အခန်း (၆၆) အောင်သွယ်မှန် ရှာတွေ့သွားလို့ပါ
ဖန်ကျိုးမြို့။ လီဟူ တောင်ကြားအိမ်ရာ။
ဒါက ဖန်ကျိုးမြို့ရဲ့ နာမည်အကြီးဆုံး ကွမ်တုံ စားသောက်ဆိုင်တွေထဲက တစ်ခုပါ။ လီရှင်းဝမ်က ဝေယွမ်ကျိုးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စတင်ကတည်းက လက်ဆောင်လာပို့တိုင်း ဒီဆိုင်မှာပဲ ဖိတ်ကျွေးလေ့ရှိတယ်။ ဒီတစ်ခေါက်လည်း မထူးဆန်းပါဘူး။
ဝေယွမ်ကျိုးက ဒီနှစ် အသက် ၅၆ နှစ် ရှိပြီ။ ရုပ်ရည်က သာမန်အောက်၊ အရပ်က ၁.၆၃ မီတာပဲ ရှိတယ်။ ထိပ်ပြောင်ပြီး ဝတဲ့အပြင် ဗိုက်ရွှဲနေတော့ တကယ်ပဲ ရုပ်ဆိုးတယ်လို့ ပြောလို့ရတယ်။
နှစ်ဦးသား တွေ့ဆုံပြီး နှုတ်ဆက်ကြတယ်။
ဟင်းပွဲတွေ ရောက်လာဖို့ စောင့်နေတုန်း ဝေယွမ်ကျိုးက သူ့ရှေ့မှာ ထိုင်နေတဲ့ လိုက်ဖက်ညီတဲ့ စုံတွဲကို ကြည့်ပြီး အားကျစွာ ပြောလိုက်တယ်။ "ဝမ်ဇီ... မင်း စီးပွားရေးလည်း ကောင်းတယ်၊ ဒီလောက် ပြည့်စုံတဲ့ ဇနီးသည်ကိုလည်း ရထားတယ်။ မင်းက တကယ့် ဘဝအနိုင်ရသူ ပါပဲကွာ။ ငါ့သားသာ မင်းခြေဖျားတစ်ဝက်လောက် မီရင်တောင် ငါ အေးအေးချမ်းချမ်း သေပျော်ပါပြီ။"
လီရှင်းဝမ်က သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြုံးလျက် ပြန်ပြောတယ်။ "ဦးလေးဝေကလည်း မြှောက်လွန်းပါပြီ။ ကျွန်တော့်စီးပွားရေးက ဦးလေး အကူအညီကြောင့်ပါ။ ဝမ်းရေးဝရုံ ရှာနေရတာပါ။ မိန်းမရတာကတော့... ဦးလေးဝေကို မကြောက်မရွံ့ ပြောရရင် အောင်သွယ်မှန် ရှာတွေ့သွားလို့ပါ။ ကျွန်တော့်ဇနီးသည်ကို အောင်သွယ်က မိတ်ဆက်ပေးတာလေ။"
ဝေယွမ်ကျိုး အံ့သြသွားပြီး "တကယ်လား။ ဝမ်ဇီ... မင်းရဲ့ ဒီလောက်ပြည့်စုံတဲ့ ဇနီးသည်ကို Blind date ကနေ ရခဲ့တာလား" လို့ မေးလိုက်တယ်။
ကျန်းချိုလန်က ရှက်ပြုံးလေး ပြုံးနေတယ်။
လီရှင်းဝမ်က လက်ဖက်ရည်ခွက်ကို ဝေယွမ်ကျိုးရှေ့ တိုးပေးရင်း ပြုံးပြီး ခေါင်းညိတ်ကာ "တကယ် Blind date ပါပဲ။ ဖူးစာပါလာတယ်လို့ ပြောရမှာပေါ့..." လို့ ပြောလိုက်တယ်။
နောက်တော့ လီရှင်းဝမ်က သူတို့ တွေ့ဆုံဖြစ်ခဲ့ပုံကို အကျဉ်းချုံး ပြောပြလိုက်တယ်။ နိဂုံးချုပ်အနေနဲ့ "ကံကောင်းလို့ အဖေက ဆရာကျန်းကို ယုံကြည်ပြီး ချက်ချင်း အောင်သွယ်သွားခိုင်းလိုက်တာ။ မဟုတ်ရင် ကျွန်တော် ဒီလောက်ကောင်းတဲ့ ဇနီးသည်ကို ရပါ့မလား" လို့ ဂုဏ်ယူစွာ ပြောလိုက်တယ်။
ကျန်းချိုလန်က ခင်ပွန်းသည်ရဲ့ ချီးကျူးစကားတွေကို လက်ခံရင်း ပျော်ရွှင်မှုတွေ ခံစားနေရတယ်။
ဝေယွမ်ကျိုးက နားထောင်ရင်း မျက်လုံးတွေ အရောင်တောက်လာတယ်။ ကွမ်တုန်းပြည်နယ်သားတွေက ဒီလို ဆန်းကြယ်တဲ့ ကိစ္စတွေကို တစ်နိုင်ငံလုံးမှာ အယုံကြည်ဆုံး လူမျိုးတွေပါ။ လူနေတိုက်ခန်းတွေရဲ့ တံခါးဝမှာ နတ်စင် ရှိမရှိ ကြည့်ရုံနဲ့ ကွမ်တုန်းသား ဟုတ်မဟုတ် ခွဲခြားနိုင်တယ်လို့တောင် ပြောကြတယ်။ ဒါက နည်းနည်း ပိုပြောတာ ဖြစ်နိုင်ပေမယ့် ကွမ်တုန်းသားတွေက မက်တာဖစ်ဆစ်ကို တခြားပြည်နယ်သားတွေထက် ပိုယုံကြည်ကြတာတော့ အမှန်ပါပဲ။ ကွမ်တုန်းမှာ ပိုချမ်းသာလေ ပိုယုံကြည်လေပါပဲ။
ဒါကြောင့် လီရှင်းဝမ် ရှင်းပြတာ နားထောင်ပြီးတာနဲ့ ဝေယွမ်ကျိုး မနေနိုင်ဘဲ မေးလိုက်တယ်။ "ဝမ်ဇီ... ဒီ ဆရာကျန်းက မင်းပြောသလောက် တကယ် စွမ်းလို့လား။ မျက်နှာကြည့်ရုံနဲ့ အိမ်ထောင်ရေးကံကို ဟောနိုင်တာလား။"
လီရှင်းဝမ် ခေါင်းညိတ်ပြီး "တကယ် စွမ်းတာဗျ။ ကျွန်တော့်အဖေတင် မကဘူး၊ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ကိုယ်တိုင် ကြုံခဲ့ရတာ။ အခုထိ ဆရာကျန်းရဲ့ စွမ်းရည်ကို လေးစားတုန်းပဲ" လို့ ထောက်ခံလိုက်တယ်။
ဒါကိုကြားတော့ ဝေယွမ်ကျိုး မတုံ့ဆိုင်းတော့ဘဲ "ဝမ်ဇီ... ငါ့သားက ဒီနှစ် ၃၃ နှစ် ရှိပြီ။ အခုထိ အိမ်ထောင်မကျသေးဘူး။ ငါတို့လင်မယား စိတ်ပူနေရတာ။ ဆရာကျန်းကို အောင်သွယ်ခိုင်းချင်တယ်။ မင်း ကူညီပြီး မိတ်ဆက်ပေးနိုင်မလား" လို့ မေးလိုက်တယ်။
လီရှင်းဝမ် လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြုံးလျက် "ရတာပေါ့၊ ပြဿနာမရှိပါဘူး" လို့ ကတိပေးလိုက်တယ်။
သားဖြစ်သူရဲ့ အိမ်ထောင်ရေးကို တွေးပြီး ဝေယွမ်ကျိုး သက်ပြင်းချလိုက်တယ်။ "ဝမ်ဇီရာ... ငါတို့မိသားစု စီးပွားရေး အခြေအနေက မဆိုးပါဘူး။ ဒါပေမဲ့ ငါ့သားရုပ်ရည်က သိပ်မဟန်ဘူးကွ။ ငါ့အားနည်းချက်တွေ အကုန်ရထားတာ။ ရုပ်ဆိုးတာ၊ ဝတာတင် မကဘူး၊ အရပ်ကလည်း ၁.၆၅ မီတာပဲ ရှိတယ်။ မသန်စွမ်းလို ဖြစ်နေတာ။"
"ဒါကြောင့် ငါ့သားအတွက် ချွေးမလောင်း စံနှုန်း သတ်မှတ်ထားတာ ကြာပြီ။ အရပ်ရှည်ပြီး လှတဲ့ မိန်းကလေး ဖြစ်ရမယ်လို့။ ရည်ရွယ်ချက်က မျိုးဆက်သစ်ကို ပြုပြင်ချင်လို့။ ငါ့မြေးတွေကျရင် ရုပ်ဆိုး၊ ပုကွတဲ့ ဒုက္ခ မရောက်စေချင်ဘူး။"
"၁၀ နှစ်ကျော် ကြာသွားပြီ၊ အခုထိ သင့်တော်တဲ့သူ မတွေ့သေးဘူး။ ငါ စိတ်လျော့ချင်နေပြီ။ နောက် ၁ နှစ်၊ ၂ နှစ်နေလို့ ငါ့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူ မတွေ့ရင် စံနှုန်းလျှော့ပြီး မျိုးဆက်မပြတ်ရင် ပြီးရောဆိုပြီး သဘောတူလိုက်တော့မလို့။"
လီရှင်းဝမ်က ကျန်းဖုန်းကို အပြည့်အဝ ယုံကြည်ထားသူပီပီ ယုံကြည်မှုရှိရှိ ပြောလိုက်တယ်။ "ဦးလေးဝေ... စိတ်မပူပါနဲ့။ ဆရာကျန်းသာ တာဝန်ယူပေးရင် ဒီပြဿနာက လွယ်လွယ်လေး ဖြေရှင်းလို့ ရသွားမှာပါ။"
ဝေယွမ်ကျိုးက စီးပွားဖက်ဖြစ်တဲ့ လီရှင်းဝမ်ကို အများကြီး ယုံကြည်ပါတယ်။ နှစ်တွေအကြာကြီး အတူတူ အလုပ်လုပ်လာခဲ့ကြတာလေ။ ဝေယွမ်ကျိုးက လီရှင်းဝမ်ကို ငွေရှင်းတာ ယွမ် ၅ သန်းအထိ နောက်ဆုတ်ပေးထားတာကို ကြည့်ရင် ဘယ်လောက် ယုံကြည်လဲဆိုတာ သိသာပါတယ်။
ဒါကြောင့် လီရှင်းဝမ်က ဆရာကျန်းအကြောင်း အမွှမ်းတင်ပြောတာကို ကြားတာနဲ့ ဝေယွမ်ကျိုးက ချက်ချင်း ယုံကြည်ပြီး အောင်သွယ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ လီရှင်းဝမ်က ဒီလိုကိစ္စမျိုးမှာ ဘယ်တော့မှ မလိမ်ဘူးလို့ ယုံကြည်ထားလို့ပါ။
"ဝမ်ဇီ... ငါ့သား အိမ်ထောင်ရေးက ငါ့အတွက် တကယ့် ရင်မအေးစရာပဲ။ ဒီကိစ္စသာ အဆင်ပြေသွားရင် မင်းက ငါ့ကို အကြီးကြီး ကူညီလိုက်တာပဲ" လို့ ဝေယွမ်ကျိုးက ခံစားချက်ပါပါ ပြောလိုက်တယ်။
"ဦးလေးဝေကလည်း... အားနာစရာကြီးဗျာ။"
ဒီအချိန်မှာ လီရှင်းဝမ် တကယ် စိတ်လှုပ်ရှားနေတယ်။ ဝေယွမ်ကျိုးနဲ့ ဆက်ဆံရေးကောင်း ရှိပေမယ့် သာမန်ဆက်ဆံရေးပဲ ရှိသေးတာ။ ငွေရှင်းတာ နောက်ဆုတ်ပေးတာလောက်ပဲ ရှိတယ်။ သံတိုသံစတွေကို သူ့ဆီ အကုန်ရောင်းဖို့ မအပ်သေးဘူး။
အဓိက အကြောင်းရင်းကတော့ လီရှင်းဝမ်မှာ အဲ့လောက်များတဲ့ သံတိုသံစတွေကို ဝယ်နိုင်မယ့် အရင်းအနှီး မရှိလို့ပါ။ ဝေယွမ်ကျိုးရဲ့ လုပ်ငန်းက အရမ်းကြီးတယ်လေ။ တစ်နေ့ကို တန်ချိန် ရာနဲ့ချီ ထွက်တာ။ လီရှင်းဝမ်ဆီ အကုန်အပ်လိုက်ရင် ငွေရင်း သန်းဆယ်ချီ မရှိဘဲ လည်ပတ်လို့ မရဘူး။
ဘာလို့လဲဆိုတော့ လီရှင်းဝမ်က သံမဏိစက်ရုံ တွေကို သွားသွင်းရတာ။ စက်ရုံတွေက ငွေသားနဲ့ ချက်ချင်း ရှင်းပေးလေ့ မရှိဘူး။ ငွေရှင်းတဲ့ သံသရာရှိတယ်။ အပတ်စဉ် ငွေရှင်းပေးတာလောက် ရတဲ့သူတွေက အဆက်အသွယ် တော်တော်ကောင်းတဲ့ သူတွေမှ ရတာ။ ပုံမှန်ဆို ၁၀ ရက်ကနေ လဝက် (၁၅ ရက်)၊ တစ်ခါတလေ တစ်လလောက်အထိ ကြာတတ်တယ်။
စဉ်းစားကြည့်... နေ့တိုင်း သန်းနဲ့ချီတန်တဲ့ ပစ္စည်းတွေ ပို့နေရပြီး ပိုက်ဆံပြန်ရဖို့ ၁၀ ရက်၊ ၁၅ ရက် စောင့်ရမယ်ဆိုရင် ငွေရင်း သန်းဆယ်ချီ မရှိဘဲ ဘယ်လို လုပ်မလဲ။ လီရှင်းဝမ် မိသားစုက ပြည့်စုံတယ် ဆိုပေမယ့် ပိုင်ဆိုင်မှု သန်းဂဏန်းလောက်ပဲ ရှိတာ။ ဒီလောက် လုပ်ငန်းကြီးကို လည်ပတ်ဖို့ မလုံလောက်ဘူး။
ဒါပေမဲ့ တကယ်လို့ ဝေယွမ်ကျိုးနဲ့ ဆက်ဆံရေး ပိုရင်းနှီးသွားပြီး၊ ဝေယွမ်ကျိုးက သူ့ကို တစ်နေ့ ကုန်တင်ကား အစီးနည်းနည်းလောက် ပိုပေးမယ်၊ ပစ္စည်းရောက်ငွေချေ စနစ် မဟုတ်ဘဲ ငွေရှင်းဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ပေးမယ်ဆိုရင်... ဝင်ငွေ နှစ်ဆ မတိုးရင်တောင် မတိမ်းမယိမ်း ဖြစ်လာမှာ သေချာတယ်။
...
နောက်တော့ စားပွဲထိုးတွေ ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လာချပေးတယ်။ နှစ်ယောက်သား အောင်သွယ်ကိစ္စကို ခဏရပ်ပြီး သံတိုသံစလောကရဲ့ နောက်ဆုံးရ သတင်းတွေအကြောင်း ပြောရင်း စားသောက်ကြတယ်။
ဘယ်သူကတော့ သံတစ်ကားတိုက်စာ အလိမ်ခံလိုက်ရလို့ သောင်းချီ ရှုံးသွားတယ်... ဘယ်စက်ရုံကတော့ ဝယ်ဈေး ထပ်ချလိုက်ပြန်ပြီ၊ ဈေးကွက်လားရာအရဆိုရင် ထပ်ကျဦးမယ့်ပုံပဲ... ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာတယ်၊ ဈေးနှုန်းတွေက ပွင့်လင်းမြင်သာမှု ရှိလာတော့ အရင်ကလောက် အမြတ်မကျန်တော့ဘူး... စသဖြင့်ပေါ့။
လုပ်ငန်းတူတွေဆိုတော့ ပြောစရာတွေက မကုန်နိုင်ဘူး။ နှစ်ယောက်စလုံးကလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေဆိုတော့ စကားပြောရတာ အဆင်ပြေကြတယ်။
ထမင်းစားပွဲက ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အိမ်ရှင်ရော ဧည့်သည်ပါ ကျေနပ်အားရစွာ လမ်းခွဲခဲ့ကြတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: