ဖုန်းယန်မြို့နယ်။

အဒေါ်လေးအိမ်။

နေ့လယ်စာအတွက် အဒေါ်လေး ကျန်းကျန်က ဟင်းတွေ အများကြီး ချက်ထားပေးပေမယ့် ကျန်းဖုန်း စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ စားနေမိတယ်။ သူ့စိတ်ထဲမှာ အိမ်ထောင်ရေး လိုက်ဖက်မှုရမှတ်အကြောင်းပဲ တွေးနေတယ်။

ကျန်းကျန်တုန်းနဲ့ ညီမဝမ်းကွဲ ဖုန်းချန်တို့ရဲ့ လိုက်ဖက်မှု ရမှတ်က ၇၈/၈၉ တောင် ရှိနေတာ၊ ဘာလို့ ညီမဝမ်းကွဲက အတန်တန် ငြင်းနေရတာလဲ။ ဒါက ယုတ္တိမရှိဘူး။

ညီမဝမ်းကွဲ ကြိုက်နေတဲ့လူနဲ့ သူမရဲ့ ရမှတ်က ၅၆/၅၈ ပဲ ရှိတာ။ ယုတ္တိသဘောအရဆိုရင် သူ မိတ်ဆက်ပေးတဲ့လူက သာလွန်နေတာ အထင်အရှားပဲ။ ဒါကို ဘာလို့ ညီမဝမ်းကွဲက ငြင်းနေရတာလဲ။

ဒါမှမဟုတ်...?

ကျန်းဖုန်း ရုတ်တရက် အတွေးတစ်ခု ဝင်လာတယ်။ လွန်ခဲ့တဲ့ အကြိမ် ရမှတ်တွေ ပြောင်းလဲသွားကတည်းက ရမှတ်ဖွဲ့စည်းပုံအကြောင်း သူ စဉ်းစားနေခဲ့တာ။ ဒါပေမဲ့ အစအန မရခဲ့ဘူး။ အခုတော့ ညီမဝမ်းကွဲက ရမှတ်မြင့်တဲ့သူကို ငြင်းပြီး ရမှတ်နိမ့်တဲ့သူကို ရွေးချယ်နေတာကို ကြည့်ပြီး ကျန်းဖုန်း တစ်စုံတစ်ခုကို သဘောပေါက်သွားတယ်။

သူ့ခန့်မှန်းချက်အရ လိုက်ဖက်မှု ရမှတ်ဆိုတာ ရမှတ်များစွာ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်နိုင်တယ်။ လက်ရှိ ပြသနေတဲ့ ရမှတ်က ရမှတ်တစ်ခုချင်းစီ မဟုတ်ဘဲ စုစုပေါင်း ရမှတ်သာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ညီမဝမ်းကွဲက ကျန်းကျန်တုန်းကို ငြင်းရတဲ့ အကြောင်းရင်းက လက်ရှိ သူတို့နှစ်ယောက်ကြားမှာ "စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှု" နည်းနေလို့ ဖြစ်နိုင်တယ်။

ဒါကို တွေးမိပြီး ကျန်းဖုန်း ရုတ်တရက် နားလည်သဘောပေါက်သွားတယ်။ အိမ်ထောင်ရေး လိုက်ဖက်မှုအပေါ် အမြင်သစ်တစ်ခု ရသွားတယ်။

အဲ့ဒီအချိန်မှာပဲ သူမြင်နေရတဲ့ လိုက်ဖက်မှု ရမှတ်တွေ ထပ်ပြီး ပြောင်းလဲသွားပြန်တယ်။ ညီမဝမ်းကွဲနဲ့ ကျန်းကျန်တုန်းကို ပြန် Match ကြည့်လိုက်တော့ ရမှတ်တွေက အခုလို ပြောင်းလဲသွားတယ်။

[လက်ရှိ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၇၈ (ချစ်ခင်စုံမက်မှု ၅၅ + လူမှုရေး လိုက်ဖက်မှု ၉၆ + မိသားစု ဆက်ဆံရေး ၈၃)

[အမြင့်ဆုံး အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၈၉ (ချစ်ခင်စုံမက်မှု ၈၅ + လူမှုရေး လိုက်ဖက်မှု ၉၈ + မိသားစု ဆက်ဆံရေး ၈၄)

အသစ်ထွက်လာတဲ့ ရမှတ်အသေးစိတ်ကို ကြည့်ပြီး ကျန်းဖုန်း သက်ပြင်းချလိုက်မိတယ်။ အိမ်ထောင်ရေးဆိုတာ သူထင်သလောက် မရိုးရှင်းပါလား။ စုံတွဲနှစ်ယောက် ချစ်နေရုံနဲ့ မလုံလောက်ဘူး၊ မိသားစုနှစ်ဖက်စလုံးရဲ့ ကဏ္ဍပေါင်းစုံ ပါဝင်နေတာကိုး။

အရေးကြီးဆုံးက "ဂုဏ်ရည်တူချင်း လက်ထပ်ခြင်း" ဆိုတဲ့ သဘောတရားပါပဲ။ ဂုဏ်ရည်တူချင်း လက်ထပ်ခြင်းမှာ တန်ဖိုး ၅ မျိုး ပါဝင်တယ်။

၁။ စီးပွားရေး အခြေအနေ

၂။ တူညီသော တန်ဖိုးထားမှုများ

၃။ လူမှုရေး အဆင့်အတန်း

၄။ သားသမီး ပျိုးထောင်မှု အယူအဆ

၅။ ပညာအရည်အချင်း

ဂုဏ်ရည်တူချင်း လက်ထပ်တိုင်း ပျော်ရွှင်မယ်လို့ အာမမခံနိုင်ပေမယ့်၊ အိမ်ထောင်ရေးအတွက် ကြီးမားတဲ့ အားသာချက်တစ်ခု ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒုတိယအချက်က မိသားစု ဆက်ဆံရေးတွေ ဖြစ်တဲ့ ယောက္ခမနဲ့ ချွေးမ၊ ယောက္ခမနဲ့ သားမက်၊ ယောက်မနဲ့ ခဲအို ဆက်ဆံရေးတွေပါ။ ကျန်တဲ့ ၂ ခုကို ထားလိုက်၊ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေး တစ်ခုတည်းနဲ့တင် အိမ်ထောင်ရေးကို အကြီးအကျယ် ဒုက္ခပေးနိုင်တယ်။ ယောက္ခမနဲ့ ချွေးမ အဆင်ပြေရင် အိမ်ထောင်ရေး သာယာစေသလို၊ အဆင်မပြေရင် အိမ်ထောင်ကွဲတဲ့အထိ ဖြစ်စေနိုင်တယ်။

ဒါကို ကြည့်ရင် လူမှုရေး အဆင့်အတန်းနဲ့ မိသားစု ဆက်ဆံရေးက အိမ်ထောင်ရေးအပေါ် ဘယ်လောက် သက်ရောက်မှု ရှိလဲဆိုတာ သိသာပါတယ်။

တပြိုင်နက်တည်းမှာပဲ ကျန်းဖုန်း နားလည်သွားတာက သူ့ညီမဝမ်းကွဲ ဘာလို့ ငြင်းလဲ ဆိုတာပါပဲ။ လက်ရှိ သူမနဲ့ ကျန်းကျန်တုန်းတို့ရဲ့ "ချစ်ခင်စုံမက်မှု ရမှတ်" က ၅၅ ပဲ ရှိတယ်။ အောင်မှတ်တောင် မမီဘူး။ ကျန်တဲ့ ရမှတ် ၂ ခု (လူမှုရေး၊ မိသားစု) က မြင့်မားနေပေမယ့် (အထူးသဖြင့် လူမှုရေး လိုက်ဖက်မှုက ထိပ်ခေါင်ပဲ) ချစ်ခင်မှု မရှိသေးလို့ ငြင်းတာ ဖြစ်မယ်။

"ရှောင်ဖုန်း... ဘာတွေ တွေးနေတာလဲ။ လာ... ဦးလေးနဲ့ တစ်ခွက်လောက် သောက်။"

ဦးလေးရဲ့ အသံကြားမှ ကျန်းဖုန်း အသိပြန်ဝင်လာပြီး ပြုံးကာ ငြင်းလိုက်တယ်။ "ဦးလေး... အဖေနဲ့ အစ်ကိုကြီးတို့နဲ့ပဲ သောက်လိုက်ပါ။ ကျွန်တော် ကားမောင်းရဦးမှာမို့ မသောက်တော့ဘူး။"

ဦးလေးက "မင်းက လာခဲတာကို၊ ဘာလို့ အဲ့လောက် မြန်မြန် ပြန်ချင်နေရတာလဲ" လို့ မေးတယ်။

အစ်ကိုကြီး ကျန်းဖေးက ဖန်ခွက်မြှောက်ပြီး ဦးလေးနဲ့ တိုက်လိုက်ကာ "ဦးလေးရာ... ကျွန်တော်တို့ ဝန်ထမ်းတွေက ဦးလေးတို့လို ကိုယ်ပိုင်လုပ်ငန်းရှင်တွေလောက် မလွတ်လပ်ဘူး။ မနက်ဖြန် အလုပ်သွားရဦးမှာမို့ မပြန်လို့ မရဘူး" လို့ ဝင်ပြောတယ်။

ဦးလေးက အရက်တစ်ငုံသောက်ပြီး ရယ်မောကာ "သူဌေးဖြစ်ရင် လွတ်လပ်တယ်လို့သာ ပြောကြတာ၊ တကယ်တမ်း မင်းအဒေါ်နဲ့ ဦးလေးမှာ လွတ်လပ်ခွင့် သိပ်မရှိပါဘူးကွာ။ တစ်နှစ် ၃၆၅ ရက်မှာ နှစ်သစ်ကူး ရက်ပိုင်းလောက်ပဲ နားရတာ။ ကျန်တဲ့ရက်တွေက ဆိုင်ဖွင့်နေရတာချည်းပဲ။ နှစ်တွေကြာလာတော့ ပျင်းဖို့တောင် ကောင်းလာပြီ" လို့ ညည်းတွားလိုက်တယ်။

ကျန်းဖုန်းက "အခုခေတ်မှာ လုပ်ငန်းတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်တယ်လေ။ ဦးလေးတို့က နေ့တိုင်း ဆိုင်ဖွင့်ရပေမယ့်၊ ၂ ရက်လောက် ရောင်းရငွေက သူများတွေ တစ်လစာလောက် ရှိနေတာ။ လူအများစု အိပ်မက်မက်နေရတဲ့ ဘဝမျိုးပါ" လို့ ပြောလိုက်တယ်။

အဒေါ်လေးက ရယ်မောပြီး "ရှောင်ဖုန်းရယ်... ပိုက်ဆံရှာတဲ့ နေရာမှာ တို့ဆွေမျိုးတွေထဲမှာ ဘယ်သူက မင်းကို ယှဉ်နိုင်မှာလဲ။ မင်းက ပိုက်ဆံအများကြီး ရှာနိုင်ရုံမကဘူး၊ ရှာရတာလည်း အရမ်း လွယ်ကူတယ်။ စားရင်းသောက်ရင်း စကားပြောရင်းနဲ့ ပိုက်ဆံရနေတာ။ တကယ် အားကျစရာ ကောင်းတယ်" လို့ ချီးကျူးတယ်။

ဦးလေးကလည်း လေးစားတဲ့ လေသံနဲ့ "ရှောင်ဖုန်းက တကယ့်ကို အောင်သွယ်လုပ်ဖို့ ပါလာတာ။ လူငယ်တွေစကားနဲ့ ပြောရရင် ဘုရားသခင်က ထမင်းခွံ့ကျွေးထားတဲ့ ပါရမီမျိုးပေါ့။ အောင်သွယ်လုပ်တာ ၂ လပဲ ရှိသေးတယ်၊ ယွမ် ၂၊ ၃ သိန်းလောက် ရှာနိုင်နေပြီ။ အောင်သွယ်လောကရဲ့ ဝင်ငွေစံချိန်ကို ချိုးဖျက်ပစ်လိုက်ပြီ။ တစ်ယောက်တည်းနဲ့ အေဂျင်စီတစ်ခုလုံး စာလောက် လုပ်နိုင်တယ်" လို့ ပြောတယ်။

ကျန်းမေက သားအငယ်ဆုံးကို ချီးကျူးတာ ကြားရရင် သဘောအကျဆုံးမို့ အခုချိန်မှာ မျက်လုံးမှေးတဲ့အထိ ပြုံးနေတော့တာပဲ။

အဒေါ်လေးက ဆက်ပြီး "ဒါ အစပဲ ရှိသေးတယ်။ ရှောင်ဖုန်းက ရွာမှာ နာမည်ရနေပြီ။ နောက်ဆို ပိုပိုပြီး ရှာနိုင်မှာ။ တစ်နှစ်ကို သန်းနဲ့ချီ ရှာနိုင်လောက်တယ်" လို့ မြှောက်ပြောတယ်။

ကျန်းဖုန်းကတော့ ကိုယ့်အခြေအနေ ကိုယ်သိပါတယ်။ ကိုယ့်အရည်အချင်းကြောင့် ဒီအဆင့် ရောက်လာတာ မဟုတ်ဘဲ "Cheat code" ကြောင့် ရောက်လာမှန်း သိနေတော့ ဦးလေးနဲ့ အဒေါ် ချီးကျူးတာကို ဘာပြန်ပြောရမှန်း မသိတော့ဘူး။

ဒါနဲ့ စကားလမ်းကြောင်းကို ညီမဝမ်းကွဲဆီ ပြန်လွှဲလိုက်တယ်။ "အဒေါ်၊ ဦးလေး... ကျွန်တော် အောင်သွယ်လုပ်တာ အောင်မြင်ရတဲ့ အကြောင်းရင်းက လူကဲခတ် ကောင်းလို့ပါ။"

ပြီးတော့ တိတ်တိတ်လေး ထမင်းစားနေတဲ့ ညီမဝမ်းကွဲကို ကြည့်ပြီး နောက်ဆုံးအကြိမ် အကြံပေးလိုက်တယ်။ "ညီမလေး... အစ်ကို နင့်ကို ဘယ်တော့မှ မလိမ်ဘူး။ နင်နဲ့ ကျန်းကျန်တုန်းက တကယ် လိုက်ဖက်ပါတယ်။ တွေ့ကြည့်ဖို့ စဉ်းစားပါလို့ အကြံပေးချင်တယ်။ မဟုတ်ရင် ဒီအခွင့်အရေး လက်လွှတ်လိုက်ရရင် ဒီလောက် သင့်တော်တဲ့သူ နောက်တစ်ခါ ရှာတွေ့ဖို့ တကယ် ခက်ခဲလိမ့်မယ်။"

ဖုန်းချန်က "အစ်ကိုရာ... ငြင်းပြီးသားကို ဘာလို့ ထပ်ပြောနေရတာလဲ" လို့ ညည်းတွားလိုက်တယ်။

"တခြားသူဆိုရင် အစ်ကို လက်လျော့လိုက်ပါပြီ။ နင်က ညီမအရင်းလို ဖြစ်နေလို့ပါ။ ဒီလောက် လိုက်ဖက်တဲ့သူ တွေ့ရခဲလို့ လက်မလွှတ်စေချင်ဘူး။"

အဒေါ်လေး ကျန်းကျန်က ချက်ချင်း ဝင်ထောက်တယ်။ "ရှောင်ချန်... နင့်အစ်ကို ပြောတာ မှန်တယ်။ ဒီလို လူကောင်းမျိုး တွေ့ရခဲတယ်။ လက်လွှတ်လိုက်ရင် ပြန်မရနိုင်တော့ဘူး။ သေချာ စဉ်းစားပါ၊ နောင်တရမယ့် ဆုံးဖြတ်ချက်မျိုး မချပါနဲ့။"

ဦးလေးက ဆိုင်ထိုင်နေလို့ ဘာဖြစ်မှန်း မသိသေးတာမို့ "ဘာဖြစ်ကြတာလဲ" လို့ မေးလိုက်တယ်။

အဒေါ်လေးက ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီး "တစ်ဖက်လူက မိသားစု အခြေအနေရော၊ စရိုက်ပါ သမီးနဲ့ ကွက်တိပဲ။ ဒါပေမဲ့ ကံမကောင်းတာက သမီးမှာ သဘောကျနေတဲ့သူ ရှိလို့ဆိုပြီး ငြင်းနေတယ်" လို့ ပြောပြတယ်။

ဦးလေးကလည်း နှစ်ဖက်မိသားစု လိုက်ဖက်တယ်လို့ မြင်တယ်။ မြို့နယ်လေးတွေမှာ စီးပွားရေးလုပ်ပြီး ငွေကြေးပြည့်စုံကြတာချင်း တူတော့ ဂုဏ်ရည်တူချင်း လက်ထပ်တာ ဖြစ်လို့ ပိုစိတ်ချရတယ်လို့ ယူဆတယ်။ သမီး ကြိုက်နေတဲ့ ကောင်လေးထက် ပိုစိတ်ချရမှာပေါ့။

ဒါနဲ့ ဝိုင်းပြီး တိုက်တွန်းလိုက်တယ်။ "ရှောင်ချန်... ဒီလောက် လိုက်ဖက်တဲ့သူ တွေ့ရခဲပါတယ်။ တွေ့ကြည့်ဖို့ အဖေ အကြံပေးချင်တယ်။ နောက်ဆုံး ဆုံးဖြတ်မှာက သမီးပါပဲ၊ အဖေနဲ့အမေက ဝင်မစွက်ဖက်ပါဘူး။"

ဖုန်းချန်က အပြင်ပန်း နူးညံ့ပေမယ့် စိတ်ဓာတ် ခိုင်မာသူပါ။ ဆုံးဖြတ်ချက် ချပြီးရင် မပြောင်းလဲတတ်ဘူး။ ဒါကြောင့် ခေါင်းမာမာနဲ့ ခေါင်းခါပြီး "တော်ပါတော့... သမီး တကယ် အစောကြီး အိမ်ထောင်မပြုချင်သေးဘူး။ အစ်ကို့ စေတနာကို ကျေးဇူးတင်ပါတယ်" လို့ ငြင်းလိုက်တယ်။

ညီမဝမ်းကွဲ ထပ်ငြင်းတာ ကြားတော့ ကျန်းဖုန်း သက်ပြင်းချလိုက်မိတယ်။

ကဲ... ပြောလည်း ပြောပြီးပြီ၊ နားမထောင်တော့လည်း သူ့သဘောပေါ့။ အချစ်ရဲ့ ဒုက္ခကို ခံစားရပြီးမှပဲ သူမကို ကူညီဖို့ အခွင့်အရေး ရှာရတော့မယ်။