နောက်တစ်နေ့။

ကျန်းဖုန်း နေ့လယ်အထိ အိပ်လိုက်တယ်။ ထပြီးတော့ မျက်နှာသစ်၊ Check-out လုပ်ပြီး "လောင်ယိုဖန်" ဆန်ခေါက်ဆွဲဆိုင်မှာ အစားကောင်း တစ်ပွဲ သွားစားလိုက်တယ်။

လောင်ယိုဖန် ဆိုတာ ကွမ်ရှီးပြည်နယ်ရဲ့ အဓိက ဆန်ခေါက်ဆွဲဟင်းလျာ ၃ မျိုးထဲက တစ်မျိုးပါ။ ဒါပေမဲ့ ပြည်နယ်မြို့တော်မှာပဲ ရနိုင်တာမို့ တခြားမြို့ကလူတွေအတွက် နှမြောစရာပါပဲ။ ဒါကြောင့် ကျန်းဖုန်း ပြည်နယ်မြို့တော် ရောက်တိုင်း ဒီခေါက်ဆွဲကို မပါမဖြစ် စားလေ့ရှိတယ်။

ချဉ်စပ် အရသာရှိတဲ့ ခေါက်ဆွဲပူပူ တစ်ပန်းကန်ကြီး စားလိုက်ရတော့ ကျန်းဖုန်း တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားတယ်။

ဆိုင်ထဲက ထွက်ထွက်ချင်း ဖုန်းလာတယ်။ ဖုန်းထုတ်ကြည့်လိုက်တော့ ထန်ကျန်းမြို့နယ်က ဦးလေးကျန်း ဖြစ်နေတယ်။

ဖုန်းကိုင်ပြီး နှုတ်ဆက်စကား ပြောကြတော့ ကျန်းကျင်းစုန်းက ပြုံးပြီး "ဆရာကျန်း... အခု အိမ်မှာ ရှိလား" လို့ မေးတယ်။

"မရှိပါဘူးဗျာ။ ပြည်နယ်မြို့တော် ရောက်နေတယ်။ ဖောက်သည်တွေအတွက် Blind date စီစဉ်ပေးနေလို့ပါ။ နောက် ၂ ရက်လောက်နေမှ ပြန်ရောက်မယ် ထင်တယ်။"

"အော်... အဲ့လိုလား။ ဒါဆို ဆရာကျန်း ပြန်ရောက်ရင် အိမ်လာလည်မယ်နော်။"

"ဟုတ်ကဲ့၊ ပြန်ရောက်ရင် ဖုန်းဆက်လိုက်ပါ့မယ် ဦးလေးကျန်း။"

စကားနည်းနည်း ဆက်ပြောပြီး ဖုန်းချလိုက်ကြတယ်။ ဖုန်းထဲမှာ ဘာကိစ္စလဲဆိုတာ ထည့်မပြောပေမယ့် အောင်သွယ်တစ်ယောက်အိမ်ကို လာလည်မယ်ဆိုကတည်းက ရည်ရွယ်ချက်က ရှင်းနေပါပြီ။ သားဖြစ်သူ ကျန်းကျန်တုန်း (Zhang Zhendong) အတွက် အိမ်ထောင်ဖက် ရှာခိုင်းချင်တာပဲ ဖြစ်မှာပါ။

...

ယွမ်ရီနဲ့ ကျောက်ကျင်းတို့ရဲ့ Blind date က ညနေပိုင်းမှပါ။ နေ့လယ်ခင်းမှာ ဘယ်မှ မသွားချင်တော့တာနဲ့ ကျန်းဖုန်း ကားထဲမှာပဲ အောင်းပြီး ဝတ္ထုဖတ်ရင်း အချိန်ဖြုန်းနေလိုက်တယ်။

နေ့တိုင်း Update ဖတ်နေကျမို့ ဝတ္ထု ၁၀ ပုဒ်ကျော်က အခန်းသစ်တွေက ဖတ်လို့မလောက်ဘူး။ နာရီဝက်လောက်နဲ့ အကုန် ဖတ်ပြီးသွားတယ်။ ထုံးစံအတိုင်း စာရေးသူတွေကို Update မြန်မြန်လုပ်ပေးဖို့ Comment ရေးပြီးတော့ Short video app ကို ဖွင့်ပြီး ခြေတံရှည် အလှမယ်လေးတွေကို ကြည့်ရင်း အချိန်ဖြုန်းလိုက်ပြန်တယ်။

ဝတ္ထုဖတ်တာနဲ့ Video ကြည့်တာက အချိန်ကုန် အရမ်းမြန်တယ်။ သတိမထားမိလိုက်ဘဲ ညနေစောင်းသွားတယ်။ သတိဝင်လာတော့ ညစာစားချိန်တောင် ရောက်နေပြီ။

ဒါနဲ့ ကျန်းဖုန်း ဖုန်းပိတ်ပြီး ယွမ်ရီရဲ့ စီချွမ်စားသောက်ဆိုင်ဆီ တန်းမောင်းလိုက်တယ်။

...

ည ၉ နာရီ ၁၅ မိနစ်။ စုံတွဲကော်ဖီဆိုင် တစ်ဆိုင်တွင်။

ကျန်းဖုန်းက ယွမ်ရီတို့ မိသားစု ၃ ယောက်နဲ့အတူ ကျောက်ကျင်း ရောက်လာမယ့်အချိန်ကို စောင့်နေကြတယ်။ ယွမ်မိဘနှစ်ပါးက ဒီ Blind date ကို အလေးအနက် ထားကြတယ်။ အချိန်မီ ရေချိုး၊ အဝတ်အစားလဲ ပြင်ဆင်နိုင်အောင် ဆိုင်တောင် စောစောပိတ်ခဲ့ကြတယ်။ ချွေးနံ့၊ အစားအသောက်နံ့တွေနဲ့ Blind date လာလို့မှ မဖြစ်တာလေ။

ချိန်းထားတာက ၉ နာရီခွဲ။ အချိန်နီးလာလေ ယွမ်ရီ ရင်တွေခုန်လေ၊ ကြောက်စိတ်တွေ ဝင်လာလေ ဖြစ်နေတယ်။

ဒါကိုမြင်တော့ ကျန်းဖုန်းက "အစ်ကိုရီ... စိတ်မလှုပ်ရှားပါနဲ့။ ပြောပြီးသားပဲ... အစ်မကျင်းက အစ်ကို့ကို သဘောကျပါတယ်လို့။ စိတ်ကို တည်ငြိမ်အောင်ထား၊ မပြိုလဲသွားစေနဲ့။ ပထမ ၃ မိနစ်လောက်ကို ကျော်ဖြတ်နိုင်ရင် အဆင်ပြေသွားမှာပါ" လို့ အားပေးလိုက်တယ်။

ယွမ်မိခင်ကလည်း "ဟုတ်တယ် သားလေး... သတ္တိရှိစမ်းပါ။ အကြောက်တရားကို ကျော်လွှားနိုင်အောင် ကြိုးစားစမ်းပါ" လို့ နှစ်သိမ့်တယ်။

ယွမ်ဖခင်ကတော့ "တစ်သက်လုံး လူပျိုကြီး မလုပ်ချင်ရင် သေချာနေနော်" လို့ ခပ်မာမာ ပြောလိုက်တယ်။

ယွမ်ရီ အသက်ပြင်းပြင်း ရှူပြီး စိတ်ငြိမ်အောင် ကြိုးစားရင်း "သိပါပြီ... ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်" လို့ ပြောလိုက်တယ်။

အဲ့ဒီအချိန်မှာ ကပ်လျက် စားပွဲဝိုင်းဆီ စုံတွဲတစ်တွဲ ဝင်လာတယ်။ အမျိုးသားက အသက် ၃၀ ဝန်းကျင်၊ ပိန်ပိန်ပါးပါး၊ မျက်မှန်နဲ့ စာပေသမား ပုံစံပေါက်တယ်။ အမျိုးသမီးကတော့ အသက် ၂၄၊ ၂၅ လောက် ရှိမယ်။ ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ပြီး တော်တော်လေး လှတယ်။ ကျောက်ကျင်းနဲ့ မတိမ်းမယိမ်းပါပဲ။ ဆံပင်အနက်ရောင် ဖြောင့်ဖြောင့်စင်းစင်းနဲ့ ကြည့်ရတာ နူးညံ့သိမ်မွေ့ပြီး အိမ်ရှင်မကောင်း ပီသမယ့်ပုံပဲ။

ပရော်ဖက်ရှင်နယ် အကျင့်ပါနေတဲ့ ကျန်းဖုန်းက မနေနိုင်ဘဲ သူတို့ရဲ့ လိုက်ဖက်မှု ရမှတ်ကို စစ်ဆေးကြည့်လိုက်တယ်။

[နာမည်] ယင်ဖန်းဖန်း

[အသက်] ၂၅ နှစ်

[အရပ်] ၁၆၂ စင်တီမီတာ

[ကိုယ်အလေးချိန်] ၄၈ ကီလိုဂရမ်

[မိသားစုနောက်ခံ]...

[ပင်ကိုယ်စရိုက်နှင့် ဝါသနာများ]...

[အချစ်ရေးရာဇဝင်] ၁ ကြိမ်... ၂ ကြိမ်... ၃၆ ကြိမ်...

[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၂၃/၂၈

သူတို့ရဲ့ အလွန်နိမ့်ကျတဲ့ ရမှတ်နဲ့ အမျိုးသမီးရဲ့ များပြားလှတဲ့ အချစ်ရေးရာဇဝင်ကို မြင်လိုက်တော့ ကျန်းဖုန်း လန့်သွားတယ်။ အချစ်ရေးရာဇဝင်ကို အမြန် ဖတ်ကြည့်လိုက်တော့မှ ဒီမိန်းမက မင်္ဂလာဆောင်လိမ်လည်သူ တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတယ်။

အဲ့ဒီအချိန်မှာပဲ Blind date လုပ်မယ့်သူ ကျောက်ကျင်း ရောက်လာတယ်။ ကျန်းဖုန်း အဲ့ဒီစုံတွဲကို ဂရုစိုက်ဖို့ အချိန်မရတော့ဘူး။ ကိုယ့်ဖောက်သည်ကို အရင် ဦးစားပေးရမယ်လေ။

"အစ်မကျင်း... မိတ်ဆက်ပေးမယ်။ ဒါက ဦးလေးယွမ်၊ ဒါက အဒေါ်ယွမ်၊ ဒါကတော့ အစ်ကိုရီ ပါ။"

ကျောက်ကျင်းကို မြင်တာနဲ့ ကျန်းဖုန်း ပြုံးပြပြီး မိတ်ဆက်ပေးလိုက်တယ်။ တစ်ဖက်မှာလည်း ယွမ်ရီ တည်ငြိမ်မှု ရှိမရှိ စောင့်ကြည့်နေလိုက်တယ်။

"မင်္ဂလာပါ ဦးလေးယွမ်၊ အဒေါ်ယွမ်။"

"မင်္ဂလာပါ သမီးကျောက်ကျင်း... ထိုင်ပါကွယ်။"

ကျောက်ကျင်း ကျေးဇူးတင်စကား ပြောပြီး ထိုင်လိုက်တယ်။ ပြီးတော့ ယွမ်ရီကို ပြုံးပြီး ကြည့်ကာ သူ အရင် နှုတ်ဆက်လာမှာကို စောင့်နေလိုက်တယ်။

ဒီအချိန်မှာ ကျန်းဖုန်း၊ ယွမ်မိဘနှစ်ပါးနဲ့ အားလုံးရဲ့ အာရုံက ယွမ်ရီဆီ ရောက်နေကြတယ်။

မူလက ယွမ်ရီရဲ့ ကြောက်စိတ်က အထွတ်အထိပ် ရောက်နေပြီး အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ အနေအထားပါ။ ဒါပေမဲ့ ကျောက်ကျင်းက သူ့ကို ပြုံးပြီး ကြည့်လိုက်တဲ့အခါ သူ့ရင်ထဲမှာ မှော်ဆန်တဲ့ စွမ်းအားတစ်ခု ပေါ်လာပြီး ကြောက်စိတ်တွေ အားလုံး လွင့်ပါးသွားစေခဲ့တယ်။ နေရောင်အောက်မှာ အရည်ပျော်ကျသွားတဲ့ နှင်းတွေလိုပါပဲ။ လုံးဝ ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။

"မင်္ဂလာပါ ကျောက်ကျင်း" လို့ ယွမ်ရီက ပြုံးပြီး နှုတ်ဆက်လိုက်တယ်။ သူ့လေသံက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေတယ်။

ကျန်းဖုန်းနဲ့ ယွမ်မိဘနှစ်ပါး ယွမ်ရီရဲ့ အံ့မခန်း ပြောင်းလဲမှုကို မြင်လိုက်ရတော့ သူ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီဆိုတာ သိလိုက်ကြတယ်။ အားလုံး ဝမ်းသာသွားကြပြီး ယွမ်မိဘတွေဆို မျက်ရည်တောင် ဝဲလာကြတယ်။

"မင်္ဂလာပါ ယွမ်ရီ" လို့ ကျောက်ကျင်းကလည်း ပြုံးပြီး ပြန်နှုတ်ဆက်တယ်။ ယွမ်ရီရဲ့ ပြောင်းလဲမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရလို့ သူမလည်း ဝမ်းသာနေတယ်။

"အစ်ကိုရီ... အတွင်းစိတ်က မကောင်းဆိုးဝါးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်က တကယ် ဖူးစာပါတဲ့ လင်မယားတွေ ဖြစ်လိမ့်မယ်။ အစ်ကို့ကို ဒီလို ကြီးမားတဲ့ စိတ်ဓာတ်ခွန်အား ပေးနိုင်တာ အစ်မကျင်း တစ်ယောက်ပဲ ရှိမယ်ထင်တယ်" လို့ ကျန်းဖုန်းက ရယ်မောပြီး စနောက်လိုက်တယ်။

ဒီစကားကြောင့် နှစ်ယောက်လုံး နည်းနည်း ရှက်သွားကြပေမယ့် ဘယ်သူကမှ မငြင်းကြဘူး။ ဓာတ်ပုံ ကြည့်ကတည်းက အပြန်အလှန် သဘောကျနေခဲ့ကြတာလေ။ အခု လူချင်းတွေ့တော့ ရင်းနှီးမှု ခံစားချက်က ပိုတိုးလာတာပေါ့။

နောက်တော့ ကော်ဖီနဲ့ မုန့်တွေ မှာစားကြရင်း ကျန်းဖုန်းရဲ့ ဦးဆောင်မှုနဲ့ စကားစမြည် ပြောဖြစ်ကြတယ်။ အဲ့ဒီကျမှ ကျန်းဖုန်း ဘေးဝိုင်းက စုံတွဲကို အာရုံစိုက်ဖို့ အချိန်ရတော့တယ်။

သာမန်ဆိုရင် သူတို့ လိုက်ဖက်မှုရမှတ် နည်းနေရင်တောင် ကျန်းဖုန်းက ဝင်မပါပါဘူး။ ကျူးလျန် တုန်းက ကားပေါ်မှာ ကွာရှင်းဖို့ တိုက်တွန်းခဲ့တာက ကျူးလျန်ရဲ့ အိမ်ထောင်ရေးကို သုံးသပ်ကြည့်တဲ့အခါ နောက်ဆုံးမှာ ကွာရှင်းရမှာ သေချာနေပြီး စောစောကွာရှင်းတာက နောက်ကျမှ ကွာရှင်းတာထက် ပိုသက်သာမယ်လို့ မြင်လို့ပါ။ ဒါကြောင့် သူစိမ်းဖြစ်ပေမယ့် တိုက်တွန်းခဲ့တာပါ။ ဒါတောင် ကျူးလျန်ရဲ့ ဇနီးသည် ဘေးမှာ မရှိလို့သာ ပြောရဲတာ။ ရှိရင် ဘယ်ပြောမလဲ။

ဒါပေမဲ့ ဒီစုံတွဲ အခြေအနေက မတူဘူး။ မိန်းကလေးက လက်ထပ်မယ်ဆိုပြီး တင်တောင်းငွေ လိမ်စားတဲ့ "မင်္ဂလာဆောင်လိမ်လည်သူ" စစ်စစ်ကြီး ဖြစ်နေတယ်။ အလွန် ကိုယ်ကျင့်တရား ပျက်ပြားသူပေါ့။ ဒီလိုလူမျိုးကို ဖွင့်ချလိုက်လို့ ကျန်းဖုန်းအနေနဲ့ နောင်တရစရာ ဘာမှ မရှိပါဘူး။

ဒါကြောင့် ယွမ်ရီတို့မိသားစုနဲ့ ကျောက်ကျင်း စကားကောင်းနေတဲ့အချိန်မှာ ကျန်းဖုန်းက ခွင့်တောင်းပြီး ကော်ဖီခွက်ကို ကိုင်ကာ ဘေးဝိုင်းဆီ တန်းသွားလိုက်တယ်။