လလယ်ပွဲတော်နေ့။

နေ့လယ် ၁၂ နာရီခွဲ။

ကျန်းဖုန်းသည် ဖင်းရှန်းမြို့နယ် လမ်းမပေါ်တွင် ဝမ်းကွဲအစ်ကို လျူကျွင်းရှောင်နှင့် သူ့ရည်းစား ချီဟိုင်ယန်တို့ကို သွားကြိုသည်။

"အစ်ကိုကြီး!"

"ရှောင်ဖုန်း!"

ညီအစ်ကိုနှစ်ယောက် နှုတ်ဆက်ပြီးနောက် လျူကျွင်းရှောင်က သူ့ရည်းစားလက်ကို ကိုင်ပြီး "ယန်ယန်... ဒါ အစ်ကို ပြောပြောနေတဲ့ ဒုတိယအဒေါ်ရဲ့သား ညီလေး ကျန်းဖုန်းလေ။ ရှောင်ဖုန်း... ဒါ အစ်ကို့ရည်းစား ချီဟိုင်ယန်" လို့ မိတ်ဆက်ပေးလိုက်တယ်။

ချီဟိုင်ယန်က ချက်ချင်း ပြုံးပြီး "အော်... မောင်လေး ကျန်းဖုန်းကိုး။ မင့်အစ်ကို ပြောပြဖူးတယ်။ ရွာပြန်ပြီး အောင်သွယ်လုပ်တာ ၂ လလောက်နဲ့ ယွမ်သိန်းချီ ရှာနိုင်တယ်ဆို။ တကယ် တော်တာပဲ" လို့ နှုတ်ဆက်လိုက်တယ်။

"အစ်မကလည်း မြှောက်လွန်းပါပြီ။ လမ်းခရီး ပင်ပန်းလာပြီမလား။"

"မပင်ပန်းပါဘူး။ ဒီဘက်က ရှုခင်းတွေက ထူးခြားတယ်။ ကြည့်ရင်းလာတာနဲ့ ရောက်မှန်းတောင် မသိလိုက်ဘူး။"

နှုတ်ဆက်စကား ပြောပြီးနောက် အိတ်တွေတင်၊ ကားပေါ်တက်ပြီး အိမ်ပြန်လာကြတယ်။

ကားပေါ်မှာ ညီအစ်ကိုနှစ်ယောက် စကားတပြောပြောနဲ့ လိုက်လာကြတယ်။ ဝမ်းကွဲအစ်ကိုက ကျန်းဖုန်းရဲ့ အောင်သွယ်အလုပ်အကြောင်း အများဆုံး မေးတယ်။ ဘာပဲပြောပြော တက္ကသိုလ်ဘွဲ့ရ လူငယ်တစ်ယောက် ရွာပြန်ပြီး ၂ လလောက်နဲ့ ယွမ် ၂၊ ၃ သိန်း ရှာနိုင်တယ်ဆိုတာ တကယ် မယုံနိုင်စရာ ကောင်းနေတာကိုး။

ကျန်းဖုန်းက ပြန်ဖြေရင်း အစ်ကိုဖြစ်သူရဲ့ ရှန်ဟိုင်းက အလုပ်အကြောင်း ပြန်မေးတယ်။ ရံဖန်ရံခါ အစ်မဝမ်းကွဲလောင်းကိုလည်း စကားလှမ်းပြောပေးတယ်။ ဒါမှ ပထမဆုံးအကြိမ် လာလည်တဲ့သူ အနေကျုံ့မနေအောင်လို့လေ။

ဝမ်းကွဲအစ်ကိုအိမ်က မြို့ထဲနဲ့ သိပ်မဝေးဘူး။ ကားမောင်းရင် ၁၀ မိနစ်တောင် မကြာဘူး။

အဒေါ်လေး၊ ဦးလေးနဲ့ ဆွေမျိုးတွေက ချီဟိုင်ယန်ကို ခရီးဦးကြိုပြုနေတုန်း ကျန်းဖုန်းက အခွင့်ကောင်းယူပြီး လျူကျွင်းရှောင်နဲ့ ချီဟိုင်ယန်ကို Match လုပ်ကြည့်လိုက်တယ်။

[နာမည်] ချီဟိုင်ယန်

[အသက်] ၂၇ နှစ်

[အရပ်] ၁၆၄ စင်တီမီတာ

[ကိုယ်အလေးချိန်] ၄၉ ကီလိုဂရမ်

[မိသားစုနောက်ခံ] ကွေ့ကျိုးပြည်နယ်၊ အန်းယွမ်ခရိုင် ကျေးလက်တောင်ပေါ်ဒေသမှ မွေးဖွားသည်။ မောင်နှမ ၇ ယောက် ရှိပြီး...

[ပင်ကိုယ်စရိုက်နှင့် ဝါသနာများ]...

[အချစ်ရေးရာဇဝင်] ပထမရည်းစား... ဒုတိယရည်းစား လျူကျွင်းရှောင်...

[လက်ရှိ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၆၃ (ချစ်ခင်စုံမက်မှု ၈၅ + လူမှုရေး လိုက်ဖက်မှု ၂၁ + မိသားစု ဆက်ဆံရေး ၈၃)

[အမြင့်ဆုံး အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၇၅ (ချစ်ခင်စုံမက်မှု ၉၁ + လူမှုရေး လိုက်ဖက်မှု ၄၈ + မိသားစု ဆက်ဆံရေး ၈၆)

Data တွေကို ကြည့်ပြီးနောက် ကျန်းဖုန်း တွေ့ရှိလိုက်တာက သူတို့နှစ်ယောက်ရဲ့ လက်ရှိနဲ့ အမြင့်ဆုံး ရမှတ်တွေက သိပ်မမြင့်ပေမယ့် "ချစ်ခင်စုံမက်မှု" အပိုင်းမှာတော့ အရမ်း လိုက်ဖက်ညီနေကြတယ်။ ကျန်းဖုန်း အရင် ပေါင်းဖက်ပေးခဲ့တဲ့ စုံတွဲတွေထက် မလျော့ဘူး။

မိသားစု ဆက်ဆံရေး ရမှတ်က ၈၆ အထိ ရှိနေတာ မြင်တော့ ကျန်းဖုန်း စိတ်အေးသွားတယ်။ အနည်းဆုံးတော့ အဒေါ်လေးနဲ့ အဆင်ပြေမှာမို့ ယောက္ခမနဲ့ ချွေးမ ပြဿနာ မရှိနိုင်ဘူး။

ဒါပေမဲ့ ချီဟိုင်ယန်ရဲ့ မိသားစုနောက်ခံကို မြင်တော့ ကျန်းဖုန်း မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင် ပေါ်လာတယ်။ အဒေါ်လေး ပြောပြချက်အရဆိုရင် ချီဟိုင်ယန်ရဲ့ မိသားစုက စီးပွားရေးလုပ်ငန်း အသေးစားလေး လုပ်ပြီး အဆင်ပြေတယ်လို့ သိထားတာ။ ဒါပေမဲ့ အခု သူမြင်နေရတာကတော့ အလွန်အမင်း ဆင်းရဲနွမ်းပါးတဲ့ အခြေအနေပဲ။ ထမင်းငတ်တဲ့အထိ မဆင်းရဲပေမယ့် အစ်ကိုတွေ တစ်ယောက်မှ မိန်းမမယူနိုင်လောက်အောင် ဆင်းရဲတာကတော့ ငြင်းမရတဲ့ အမှန်တရားပဲ။

ကြည့်ရတာ ဒီ အစ်မဝမ်းကွဲလောင်းက သူမရဲ့ မိသားစုနောက်ခံကို တမင် ဖုံးကွယ်ထားပုံရတယ်။ ဝမ်းကွဲအစ်ကိုကော သိရဲ့လား မသိဘူး။

ထားပါတော့... ဒါတွေက အသေးအဖွဲတွေပါ။ ဝမ်းကွဲအစ်ကိုရဲ့ ခံစားချက်ကို လိမ်ညာထားတာ မဟုတ်သရွေ့၊ ပြီးတော့ "မောင်အတွက်ဆို အစ်ကိုကို စွန့်မယ့်အမျိုးသမီး" (မိမိမောင်အတွက် ခင်ပွန်းသည်ကို အနိုင်ကျင့်တတ်သူ) မျိုး မဟုတ်သရွေ့ ကျန်တာတွေက ပြဿနာ အသေးလေးတွေပါ။

ကျန်းဖုန်းက ချီဟိုင်ယန်ရဲ့ အချက်အလက်တွေကို စစ်ဆေးနေချိန်မှာ... ကားပေါ်က ဆင်းကတည်းက ချီဟိုင်ယန်ဟာ ရည်းစားရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေရှေ့မှာ အကောင်းမြင်ခံရအောင် တော်တော်လေး ကြိုးစားနေရတယ်။

သူမက လက်ရှိ ရည်းစားကို တကယ် ကျေနပ်နေတာပါ။ ရုပ်ချောတယ်၊ နူးညံ့သိမ်မွေ့တယ်၊ စာနာတတ်တယ်။ အလုပ်အကိုင်နဲ့ ဝင်ငွေကလည်း လူတကာထက် သာတယ်။ ပြီးတော့ တစ်ဦးတည်းသော သား။ ဘက်စုံပြည့်စုံတယ်လို့ ပြောလို့ရတယ်။

ဒါကြောင့် သူမက လျူကျွင်းရှောင် အထင်သေးမှာ စိုးရိမ်လို့ မိသားစုအကြောင်း နည်းနည်း လိမ်ပြောထားတာ။ လက်ထပ်ပြီးမှ အမှန်အတိုင်း ပြောပြဖို့ စီစဉ်ထားတယ်။ ပြီးတော့ ရည်းစားရဲ့ အချစ်ကို ရဖို့အတွက် "မပြောကောင်းတဲ့ ကိစ္စ" တွေ အတူတူလုပ်တဲ့အခါ သူကြိုက်သမျှ လိုက်လျောပြီး အစွမ်းကုန် ပြုစုခဲ့တာလေ။

ရလဒ်ကတော့ သိသာပါတယ်။ ရည်းစားက သူမကို အရမ်းသဘောကျပြီး အိမ်ခေါ်လာကာ လက်ထပ်ဖို့အထိ စီစဉ်တော့တာပဲ။

ရည်းစားကိုတော့ နိုင်ပြီ။ မိဘတွေကို ကျော်ဖြတ်ဖို့ ကျန်သေးတယ်။ ရည်းစားကတော့ သူ့အိမ်ထောင်ရေး သူဆုံးဖြတ်မယ်၊ မိဘတွေ ဝင်မပါဘူးလို့ ပြောပေမယ့် စိတ်ချရအောင် အကောင်းဆုံး ပုံစံကို ပြသရမှာပေါ့။

ဒါကြောင့် ဖင်းရှန်းမြို့နယ် ရောက်တာနဲ့ ချီဟိုင်ယန်ဟာ ကားပေါ်မှာတုန်းက ချွဲနွဲ့နေတဲ့ ပုံစံကို ဖျောက်ပြီး တည်ငြိမ်၊ ရင့်ကျက်၊ လှပတဲ့ ပုံစံကို ပြောင်းလဲလိုက်တယ်။ ဝတ်စားဆင်ယင်မှုကလည်း ရိုးရှင်းသပ်ရပ်ပြီး အပိုအလိုမရှိတော့ ရိုးသားတဲ့ ကျေးလက်ဒေသခံတွေရဲ့ အမြင်မှာ "ဒီကောင်မလေး တော်တော် ဟုတ်တယ်" ဆိုတဲ့ အမြင်မျိုး ရစေခဲ့တယ်။

ထမင်းစားပွဲမှာ ဆွေမျိုးအများစုက ဝမ်းကွဲအစ်ကိုနဲ့ ရည်းစားကို အာရုံစိုက်နေကြပေမယ့် ကျန်းဖုန်းကတော့ အဒေါ်လေးနဲ့ ဦးလေးကို အာရုံစိုက်နေမိတယ်။

ကျန်းဖုန်း အောင်သွယ်လုပ်လာတာ ၂ လရှိပြီ။ "Cheat code" ကြောင့် အောင်မြင်နေတာ မှန်ပေမယ့် အတွေ့အကြုံရလာတော့ လူကဲခတ်တာ တော်တော် တိုးတက်လာပြီလို့ ပြောရမယ်။

ဒါကြောင့် အဒေါ်လေးနဲ့ ဦးလေးက ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ကျန်းဖုန်းက တစ်ခုခု မှားနေတာကို ရိပ်မိလိုက်တယ်။ သူတို့နှစ်ယောက် အချင်းချင်း စကားမပြောသလောက်ပဲ၊ မျက်နှာချင်းတောင် မဆိုင်ကြဘူး။ ကြည့်ရတာ ရန်ဖြစ်ထားကြပုံပဲ။

အမှန်တိုင်း ဝန်ခံရရင် မှော်စွမ်းရည် ရပြီးကတည်းက သူများတွေကို Match လုပ်ပေးနေပေမယ့် ကိုယ့်ဆွေမျိုးသားချင်း လူကြီးတွေကိုတော့ စစ်ဆေးလေ့ မရှိပါဘူး။ နေရခက်လို့ပါ။

ဒါပေမဲ့ အခု အဒေါ်လေးတို့ လင်မယားကြားမှာ ပြဿနာရှိနေပုံရတော့ ဘာဖြစ်တာလဲ သိချင်လို့ အဒေါ်လေးရဲ့ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်ကို စစ်ဆေးကြည့်လိုက်တယ်။

[နာမည်] ကျန်းချင်

[ခင်ပွန်း] လျူကျန်ရုံ

[လက်ရှိ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၆၂ (ချစ်ခင်စုံမက်မှု ၄၃ + လူမှုရေး လိုက်ဖက်မှု ၇၆ + မိသားစု ဆက်ဆံရေး ၆၇)

[အမြင့်ဆုံး အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၇၂ (ချစ်ခင်စုံမက်မှု ၇၁ + လူမှုရေး လိုက်ဖက်မှု ၇၆ + မိသားစု ဆက်ဆံရေး ၆၉)

[အိမ်ထောင်ရေး အခြေအနေ]...

[အိမ်ထောင်ရေး သုံးသပ်ချက်]...

အဒေါ်လေးတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ဖတ်ကြည့်ပြီးနောက် ကျန်းဖုန်း သက်ပြင်းချလိုက်မိတယ်။ တော်ပါသေးရဲ့... ဖောက်ပြန်တာလိုမျိုး ကြီးကြီးမားမား ပြဿနာ မဟုတ်ဘဲ သာမန် ရန်ဖြစ်စကားများတာလောက်ပဲ ဖြစ်နေလို့။

ခဏနေကျရင် အဒေါ်လေးနဲ့ သီးသန့် စကားပြောဖို့ အခွင့်အရေး ရှာရမယ်။ သာမန် ရန်ဖြစ်တာပဲ ဆိုပေမယ့် လဝက်လောက် ကြာနေပြီတဲ့။ သေချာ မဖြေရှင်းရင် ပိုဆိုးသွားနိုင်တယ်။

လူတိုင်းမှာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အချိန်တွေ ရှိကြတာပဲ။ အသေးအဖွဲ ကိစ္စလေးတွေကနေ ကွာရှင်းတဲ့အထိ ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီး ရှိတယ်။

ကျန်းဖုန်း ဝတ္ထုတိုလေး တစ်ပုဒ် ဖတ်ဖူးတယ်။ လင်မယားနှစ်ယောက် ပျင်းနေလို့ စကားထိုင်ပြောရင်း ယောကျ်ားဖြစ်သူက ထီပေါက်ရင် ဘာလုပ်မလဲဆိုပြီး စိတ်ကူးယဉ်တယ်။ မိန်းမက ပိုက်ဆံဘယ်လောက်ပေးရမယ်၊ ကျန်တာ ဘယ်လိုသုံးမယ်ဆိုပြီး လိုက်ဆွေးနွေးတယ်။ နောက်ဆုံး ပိုက်ဆံခွဲဝေပုံ မတည့်လို့ စကားများကြရာကနေ ရန်ပွဲကြီးဖြစ်ပြီး... နောက်ဆုံး ကွာရှင်းလိုက်ကြတယ်တဲ့။

ဒါကြောင့် အိမ်ထောင်ရေးမှာ အဆိုးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံ အရှုံးမပေးဘဲ ခေါင်းမာနေကြတာပါပဲ။