နေ့လယ် ၃ နာရီကျော်ပြီ။ စီချွမ် စားသောက်ဆိုင်က ထွက်လာတော့။

ကျောက်ကျင်းက ဒီအချိန်ဆို အလုပ်ဆင်းလောက်ပြီ။ ဒါပေမဲ့ ကျန်းဖုန်း သူ့ဆီ ချက်ချင်း ဖုန်းမဆက်သေးဘူး။ တခြားဖောက်သည်တစ်ယောက်ဖြစ်တဲ့ ဟူဝမ်ဟွာဆီ အရင် ဖုန်းဆက်လိုက်တယ်။

ဖုန်းကိုင်တာနဲ့ ဟူဝမ်ဟွာရဲ့ ရယ်သံကြီး ထွက်ပေါ်လာတယ်။ "ဆရာကျန်းရေ... ကျွန်တော် ခင်ဗျားဆီ ဖုန်းဆက်မလို့ လုပ်နေတာနဲ့ အတော်ပဲ။"

ကျန်းဖုန်းက ပြုံးပြီး "ဂုဏ်ပြုရတော့မယ် ထင်တယ်။ အစ်မထင်နဲ့ မင်္ဂလာရက် သတ်မှတ်လိုက်ကြပြီ မဟုတ်လား" လို့ မေးလိုက်တယ်။

"ကွက်တိပဲဗျာ... ခင်ဗျားက တကယ့် အောင်သွယ်ပါရမီရှင်ပဲ။ ကျွန်တော်နဲ့ ယွီထင် မင်္ဂလာရက် သတ်မှတ်လိုက်ကြပြီ။ လူတွေကြားထဲ ရေပန်းစားနေတဲ့ နေ့ရက်တွေ မရွေးချင်ပေမယ့် အားလုံး စဉ်းစားပြီးတဲ့အခါ အမျိုးသားနေ့ (အောက်တိုဘာ ၁ ရက်) က အသင့်တော်ဆုံး ဖြစ်နေလို့ အဲ့ဒီနေ့ပဲ ရွေးလိုက်ကြတယ်ဗျာ။"

"အမျိုးသားနေ့ ပွဲက သူငယ်ချင်းမိတ်ဆွေတွေအတွက် အဓိက လုပ်မှာပါ။ အဲ့ဒီမတိုင်ခင် ကျွန်တော်တို့ ဇာတိအသီးသီးက ဆွေမျိုးတွေအတွက် သီးသန့် ပွဲ ၂ ပွဲ လုပ်ပါဦးမယ်။"

"ကျွန်တော် အခု ဖုန်းဆက်မလို့ လုပ်တာက ခင်ဗျားကို အမျိုးသားနေ့ မင်္ဂလာပွဲ ဖိတ်ချင်လို့ဗျ။ အောင်သွယ်တော်ကြီး မပါလို့ မဖြစ်ဘူးလေ။"

ဒါကိုကြားတော့ ကျန်းဖုန်း ခါးသက်သက် ပြုံးလိုက်ပြီး "အစ်ကိုဟွာ... အမှန်အတိုင်း ပြောရရင် ကျွန်တော့်ဆီမှာ အမျိုးသားနေ့ မင်္ဂလာပွဲ ဖိတ်စာတွေ အများကြီး ရောက်နေပြီ။ အကုန်လုံးက ကျွန်တော့် ဖောက်သည်တွေချည်းပဲ။ ကျွန်တော် ကိုယ်ခွဲနိုင်ရင်တောင် ပွဲအားလုံးကို တက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တောင်းပန်ပါတယ်ဗျာ" လို့ ငြင်းလိုက်ရတယ်။

ဟူဝမ်ဟွာ သက်ပြင်းချပြီး "နှမြောစရာပဲဗျာ။ ယွီထင်နဲ့ မင်္ဂလာရက် တိုင်ပင်တုန်းကတည်းက ခင်ဗျား မအားလောက်ဘူးလို့ ထင်သား။ တကယ် ဖြစ်လာတာပဲ" လို့ ပြောတယ်။

ကျန်းဖုန်းက "ဒီလိုလုပ်ဗျာ... ခင်ဗျားတို့ စိတ်မကောင်းဖြစ်ရတာကို အစားထိုးတဲ့အနေနဲ့ ဒီညစာ ကျွန်တော် ဒကာခံပါ့မယ်။ လက်ထပ်မယ့်အထိမ်းအမှတ် ကြိုတင် ဂုဏ်ပြုတာပေါ့" လို့ ပြောလိုက်တယ်။

"ဆရာကျန်း... ခင်ဗျား ပြည်နယ်မြို့တော် ရောက်နေတာလား။"

"ဟုတ်တယ်။ ပြည်နယ်မြို့တော်က ဖောက်သည်တစ်ယောက် လက်ခံထားလို့ ရောက်နေတာ။ ရွာမှာ အလုပ်ရှုပ်နေလို့ မလာဖြစ်တာ၊ မနေ့ကမှ ရောက်တယ်။"

"ကောင်းလိုက်တာဗျာ။ ဒါပေမဲ့ အောင်သွယ်တော်ကြီးက ဒကာခံတယ်ဆိုတာ မဟုတ်သေးပါဘူး။ ဒီည ကျွန်တော်နဲ့ ယွီထင်ပဲ ဧည့်ခံပါ့မယ်။ ယွီထင်ကို အခုပဲ ပြောလိုက်ဦးမယ်။ သူ ဝမ်းသာသွားမှာ သေချာတယ်။ ဆိုင်ချိန်းပြီးရင် ဖုန်းပြန်ဆက်လိုက်မယ်။"

ကျန်းဖုန်းလည်း မငြင်းတော့ဘဲ လက်ခံလိုက်တယ်။

ညစာစားဖို့ ချိန်းပြီးပြီဆိုတော့ ဖောက်သည်မလေး ကျောက်ကျင်းနဲ့ တွေ့ဖို့က ညဘက်မှ ဖြစ်တော့မယ်။ သူမ အလုပ်ဆင်းချိန် မဟုတ်သေးလို့ ဖုန်းမဆက်တော့ဘဲ WeChat ကနေ စာပို့လိုက်တယ်။ ပြည်နယ်မြို့တော် ရောက်နေကြောင်းနဲ့ သူမအတွက် အိမ်ထောင်ဖက် ရှာတွေ့ထားကြောင်း၊ ညဘက်ကျရင် တွေ့ပြီး စကားပြောချင်ကြောင်း ပို့ထားလိုက်တယ်။

စာပို့ပြီးတော့ ဘာမှလုပ်စရာ မရှိသေးတဲ့ ကျန်းဖုန်းက ဟွမ်လင်ဝေကို သတိရသွားတယ်။

ဒီကောင်မလေးက ကျောင်းမဖွင့်ခင် သူမရဲ့ နေ့စဉ်ဘဝက ဒီလိုပါ။ မနက် ၈ နာရီထ၊ မနက်စာစား၊ ဆိုင်ဖွင့်။ ၁၁ နာရီခွဲ ဆိုင်ပိတ်၊ နေ့လယ်စာစားဖို့ အိမ်ပြန်၊ နာရီဝက်လောက် နေ့လယ်တစ်မှေးအိပ်၊ ပြီးရင် ဆိုင်ပြန်ဖွင့်။ ညနေ ၅ နာရီခွဲ ဆိုင်ပိတ်၊ ညစာစားဖို့ အိမ်ပြန်၊ ပြီးရင် ဆိုင်ပြန်ဖွင့်ပြီး ည ၉ နာရီကျမှ ဆိုင်သိမ်းပြီး အိမ်ပြန်။

ဒီလို ဘဝမျိုးက ပျင်းစရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ တခြား ချမ်းသာ၊ လှပတဲ့ မိန်းကလေးတွေနဲ့ ယှဉ်ရင် ဟွမ်လင်ဝေက တကယ့်ကို ထူးခြားတဲ့သူ တစ်ယောက်ပါ။

ဆိုင်ထိုင်တယ် ဆိုရာမှာလည်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ ဥပမာ - ရောင်းကောင်းတဲ့ စတိုးဆိုင်မျိုးဆိုရင် ဖောက်သည်တွေ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်နေမှာ။ ဒါပေမဲ့ ဟွမ်လင်ဝေရဲ့ စီးကရက်၊ အရက်၊ လက်ဖက်ခြောက်ဆိုင်ကတော့ မတူဘူး။ စီးကရက် လာဝယ်သူ နည်းနည်းပါးပါးလောက်ပဲ ရှိပြီး အရက်နဲ့ လက်ဖက်ခြောက် လာဝယ်သူက တစ်နေကုန်နေလို့ တစ်ယောက်တလေတောင် မတွေ့ရတတ်ဘူး။

ဒါကြောင့် ဆိုင်ထိုင်တယ်သာ ပြောတာ၊ တကယ်တမ်းကျတော့ နေရာပြောင်းပြီး ဖုန်းထိုင်သုံးနေတာပါပဲ။

ဒါကြောင့် ကျန်းဖုန်း စာပို့လိုက်တိုင်း သူမက ချက်ချင်းဆိုသလို စာပြန်လေ့ရှိတယ်။

သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှု ရမှတ်က ၉၈ တောင် ရှိတာဆိုတော့ စကားပြောရတာ အတော်လေး အာသွက်လျှာသွက် ရှိကြတယ်။ ဒီလောက် စိတ်တူကိုယ်တူ ဖြစ်တဲ့သူမျိုး ရှာတွေ့ဖို့က ခက်တယ်လေ။ ညနေ ၅ နာရီလောက်အထိ မရပ်မနား စကားပြောဖြစ်ကြတယ်။

...

ညနေ ၆ နာရီ။

ပြည်နယ်မြို့တော်က နာမည်ကြီး ဟော့ပေါ့ဆိုင် တစ်ဆိုင်မှာ။

ကျန်းဖုန်းက ဟူဝမ်ဟွာ၊ ဝူယွီထင် တို့နဲ့ တွေ့ဆုံကြတယ်။ ဝူယွီထင်နဲ့က အရင်တွေ့ဖူးပြီးသားမို့ ထားပါတော့။ ဟူဝမ်ဟွာနဲ့ကတော့ ဒါ ပထမဆုံး အကြိမ် တွေ့ဆုံခြင်းပါပဲ။

နှုတ်ဆက်စကား ပြောပြီးနောက် ဟူဝမ်ဟွာက "ဆရာကျန်း... ခင်ဗျားက တော်တော် ချောတာပဲဗျ။ ခင်ဗျား ရုပ်ရည်နဲ့ဆိုရင် ဖောက်သည်မလေးတွေက သူတို့နဲ့ Blind date လုပ်မယ့်သူကို မကြိုက်ဘဲ အောင်သွယ်တော်ကြီးကို ပြန်ကြိုက်သွားမယ့်ကိန်း ရှိတယ်" လို့ စနောက်လိုက်တယ်။

ဝူယွီထင်က ပါးစပ်အုပ် ရယ်မောပြီး "အမှန်တိုင်း ဝန်ခံရရင် ပန်းခြံမှာ နို့လက်ဖက်ရည်သောက်တုန်းက သူ လာနှုတ်ဆက်တော့ ကျွန်မ ကျိတ်ပျော်သွားတာ။ ဘယ်သူထင်မှာလဲ... ပါးစပ်ဟလိုက်တာနဲ့ အောင်သွယ်ပါလို့ ပြောလိမ့်မယ်လို့။ အဲ့တုန်းက ရင်ကွဲမတတ် ဖြစ်သွားတာ" လို့ ပြောလိုက်တယ်။

ကျန်းဖုန်း ရယ်မောပြီး "အစ်ကိုဟွာ၊ အစ်မထင်... မြှောက်မနေကြပါနဲ့ဗျာ။ အစ်ကိုဟွာက စာရေးဆရာ ထောင်ပေါင်းများစွာထဲမှာ အချောဆုံး စာရင်းဝင်ပဲ။ အစ်မထင်ကလည်း အလှဆုံး စာရေးဆရာမပဲ။ ခင်ဗျားတို့နှစ်ယောက်က လိုက်လည်း လိုက်ဖက်ပါတယ်။ အောင်သွယ်ပေးရကျိုး နပ်ပါတယ်" လို့ ပြန်ပြောလိုက်တယ်။

အပြန်အလှန် မြှောက်ပင့်ပြောဆိုမှုတွေကြောင့် နှစ်ဖက်စလုံး ပျော်ရွှင်သွားကြတယ်။

ဟူဝမ်ဟွာနဲ့ ဝူယွီထင်က စာရေးဆရာတွေ၊ ကျန်းဖုန်းက စာဖတ်ပရိသတ်ဆိုတော့ အောင်သွယ်ကိစ္စ ဘေးဖယ်ပြီး ဝတ္ထုအကြောင်းတွေပဲ ပြောဖြစ်ကြတော့တယ်။

"အစ်ကိုဟွာ... ခင်ဗျား စာအုပ်က ပိုပိုကောင်းလာတယ်နော်။ ကြေးပေးဖတ်သူ ၁ သောင်း ပြည့်ဖို့ သိပ်မလိုတော့ဘူး မလား" လို့ ကျန်းဖုန်းက မေးလိုက်တယ်။

"ဟုတ်တယ်ဗျ။ နေ့စဉ် ပျမ်းမျှ ၉ ထောင်ကျော်နေပြီ။ တက်နေတုန်းပဲ။ Official promotion မပါရင်တောင် လကုန်ရင် ၁ သောင်း ပြည့်လောက်တယ်။ Official ပါရင်တော့ ပိုမြန်မှာပေါ့။"

"ဂုဏ်ပြုပါတယ်ဗျာ။ စာအုပ်တစ်အုပ် ၁ သောင်းပြည့်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ Qidian မှာ ၁ သောင်းပြည့်တဲ့ စာအုပ်တွေ အများကြီး ရှိသလို ထင်ရပေမယ့် တကယ်တမ်း ရာဂဏန်းလောက်ပဲ ရှိတာပါ။ ၁ သောင်းပြည့်ပြီဆိုရင် ထိပ်တန်းစာရေးဆရာ စာရင်းဝင်ပြီလို့ ပြောလို့ရပြီ။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေ အရာထင်ပြီပေါ့။"

ဟူဝမ်ဟွာ ခေါင်းညိတ်ပြီး "ဟုတ်တယ်ဗျ။ ၁ သောင်းပြည့်ဖို့ မလွယ်ဘူး။ အရင်က စာအုပ်ကောင်းတွေ အခြေခံရှိထားလို့၊ ပြီးတော့ ဒီစာအုပ်က ဉာဏ်ကွန့်မြူးမှုတွေ ပါနေလို့ ဒီရလဒ် ရတာပါ။"

စာအုပ်အောင်မြင်မှုအကြောင်း ပြောကြတော့ ဝူယွီထင်က "ခက်ခဲတာမှ မပြောပါနဲ့တော့။ ကျွန်မဆို ၁၀ နှစ်ကျော်နေပြီ၊ လက်ရာကောင်း စာအုပ်တစ်အုပ်မှ မထွက်သေးဘူး။ စိတ်ဓာတ်ကျလွန်းလို့ ဘဝကိုတောင် သံသယဝင်မိတယ်" လို့ ညည်းတွားလိုက်တယ်။

ကျန်းဖုန်းက "လောကမှာ ပါရမီအပေါ် မှီခိုရတဲ့ အလုပ်တွေ အများကြီး ရှိတယ်။ စာရေးတာက အဲ့ဒီအထဲက တစ်ခုပဲ။ လူအများစုကို ဘုရားသခင်က လှည့်တောင် မကြည့်ပေမယ့်၊ လူတချို့ကျတော့ ဘုရားသခင်က နောက်ကလိုက်ပြီး ထမင်းခွံ့ကျွေးသလိုမျိုး ပါရမီပါကြတယ်။ အဲ့ဒါကိုတော့ မနာလို ဖြစ်လို့မရဘူး" လို့ နှစ်သိမ့်လိုက်တယ်။

ဝူယွီထင်က "ဟုတ်တယ်၊ အဲ့ဒါတော့ ဝန်ခံရမှာပဲ" လို့ ပြောတယ်။

သုံးယောက်သား ဟော့ပေါ့စားရင်း အွန်လိုင်းစာပေလောက အကြောင်းတွေ ပြောကြတာ ည ၈ နာရီလောက်မှ ပြန်ဖြစ်ကြတယ်။