ပိုင်လျန်ခရိုင်ဟာ တရုတ်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ခရိုင် ၃ ခုထဲက တစ်ခုဖြစ်ပြီး လက်အောက်ခံ မြို့နယ်ပေါင်း ၂၈ ခု ရှိတယ်။ အဲ့ဒီအထဲက ဖုန်းယန်မြို့နယ်မှာ ကျန်းဖုန်းရဲ့ အဒေါ်လေး (မိခင်၏ညီမ) နေထိုင်ပါတယ်။

ချင်းဟယ်မြို့နယ်နဲ့ ဖုန်းယန်မြို့နယ်က ခရိုင်တစ်ခုတည်း အောက်မှာ ရှိကြပေမယ့် ခရိုင်မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်အစွန်းမှာ ရှိနေကြတော့ ကီလိုမီတာ ၁၀၀ နီးပါး ဝေးပါတယ်။ ချင်းဟယ်မြို့နယ်ကနေ ခရိုင်မြို့ကို သွားရတာထက်တောင် ဝေးသေးတယ်။

မနက်စာစားပြီးတာနဲ့ ကျန်းဖုန်းတို့ မိသားစု ၄ ယောက် ကားနဲ့ ထွက်လာကြတယ်။ တစ်နာရီခွဲလောက် မောင်းပြီးတော့မှ ဖုန်းယန်မြို့နယ်က အဒေါ်လေးအိမ် ရောက်တယ်။

ရောက်ရောက်ချင်း နှုတ်ဆက်ကြတာတွေကို ကျော်လိုက်ပါတော့မယ်။

အဒေါ်လေး ကျန်းကျန်က ဒုတိယအစ်မတို့ မိသားစု လက်ဆောင်ပစ္စည်းတွေ အိတ်လိုက် သယ်လာတာ မြင်တော့ အံ့သြသွားပြီး "အစ်မလတ်... ဘာလို့ လက်ဆောင်တွေ ဒီလောက် အများကြီး ဝယ်လာရတာလဲ။ တို့အိမ်က လက်ကားရောင်းဝယ်ရေး လုပ်တာလေ၊ ဘာမဆို ရှိပြီးသားကို။ ပိုက်ဆံဖြုန်းလိုက်တာ" လို့ ပြောတယ်။

ကျန်းမေက တန်ဖိုးကြီး လက်ဆောင်တွေကို ဂရုတစိုက် ချထားရင်း ပြုံးပန်းဝေစွာနဲ့ "ဘာပိုက်ဆံမှ မကုန်ပါဘူး။ ဒါတွေအားလုံး ရှောင်ဖုန်း အောင်သွယ်လုပ်လို့ ရလာတဲ့ လက်ဆောင်တွေနဲ့ အောင်သွယ်ကန်တော့ပစ္စည်းတွေပါ။ အိမ်မှာ တောင်လိုပုံနေလို့ နည်းနည်း သယ်လာပေးတာ" လို့ ပြောလိုက်တယ်။

ကျန်းကျန်က တူတော်မောင်ရဲ့ အောင်မြင်မှုတွေကို ကြားပြီးသားမို့ ချက်ချင်း ချီးကျူးလိုက်တယ်။ "ရှောင်ဖုန်းက တကယ် တော်တာပဲ။ နာမည်ကြီး တက္ကသိုလ် ဘွဲ့ရဆိုတော့ အောင်သွယ်လုပ်တာတောင် သူများနဲ့မတူဘူး။"

ကျန်းမေက ပြုံးပြီး "ဒီကောင်လေးက အောင်သွယ်ပါရမီ ပါတယ်ဟေ့။ ဘွဲ့ရပြီး ပြန်ရောက်တာ ဘာမှ မကြာသေးဘူး၊ စုံတွဲ ၁၀ တွဲကျော် အောင်သွယ်ပေးပြီးသွားပြီ" လို့ ကြွားလိုက်တယ်။

တစ်ဖက်မှာတော့ ဝမ်းကွဲညီမ ဖုန်းချန်က အစ်ကိုဝမ်းကွဲရဲ့ အောင်သွယ်လုပ်ငန်းကို စိတ်ဝင်စားနေတာ ကြာပါပြီ။ ချက်ချင်းပဲ "အစ်ကို... ဘယ်လို စိတ်ကူးနဲ့ အောင်သွယ်ပြန်လုပ်ဖြစ်တာလဲ။ ပြီးတော့ ဒီလောက် အောင်မြင်နေတာ... တကယ် လေးစားတယ်" လို့ မေးလိုက်တယ်။

"ကိုယ့်မှာ အောင်သွယ်ပါရမီ ပါမှန်း မတော်တဆ သိလိုက်ရလို့ ပြန်လာစမ်းကြည့်တာပါ" လို့ ဖြေပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ညီမလေး... ဦးလေးက ဆိုင်ထိုင်နေတာလား။"

"ဟုတ်တယ်။ ဆိုင်က တစ်နေ့လုံး ဖွင့်တာဆိုတော့ ည ၇ နာရီလောက်မှ ပိတ်တာ။" ဖုန်းချန်က စကားလမ်းကြောင်း ပြန်လွှဲယူပြီး "အစ်ကို... အောင်သွယ်လုပ်ရတာ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ သူစိမ်းနှစ်ယောက်က အစ်ကို့ကြောင့် လင်မယားဖြစ်သွားတယ်ဆိုတာ... တွေးကြည့်ရင် တော်တော် မှော်ဆန်တယ်နော်" လို့ ပြောတယ်။

"ဆန်းကြယ်တာတော့ အမှန်ပါပဲ။" ကျန်းဖုန်း ခေါင်းညိတ်ပြီး "ညီမလေး... အခု ရည်းစားရှိလား။ အစ်ကို မိတ်ဆက်ပေးရမလား" လို့ စနောက်လိုက်တယ်။

မူလကတော့ နောက်ပြောင်လိုက်တာပါ။ ညီမဝမ်းကွဲက အသက် ၂၀ ပဲ ရှိသေးတော့ Blind date လုပ်ဖို့ မလိုသေးဘူးလေ။ ဒါပေမဲ့ ပြောပြီးတာနဲ့ ရုတ်တရက် အတွေးတစ်ခု ဝင်လာတယ်။ သူ့ညီမဝမ်းကွဲနဲ့ မနေ့ကမှ အောင်သွယ်လာခိုင်းတဲ့ ကျန်းကျန်တုန်းနဲ့ တော်တော် လိုက်ဖက်မယ်လို့ ထင်လိုက်မိတယ်။

ရုပ်ရည်ချင်း လိုက်ဖက်ရုံတင် မကဘူး၊ မိသားစု အခြေအနေချင်းလည်း တော်တော် လိုက်ဖက်တယ်။ ကျန်းကျန်တုန်း မိသားစုက ပိုင်ဆိုင်မှု သန်းချီရှိသလို၊ ညီမဝမ်းကွဲ မိသားစုကလည်း လက်ကားရောင်းဝယ်ရေး လုပ်လာတာ အနှစ် ၂၀ ကျော်ပြီဆိုတော့ မဆိုးလှပါဘူး။

ဒါနဲ့ ကျန်းဖုန်း မနေနိုင်ဘဲ သူတို့နှစ်ယောက် နာမည်ကို ရိုက်ထည့်ပြီး Match လုပ်ကြည့်လိုက်တယ်။ ရလဒ်က အံ့သြစရာပါပဲ။ လက်ရှိ လိုက်ဖက်မှု ရမှတ်က ၇၈၊ အမြင့်ဆုံး ရောက်နိုင်တဲ့ ရမှတ်က ၈၉ တဲ့။

ဒီရလဒ်ကို မြင်တော့ ကျန်းဖုန်း နောက်ပြောင်နေတာ ရပ်ပြီး လေးနက်သွားတယ်။

ဖုန်းချန်က မျက်နှာရဲရဲနဲ့ "ညီမ ငယ်ပါသေးတယ်။ အစောကြီး အိမ်ထောင်မပြုချင်သေးပါဘူး" လို့ ငြင်းတယ်။

အရင်တုန်းကဆိုရင် ကျန်းဖုန်း ရယ်မောပြီး ဒီကိစ္စကို ထပ်မပြောတော့ပါဘူး။ ဒါပေမဲ့ အခုတော့ အကြံပေးလိုက်တယ်။ "ညီမလေး... အဲ့လို မပြောနဲ့။ ဒီခေတ်ကြီးမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ်တွေ နောက်ကျလာတာ မှန်ပေမယ့်၊ လူပျိုကြီး အပျိုကြီး ဖြစ်သွားရတဲ့ အကြောင်းရင်းက ငယ်ငယ်တုန်းက အရမ်းရွေးလွန်းလို့ အချိန်လွန်သွားတာတွေ များတယ်" လို့ ပြောတယ်။

"သင့်တော်တဲ့သူ တွေ့ရင် စောစောစီးစီး ယူလိုက်တာ ကောင်းတယ်။"

ဒါကိုကြားတော့ အဒေါ်လေး ကျန်းကျန်က ပြုံးပြီး "ရှောင်ဖုန်း... မင်းညီမနဲ့ သင့်တော်မယ့်သူ တကယ် ရှိလို့လား" လို့ မေးလိုက်တယ်။

ကျန်းဖုန်း ခေါင်းညိတ်ပြီး "တကယ် ရှိပါတယ်။ ကျွန်တော့်ညီမနဲ့ တော်တော် လိုက်ဖက်မယ်လို့ ထင်တဲ့သူတစ်ယောက် ရှိတယ်။ ညီမလေး သဘောတူရင် မိတ်ဆက်ပေးမယ်။ တကယ် လိုက်ဖက်တာပါ" လို့ ပြောလိုက်တယ်။

ဖုန်းချန် - "..."

ကျန်းကျန်က အလျင်စလို "ရှောင်ဖုန်း... တစ်ဖက်လူအကြောင်း အရင်ပြောပြပါဦး" လို့ မေးတယ်။

ဒီအချိန်မှာ ကျန်းမိဘနှစ်ပါးနဲ့ အစ်ကိုကြီး ကျန်းဖေးတို့ပါ ဝိုင်းထိုင်လိုက်ကြတယ်။

ကျန်းဖုန်းက "အမေ... မနေ့က ဦးလေးကျန်း အောင်သွယ်လာခိုင်းတယ်လေ။ သူ့သားနဲ့ ညီမလေး ဖုန်းချန် လိုက်ဖက်မယ်လို့ မထင်ဘူးလား" လို့ မေးလိုက်တယ်။

သားဖြစ်သူ သတိပေးလိုက်တော့မှ ကျန်းမေ သဘောပေါက်သွားပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ "သူတို့မိသားစုသာ ဆိုရင်တော့ တော်တော် သင့်တော်တာပဲ" လို့ ထောက်ခံတယ်။

ကျန်းကျန် မျက်လုံး အရောင်တောက်သွားပြီး "အစ်မလတ်... မြန်မြန် ပြောပြပါဦး" လို့ မေးတယ်။

ကျန်းမေက "ထန်ကျန်းမြို့နယ်က ကျန်း မိသားစုလေ။ ထန်ကျန်းလမ်းမပေါ်မှာ တိရစ္ဆာန်အစာဆိုင် ဖွင့်ထားတာ နှစ်တွေအကြာကြီး ရှိပြီ။ ပိုင်ဆိုင်မှု သန်းချီ ရှိတယ်လို့ ပြောကြတယ်။"

"သူ့သားကိုတော့ ငါ မမြင်ဖူးဘူး။ ရှောင်ဖုန်းကိုပဲ ပြောခိုင်းလိုက်။"

ကျန်းဖုန်းက ဆက်ပြောတယ်။ "သူ့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ သမီးဖြစ်သူ ကျန်းချိုလန်ကို ကျွန်တော်ပဲ အောင်သွယ်ပေးခဲ့တာ။ သားဖြစ်သူ ကျန်းကျန်တုန်းက အရပ် ၁.၇၈ မီတာ၊ ရုပ်ရည်သန့်တယ်၊ အကျင့်စာရိတ္တ ကောင်းတယ်။ အစ်မ မင်္ဂလာမဆောင်ခင်တုန်းက မောင်နှမနှစ်ယောက် အစာဆိုင်ဘေးက စူပါမားကက်လေးကို အတူတူ ဦးစီးခဲ့ကြတာ။"

"အခု အစ်မက အိမ်ထောင်ကျသွားတော့ သူတစ်ယောက်တည်း ဦးစီးနေတယ်။ အဒေါ်တို့ လက်ကားဆိုင်လောက် စီးပွားမကောင်းပေမယ့် တစ်လကို ယွမ် ၁ သောင်း၊ ၂ သောင်းလောက်တော့ မုန့်ဖိုးအနေနဲ့ ရှာနိုင်ပါတယ်။"

အဒေါ်လေး ကျန်းကျန် နားထောင်ရင်း သဘောကျလာတယ်။ "ရှောင်ဖုန်း... မင်းက အောင်သွယ်ဆိုတော့ ဓာတ်ပုံ ပါတယ်မလား။ ပြစမ်းပါဦး။"

ကျန်းဖုန်းက ဖုန်းထုတ်၊ ကျန်းကျန်တုန်းပုံကို ဖွင့်ပြီး ကမ်းပေးလိုက်တယ်။ "ဒီနှစ် အသက် ၂၆ နှစ်ပါ။ ညီမလေးထက် ၆ နှစ်ကြီးပေမယ့် ယောကျ်ားနဲ့ မိန်းမ အသက် ၁၀ နှစ်လောက် ကွာတာ ပြဿနာ မရှိပါဘူး။ အသက်ကြီးတဲ့ ယောကျ်ားက ဇနီးသည်ကို ပိုချစ်တတ်တယ်" လို့ ပြောလိုက်တယ်။

ကျန်းကျန် ဖုန်းကိုယူပြီး ကြည့်တယ်။ ကျန်းမိဘတွေနဲ့ ကျန်းဖေးလည်း စပ်စုချင်စိတ်နဲ့ လာကြည့်ကြတယ်။ ကာယကံရှင် ဖုန်းချန်တစ်ယောက်တည်းသာ ဘေးမှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတယ်။ အစ်ကိုဝမ်းကွဲကို အောင်သွယ်ကိစ္စ သွားမေးမိတာ မှားပြီလို့ နောင်တရနေတယ်။ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်သွားပြီ။

ဓာတ်ပုံကြည့်ပြီးတော့ ကျန်းကျန် ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ကောင်လေးက တကယ် ချောမောသလို၊ အရပ် ၁.၇၈ မီတာ ဆိုတာလည်း ကွမ်ရှီးပြည်နယ်မှာ ရှားပါးတဲ့ အရပ်အမောင်းပဲ။

အဲ့ဒီတော့မှ သမီးဖြစ်သူကို သတိရပြီး ဖုန်းကမ်းပေးကာ "ချန်... ကြည့်ပါဦး။ ဒီကောင်လေးက ရုပ်လည်းချော၊ မိသားစုလည်း ကောင်းတယ်။ ညည်းနဲ့ လိုက်ဖက်ပါတယ်။ နင့်အစ်ကို အကဲခတ်တာ တော်သားပဲ" လို့ ပြောတယ်။

ဖုန်းချန် စိတ်ထဲကနေ သက်ပြင်းချပြီး ဖုန်းကို လှမ်းယူကြည့်လိုက်တယ်။ ကြည့်လိုက်တော့ အံ့သြသွားတယ်။ အစ်ကိုနဲ့ အမေ လိမ်ပြောတာ မဟုတ်ဘူးပဲ။ တကယ် ကြည့်ကောင်းတဲ့ ယောကျ်ားတစ်ယောက်ပဲ။ အထူးသဖြင့် မျက်လုံးတွေက ဆွဲဆောင်မှု ရှိနေတယ်။

၁၀ မိနစ်လောက် ကြည့်ပြီးမှ ဖုန်းကို ပြန်ပေးလိုက်တယ်။

ကျန်းဖုန်းက "ဘယ်လိုလဲ ညီမလေး... အစ်ကို မိတ်ဆက်ပေးတဲ့သူ မဆိုးဘူးမလား" လို့ ပြုံးပြီး မေးလိုက်တယ်။

ဖုန်းချန် မျက်တောင်ခတ်ပြီး "မဆိုးပါဘူး။ ဒါပေမဲ့ ညီမက တကယ် စောစော အိမ်ထောင်မပြုချင်သေးဘူး။ သူများမိန်းမ၊ ကလေးအမေ ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးဘူး" လို့ ငြင်းလိုက်တယ်။

ကျန်းကျန်က "ဒီကောင်မလေး... နင် ဘာနားလည်လို့လဲ။ အခွင့်အရေးဆိုတာ လက်လွှတ်လိုက်ရင် ပြန်မရတော့ဘူး။ နောက်မှ နောင်တရနေမယ်" လို့ ဆူလိုက်တယ်။

ကျန်းဖုန်း ရယ်မောပြီး "အဒေါ် ပြောတာ မှန်တယ်။ ဖူးစာဆိုတာ ရှာယူလို့မရဘူး၊ သူ့အလိုလို ရောက်လာတတ်တာ။ ဒီအခွင့်အရေးကို တန်ဖိုးမထားရင် နောက်တစ်ခါကျရင် ဒီလောက် သင့်တော်တဲ့သူ တွေ့ချင်မှ တွေ့တော့မှာ" လို့ ပြောလိုက်တယ်။