ နှစ်ကတည်းက မတော်တဆမှုကြောင့် ရောဂါဖြစ်ပြီး အခုမှ ပျောက်တာကို သိထားတဲ့သူမက သူ ပြည့်တန်ဆာတွေနဲ့ ပတ်သက်တယ်ဆိုတာ ယုံပါ့မလား။ သူမကို နလပိန်းတုံး ကောင်မလေးလို့ ထင်နေတာလား။

ဒါကြောင့် ဝေယွီရှမ်း ဖုန်းကို တိတ်တဆိတ် ထုတ်ပြီး အဲ့ဒီ အမျိုးသမီးငယ်ကို ဓာတ်ပုံ ခိုးရိုက်လိုက်တယ်။

ဒါပေမဲ့ ဝေယွီရှမ်း မိဘတွေကတော့ ဝေမင်ကျယ်ရဲ့ အခြေအနေကို မသိကြတော့ ဒါကိုကြားပြီး သံသယ ဝင်သွားကြတယ်။ ရှေ့ခုံမှာထိုင်တဲ့ ဝေဖခင်က မျက်မှောင်ကြုတ်ပြီး "မင်းက ဘယ်သူလဲ။ မင်းပြောတာ မှန်တယ်ဆိုတဲ့ သက်သေ ဘာရှိလဲ" လို့ မေးလိုက်တယ်။

အမျိုးသမီးငယ်က "ကျွန်မက လုံဆန်းရွာကပါ။ ရှင်တို့ လိမ်ခံရတာ မကြည့်ရက်လို့ လာပြောပြတာ။ ယုံတာ မယုံတာ ရှင်တို့ သဘောပဲ။ ကျွန်မ သွားစရာရှိသေးလို့ သွားတော့မယ်" လို့ ပြောပြီး တဖက်လူရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ လမ်းကြားလေးထဲ ဝင်ပြီး ပျောက်သွားတယ်။

ဝေဖခင်က တည်တင်းတဲ့ မျက်နှာထားနဲ့ "ဒါ ဘာသဘောလဲ။ ဒီမိန်းကလေး ပြောတာ အမှန်လား။ ဒါမှမဟုတ် ဝေမိသားစုနဲ့ ရန်ငြိုးရှိလို့ တမင် လာဖျက်တာလား" လို့ မေးလိုက်တယ်။

ဝေယွီရှမ်းက "တမင် လာဖျက်တာပါ။ အကြောင်းရင်း အတိအကျကိုတော့ မသိရသေးဘူး။ အောင်သွယ် ကျန်းဖုန်းကို ဖုန်းဆက်ပြီး ဒီမိန်းကလေးကို သိလားလို့ မေးကြည့်လိုက်မယ်" လို့ ပြောလိုက်တယ်။