အခန်း (၆၅) ငါ ငယ်ပါသေးတယ်၊ မှားခွင့်ရှိပါသေးတယ်
ဖုန်းယန်မြို့နယ်။ အဒေါ်လေးအိမ်။
ကျန်းဖုန်းကတော့ သူ့ညီမဝမ်းကွဲကို ကျန်းကျန်တုန်းနဲ့ အောင်မြင်အောင် ပေါင်းဖက်ပေးချင်နေတယ်။ သူတို့နှစ်ယောက်ရဲ့ အမြင့်ဆုံး လိုက်ဖက်မှု ရမှတ်က ၈၉ အထိ ရှိပြီး၊ လက်ရှိ ရမှတ်ကလည်း ၇၈ တောင် ရှိနေတာကိုး။ အချိန်လေးနည်းနည်းပေးပြီး အချစ်ရေး တည်ဆောက်လိုက်ရင် လက်ရှိ ရမှတ် ၈၀ ကျော်သွားဖို့ လွယ်လွယ်လေးပဲ။
သူ့ခန့်မှန်းချက်အရ ဒီလိုစုံတွဲမျိုးက သန်းချီတဲ့ စုံတွဲတွေထဲမှာမှ တစ်တွဲလောက်သာ တွေ့ရတတ်ပြီး၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ရုံမက အလုပ်အကိုင်မှာလည်း အပြန်အလှန် အထောက်အကူ ဖြစ်စေနိုင်တယ်။ အတိုချုပ်ပြောရရင် သူ့ညီမဝမ်းကွဲ ကျန်းကျန်တုန်းနဲ့သာ ညားသွားရင် တစ်သက်လုံး စိတ်ချမ်းသာရဖို့ သေချာနေပြီ။
ကမ္ဘာကြီးက ကျယ်ဝန်းတော့ တခြားနေရာတွေမှာ သူမနဲ့ ပိုလိုက်ဖက်တဲ့သူ ရှိကောင်း ရှိနိုင်ပေမယ့်၊ အချစ်ရေးမှာ "နောက်တစ်ခါကျရင် ပိုကောင်းတဲ့သူနဲ့ တွေ့မှာပါ" ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးသင့်ပါဘူး။ ဒီခေတ်ကြီးမှာ လူပျိုကြီး အပျိုကြီး ဖြစ်နေကြသူ ၁၀ ယောက်မှာ ၅ ယောက်လောက်က ဒီအတွေးကြောင့် ဖြစ်နေကြတာပါ။
သင့်တော်တဲ့သူနဲ့ တွေ့တဲ့အခါ တန်ဖိုးမထားတတ်ဘဲ "ငါငယ်ပါသေးတယ်၊ နောက်တစ်ခါကျရင် ပိုကောင်းတဲ့သူနဲ့ တွေ့ဦးမှာပါ" ဆိုပြီး လက်လွှတ်လိုက်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားတဲ့အခါ... ကိုယ်က ရွေးချယ်သူ မဟုတ်တော့ဘဲ အရွေးခံရသူ ဘဝ ရောက်သွားမှ နောင်တရတတ်ကြတယ်။
ဒါကြောင့် ကျန်းဖုန်းက ကျန်းကျန်တုန်းရဲ့ ကောင်းကွက်တွေကို သေချာ ရှင်းပြပြီး ညီမဝမ်းကွဲကို Blind date လုပ်ဖို့ စည်းရုံးနေတယ်။
ဒါပေမဲ့ ညီမဝမ်းကွဲက အသာအယာ ငြင်းဆန်နေတယ်။ နောက်ဆုံး မိခင်ဖြစ်သူက အတင်းအကျပ် မေးလိုက်တော့မှ "တကယ်တော့ သမီး သဘောကျနေတဲ့သူ ရှိပြီးသားပါ" လို့ တိုးတိုးလေး ဝန်ခံလိုက်တယ်။
အဒေါ်လေး ကျန်းကျန် အံ့သြသွားပြီး "ရှောင်ချန်... ဘယ်တုန်းက သဘောကျသွားတာလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်းလည်း အခုမှ သဘောပေါက်သွားတယ်။ သူ ဘယ်လောက်ပဲ စည်းရုံးစည်းရုံး ဘာလို့ ငြင်းနေလဲဆိုတာ... ရင်ထဲမှာ လူရှိနေလို့ကိုး။
ဖုန်းချန်က ရှက်သွေးဖြာရင်း "အမေကလည်း... ဆက်မမေးပါနဲ့တော့။ သမီး အိမ်ထောင်ရေးအတွက် စိတ်ပူစရာ မလိုပါဘူး" လို့ ပြောတယ်။
ကျန်းဖုန်းက "ညီမလေး... အစ်ကိုက အောင်သွယ်လေ။ လူကဲခတ်တာ တခြားသူတွေထက် သာပါတယ်။ တစ်ဖက်လူအကြောင်း ပြောပြပါလား၊ အစ်ကို အကြံပေးလို့ ရတာပေါ့" လို့ ပြောလိုက်တယ်။ သူ ခုနကပဲ ညီမဝမ်းကွဲရဲ့ အချစ်ရေး ရာဇဝင်ကို စစ်ဆေးကြည့်လိုက်တော့ ဗလာကျင်းနေတာ တွေ့ရတယ်။ ဆိုလိုတာက သူမက တစ်ဖက်သတ် ကြိုက်နေတာပဲ ဖြစ်မယ်။
ဖုန်းချန် အမြန် ခေါင်းခါပြီး "မဖြစ်နိုင်ပါဘူး အစ်ကိုရာ... မရေရာသေးပါဘူး။ ရလဒ်ထွက်လာမှ ပြောပြပါ့မယ်" လို့ ငြင်းတယ်။
ကျန်းကျန်က မျက်မှောင်ကြုတ်ပြီး "ရှောင်ချန်... တစ်ဖက်လူအကြောင်း ပြောပြလိုက်ပါလား။ အခြေအနေ ကောင်းတယ်ဆိုရင် အမေက သမီးတို့ လွတ်လပ်စွာ တွဲတာကို မတားပါဘူး။ အခြေအနေ မကောင်းရင်တော့ အချိန်မဖြုန်းပါနဲ့တော့။ မတန်ပါဘူး" လို့ ပြောတယ်။
ဖုန်းချန် နှုတ်ခမ်းဆူပြီး "သူက အရမ်းတော်တယ်၊ ရုပ်လည်း ချောတယ်။ သမီးကို စိတ်ဝင်စားပါ့မလား ဆိုတာတောင် မသေချာဘူး" လို့ ပြောတယ်။
ဒီလိုပြောလာမှတော့ အဒေါ်လေး ကျန်းကျန်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဒီခေတ်ကြီးမှာ မိဘသဘောတူမှ ယူရမယ်ဆိုတာ မရှိတော့ဘူးလေ။ မိဘတွေက အကြံပဲ ပေးလို့ရတာ၊ ဆုံးဖြတ်ရမှာက ကာယကံရှင်ပဲ။
ဒါပေမဲ့ ကျန်းကျန်က တူဖြစ်သူ မိတ်ဆက်ပေးတဲ့ ယောကျ်ားလေးကို သိပ်သဘောကျနေတယ်။ မိသားစု အခြေအနေရော၊ ကိုယ်ရည်ကိုယ်သွေးပါ သမီးနဲ့ လိုက်ဖက်တယ်လို့ မြင်တယ်။ သမီး လက်လွှတ်လိုက်ရရင် တကယ် နှမြောစရာကြီး။
ဒါကြောင့် သက်ပြင်းချပြီး "ဘာပဲဖြစ်ဖြစ် ဒါ ညည်းရဲ့ အိမ်ထောင်ရေးပဲ၊ ညည်း ရွေးချယ်မှုပဲလေ။ ဒါပေမဲ့ အတွေ့အကြုံရှိတဲ့သူအနေနဲ့ ပြောရရင် နင့်အစ်ကို မိတ်ဆက်ပေးတဲ့သူက ပိုစိတ်ချရတယ်။ လက်လွှတ်လိုက်ရင် တကယ် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်။ နင့်အစ်ကိုကလည်း အောင်သွယ်ပေးမယ်လို့ ကတိပေးထားပြီးပြီ၊ နင့်ကိုပဲ ထိုင်စောင့်နေလို့ မရဘူးလေ" လို့ ပြောလိုက်တယ်။
ကျန်းမေကလည်း မနေနိုင်ဘဲ "ရှောင်ချန်... နင်ကြိုက်တဲ့ကောင်လေးက နင့်ကို ပြန်ကြိုက်ရဲ့လား" လို့ ဝင်မေးလိုက်တယ်။
မိသားစုတွေ ဝိုင်းပြောကြတော့ ဖုန်းချန် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပေမယ့် တစ်ဖက်သတ် အချစ်ရဲ့ စွမ်းအားက ကြီးမားနေဆဲမို့ "သမီး ငယ်ပါသေးတယ်။ မှားခွင့်ရှိပါသေးတယ်။ အနာဂတ်အကြောင်း နောက်မှ ပြောကြတာပေါ့" လို့ ခေါင်းမာမာနဲ့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းဖုန်းလည်း ဆက်ပြောနေလို့ အပိုပဲဆိုတာ သိလိုက်တယ်။ "ညီမလေး... ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ အစ်ကို ဆက်မပြောတော့ပါဘူး။ ဒါပေမဲ့ တစ်ဖက်လူရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပြောပြပါလား။ အစ်ကို ဆရာတစ်ယောက်ဆီမှာ တွက်ခိုင်းကြည့်ပေးမယ်။ လိုက်ဖက်မှု ရှိမရှိ ပေါ့" လို့ ပြောလိုက်တယ်။
ခေတ်ပညာတတ်တွေက ဒီလို အယူသည်းတာတွေကို မယုံကြပေမယ့် မိန်းကလေး အများစုကတော့ ဗေဒင်မေးရတာ ဝါသနာပါတယ်လေ။ ဖုန်းချန်လည်း အပါအဝင်ပေါ့။
အစ်ကိုဝမ်းကွဲ ပြောတာကြားတော့ ဖုန်းချန် ရှက်နေပေမယ့် WeChat ဖွင့်ပြီး သူမ Crush ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်ကို ပို့ပေးလိုက်တယ်။
ဒီအခြေအနေ ရောက်သွားတော့ ကျန်းကျန်လည်း ဘာမှ ဆက်မပြောတော့ဘဲ မီးဖိုချောင်ဝင်ပြီး ဟင်းသွားချက်တော့တယ်။
တစ်ဖက်လူရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် အတိအကျ ရပြီဆိုတော့ ကျန်းဖုန်းက သူ့ညီမဝမ်းကွဲနဲ့ အဲ့ဒီလူကို Match လုပ်ကြည့်လိုက်တယ်။ ရလဒ်ကတော့... သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှု ရမှတ်က ၅၆/၅၈ ပဲ ရှိတယ်။ လိုအပ်ချက်အောက် အများကြီး ရောက်နေတယ်။
ဒီရမှတ်ကို မြင်တော့ ကျန်းဖုန်း သက်ပြင်းချလိုက်မိတယ်။
...
ကျန်းဖုန်း အဒေါ်လေးအိမ် ရောက်နေတုန်း လီရှင်းဝမ်နဲ့ ဇနီးသည် ကျန်းချိုလန်တို့လည်း ကွမ်တုန်းပြည်နယ်၊ ဖန်ကျိုးမြို့ကို ကားမောင်းထွက်လာကြတယ်။ ဖောက်သည်ကြီးတစ်ယောက်ကို လမုန့် လာပို့တာပါ။
လီရှင်းဝမ် သံတိုသံစ လုပ်ငန်းထဲ ဝင်ကတည်းက နှစ်သစ်ကူးနဲ့ လလယ်ပွဲတော်တွေမှာ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ဖောက်သည်တွေကို သွားတွေ့၊ ထမင်းလိုက်ကျွေး၊ လက်ဆောင်ပေးလေ့ ရှိတယ်။ ဒါက နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေတယ်လေ။
ဒီခေတ်ကြီးမှာ ဘယ်လုပ်ငန်းမဆို ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ ဖောက်သည်တွေနဲ့ ဆက်ဆံရေး ကောင်းအောင် မကြိုးစားရင် မကြာခင် သူများလက်ထဲ ပါသွားမှာပဲ။
လီရှင်းဝမ်ရဲ့ နည်းလမ်းက ထိရောက်မှု ရှိတယ်။ ကျန်းဖုန်းတောင် လေးစားရတဲ့ သူ့ရဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကြောင့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူ့ဖောက်သည် တစ်ယောက်မှ သူများလက်ထဲ မပါသွားဘူး။
ဒါ့အပြင် ဖောက်သည်တွေက သူ့ကို အရမ်းယုံကြည်ကြတယ်။ ငွေမလွှဲရသေးရင်တောင် လီရှင်းဝမ် ဖုန်းဆက်လိုက်တာနဲ့ ကုန်တင်ကားကို ပစ္စည်းဝင်သယ်ခွင့် ပြုတတ်ကြတယ်။ လီရှင်းဝမ်က ကြိုပြောထားရင် ငွေရှင်းတာကို တစ်ပတ်၊ နှစ်ပတ်လောက် နောက်ဆုတ်ပေးလို့လည်း ရတယ်။
တစ်ပတ်၊ နှစ်ပတ် နောက်ဆုတ်ပေးတာကို အထင်မသေးပါနဲ့။ ငွေပမာဏက သန်းချီ ရှိတတ်တာမို့ အရင်းအနှီး နည်းတဲ့ စီးပွားရေးသမားတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ဒီတစ်ခေါက် လီရှင်းဝမ် သွားတွေ့မယ့် ဖောက်သည်ကြီး နာမည်က ဝေယွမ်ကျိုးတဲ့။ ဖန်ကျိုးမြို့ သံတိုသံစ ပြန်လည်သန့်စင်ရေး လုပ်ငန်းမှာ အကြီးဆုံး ပိုင်ရှင်တွေထဲက တစ်ယောက်ပါ။
သံတိုသံစ လုပ်ငန်းကွင်းဆက်မှာ လီရှင်းဝမ်တို့လို လူတွေက ကြားပွဲစားတွေပါ။ ဈေးနှုန်း ကွာခြားချက်ကနေ အမြတ်ထုတ်ကြတာ။ သံတိုသံစ ဝယ်ယူရေး စခန်းတွေ၊ စက်ရုံတွေကနေ သံတိုသံစတွေကို သံမဏိစက်ရုံတွေဆီ ပို့ဆောင်ပေးပြီး ကော်မရှင်စားကြတာ။
ဒါပေမဲ့ လူတိုင်း ဒီပိုက်ဆံကို ရှာနိုင်တာ မဟုတ်ဘူး။ ပထမဆုံး သံမဏိစက်ရုံနဲ့ ဝယ်ယူရေး စာချုပ်ချုပ်ထားရမယ်။ ဒုတိယ သံတိုသံစ ရနိုင်မယ့် လမ်းကြောင်း ရှိရမယ်။ နောက်ဆုံးအနေနဲ့ 'သံအပြောင်းအလဲ' လုပ်ဖို့ လုံလောက်တဲ့ ငွေရင်း ရှိရမယ်။
ဒီအချက် ၃ ချက်တည်းနဲ့တင် လူအများစု ဒီလုပ်ငန်းထဲ ဝင်ဖို့ လက်တွန့်သွားကြတယ်။ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီ ဆိုရင်တော့ ကြီးပွားတိုးတက်ဖို့ အဓိက လိုအပ်ချက်က ဖြန့်ဖြူးရေး လမ်းကြောင်းနဲ့ ငွေရင်းပါပဲ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: