လုံဆန်းရွာ။

ဝေမိသားစုအိမ်။

သတို့သမီးဘက်က ပြန်သွားကြပြီဆိုတော့ ဝေမိသားစုဘက်က ဆွေမျိုးတွေလည်း ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ပြင်ဆင်နေကြတယ်။ နှုတ်ဆက်ပြီး ပြန်တော့မယ့်အချိန်မှာ ကျန်းဖုန်းဆီ ဝေယွီရှမ်း ဖုန်းဆက်လာတယ်။

"အစ်မဝေ... ဘာဖြစ်လို့လဲ။"

"အောင်သွယ်တော် ကျန်း... ဒီလိုပါ။ ကျွန်မတို့ ရွာအဝင်ဝကနေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်က ကားတားပြီး..."

ဝေယွီရှမ်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြပြီးတဲ့အခါ ကျန်းဖုန်း မျက်မှောင်ကြုတ်သွားတယ်။ "အစ်မဝေ... အဲ့ဒီမိန်းကလေးရဲ့ ဓာတ်ပုံကို WeChat ကနေ အခုပဲ ပို့ပေးပါ။ ဘယ်သူက နောက်ကွယ်က ကြိုးကိုင်နေလဲ ကြည့်ရအောင်။"

"ကောင်းပြီ၊ အခု ပို့လိုက်မယ်။ ကျွန်မတို့ ပြန်လာပြီး ကူညီပေးဖို့ လိုမလား။"

"မလိုပါဘူး အစ်မဝေ။ အစ်မတို့ အရင်ပြန်နှင့်လိုက်ပါ။ ကျွန်တော်တို့ ဖြေရှင်းလိုက်ပါ့မယ်။ အဖြေရရင် ဖုန်းဆက်လိုက်မယ်။"

"ကောင်းပြီလေ... ဒါဆို ကျွန်မတို့ ပြန်ပြီနော်။"

"ဟုတ်ကဲ့။"

ဖုန်းချပြီးတာနဲ့ ဘေးနားက နားစွင့်နေတဲ့ ဝေမင်ကျယ်က "ရှောင်ဖုန်း... ဘာဖြစ်တာလဲ။ ယွီရှမ်းတို့ကားကို တစ်ယောက်ယောက်က တားလိုက်တာလား" လို့ အမြန်မေးလိုက်တယ်။

ဒါကိုကြားတော့ ဝေမိဘနှစ်ပါးနဲ့ ဆွေမျိုးတွေပါ ဝိုင်းလာကြတယ်။

ကျန်းဖုန်းက ဝေယွီရှမ်း ပြောပြတာတွေကို အကျဉ်းချုံး ပြန်ပြောပြလိုက်တယ်။ "ဘယ်သူက အစ်ကိုကျယ်ရဲ့ နာမည်ဖျက်နေလဲ မသိဘူး။ ဒါပေမဲ့ အစ်မဝေက ခိုးရိုက်ထားတဲ့ ဓာတ်ပုံ ပို့ပေးလိမ့်မယ်။ ကြည့်လိုက်ရင် ဘယ်သူလဲဆိုတာ သိရမှာပါ။"

ဒါကိုကြားတော့ ဝေမင်ကျယ် ဒေါသထွက်လွန်းလို့ အသည်းတွေတောင် နာလာတယ်။ "တောက်... ဘယ်ခွေးမသားက ငါ့နာမည် ဖျက်နေတာလဲ။ သောက်စား၊ လောင်းကစား၊ မိန်းမလိုက်စား အကုန်ကျွမ်းတယ် ဟုတ်လား။ ကျွမ်းတာက သူ့အဘပဲ။ ရှောင်ဖုန်း... WeChat မြန်မြန်ဖွင့်ကြည့်။ ဘယ်သူလဲဆိုတာ သိရင် အသေပဲ။"

ဝေမိဘတွေနဲ့ ဆွေမျိုးတွေလည်း ဒေါသထွက်နေကြတယ်။ တချို့ စိတ်ဆတ်တဲ့သူတွေဆို ဆဲတောင် ဆဲကုန်ပြီ။ ဒီလုပ်ရပ်က ဝေမင်ကျယ်ရဲ့ မင်္ဂလာပွဲ ပျက်စီးစေချင်လို့ လုပ်တာဆိုတာ သိသာနေတာပဲ။ ဘယ်လောက်တောင် အငြိုးကြီးလိုက်သလဲ။

ကျန်းဖုန်းလည်း ဒေါသထွက်နေပေမယ့် စကားမပြောတော့ဘဲ WeChat ဖွင့်ပြီး ဝေယွီရှမ်း ပို့လာတဲ့ ဓာတ်ပုံကို ပြလိုက်တယ်။

"ချန်ရှန်လန်လား။"

"သေစမ်း... ချန်ရှန်လန်ပဲ။ ငါ သူ့ကို ဘာမှ လုပ်မထားပါဘူး။ ဘာလို့ ငါ့နာမည်ကို ဒီလောက်ထိ ဖျက်ရတာလဲ။"

ဓာတ်ပုံကို မြင်လိုက်တာနဲ့ ကျန်းဖုန်းရော ဝေမိသားစုပါ ချက်ချင်း မှတ်မိလိုက်ကြတယ်။ သူက ရွာထဲက နာမည်ကြီး အောင်သွယ် အဒေါ်ဝမ်ရဲ့ ချွေးမအကြီးဆုံး ချန်ရှန်လန်ပဲ။

ဒီအချိန်မှာ နာမည်ကြီး တက္ကသိုလ်ဝင်ခွင့်ရအောင် သုံးခဲ့ရတဲ့ ကျန်းဖုန်းရဲ့ ဦးနှောက်က အလုပ်လုပ်လာပြီ။ သူက မျက်လုံးမှေးပြီး "အစ်ကိုကျယ်... အစ်ကိုက မဆိုင်ဘဲ ကြားညပ်သွားတာ။ ကျွန်တော့်ကြောင့် ပါသွားတာ။ သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားတာ ဖြစ်မယ်" လို့ သုံးသပ်လိုက်တယ်။

ဝေမင်ကျယ်က နားမလည်သေးဘဲ "ရှောင်ဖုန်း... သူက ငါ့နာမည်ဖျက်ပြီး ငါ့မင်္ဂလာပွဲ ဖျက်ဆီးချင်နေတာလေ။ ဘာလို့ မင်းကို ပစ်မှတ်ထားရမှာလဲ" လို့ မေးတယ်။

ဝေထျန်တယ်ကတော့ အတွေ့အကြုံရှိတဲ့ လူကြီးပီပီ ကျန်းဖုန်း ပြောလိုက်တာနဲ့ သဘောပေါက်သွားတယ်။ "ကြည့်ရတာ မင်းရဲ့ အောင်မြင်မှုတွေက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေလို့ ဖြစ်မယ်။ အဒေါ်ဝမ်က ဒီလိုလူစားမျိုး ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ ကံကောင်းလို့ ဝေယွီရှမ်းက အာကျယ် (ဝေမင်ကျယ်) ကို ယုံကြည်လို့ပေါ့။ မဟုတ်ရင် ဒီမင်္ဂလာပွဲ တကယ် ပျက်သွားနိုင်တယ်။"

စွန်းဖန်းလည်း နားလည်သွားပြီး ချက်ချင်း လက်မောင်းပင့်ကာ "ငါ့သား အာကျယ်ကို ဒီလို ကောလာဟလတွေ လွှင့်ရဲတယ်ပေါ့လေ။ အဲ့ဒီ ချန်ရှန်လန်ရဲ့ ပါးစပ်ကို သွားဆွဲဖြဲပစ်မယ်" လို့ ဒေါသတကြီး ပြောပြီး အဒေါ်ဝမ်အိမ်ဘက် ထွက်သွားတယ်။

ဝေမိသားစုက စိတ်ဆတ်တဲ့ ဆွေမျိုးတွေလည်း ဘာမှမပြောဘဲ နောက်က လိုက်သွားကြတယ်။

ဝေသားအဖလည်း ချက်ချင်း လိုက်သွားကြတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဝေမင်ကျယ်က ထိခိုက်နစ်နာသူ ဖြစ်နေလို့ တရားမျှတမှု ရအောင် သွားတောင်းဆိုရမှာပဲ။

ကျန်းဖုန်းလည်း လိုက်သွားတာပေါ့။ သူ့ကို ပစ်မှတ်ထားတာ သိသာနေမှတော့ သွားရှင်းရမှာပဲလေ။

ဝေမိသားစုအိမ်နဲ့ အဒေါ်ဝမ်အိမ်က သိပ်မဝေးပါဘူး။ မိနစ်နည်းနည်း လမ်းလျှောက်ရင် ရောက်ပါတယ်။

စွန်းဖန်းက လမ်းတစ်လျှောက်လုံး ဆဲဆိုသွားတယ်။ သူမရဲ့ သားကြီးက လွန်ခဲ့တဲ့ ၁၉ နှစ်လုံးလုံး လူမသိသူမသိ ခံစားခဲ့ရတာ။ အောင်သွယ် ကျန်းဖုန်းရဲ့ အကူအညီနဲ့မှ ဆေးကုပြီး ပုံမှန်ပြန်ဖြစ်လာတာ။ အခုမှ အိမ်ထောင်ပြု၊ ကလေးမွေးပြီး ပျော်ရွှင်တဲ့ဘဝလေး စတော့မလို့ ရှိသေးတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ အဒေါ်ဝမ်ရဲ့ ချွေးမက ယုတ်မာတဲ့ နည်းလမ်းသုံးပြီး သားကြီးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတယ်ဆိုတော့... ဒီရန်ငြိုးက ကြီးမားလွန်းပါတယ်။

မိနစ်အနည်းငယ်ကြာတော့ စွန်းဖန်းနဲ့ ဆွေမျိုးတွေ အဒေါ်ဝမ်အိမ်ရှေ့ ရောက်သွားကြတယ်။ သတင်းကြားလို့ လိုက်လာတဲ့ ရွာသားတွေလည်း အများကြီးပဲ။

"ချန်ရှန်လန်... နင်ဆိုတဲ့ မိန်းမယုတ်၊ အခု ထွက်ခဲ့စမ်း။"

"အရှက်မရှိတဲ့ကောင်မ... ငါ့သား အာကျယ်က နင့်ကို ဘာလုပ်မိလို့လဲ။ ဘာလို့ သူ့မင်္ဂလာပွဲကို ဖျက်ဆီးချင်ရတာလဲ။"

"ရွာသူရွာသားတို့... ဆုံးဖြတ်ပေးကြပါဦး။ ငါ့သား အာကျယ်က ဒီနှစ် အသက် ၃၈ နှစ် ရှိပြီ။ အောင်သွယ်တော် ရှောင်ဖုန်းရဲ့ အကူအညီနဲ့မှ အိမ်ထောင်ဖက် တွေ့ထားရတာ။"

"ဒီနေ့ မိန်းကလေးဘက်က အိမ်လာကြည့်ပြီး ပြန်သွားတော့ ရွာအဝင်ဝနားမှာ ဒီမိန်းမယုတ် ချန်ရှန်လန်က ကားတားပြီး ငါ့သားက သောက်စား၊ လောင်းကစား၊ မိန်းမလိုက်စား အကုန်လုပ်တယ်၊ မိန်းကလေးတွေ အများကြီး အိမ်ခေါ်လာဖူးပြီး မနက်မိုးလင်းရင် ထွက်ပြေးကုန်ကြတယ်ဆိုပြီး ကောလာဟလတွေ လွှင့်တယ်လေ။"

"'ဘုရားကျောင်း ၁၀ ဆောင် ဖျက်ဆီးတာက မင်္ဂလာပွဲ တစ်ပွဲ ဖျက်ဆီးတာလောက် အပြစ်မကြီးဘူး' ဆိုတဲ့ စကားတောင် ရှိတယ်။ ရွာသူရွာသားတို့... ဒါ လူလုပ်ရမယ့် အလုပ် ဟုတ်ရဲ့လား။"

စွန်းဖန်းက ပုံမှန်ဆို စွာကျယ်စွာကျယ် လုပ်တတ်သူ မဟုတ်ပေမယ့် မိခင်တစ်ယောက်အနေနဲ့ သားသမီးကိစ္စဆိုရင် အားအင်တွေ ထွက်လာတတ်ပါတယ်။ အခုချိန်မှာ စွန်းဖန်းက အဒေါ်ဝမ်အိမ်ရှေ့ ပိတ်ရပ်ပြီး အသံကုန်ဟစ်ကာ တရားမျှတမှု တောင်းဆိုနေပါပြီ။

စွန်းဖန်းရဲ့ ဆဲဆိုသံတွေကြားမှာ ရွာသားတွေ ဘာဖြစ်လဲဆိုတာ နားလည်သွားကြပြီး တီးတိုး ဝေဖန်နေကြတယ်။

"ချန်ရှန်လန်က ဘာလို့ ဒီလိုလုပ်ရတာလဲ။ တကယ် ယုတ်မာတာပဲ။"

"စဉ်းစားလို့ မရဘူး။ ချန်ရှန်လန်နဲ့ ဝေမင်ကျယ်ကြားမှာ ရန်ငြိုးရှိတယ်လို့ မကြားမိပါဘူး။ ဘာလို့ မင်္ဂလာပွဲ ဖျက်ဆီးချင်ရတာလဲ။ အသက်တိုမှာ မကြောက်ဘူးလား။"

"လူပါးစပ်က ယုံရတာ မဟုတ်ဘူး။ ချန်ရှန်လန်က ကြည့်ရင်တော့ ရိုးရိုးအေးအေးပဲ။ ဒီလိုလုပ်မယ်လို့ ထင်မထားဘူး။ တကယ် ယုတ်မာတာပဲ။"

"ငါ့အမြင်တော့ ကိစ္စက ဒီလောက် ရိုးရှင်းမယ် မထင်ဘူး..."

ပြောရင်သာ ကြာတာပါ၊ တကယ်တမ်း စွန်းဖန်း ရောက်လာပြီး ဆဲဆိုတာကနေ ရွာသားတွေ ဝေဖန်တာအထိ မိနစ်ဝက်လောက်ပဲ ကြာပါတယ်။

အဲ့ဒီ မိနစ်ဝက်အတွင်းမှာ အဒေါ်ဝမ်တို့ မိသားစု ကြောင်အမ်းပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်နေကြတယ်။

သူတို့ရဲ့ မူလအစီအစဉ်က မိန်းကလေးဘက်ကို ကောလာဟလ လွှင့်မယ်။ ပြီးရင် ရွာထဲမှာကျတော့ မိန်းကလေးက ကလေးတွေ အများကြီး မွေးဖူးတယ်၊ အောင်သွယ် ကျန်းဖုန်းက ဒါကို ဖုံးကွယ်ပြီး ရွာသားတွေနဲ့ မိတ်ဆက်ပေးတယ်ဆိုပြီး သတင်းလွှင့်မလို့ပါ။ ကျန်းဖုန်းကို ကိုယ်ကျင့်တရား မရှိဘူးဆိုပြီး နာမည်ဖျက်မလို့လေ။

အစီအစဉ်က ကောင်းနေပါပြီ။ ဒါပေမဲ့ ပထမအဆင့်မှာတင် ကျရှုံးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ပြီးတော့ ကျရှုံးတာကလည်း မြန်လွန်းတယ်။ ချန်ရှန်လန် အိမ်ထဲ ခြေချရုံ ရှိသေးတယ်၊ ဟိုဘက်က လူစုနဲ့ လာဆဲနေပြီ။

ဘာတွေများ လွဲသွားတာလဲ။