အခန်း (၅၇) စိတ်ဓာတ်ကို ဖျက်ဆီးခြင်း
အဒေါ်ဝမ်အိမ်ရှေ့တွင်။
စွန်းဖန်းသည် ခါးထောက်ပြီး အသံကုန် ဆဲဆိုနေသည်။ သူမ၏ ဆဲဆိုသံသည် နားကွဲမတတ် ကျယ်လောင်လွန်းသဖြင့် ရွာသားများပင် အံ့သြနေကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ အတူနေလာခဲ့ကြပေမယ့် စွန်းဖန်းမှာ ဒီလို ကြမ်းတမ်းတဲ့ဘက်ခြမ်း ရှိမှန်း အခုမှ သိတော့သည်။
ရွာသားတွေ အဖြစ်အပျက် အစအဆုံးကို နားလည်သွားကြပြီ။ ချန်ရှန်လန်ရဲ့ လုပ်ရပ်ကို အံ့သြနေကြသလို ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာကိုလည်း နားမလည်နိုင် ဖြစ်နေကြတယ်။
အားလုံးက အဒေါ်ဝမ်အိမ်ပေါက်ဝကို ဝိုင်းကြည့်နေကြတယ်။ ချန်ရှန်လန် ထွက်လာပြီး ရှင်းပြမှာကို စောင့်နေကြတယ်။
ရှောင်လွှဲလို့ မရတော့ဘူး။ အဒေါ်ဝမ်က အခြေအနေ ဘာလို့ ဒီလောက်မြန်မြန် ပေါက်ကြားသွားလဲ မသိပေမယ့် ဖြေရှင်းနည်းတစ်ခုကို ချက်ချင်း စဉ်းစားလိုက်တယ်။ ငြင်းမယ်၊ လုံးဝ ငြင်းမယ်။ ဟိုဘက်က သက်သေအထောက်အထား ရှိမှာ မဟုတ်ဘူးဆိုပြီး ပြန်တောင် တိုက်စစ်ဆင်မယ်လို့ တွေးလိုက်တယ်။
ဒါနဲ့ အဒေါ်ဝမ်က သားသမီးတွေကို အမြန် မှာကြားပြီး ဒေါသတကြီးနဲ့ အိမ်ထဲက ထွက်လာတယ်။ "စွန်းဖန်း... နင် ရူးနေလား။ ဘာကိစ္စ ငါ့အိမ်ရှေ့လာပြီး အော်ဟစ်ဆဲဆိုနေတာလဲ။ ငါ့ချွေးမကြီးက နင့်သား အာကျယ်ရဲ့ မင်္ဂလာပွဲကို ဘယ်တုန်းက ဖျက်ဆီးလို့လဲ။ ရယ်စရာတွေ လာပြောမနေနဲ့။ နင်က သက်သက်မဲ့ ငါ့ချွေးမ နာမည်ဖျက်ချင်လို့ လုပ်နေတာမလား" လို့ ပြန်အော်တယ်။
စွန်းဖန်းက စိတ်ပျက်စွာနဲ့ ရယ်မောလိုက်ပြီး "အဒေါ်ဝမ်... ရှင်က အောင်သွယ်သက်တမ်း အနှစ် ၂၀ ကျော်နေပြီဆိုတော့ စကားပြော ကောင်းတာတော့ သိပါတယ်။ ဒါပေမဲ့ မျက်နှာပြောင်တိုက်ပြီး လိမ်ရဲတာ ဒီအဆင့်ထိ ရောက်နေပြီလို့ မထင်ထားဘူး။ တကယ် လေးစားဖို့ ကောင်းပါပေတယ်။ ရှင်က ရွာမှာ အောင်သွယ်လုပ်နေရမယ့်သူ မဟုတ်ဘူး၊ မြို့ကြီးတွေသွားပြီး သရုပ်ဆောင် လုပ်သင့်တာ" လို့ ပြန်ပက်လိုက်တယ်။
အဒေါ်ဝမ်က ဒေါသတကြီးနဲ့ "စွန်းဖန်း... ရွဲ့နေတာတွေ ရပ်လိုက်တော့။ ရှင်းရှင်းလင်းလင်း ပြောစမ်း။ ငါ့ချွေးမက သူများကားကို တားပြီး နင့်သား အာကျယ်အကြောင်း မကောင်းပြောတာကို နင် ဘယ်မျက်လုံးနဲ့ မြင်လို့လဲ" လို့ မေးလိုက်တယ်။
စကားပြောနေရင်းနဲ့ အဒေါ်ဝမ်ရဲ့ မိသားစုဝင်တွေ ထွက်လာကြတယ်။ ချန်ရှန်လန်လည်း ပါတယ်။
"ရှင် ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိပြီးသားပါ။ အဒေါ်ဝမ်... သက်သေမရှိဘဲ ကျွန်မတို့က ရှင့်အိမ်ရှေ့ လာအော်မယ် ထင်နေလား"
စွန်းဖန်းက နှာခေါင်းရှုံ့လိုက်ပြီး ချန်ရှန်လန်ကို ကြည့်ကာ "ချန်ရှန်လန်... နင့်ကို အကြံပေးလိုက်မယ်။ ဖြစ်ကြောင်းကုန်စင် ရိုးရိုးသားသား ရှင်းပြလိုက်တာ ကောင်းမယ်။ မဟုတ်ရင် ငါတို့ သက်သေထုတ်ပြလိုက်တဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်ကို နင်သိတယ်မလား" လို့ ခြိမ်းခြောက်လိုက်တယ်။
ချန်ရှန်လန်က ဝန်ခံလို့ မဖြစ်ဘူးလေ။ ဒါကြောင့် ခေါင်းမာမာနဲ့ "အဒေါ်စွန်း... အဒေါ် လူမှားနေပြီ ထင်တယ်။ ကျွန်မ အဲ့လို မလုပ်ပါဘူး။ ကျွန်မကို မစွပ်စွဲပါနဲ့" လို့ ငြင်းတယ်။
တကယ်တော့ သူမလည်း ကြောင်နေတာပါ။ ကားတားတုန်းက ဘေးဘီကို သေချာ ကြည့်ခဲ့တာပဲ။ ဘယ်သူမှ မမြင်ပါဘူး။ ကားပေါ်က လူ ၅ ယောက်ကလည်း သူမကို မသိပါဘူး။ ဒါဆို ဘယ်နေရာမှာ လွဲသွားလို့ ဒီလောက်မြန်မြန် ပေါက်ကြားသွားပြီး အိမ်ရှေ့လာ အော်ခံရတာလဲ။
ကျန်းဖုန်းက သူ ဝင်ပါရမယ့်အချိန် ရောက်ပြီဆိုတာ သိလိုက်တယ်။ တိတ်တဆိတ်ပဲ ဖုန်းထုတ်၊ WeChat ဖွင့်ပြီး ဝေယွီရှမ်း ပို့ပေးထားတဲ့ ဓာတ်ပုံကို ဖွင့်လိုက်တယ်။ ဖုန်းမျက်နှာပြင်ကို ချန်ရှန်လန်ဘက် လှည့်ပြလိုက်ပြီး "ချန်ရှန်လန်... ခေါင်းမာမနေပါနဲ့တော့။ မျက်လုံးဖွင့်ပြီး သေချာကြည့်လိုက်ပါဦး... ဒါ ခင်ဗျား မဟုတ်ဘူးလား" လို့ တည်ငြိမ်စွာ မေးလိုက်တယ်။
ကျန်းဖုန်းဖုန်းထဲက ဓာတ်ပုံကို မြင်လိုက်ရတော့ ချန်ရှန်လန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ ပါးစပ်ဟပြီး တစ်ခုခု ပြောမလို လုပ်ပေမယ့် အသံထွက်မလာတော့ဘူး။
အဒေါ်ဝမ်လည်း ဓာတ်ပုံကို မြင်လိုက်တော့ စိတ်ထဲကနေ ချွေးမကြီးကို ကျိန်ဆဲလိုက်မိတယ်။ "အသုံးမကျတဲ့ကောင်မ... ခိုင်းတာလေး လုပ်တာတောင် ခြေရာလက်ရာ မပျောက်ဘူး။ သူများ ဓာတ်ပုံခိုးရိုက်တာတောင် မသိဘူး။ တကယ် အသုံးမကျဘူး။"
စိတ်ထဲက ဆဲနေပေမယ့် အပြင်မှာတော့ အခြေအနေကို ထိန်းမှ ဖြစ်မယ်။
အဒေါ်ဝမ် ခေါင်းခြောက်အောင် စဉ်းစားနေတုန်း ကျန်းဖုန်းက သူမဘက် လှည့်လာပြီး "အဒေါ်ဝမ်... ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့တော့။ ချန်ရှန်လန် မပြောလည်း နောက်ကွယ်က ကြိုးကိုင်သူက အဒေါ်ဝမ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ပြောလိုက်တယ်။
အဒေါ်ဝမ်က အနာပေါ် တုတ်ကျသလို "ကျန်းဖုန်း... မင်း ငါ့ကို မဟုတ်မဟတ် လာမစွပ်စွဲနဲ့နော်..." လို့ အော်တယ်။
ကျန်းဖုန်း ဖြတ်ပြောလိုက်တယ်။ "အဒေါ်ဝမ်... စိတ်မလှုပ်ရှားပါနဲ့။ ချန်ရှန်လန်နဲ့ အစ်ကိုကျယ်က အရင်ကရော အခုရော ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမဲ့ သူက ကားကို တားပြီး အစ်ကိုကျယ်ရဲ့ မင်္ဂလာပွဲ ပျက်အောင် ယုတ်မာတဲ့ စကားတွေ ပြောတယ်။ သူ ရူးမနေဘူးဆိုရင် ရည်ရွယ်ချက် တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်။"
"ဒါပေမဲ့ ကြည့်ရတာ သူက ရူးနေတဲ့ပုံ မပေါက်ပါဘူး။ ဒါဆို ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ သူ ဒီလိုလုပ်တာ ရည်ရွယ်ချက် ရှိရှိ လုပ်တာ။ ဘာရည်ရွယ်ချက်လဲ ဆိုတာတော့... လူတိုင်း ခန့်မှန်းလို့ ရပါတယ်ဗျာ။"
ဒါကိုကြားတော့ အဒေါ်ဝမ်အပါအဝင် ဝမ်မိသားစုဝင်တွေ မျက်နှာပျက်ကုန်ကြတယ်။ ဘေးက ရွာသားတွေလည်း ရိပ်မိသလိုလို ရှိနေရာကနေ အခုတော့ ရှင်းလင်းသွားကြပြီ။ "ဒါကြောင့်ကိုး" ဆိုတဲ့ အကြည့်တွေနဲ့ အဒေါ်ဝမ်ကို ရွံရှာစွာ ကြည့်နေကြတယ်။
အဒေါ်ဝမ်က အခြေအနေ မကောင်းမှန်း သိပေမယ့် ခေါင်းမာမာနဲ့ "ကျန်းဖုန်း... မင်း ဘာကို ဆိုလိုတာလဲ။ မင်းက ဒီရက်ပိုင်း စုံတွဲနည်းနည်းလောက် အောင်သွယ်ပေးနိုင်တာနဲ့ပဲ အထင်ကြီးမနေနဲ့..." လို့ ပြောတယ်။
စကားမဆုံးခင် ကျန်းဖုန်းက ဖြတ်ပြောလိုက်ပြန်တယ်။ "အဒေါ်ဝမ်... ကျွန်တော် ကိုယ့်ကိုယ်ကို အထင်မကြီးပါဘူး။ မူလကတော့ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်စီးပွား ကိုယ်ရှာကြတာပဲလေ။ ရွာထဲက လူတွေက အဒေါ့်ကို အောင်သွယ်မခိုင်းဘဲ ကျွန်တော့်ဆီ လာရင်တောင် အဒေါ်က တခြားရွာတွေမှာ သွားရှာလို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် အဒေါ်က သက်တမ်းရင့်နေပြီပဲ၊ အနီးနားရွာတွေကို ကျွမ်းကျင်ပြီးသားပဲ။"
"ကျွန်တော့် နာမည်ဖျက်ဖို့ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလိမ့်မယ်လို့ တကယ် ထင်မထားခဲ့ဘူး။"
"ထားလိုက်ပါတော့... ဒါတွေက အဒေါ်တို့ ကိုယ်တိုင် ရှာတဲ့ ဇာတ်ပါပဲ။ အခု လူတိုင်း အဒေါ်တို့ရဲ့ ဇာတိရုပ်ကို မြင်သွားကြပြီ။ ကျွန်တော်က အလုပ်များတဲ့သူမို့ ဒီမှာ အချိန်ဖြုန်းပြီး လာငြင်းမနေနိုင်တော့ဘူး။"
ပြောပြီးတာနဲ့ ကျန်းဖုန်းက ဝေမိသားစုကို "ဦးလေးဝေ၊ အဒေါ်ဝေ၊ အစ်ကိုကျယ်... ပြန်ကြစို့" လို့ ခေါ်လိုက်တယ်။
