အခန်း (၆၀) ပထမဆုံး အမြင်
ရှီးရှန်းထန် ရပ်ကွက်ရှိ လူနေအိမ်ရာဝင်း။
ညစာစားပြီးတာနဲ့ ကျောက်ကျင်း အိမ်ပြန်ရောက်ပြီး ခေါင်းလျှော်၊ ရေချိုးလိုက်တယ်။ ဆံပင်ခြောက်အောင်သုတ်၊ ဆံပင်ကောက်စက်နဲ့ ပုံသွင်း၊ ပြီးတော့ မိတ်ကပ်လိမ်း၊ အဝတ်အစား၊ ဖိနပ်၊ အိတ်တို့ကို သေချာ ရွေးချယ်ပြီး ဆင်မြန်းတယ်။ နောက်ဆုံးမှာ ရေမွှေးနည်းနည်း ဖြန်းလိုက်တယ်။
အကုန်ပြီးစီးသွားတဲ့အချိန် ည ၉ နာရီ ကျော်နေပြီ။
မှန်ထဲကို ကြည့်လိုက်တော့ ကျောက်ကျင်း တွေ့လိုက်ရတာက စိတ်ဓာတ်ကျနေတဲ့သူ မဟုတ်တော့ဘဲ အရင်ကလို တက်ကြွလန်းဆန်းနေတဲ့ သူမပါပဲ။ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိတယ်။ ဒီလို ပြင်ဆင်ခြယ်သဖို့ အချိန် ၂၊ ၃ နာရီ ပေးလိုက်ရတာ တန်ပါတယ်လေ။
ပြီးတော့ ကျောက်ကျင်း အိတ်ဆွဲပြီး တက်တက်ကြွကြွနဲ့ အိမ်က ထွက်လာခဲ့တယ်။ သူမနဲ့ ရင်းနှီးတဲ့ အသားကင်ဆိုင်ကို တန်းသွားလိုက်တယ်။
နာရီဝက်အကြာမှာ။ လူစည်ကားတဲ့ အသားကင်ဆိုင်တစ်ဆိုင်မှာ ကျောက်ကျင်းဟာ လူငယ်အောင်သွယ်ချောချောလေး ကျန်းဖုန်းနဲ့ ပြန်တွေ့ကြတယ်။
"အောင်သွယ်တော် ကျန်း... ပြန်တွေ့ကြပြန်ပြီနော်။" ကျောက်ကျင်းက ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
ကျန်းဖုန်းက သူမကို အပေါ်အောက် သေချာကြည့်ပြီး "ဟုတ်တယ် အစ်မကျင်း... ပြန်တွေ့ကြတာပေါ့။ ပြီးခဲ့တဲ့ အကြိမ်နဲ့ ယှဉ်ရင် အစ်မကျင်းက လုံးဝ ပြောင်းလဲသွားသလိုပဲ။ လူတစ်ယောက်လို ဖြစ်သွားတယ်၊ ပိုလှလာတယ်ဗျာ" လို့ ချီးကျူးလိုက်တယ်။
ကျောက်ကျင်း ပြုံးဖြီးဖြီးနဲ့ "ရှင်က တကယ့် အောင်သွယ်ပါပဲ။ စကားပြော သိပ်ချိုတာပဲ" လို့ ပြောလိုက်တယ်။
"အမှန်အတိုင်း ပြောတာပါဗျာ။"
"ကျေးဇူးပါပဲ။ ဒီဆိုင်က အသားကင်တွေ မဆိုးဘူး။ ရှင် ဘာစားချင်လဲ။"
ကျန်းဖုန်း လက်ကာပြပြီး "မစားတော့ပါဘူး။ ညနေက ဖောက်သည်တစ်ယောက်က ဟော့ပေါ့ ဒကာခံထားတာ။ ၇ နာရီ၊ ၈ နာရီလောက်ထိ စားထားတာဆိုတော့ ဗိုက်ပြည့်နေတုန်းပဲ။ အစ်မ ကြိုက်တာသာ မှာစားပါ၊ ကျွန်တော် အဖော်လုပ်ပေးပါ့မယ်" လို့ ငြင်းလိုက်တယ်။
"အောင်သွယ်တော် ကျန်းက တော်တော် အလုပ်ရှုပ်တာပဲ။"
ကျောက်ကျင်း သက်ပြင်းချလိုက်ပြီး ကျန်းဖုန်းကို အားမနာတော့ဘဲ သူမကြိုက်တဲ့ အသားကင်တချို့ မှာလိုက်တယ်။ ပြီးတော့ လိုရင်းကို မေးလိုက်တယ်။ "အောင်သွယ်တော် ကျန်း... ကျွန်မအတွက် သင့်တော်တဲ့သူ တွေ့ထားတယ်ဆို။ နာမည်က ဘယ်သူလဲ။ ဘယ်ကလဲ။ အသက်ဘယ်လောက်လဲ။ ဘာလုပ်လဲ။"
ကျန်းဖုန်းက အချိန်ဆွဲမနေဘဲ တိုက်ရိုက် ဖြေလိုက်တယ်။ "သူ့နာမည်က ယွမ်ရီ။ ပြည်နယ်မြို့တော်က ဒေသခံပါ။ ဒါပေမဲ့ သူ့အိမ်က ရှီးကျင်းနားက နည်းနည်းခေါင်တဲ့ နေရာမှာ ရှိတယ်။ အသက် ၂၉ နှစ်၊ အရပ် ၁.၇၃ မီတာ၊ လက်ရှိ သူ့မိသားစုပိုင် စီချွမ် စားသောက်ဆိုင်မှာ စားဖိုမှူး လုပ်နေတယ်။"
"ရုပ်ရည်ချောမောတယ်၊ မိသားစု အခြေအနေ ကောင်းတယ်၊ ပြီးတော့ ရည်းစား တစ်ခါမှ မထားဖူးတဲ့ လူပျိုစစ်စစ်ဗျ။ အရည်အသွေးမြင့်တယ်လို့ ပြောလို့ရတယ်။"
ကျောက်ကျင်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေပေမယ့် နောက်ဆုံးစာကြောင်း ကြားတော့ မျက်နှာရဲသွားပြီး "ဒီခေတ်ကြီးမှာ အသက် ၂၉ နှစ်အထိ ရည်းစား တစ်ခါမှ မထားဖူးဘူး ဆိုတာ ဖြစ်နိုင်လို့လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက "ဒီနေရာမှာ သူ့ရဲ့ အားနည်းချက်တစ်ခုကို ပြောပြရမယ်။ ငယ်ငယ်တုန်းက အိမ်နီးချင်း ကောင်မလေးတစ်ယောက်က သူ့ကို အသေအလဲ ရိုက်နှက်ခဲ့ဖူးလို့ စိတ်ဒဏ်ရာ ရနေတာ။ အဲ့ဒီကတည်းက မိန်းကလေးတွေနဲ့ ဆက်ဆံရမှာ ကြောက်နေခဲ့တာ။ မိန်းကလေးတွေရှေ့ ရောက်ရင် ကြောက်ပြီး စကားမပြောရဲ ဖြစ်တတ်တယ်။ အဲ့ဒါကြောင့် ဒီနေ့အထိ ရည်းစား မထားဖူးတာပါ။"
ကျောက်ကျင်း အံ့သြတကြီးနဲ့ "ဒါဆို သူက စိတ်ရောဂါ ရှိနေတာပေါ့" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ခေါင်းညိတ်ပြီး "အဲ့လို ပြောလို့ရပါတယ်။ ဒါပေမဲ့ သူ့ပြဿနာက သိပ်မကြီးပါဘူး။ သူစိမ်း မိန်းကလေးတွေနဲ့ တွေ့မှ စကားမပြောနိုင်လောက်အောင် ကြောက်တာပါ" လို့ ရှင်းပြတယ်။
ကျောက်ကျင်း မျက်မှောင်ကြုတ်ပြီး "အောင်သွယ်တော် ကျန်း... အဲ့လိုလူမျိုးက ကျွန်မနဲ့ ဘယ်လို Blind date လုပ်မှာလဲ။ ကျွန်မကို တွေ့တာနဲ့ ကြောက်ပြီး စကားမပြောနိုင် ဖြစ်နေရင် အားလုံးအတွက် နေရခက်စရာကြီး ဖြစ်မနေဘူးလား" လို့ မေးလိုက်တယ်။
"ကျွန်တော်လည်း အဲ့ဒါကို စဉ်းစားမိပါတယ်။ အစ်မကို သူ့ဓာတ်ပုံ အရင်ပြမယ်။ တကယ်လို့ ခင်ဗျားတို့နှစ်ယောက်က လိုက်ဖက်ညီတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးလောက်က အခက်အခဲ မဟုတ်တော့ပါဘူး။"
ပြောရင်းနဲ့ ကျန်းဖုန်း ဖုန်းထုတ်ပြီး ယွမ်ရီရဲ့ ဓာတ်ပုံကို ရှာကာ ကျောက်ကျင်းကို ပြလိုက်တယ်။
ဖုန်းကို ယူကြည့်လိုက်တာနဲ့ ကျောက်ကျင်း ရင်ထဲမှာ ရှင်းပြလို့မရတဲ့ ရင်းနှီးမှုမျိုး ခံစားလိုက်ရတယ်။ အရင်က တွေ့ဖူးသလိုလို ခံစားချက်မျိုး။ ကျန်းဖုန်းက သူမ မျက်နှာထားကို ကြည့်ရုံနဲ့ သိလိုက်ပြီ။ ယွမ်ရီက သူမအကြိုက်နဲ့ ကွက်တိပဲ။
ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ အမြင့်ဆုံး လိုက်ဖက်မှု ရမှတ်က ၈၃ ရှိသလို၊ လက်ရှိ ရမှတ်ကလည်း ၇၃ ရှိနေတာကိုး။ အဲ့လောက် ရမှတ်မြင့်နေမှတော့ ရုပ်ရည်ချင်း သဘောမကျဘဲ ဘယ်နေပါ့မလဲ။
ကျောက်ကျင်းက ဓာတ်ပုံကို မိနစ်ဝက်လောက် စိုက်ကြည့်နေပြီးမှ ကျန်းဖုန်းကို ပြန်ပေးကာ "အောင်သွယ်တော် ကျန်း... ရှင့် လူကဲခတ်တာက တကယ် ဆရာကျတာပဲ။ ဝန်ခံပါတယ်... ဒီဓာတ်ပုံကို မြင်ပြီး ကျွန်မ နည်းနည်း စိတ်လှုပ်ရှားသွားတယ်" လို့ ပြောတယ်။
ကျန်းဖုန်း ပြုံးပြီး "အစ်မကျင်း... နေ့လယ်တုန်းက အစ်ကိုရီနဲ့ သူ့အမေကို အစ်မဓာတ်ပုံ ပြခဲ့သေးတယ်။ သူတို့နှစ်ယောက်လုံး အစ်မကို တော်တော် သဘောကျနေကြတယ်။ အခု အစ်မကလည်း အစ်ကိုရီကို သဘောကျတယ်ဆိုတော့ ခင်ဗျားတို့နှစ်ယောက်က တကယ် လိုက်ဖက်ညီတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ မတွေ့ကြည့်ရင် နောင်တရလိမ့်မယ်နော်" လို့ ပြောလိုက်တယ်။
ကျောက်ကျင်း စဉ်းစားကြည့်တော့ ကျန်းဖုန်းပြောတာ ဟုတ်သလိုမို့ ခေါင်းညိတ်ပြီး "ကောင်းပြီလေ... တွေ့ကြည့်ကြတာပေါ့" လို့ သဘောတူလိုက်တယ်။
"ကျွန်တော်က အချစ်ရဲ့ စွမ်းအားကို ယုံကြည်တယ်။ တကယ်လို့ ခင်ဗျားတို့က ဖူးစာပါတဲ့ ဇနီးမောင်နှံလောင်းတွေ ဆိုရင် အစ်ကိုရီရဲ့ စိတ်ရောဂါက ဆေးမကုဘဲ ပျောက်သွားနိုင်တယ်ဗျ" လို့ ကျန်းဖုန်းက ပြောလိုက်တယ်။
ကျောက်ကျင်း - "..."
ဒီအချိန်မှာ ကျောက်ကျင်း မှာထားတဲ့ အသားကင်တွေ ရောက်လာတယ်။ သိုးသားကင်၊ ဝက်အူချောင်း၊ ခရမ်းသီး၊ ငရုတ်ပွ၊ ကြက်သွန်မြိတ်၊ မှိုအပ် စသဖြင့် သူမကြိုက်တာတွေချည်းပဲ။ ကျန်းဖုန်းက ဗိုက်ဝနေပေမယ့် နည်းနည်းပါးပါး ဝင်စားပေးလိုက်တယ်။
စားရင်းနဲ့ Blind date အချိန်ကို ညှိနှိုင်းကြတယ်။ ကျန်းဖုန်းက "နှစ်ယောက်လုံးက နေ့ခင်းဘက် မအားကြဘူးဆိုတော့ နေ့ခင်းတွေ့ရင် နည်းနည်း လောနေရလိမ့်မယ်။ ညဘက် ချိန်းရင် ဘယ်လိုလဲ အစ်မကျင်း" လို့ မေးလိုက်တယ်။
ကျောက်ကျင်းက ပါးစပ်ထဲက မှိုအပ်ကို ဝါးမြိုချလိုက်ပြီး "ရပါတယ်။ အလုပ်ချိန် မဟုတ်ရင် ကျွန်မ အားပါတယ်" လို့ ပြောတယ်။
"ကောင်းပြီ၊ ဒါဆို အချိန်နဲ့ နေရာ အတိအကျကို အစ်ကိုရီနဲ့ တိုင်ပင်ပြီးရင် အစ်မကို လှမ်းပြောပေးမယ်။"
"အိုကေ... ရှင် အဆင်ပြေသလို စီစဉ်လိုက်ပါ။"
...
ပိုင်လျန်ခရိုင်။
ထန်ကျန်းမြို့နယ်။
ကျန်းကျင်းစုန်းနဲ့ သားဖြစ်သူ ကျန်းကျန်တုန်း လက်ဖက်ရည်သောက်ရင်း စကားပြောနေကြတယ်။
သမီးဖြစ်သူ ကျန်းချိုလန် မင်္ဂလာဆောင်ပြီးကတည်းက ကျန်းကျင်းစုန်းရဲ့ အာရုံက သားဖြစ်သူ ကျန်းကျန်တုန်းဆီ ရောက်လာတယ်။ ဒါပေမဲ့ သမီးမင်္ဂလာဆောင်တာ မကြာသေးလို့ သားကို မပြောသေးဘဲ နေခဲ့တာ။ အခုတော့ အချိန်နည်းနည်း ရပြီမို့ သားအတွက် Blind date စီစဉ်ပေးဖို့ စိတ်ကူးရလာတယ်။
"ကျန်တုန်း... မင်းလည်း ငယ်တော့တာ မဟုတ်ဘူး။ မင်းအစ်မလည်း အိမ်ထောင်ကျသွားပြီဆိုတော့ မင်းအလှည့် ရောက်ပြီ" လို့ ကျန်းကျင်းစုန်းက လက်ဖက်ရည်သောက်ရင်း ပြောလိုက်တယ်။
ကျန်းကျန်တုန်း အံ့သြတကြီးနဲ့ "အဖေ... ဒီမှာ ဓလေ့တစ်ခု ရှိတယ် မဟုတ်လား။ မောင်နှမ တစ်ယောက် အိမ်ထောင်ပြုရင် နောက်တစ်ယောက်က ၃ နှစ် စောင့်ရတယ်ဆိုတာလေ။ ဘာလို့ ကျွန်တော့်ကို အခု လာတိုက်တွန်းနေတာလဲ" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျန်းကျင်းစုန်း လက်ဖက်ရည် သီးမတတ် ဖြစ်သွားပြီး "ဘယ်သူ ပြောတာလဲကွ။ ပေါက်ကရတွေ။ အမှန်က သားယောက်ျားလေး အိမ်ထောင်ပြုပြီးရင် သမီးမိန်းကလေးက ၃ နှစ်အတွင်း အိမ်ထောင်ပြုပြီး ထွက်သွားလို့ မရဘူးဆိုတာပဲ ရှိတာ။ ဒါပေမဲ့ သမီးက အရင်အိမ်ထောင်ပြုသွားရင် သားက ကြိုက်တဲ့အချိန် ယူလို့ရတယ်ကွ။"
"ဒါတွေက ရှေးရိုးစွဲ စည်းကမ်းတွေပါ။ အခုခေတ် ဘယ်သူမှ လိုက်နာနေတာ မဟုတ်တော့ပါဘူး။"
ကျန်းကျန်တုန်း မျက်တောင်ခတ်လိုက်တယ်။ အော်... အဲ့လိုလား။
ကျန်းကျင်းစုန်းက စားပွဲကို ခေါက်လိုက်ပြီး "ဆင်ခြေပေးမနေနဲ့။ အရင်တုန်းက သင့်တော်တဲ့သူ မတွေ့လို့ မင်းတို့ မောင်နှမ နှစ်ယောက်စလုံးကို အချိန်ဆွဲထားခဲ့ရတာ။"
"အခုတော့ ဆရာကျန်း ရှိနေပြီ။ သူက သေချာပေါက် သင့်တော်တဲ့သူ ရှာပေးနိုင်လိမ့်မယ်။ အရင်လို အချိန်ဆွဲနေလို့ မရတော့ဘူး။"
ကျန်းကျန်တုန်းက ရုန်းကန်ရင်း "အဖေရာ... ကျွန်တော် အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ ငယ်ပါသေးတယ်။ ဘာလို့ ဒီလောက် စောစော အိမ်ထောင်ပြုရမှာလဲ" လို့ ပြောတယ်။
"မင်းအသက်က အိမ်ထောင်ပြုဖို့ အကောင်းဆုံး အရွယ်ပဲ။ တို့မိသားစု စီးပွားရေး ကောင်းတုန်း၊ မင်း ငယ်တုန်းမှာ ပိုကောင်းတဲ့ မိန်းမ ရနိုင်တာပေါ့။ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကို နားမလည်ဘူးလား။"
ကျန်းကျန်တုန်း စဉ်းစားကြည့်တော့ ဟုတ်သလိုမို့ ခေါင်းညိတ်ပြီး "ကောင်းပါပြီ... ဒါဆို ဆရာကျန်းကိုပဲ အကူအညီတောင်းလိုက်ပါတော့" လို့ ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: