စုံတွဲကော်ဖီဆိုင်။

ကျန်းဖုန်း ကော်ဖီခွက်ကိုကိုင်ပြီး ဘေးဝိုင်းက စုံတွဲဆီ လျှောက်သွားလိုက်တယ်။ မျက်မှန်တပ်ထားတဲ့ အမျိုးသားကို ပြုံးပြီး "ညီအစ်ကို... ခဏလောက် ဝင်ထိုင်ပြီး စကားပြောလို့ ရမလား" လို့ မေးလိုက်တယ်။

မျက်မှန်နဲ့လူက အံ့သြသွားပေမယ့် "ရပါတယ်" လို့ ဖြေတယ်။ ရည်းစားနဲ့ Date လုပ်နေတုန်း သူစိမ်းယောကျ်ားတစ်ယောက်နဲ့ စကားမပြောချင်ပေမယ့် ယဉ်ယဉ်ကျေးကျေး လာမေးတော့ မငြင်းသာဘူးလေ။

ယင်ဖန်းဖန်း ကတော့ သတိကြီးကြီး ထားနေတယ်။ မင်္ဂလာဆောင်လိမ်လည်မှု လုပ်ကတည်းက သာမန်မိန်းမတွေထက် ပိုသတိထားရတာကိုး။ လူကြားထဲ ရောက်ရင် မျက်စိရှင်ရှင် နားရှင်ရှင် ထားရတယ်။ သူမ လိမ်ခဲ့ဖူးတဲ့ ယောကျ်ားတွေနဲ့ ပြန်တွေ့မှာ စိုးလို့လေ။ (တကယ်တော့ ပြန်တွေ့ဖို့ အခွင့်အလမ်း နည်းပါတယ်။ တစ်ယောက်ကို လိမ်ပြီးတာနဲ့ မြို့ပြောင်းပြီး နောက်တစ်ယောက်ကို ရှာတာကိုး။)

သူမက အမြဲ သတိထားနေတော့ ကော်ဖီဆိုင် ရောက်ကတည်းက ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့တာ။ ဘေးဝိုင်းမှာထိုင်နေတဲ့ ကျန်းဖုန်းတို့ကိုလည်း သတိထားမိတယ်။ ဒါကြောင့် ကျန်းဖုန်းက အောင်သွယ်ဆိုတာ သူမ သိနေတယ်။ အမှန်အတိုင်း ပြောရရင် ဒီလောက် ငယ်ရွယ်ချောမောတဲ့ အောင်သွယ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒါပေမဲ့ ဒါက အဓိက မဟုတ်ဘူး။ အဓိကက ဒီအောင်သွယ် သူတို့ဆီ ဘာလာပြောမလဲ ဆိုတာပဲ။

ကျန်းဖုန်း ဝင်ထိုင်လိုက်ပြီး ရင်းရင်းနှီးနှီး မေးလိုက်တယ်။ "ညီအစ်ကို... ဒီအလှမယ်က ခင်ဗျား ဇနီးလား၊ ရည်းစားလား။"

မျက်မှန်နဲ့လူက မနေတတ်မထိုင်တတ် ဖြစ်နေပေမယ့် "ရည်းစားပါဗျာ။ ကျွန်တော်တို့ Date လုပ်နေတာဆိုတော့ ပြောစရာရှိတာ မြန်မြန်ပြောပါ" လို့ ပြန်ဖြေတယ်။ (Date လုပ်နေတာ မနှောင့်ယှက်နဲ့တော့ဆိုတဲ့ သဘောပေါ့။)

ကျန်းဖုန်း သက်ပြင်းချလိုက်ပြီး "ညီအစ်ကို... ကျွန်တော်က ဗြောင်မပြောချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက စိတ်မရှည်တော့ဘူးဆိုတော့ ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြောပြီး သတိပေးလိုက်တော့မယ်" လို့ ပြောလိုက်တယ်။

ပြီးတော့ မျက်နှာပျက်နေတဲ့ ယင်ဖန်းဖန်းကို ကြည့်ပြီး တည်ငြိမ်စွာနဲ့ "ဟယ်ရှောင်လီ၊ ဟွမ်ရှောင်မေ၊ ကျိုးရှောင်ဖေး၊ ယင်ဖန်းဖန်း... ဘယ်နာမည်နဲ့ ခေါ်ရမလဲ။ ခင်ဗျားဘာသာ ဝန်ခံမလား၊ ဒါမှမဟုတ် ခင်ဗျားလုပ်ခဲ့တဲ့ ယုတ်မာမှုတွေကို ကျွန်တော်ပဲ ဖွင့်ချလိုက်ရမလား" လို့ မေးလိုက်တယ်။

ဒါကိုကြားတော့ ယင်ဖန်းဖန်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဒေါသတကြီးနဲ့ "ရှင် ဘယ်သူလဲ။ ဘာတွေ လာပေါက်ကရ ပြောနေတာလဲ" လို့ အော်လိုက်တယ်။ သူမအသံက ကျယ်လောင်လွန်းလို့ ဆိုင်ထဲက လူတွေ အကုန် လှည့်ကြည့်ကုန်ကြတယ်။

ယွမ်ရီနဲ့ ကျောက်ကျင်းတို့လည်း ချက်ချင်း ထပြီး ရောက်လာကြတယ်။

မျက်မှန်နဲ့လူကတော့ ကျန်းဖုန်းပြောတဲ့ စကားတွေထဲက အချက်အလက်တွေ များလွန်းလို့ ဦးနှောက်မမီနိုင်ဘဲ ကြောင်ပြီး ရပ်နေတယ်။

ကျန်းဖုန်း ကော်ဖီခွက်ကို စားပွဲပေါ် ဆောင့်တင်လိုက်ပြီး "ငါက ပေါက်ကရ ပြောနေတယ် ဟုတ်လား။ ယင်ဖန်းဖန်း... နင့်ကို မေးမယ်။ လင်းဂွေရုံကို မှတ်မိသေးလား။ ကျန်းဇယ်ချင်းကိုရော မှတ်မိလား။ ပြီးတော့ ပိုင်ဆိုင်သမျှ အကုန် နင်လိမ်ယူသွားတဲ့ ကျန်းဂွမ်း လေ... သူ့ကိုရော မှတ်မိရဲ့လား" လို့ မေးခွန်းထုတ်လိုက်တယ်။

ကျန်းဖုန်းက ယင်ဖန်းဖန်းလို မင်္ဂလာဆောင်လိမ်လည်သူတွေကို အလွန် ရွံရှာတယ်။ ဒီခေတ်ကြီးမှာ ယောကျ်ားလေးတွေ မိန်းမရဖို့ ခက်ခဲနေပါပြီဆိုမှ... တချို့ယောကျ်ားတွေဆို မိဘတွေ စုဆောင်းထားတဲ့ ပိုက်ဆံတွေအကုန်ထုတ်၊ အကြွေးတွေတင်ခံပြီးမှ တင်တောင်းငွေ စုနိုင်ကြတာ။ ဇနီးသည်ရပြီး မျိုးဆက်ပွားနိုင်တော့မယ်လို့ မျှော်လင့်နေကြတာ။

ဒါပေမဲ့ ယင်ဖန်းဖန်းလို လိမ်လည်သူတွေနဲ့ တွေ့လိုက်ရတဲ့အခါ တင်တောင်းငွေတွေ ယူပြီး ထွက်ပြေးသွားကြတယ်။ ယောကျ်ားလေးခမျာ နှလုံးကွဲရုံမက လက်မဲ့ ကျန်ရစ်ခဲ့ရတယ်။ မိန်းမရဖို့ ခက်နေတဲ့ကြားထဲ ဒီလိုဖြစ်သွားရင် တစ်သက်လုံး လူပျိုကြီး ဖြစ်သွားနိုင်တယ်။

ကျန်းဂွမ်း ဆိုတဲ့လူက ဒီအထဲမှာ ပါပါတယ်။ အဲ့တုန်းက ယင်ဖန်းဖန်းက ကျိုးရှောင်ဖေး ဆိုတဲ့ နာမည်ဝှက်နဲ့ လိမ်ခဲ့တာ။ ကျန်းဂွမ်းက သူမကို ချစ်လွန်းလို့ တောင်းသမျှ တင်တောင်းငွေကို မရရအောင် ရှာပေးခဲ့တယ်။ "ခရမ်းရောင် တစ်သောင်း၊ အနီရောင် တစ်ထောင်၊ အစိမ်းရောင် ခြောက်ရာ" (ငွေစက္ကူ အရောင်များကို ဆိုလိုသည် - ၅ ယွမ်တန် ၁ သောင်း၊ ၁၀၀ ယွမ်တန် ၁ ထောင်၊ ၅၀ ယွမ်တန် ၆၀၀) စုစုပေါင်း ၁ သိန်း ၈ သောင်းတောင် ပေးခဲ့ရတာ။

ကျန်းဂွမ်း မိသားစုက သာမန်ပါပဲ။ ၁ သိန်း ၈ သောင်း ရဖို့အတွက် မိဘတွေ စုထားတာတွေ အကုန်ထုတ်၊ သူငယ်ချင်းတွေဆီ လိုက်ချေးပြီး မနည်း ရှာခဲ့ရတာ။ ရလဒ်ကတော့... ဟင်း...။

ကျန်းဖုန်း ပြောလိုက်တဲ့ နာမည်တွေကို ကြားတော့ ယင်ဖန်းဖန်း မျက်လုံးထဲမှာ ကြောက်လန့်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။ အတွင်းစိတ်ကို အဖော်ခံလိုက်ရသလိုပါပဲ။ သူမ စိတ်ကို အတင်းငြိမ်အောင်ထားပြီး "ရှင် ရူးနေလား။ ရှင် ဘာပြောနေမှန်း မသိဘူး။ အဲ့ဒီနာမည်တွေလည်း တစ်ခုမှ မကြားဖူးဘူး။ ရှင် ဒီလို ဆက်ပြီး ရမ်းကားနေမယ်၊ ကျွန်မနာမည် ဖျက်နေမယ်ဆိုရင် ရဲတိုင်လိုက်မယ်" လို့ ပြန်ခြိမ်းခြောက်လိုက်တယ်။

ကျန်းဖုန်း ဖုန်းထုတ်ပြီး လှောင်ရယ်လိုက်တယ်။ "ရဲတိုင်ချင်တယ် ဟုတ်လား။ ကောင်းပြီလေ... ငါလည်း ရဲတိုင်မလို့ပဲ။ ဒီနေ့ ရဲစခန်း မရောက်ဘဲ ဘယ်သူ ထွက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့။"

ဒီအချိန်မှာ ယွမ်ရီတို့ မိသားစုနဲ့ ကျောက်ကျင်းတို့ ကျန်းဖုန်းအနား ရောက်လာကြပြီ။ တရုတ်လူမျိုးတွေရဲ့ စပ်စုတတ်တဲ့ သဘာဝအရ တခြားဝိုင်းက စုံတွဲတွေလည်း လာဝိုင်းကြည့်နေကြပြီ။

ယင်ဖန်းဖန်းက ရဲတိုင်မယ်ဆိုတာ တဖက်လူ ကြောက်သွားအောင် ခြိမ်းခြောက်လိုက်တာပါ။ တကယ်တမ်းကျတော့ သူမက ရဲကို ပုန်းရှောင်နေရတဲ့သူလေ၊ ကိုယ့်သေတွင်း ကိုယ်တူးပြီး ရဲတိုင်ရဲပါ့မလား။ အိမ်သာထဲ မီးထွန်းပြီး အီးပါသလိုပါပဲ (အန္တရာယ်များတဲ့ အလုပ်ကို လုပ်တာ)။

လူတွေ ဝိုင်းအုံလာပြီး ကျန်းဖုန်းက တကယ်ကြီး ရဲစခန်း ဖုန်းနံပါတ် နှိပ်နေတာ မြင်တော့ ယင်ဖန်းဖန်း ကြောက်လန့်တကြား မတ်တပ်ရပ်လိုက်တယ်။ "အစ်ကိုလင်း... သွားကြစို့။ ဒီလူ ရူးနေတာ။ သူနဲ့ ဖက်ဖြစ်မနေနဲ့" လို့ ပြောပြီး ထွက်သွားဖို့ ပြင်တယ်။

မျက်မှန်နဲ့လူက ရိုးသားပေမယ့် အတုံးကြီးတော့ မဟုတ်ပါဘူး။ ကျန်းဖုန်းရဲ့ သတိပေးစကားတွေရယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တင်တောင်းငွေ ကိစ္စ ပြောဆိုခဲ့တာတွေရယ်ကို ပြန်စဉ်းစားကြည့်တော့ တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိလိုက်တယ်။

တကယ်လို့ ယင်ဖန်းဖန်းက ပြတ်ပြတ်သားသား ရဲတိုင်မယ်ဆိုရင် သူ့သံသယတွေ ပျောက်သွားနိုင်တယ်။ အခုကျတော့ တဖက်လူက ရဲခေါ်မယ် လုပ်တော့ သူက မခေါ်ရဲဘဲ ထွက်ပြေးဖို့ လုပ်နေတယ်။ ဒါက စဉ်းစားစရာ ဖြစ်လာပြီ။

ဒါကြောင့် မျက်မှန်နဲ့လူက ပုံမှန်မဟုတ်ဘဲ ငြင်းဆန်လိုက်တယ်။ "ရှောင်လီ... ငါတို့မှာ ဖုံးကွယ်စရာ ဘာမှ မရှိပါဘူး။ မင်းက သူပြောတဲ့လူ မဟုတ်ဘူးဆိုရင် ရဲခေါ်ပြီး ရှင်းခိုင်းလိုက်လေ။"

ဒါကိုကြားတော့ ယင်ဖန်းဖန်း မျက်နှာ မည်းမှောင်သွားပြီး "လင်းကျစ်တုန်း... ရှင်လည်း ကျွန်မကို မယုံဘူးပေါ့" လို့ ပြောလိုက်တယ်။

ဒီအချိန်မှာ ကျန်းဖုန်းက ရဲစခန်း ဖုန်းနံပါတ် ခေါ်ပြီးနေပြီ။ Speaker ဖွင့်ထားတော့ တစ်ဖက်က အသံကို အားလုံး ကြားရတယ်။ "ဟဲလို... ၁၁၀ (ရဲစခန်း) ပါ။ ပြောပါ။"

"ဟဲလို... ကျွန်တော် မင်္ဂလာဆောင်လိမ်လည်သူ တစ်ယောက်ကို ဖမ်းမိထားပါတယ်။ သူက လူတွေဆီကနေ ငွေသိန်းချီ လိမ်ယူထားတာပါ။ အခု XX လမ်းက XX ကော်ဖီဆိုင်မှာ ရောက်နေပါတယ်။ အမြန်ဆုံး လာဖမ်းပေးပါခင်ဗျာ။"

ကျန်းဖုန်း တကယ် ရဲခေါ်လိုက်တာ မြင်တော့ ယင်ဖန်းဖန်း အပြစ်ရှိစိတ်ကြောင့် ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ထွက်ပြေးတော့တယ်။

"မြန်မြန်... သူ့ကို ဖမ်းထား။ ထွက်ပြေးခွင့် မပေးနဲ့။" ကျန်းဖုန်း အော်လိုက်တယ်။

ချက်ချင်းပဲ ဘေးနားက တရားမျှတမှုကို မြတ်နိုးတဲ့ ပွဲကြည့်ပရိသတ်တွေက ဝိုင်းဖမ်းလိုက်ကြတယ်။ ယင်ဖန်းဖန်း ချက်ချင်း အဖမ်းခံလိုက်ရတယ်။

သူမ မင်္ဂလာဆောင်လိမ်လည်သူ ဟုတ်မဟုတ် သံသယဖြစ်နေကြသူတွေတောင် အခု ထွက်ပြေးဖို့ ကြိုးစားတာ မြင်တော့ သေချာသွားကြပြီ။

"ရုပ်ကလေးက လှပါရဲ့နဲ့ ဒီလိုလူစားမျိုး ဖြစ်နေရတယ်လို့။"

"ကိုယ်ကျင့်တရား မရှိလိုက်တာ။ ရုပ်ရည်နဲ့ ခန္ဓာကိုယ် နှမြောစရာပဲ။"

"ဟုတ်တယ်... ဒီလောက်လှတာ လူကောင်းသူကောင်းနဲ့ ညားဖို့ မခက်ပါဘူး။ ဘာလို့ ဒီလို ယုတ်မာတဲ့အလုပ် လုပ်ရတာလဲ။"

လူတွေရဲ့ ဝေဖန်သံတွေကြားမှာ ယင်ဖန်းဖန်း မျက်နှာ ဖြူလိုက် နီလိုက် ဖြစ်နေပြီး ကြမ်းပြင်ပေါ် ခွေကျသွားတယ်။ သူမ သိလိုက်ပါပြီ... သူမဘဝတော့ သွားပြီလို့။