စွန်းဖန်းက "တောက်... ဘယ်လို လူစားမျိုးလဲ။ ကိုယ်တိုင်က အောင်သွယ်မကောင်းဘဲနဲ့ ရှောင်ဖုန်း အောင်မြင်နေတာကို မနာလိုပြီး လိုက်ဖျက်ဆီးတယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် နောက်ဆို ရွာထဲက ဘယ်သူကများ နင့်ကို အောင်သွယ်ခိုင်းရဲတော့မှာလဲ" လို့ ပြောပြီး ဆွေမျိုးတွေနဲ့အတူ ကျန်းဖုန်းနောက် လိုက်သွားတယ်။
ဒါကိုမြင်တော့ ဘေးက ကြည့်နေတဲ့ ရွာသားတွေလည်း တဖြည်းဖြည်း လူစုခွဲပြီး ပြန်သွားကြတယ်။
လူတွေ အကုန်ပြန်သွားတော့ အဒေါ်ဝမ်တို့ မိသားစု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျန်ရစ်ခဲ့တယ်။ သူတို့ သိလိုက်ပါပြီ... သူတို့မိသားစုတော့ သွားပြီ။ နောက်ဆို ဘယ်သွားသွား အတင်းပြောခံရ၊ လက်ညှိုးထိုးခံရတော့မယ်။ အဓိက စီးပွားရေးဖြစ်တဲ့ အောင်သွယ်လုပ်ငန်းလည်း ရွာထဲမှာ လုပ်စားလို့ ရတော့မှာ မဟုတ်ဘူး။
အဲ့ဒီအချိန်မှာ အဒေါ်ဝမ်တို့ မိသားစု နောင်တရလိုက်မိတယ်။ ဒီလို ယုတ်မာတဲ့ အကြံကိုသာ မသုံးခဲ့ရင်၊ ရွာထဲက လူတွေ အဒေါ်ဝမ်ကို အောင်သွယ်မခိုင်းရင်တောင် အခုလို ဝိုင်းပယ်ခံရတဲ့ အဖြစ်မျိုး ရောက်မှာ မဟုတ်ဘူး။ အခုတော့ စွန်းဖန်းက လူစုနဲ့ လာအော်ပြီး ပြဿနာရှာသွားတော့ သူတို့မိသားစု တကယ် ဒုက္ခရောက်ပြီ။
ထင်တဲ့အတိုင်းပါပဲ။ တစ်နာရီ မပြည့်ခင်မှာပဲ ဒီသတင်းက လုံဆန်းရွာ တစ်ရွာလုံး ပျံ့နှံ့သွားတယ်။ အဒေါ်ဝမ် နာမည်ကြီးသွားပြီ။ ရွာထဲတင်မကဘူး၊ တခြားရွာတွေအထိပါ သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားတယ်။
ကျန်းဖုန်းကတော့ ဒါတွေကို ဂရုမစိုက်တော့ဘူး။ မိဘတွေနဲ့ အစ်ကိုကြီးက သတင်းကြားပြီး ဒေါသထွက်ကာ အဒေါ်ဝမ်ကို သွားရှင်းမယ် လုပ်တာတောင် သူ တားလိုက်တယ်။
ကျန်းဖုန်းက အော်ဟစ်ရန်ဖြစ်ရတာ စိတ်မဝင်စားဘူး။ သူ့ဗျူဟာက "စိတ်ဓာတ်ကို ဖျက်ဆီးခြင်း" ပါပဲ။ စကားနည်းနည်းပဲ ပြောပြီး ပြန်လာခဲ့ပေမယ့် စကားလုံးတိုင်းက နှလုံးသားကို တည့်တည့်ထိစေတယ်။ အခြေအနေက ဒီအထိ ရောက်သွားမှတော့ သူ ဘာမှ ထပ်လုပ်စရာ မလိုတော့ဘူး။ လူထုအမြင် ကတင် အဒေါ်ဝမ်တို့ မိသားစုကို ရွာထဲမှာ ခေါင်းမဖော်နိုင်အောင် လုပ်ပေးသွားပါလိမ့်မယ်။
အဒေါ်ဝမ်နဲ့ ပြဿနာ အသေးစားလေး ဖြေရှင်းပြီးနောက်၊ ဝေမင်ကျယ်နဲ့ ဝေယွီရှမ်းတို့ရဲ့ တင်တောင်းငွေကိစ္စကို ကြားဝင် ညှိနှိုင်းပေးလိုက်တယ်။ နောက်တစ်နေ့ မနက်စောစောမှာပဲ ကျန်းဖုန်း ကားမောင်းပြီး ပြည်နယ်မြို့တော်ကို ထွက်ခွာလာခဲ့တယ်။ ဖောက်သည်မလေး ကျောက်ကျင်း အတွက် သင့်တော်တဲ့ အိမ်ထောင်ဖက် ရှာပေးဖို့ပေါ့။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: