အခန်း (၅၈) ညီလေး... မိန်းမလိုချင်လား
နေ့လယ်။
ကွမ်ရှီးပြည်နယ် မြို့တော်။
ကျန်းဖုန်း ကားရပ်ပြီးနောက် ဖောက်သည်မလေး ကျောက်ကျင်း အတွက် သင့်တော်တဲ့ အိမ်ထောင်ဖက်ကို စတင် ရှာဖွေလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ မမြင်ရတဲ့ လှိုင်းတစ်ခု သူ့ဆီကနေ ဖြာထွက်သွားပြီး မိုင် ၈၀ ပတ်လည်ကို ခြုံငုံသွားတယ်။ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး နောက်ဆုံးမှာ တစ်ခုတည်းသော ပုံရိပ်အပေါ် ရပ်တန့်သွားတယ်။
[နာမည်] ယွမ်ရီ
[အသက်] ၂၉ နှစ်
[အရပ်] ၁၇၃ စင်တီမီတာ
[ကိုယ်အလေးချိန်] ၅၈ ကီလိုဂရမ်
[မိသားစုနောက်ခံ]...
[ပင်ကိုယ်စရိုက်နှင့် ဝါသနာများ]...
[အချစ်ရေးရာဇဝင်]...
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၇၃/၈၃
ကံကောင်းလို့လား၊ ဒါမှမဟုတ် ရှာဖွေမှု အတိုင်းအတာက မိုင် ၈၀ အထိ ကျယ်ပြန့်သွားလို့လား မသိပေမယ့် ကျန်းဖုန်း ပထမဆုံး ရှာလိုက်တာနဲ့တင် ကျောက်ကျင်းအတွက် သင့်တော်တဲ့သူကို တွေ့သွားတယ်။
ကျန်းဖုန်း ယွမ်ရီရဲ့ အချက်အလက်တွေကို အရင်ကြည့်လိုက်တယ်။ ပြီးတော့ ယွမ်ရီရှိတဲ့ နေရာဆီ တန်းမောင်းလိုက်တယ်။
နာရီဝက်အကြာမှာ ကျန်းဖုန်း စီချွမ်စားသောက်ဆိုင် တစ်ဆိုင်ရှေ့ ရောက်လာတယ်။ နေ့လယ်စာ စားချိန်ဖြစ်နေလို့ ဆိုင်သေးသေးလေးထဲမှာ လူတွေ ပြည့်ကြပ်နေတယ်။ ကျန်းဖုန်း နေရာလွတ် တစ်နေရာ မနည်းရှာပြီး ဝင်ထိုင်လိုက်တယ်။ ငရုတ်ပွ ဝက်သားကြော်တစ်ပွဲနဲ့ ငါးခရမ်းသီးနှပ်တစ်ပွဲ မှာလိုက်တယ်။ ပြီးတော့ ဆိုင်ပတ်ဝန်းကျင်ကို လေ့လာကြည့်တယ်။
ဆိုင်က သိပ်မကြီးဘူး။ မီးဖိုချောင် မပါဘဲ ၃၀၊ ၄၀ စတုရန်းမီတာလောက်ပဲ ရှိမယ်။ အပြင်အဆင်က ရိုးရှင်းပြီး ဈေးနှုန်းကလည်း သက်သာတယ်။ ယွမ် ၂၈ ကနေ ၄၈ လောက်ပဲ ရှိတယ်။
ကျန်းဖုန်း ဒီလောက် သေချာ လေ့လာနေရတာက ဒီဆိုင်ပိုင်ရှင်က ကျောက်ကျင်းရဲ့ အိမ်ထောင်ဖက်လောင်း ယွမ်ရီ ဖြစ်နေလို့ပါ။ ယွမ်ရီ ကိုယ်တိုင်ကလည်း ဒီဆိုင်မှာ စားဖိုမှူး လုပ်နေတယ်။
မကြာခင် ကျန်းဖုန်း မှာထားတဲ့ ဟင်းတွေ ရောက်လာတယ်။ စားဖိုမှူး ယွမ်ရီ အလုပ်ရှုပ်နေမှန်း သိလို့ ကျန်းဖုန်းက တမင် ဖြည်းဖြည်းချင်း စားနေလိုက်တယ်။ ကားမောင်းစရာမရှိရင် ဘီယာတစ်ပုလင်းလောက် မှာသောက်ပြီး ဇိမ်ခံနေမိမှာ။
ကျန်းဖုန်း တစ်နာရီကျော်ကြာအောင် စားနေတယ်။ ဆိုင်ထဲက တခြားဖောက်သည်တွေ အကုန်ထွက်သွားမှ သူ ငွေရှင်းဖို့ ထလိုက်တယ်။
ငွေရှင်းပြီးတာနဲ့ ကျန်းဖုန်း မပြန်သေးဘဲ အခုမှ အားသွားတဲ့ ယွမ်ရီဆီ လျှောက်သွားပြီး "ညီလေး... မိန်းမလိုချင်လား။ လိုချင်ရင် အစ်ကိုကြီး ပို့ပေးမယ်လေ" လို့ ပြုံးပြီး မေးလိုက်တယ်။
ယွမ်ရီက မျက်နှာသုတ်ပုဝါနဲ့ ချွေးသုတ်ရင်း ဒီဂန္တဝင်ဆန်တဲ့ စကားကို ကြားလိုက်ရလို့ ရယ်မောပြီး "ဒါဆို ပို့ပေးလေ" လို့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။
ကျန်းဖုန်းက လေးလေးနက်နက် "ကောင်းပြီ၊ ဒါဆို အရင်ထိုင်လိုက်။ တစ်ဖက်လူရဲ့ အကြောင်း ပြောပြမယ်" လို့ ပြောလိုက်တယ်။
ယွမ်ရီ ရယ်မောပြီး "အစ်ကိုကြီး... ဘာတွေ လာနောက်နေတာလဲ" လို့ မေးတယ်။
"နောက်နေတာ မဟုတ်ဘူး။ တကယ် မိတ်ဆက်ပေးမလို့။"
"မိတ်ဆက်ပေးမယ်" ဆိုတာ ကြားတော့ ဘေးနားမှာ စားပွဲရှင်းနေတဲ့ ယွမ်မိခင် မျက်လုံးအရောင်တောက်သွားပြီး "လူလေး... တကယ်ပြောနေတာလား" လို့ ဝင်မေးလိုက်တယ်။
ကျန်းဖုန်း ခေါင်းညိတ်ပြုံးပြပြီး "အဒေါ်... ကျွန်တော့်အမှားပါ။ ကိုယ့်ကိုယ်ကို မိတ်မဆက်မိဘူး။ ကျွန်တော့်နာမည် ကျန်းဖုန်းပါ။ ပရော်ဖက်ရှင်နယ် အောင်သွယ်တစ်ယောက်ပါ။ အဒေါ် အလုပ်အားရင် ထိုင်ပါဦး၊ ကောင်မလေးအကြောင်း ပြောပြချင်လို့ပါ" လို့ ပြောလိုက်တယ်။
တစ်ဖက်လူက အောင်သွယ်မှန်း သိလိုက်ရတော့ ယွမ်ရီ လန့်သွားပြီး ခေါင်းခါကာ "အစ်ကိုကြီး... ကျွန်တော့်ကို နောက်နေတယ် ထင်တာ။ တကယ် မိတ်ဆက်ပေးမယ်ဆိုရင်တော့ ထားလိုက်ပါတော့ဗျာ။ ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး" လို့ ငြင်းလိုက်တယ်။
"ဘာကို ထားလိုက်ပါတော့လဲ။ နင့်အသက် ဘယ်လောက်ရှိပြီလဲ နင် မသိဘူးလား။ ၃၀ ပြည့်တော့မယ်။ နင့်အဖေ ၃၀ တုန်းက နင် ကျောင်းတောင် တက်နေပြီဟဲ့" ယွမ်မိခင်က လက်ထဲက အဝတ်စုတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး သားကို ငေါက်လိုက်တယ်။ ပြီးတော့ ကျန်းဖုန်းရှေ့ ဝင်ထိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့ "လူလေး... ဒီလောက် ငယ်ငယ်လေးနဲ့ အောင်သွယ်ဖြစ်နေမယ်လို့ မထင်ထားဘူး။ ငါ့သား ရှောင်ရီနဲ့ မိတ်ဆက်ပေးမယ့် ကောင်မလေးက ဘယ်ကလဲ။ အသက်ဘယ်လောက်လဲ။ ဘာလုပ်လဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက ပြုံးပြီး "ညီလေးရီနဲ့ မိတ်ဆက်ပေးမယ့် ကောင်မလေး နာမည်က ကျောက်ကျင်းပါ။ ကွမ်ရှီးပြည်နယ် ချန်ဝူမြို့ကပါ။ ဒီနှစ် အသက် ၂၇ နှစ်၊ အရပ် ၁.၆၃ မီတာ၊ လက်ရှိ ပြည်နယ်မြို့တော်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သဘောထား ပြည့်ဝပြီး ကြင်နာတတ်တဲ့ ကောင်မလေးပါ။ ရုပ်လည်း ချောတယ်။ ညီလေးရီနဲ့ ကွက်တိပဲ" လို့ ပြောပြတယ်။
ယွမ်မိခင်က နားထောင်လေ သဘောကျလေ ဖြစ်နေတယ်။ "လူလေး... အဲ့ဒီ မစ္စကျောက်ကျင်းရဲ့ ဓာတ်ပုံပါလား" လို့ မေးလိုက်တယ်။
"ပါတာပေါ့။ အဒေါ် ကြည့်ရအောင် အခုပဲ ဖွင့်ပြမယ်။"
ကျန်းဖုန်းက ကျောက်ကျင်းရဲ့ ဓာတ်ပုံကို ကျွမ်းကျင်စွာ ဖွင့်ပြီး ကမ်းပေးလိုက်တယ်။
ယွမ်မိခင် လှမ်းယူမလို့ လုပ်ပြီးမှ လက်မဆေးရသေးတာ သတိရသွားတယ်။ စားပွဲပေါ်က တစ်ရှူးနည်းနည်း ဆွဲယူပြီး ကျန်းဖုန်းရဲ့ ဖုန်းကို တစ်ရှူးနဲ့အုပ်ကိုင်ကာ ကြည့်တယ်။ ကြည့်ရင်းနဲ့ သားဖြစ်သူကို "ရှောင်ရီ... နင်လည်း လာကြည့်ဦး" လို့ လှမ်းခေါ်တယ်။
ယွမ်ရီ ခါးသက်သက် ပြုံးလိုက်မိတယ်။ မကြည့်ရင် အမေ ပွစိပွစိ လုပ်နေတော့မယ်ဆိုတာ သိလို့ မချင့်မရဲနဲ့ နားကပ်သွားပြီး ဖုန်းကို လှမ်းကြည့်လိုက်တယ်။
ကြည့်လိုက်တာနဲ့ ယွမ်ရီ မှင်သက်သွားတယ်။ ဖုန်းထဲက ကောင်မလေးက မမျှော်လင့်ထားလောက်အောင် လှနေတာကိုး။ ဘာကြောင့်မှန်းမသိပေမယ့် ရှင်းပြလို့မရလောက်အောင် ဆွဲဆောင်မှု ရှိနေတယ်။
ယွမ်မိခင် မျက်လုံးတွေ အရောင်တောက်နေပြီ။ "မဆိုးဘူး၊ တကယ် လှတာပဲ။ ဆွဲဆောင်မှု ရှိတယ်။ ရှောင်ရီ... နင် ဘယ်လိုမြင်လဲ" လို့ မေးလိုက်တယ်။
ယွမ်ရီ သက်ပြင်းချပြီး "လှတော့ လှပါတယ်။ ဒါပေမဲ့ အမေ ကျွန်တော့်အခြေအနေ သိသားပဲ။ သူ့ရှေ့ရောက်ရင် စကားတောင် ကောင်းကောင်း ပြောထွက်မှာ မဟုတ်ဘူး။ ဒီလောက် ထူးချွန်တဲ့ မိန်းကလေးက ကျွန်တော့်ကို စိတ်ဝင်စားပါ့မလား" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ယွမ်မိခင် ရေခဲရေနဲ့ အပက်ခံလိုက်ရသလို ဖြစ်သွားပြီး သက်ပြင်းချလိုက်မိတယ်။
သူမသားက ငယ်ငယ်တုန်းက ဆော့တာ သန်တယ်။ တစ်ခါက ကစားရင်း ကောင်မလေးတစ်ယောက်ရဲ့ စကတ်ကို သွားဆွဲချွတ်မိလို့ အဲ့ဒီကောင်မလေးက အသေအလဲ ပြန်ရိုက်တာ ခံလိုက်ရတယ်။ အဲ့ဒီကတည်းက စိတ်ဒဏ်ရာ ရသွားတာ။ အဲ့ဒီအချိန်ကစပြီး သားဖြစ်သူက မိန်းကလေးတွေနဲ့ ဆက်ဆံရမှာ ကြောက်သွားတယ်။ ကြီးလာတဲ့အထိ မပျောက်ဘူး။ မိဘတွေမှာ စိတ်ပူလွန်းလို့ ဆံပင်တွေတောင် ဖြူကုန်ပြီ။
ကျန်းဖုန်းက ယွမ်ရီရဲ့ အချက်အလက်တွေကို ဖတ်ပြီးသားမို့ ဒီအကြောင်း သိပါတယ်။ သားအမိနှစ်ယောက် သက်ပြင်းချနေတာ မြင်တော့ မသိချင်ယောင်ဆောင်ပြီး "အဒေါ်၊ ညီလေးရီ... ဘာလို့ သက်ပြင်းချနေကြတာလဲ။ လူချင်းတောင် မတွေ့ရသေးဘူး၊ ညီလေးရီကို မကြိုက်ဘူးလို့ ဘယ်လိုသိလဲ" လို့ မေးလိုက်တယ်။
ယွမ်မိခင်က သက်ပြင်းထပ်ချပြီး ဖုန်းပြန်ပေးရင်း ရှင်းပြတယ်။ "လူလေး မသိပါဘူး။ ငါ့သား ရှောင်ရီက ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် စိတ်ဒဏ်ရာ ရနေတာ။ မိန်းကလေးတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ်။ သူတို့ရှေ့ရောက်ရင် ကြောက်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး..."
ကျန်းဖုန်းက "ညီလေးရီ... ဒီကိစ္စအတွက် စိတ်ပညာရှင်နဲ့ ပြဖူးလား" လို့ မေးတယ်။
ယွမ်ရီက "အွန်လိုင်းကနေ ဆွေးနွေးဖူးတယ်။ အပြင်မှာတော့ မပြဖူးဘူး" လို့ ဖြေတယ်။
ကျန်းဖုန်း ခဏစဉ်းစားပြီး "ညီလေးရီ... အစ်ကိုက အချစ်ရဲ့ စွမ်းအားကို ယုံကြည်တယ်။ ခင်ဗျားတို့နှစ်ယောက် တွေ့ဆုံဖို့ စီစဉ်ပေးမယ်။ တကယ် ဖူးစာပါမပါ ကြည့်ကြတာပေါ့" လို့ ပြောလိုက်တယ်။
"ဒါက..." ယွမ်ရီ တွေဝေနေတယ်။
ဘေးက ယွမ်မိခင်က မနေနိုင်ဘဲ "ရှောင်ရီ... ကျောက်ကျင်းက မိန်းမကောင်းလေးလို့ ထင်ရတယ်။ လက်လွှတ်လိုက်ရရင် နှမြောစရာကြီး။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သွားတွေ့ကြည့်လိုက်ပါ။ အံ့ဖွယ်ရာတွေ ဖြစ်လာနိုင်တယ်လေ" လို့ ဝင်ပြောတယ်။
အဲ့ဒီအချိန်မှာ ယွမ်ရီ စိတ်ထဲမှာ ကျောက်ကျင်းရဲ့ မျက်နှာလေး ဖြတ်ခနဲ ပေါ်လာတယ်။ ဘာကြောင့်မှန်းမသိ ဆွဲဆောင်ခံနေရတဲ့ မျက်နှာလေး။ သူ အံကြိတ်ပြီး "ကောင်းပြီလေ... တွေ့ကြတာပေါ့" လို့ ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: