လ ၈ လပိုင်း ၁၆ ရက်နေ့၊ နေ့လယ် ၃ နာရီ ၁၃ မိနစ်။

Honda Accord ကားတစ်စီးက ဦးဆောင်ပြီး Mercedes-Benz GL63 AMG ကားကြီးတစ်စီး လုံဆန်းရွာရှိ ကျန်းမိသားစုအိမ်ရှေ့သို့ ဆိုက်ရောက်လာသည်။

Accord ကားပေါ်မှ ဆင်းလာသူမှာ ကျန်းဖုန်း အောင်သွယ်စလုပ်စဉ်က ပထမဆုံး လက်ခံခဲ့ရသည့် ဖောက်သည် လီရှင်းဝမ် ဖြစ်သည်။ Mercedes-Benz GL63 AMG ပေါ်မှ ဆင်းလာသူမှာ လီရှင်းဝမ်၏ ဖောက်သည်ကြီး ဝေယွမ်ကျိုးနှင့် သူ့သား ဝေရွှယ်ဖုန်းတို့ ဖြစ်ကြသည်။

ကားပေါ်မှ ဆင်းလာသောအခါ ဝေယွမ်ကျိုးနှင့် သူ့သားတို့သည် လက်ဆောင်ပစ္စည်း အများအပြားကို သယ်ဆောင်လာကြသည်။ မောင်ထိုင်အရက် ၁၀ ပုလင်း၊ "Da Guo Xi" စီးကရက် ၁၀ တောင့်၊ နာမည်ကြီး လက်ဖက်ခြောက် ၁၀ ဘူး နှင့် သစ်သီးခြင်း လက်ဆောင်အစုံအလင် ပါဝင်သည်။ လက်ဆောင်ပစ္စည်း အရေအတွက်ကို ကြည့်ခြင်းအားဖြင့် "ပြီးပြည့်စုံခြင်း" ကို ကိုယ်စားပြုကြောင်း သိသာထင်ရှားသည်။

ကျန်းဖုန်းနှင့် မိဘများ ထွက်လာသည်ကို မြင်သောအခါ လီရှင်းဝမ်က အရှေ့တိုးသွားပြီး အမြန် မိတ်ဆက်ပေးလိုက်သည်။ "ဦးလေးကျန်း၊ အဒေါ်ကျန်း၊ ဆရာကျန်း... မိတ်ဆက်ပေးပါရစေ။ ဒါက ဖုန်းထဲမှာ ကျွန်တော်ပြောဖူးတဲ့ သူဌေးဝေပါ။ ဒါက သူ့သား ဝေရွှယ်ဖုန်းပါ။"

နှစ်ဖက် နှုတ်ဆက်မိတ်ဆက်ကြပုံများကို ကျော်သွားလိုက်ပါမည်။

နှုတ်ဆက်ပြီးနောက် ဝေယွမ်ကျိုးက သူသယ်လာသော စီးကရက်နှင့် အရက်များကို ကျန်းဖုန်းလက်ထဲ ထည့်ပေးရင်း "ဆရာကျန်း... တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက လက်ဆောင်အသေးအမွှားလေးတွေပါ" ဟု ပြောလိုက်သည်။ ဝေရွှယ်ဖုန်းကလည်း သူ့လက်ထဲက လက်ဆောင်တွေကို ကျန်းဖုန်းဆီ ကမ်းပေးလိုက်သည်။

ကျန်းဖုန်းက လက်ဆောင်တွေကို ကျွမ်းကျင်စွာ လက်ခံပြီး မိဘတွေလက်ထဲ လွှဲပေးလိုက်ကာ "မစ္စတာဝေ... ဘာလို့ လက်ဆောင်တွေ ဒီလောက် အများကြီး ယူလာရတာလဲ။ အားနာစရာကြီးဗျာ" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။

ဝေယွမ်ကျိုးက ပြုံးပြီး "ဆရာကျန်း... ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူမို့ စိတ်မရှိပါနဲ့။ ကျွန်တော့်သားရဲ့ အိမ်ထောင်ရေး ပြဿနာကိုသာ အောင်မြင်အောင် ဖြေရှင်းပေးနိုင်ရင် ဆုကြေး ကောင်းကောင်း ချီးမြှင့်ပါ့မယ်" ဟု ပြောလိုက်သည်။

ကျန်းဖုန်းက ပရော်ဖက်ရှင်နယ် အပြုံးလေးဖြင့် "ဖောက်သည်တွေရဲ့ အိမ်ထောင်ရေး ပြဿနာကို ဖြေရှင်းပေးတာ ကျွန်တော့် အလုပ်ပါပဲ။ သူဌေးဝေ... စိတ်ချပါ၊ အစ်ကိုဖုန်းအတွက် စိတ်တိုင်းကျမယ့် အိမ်ထောင်ဖက်ကို သေချာပေါက် ရှာဖွေပေးပါ့မယ်" ဟု ပြောလိုက်သည်။

ပြီးတော့ ကျန်းဖုန်းက အိမ်ထဲသို့ လက်ကမ်း ဖိတ်ခေါ်လိုက်ပြီး "အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့" ဟု ဖိတ်ခေါ်လိုက်သည်။

...

မနက် ၁ နာရီ။

ခရိုင်မြို့ရှိ လူနေအိမ်ရာဝင်းတစ်ခု။

A18 တိုက်၊ အခန်း ၃၀၃ ၏ အမှောင်ကျနေသော ဧည့်ခန်းထဲတွင် ကျိုးလီမေ (ကျူးလျန်၏ ဇနီးဟောင်း) သည် ဆိုဖာပေါ်တွင် မှိုင်တွေစွာ ထိုင်နေသည်။ တစ်ခုတည်းသော အလင်းရောင်မှာ သူမလက်ထဲက ဖုန်းဆီမှ ဖြစ်သည်။

ည ၁၀ နာရီလောက်ကတည်းက သူမ လက်ရှိခင်ပွန်းသည်ဆီ ဖုန်းဆက်ပြီး အိမ်ပြန်လာဖို့ ခေါ်နေခဲ့တာ။ ပထမဆုံးအကြိမ် ခေါ်တုန်းက ခဏနေရင် ပြန်ခေါ်မယ်လို့ ပြောတယ်။ နာရီဝက်လောက် စောင့်ပြီး မခေါ်လာလို့ ထပ်ခေါ်တော့ သူငယ်ချင်းတွေနဲ့ သောက်နေတယ်၊ မကြာခင် ပြန်လာမယ်လို့ ပြောတယ်။

ဒါပေမဲ့ နောက်ထပ် နာရီဝက် ကြာသွားတယ်၊ အရိပ်အယောင်တောင် မမြင်ရသေးဘူး။ စိတ်တိုလာတဲ့ ကျိုးလီမေ ထပ်ခေါ်ပြီး ဆူပူကြိမ်းမောင်းတော့ စကားတောင် မဆုံးသေးဘူး တဖက်က ဖုန်းချသွားတယ်။

ဒါက ကျိုးလီမေကို ဒေါသထွက်စေတယ်။ ချက်ချင်း ပြန်ခေါ်ပေမယ့် ဟိုဘက်က ဖုန်းမကိုင်တော့ဘူး။ ဘယ်နှစ်ခါခေါ်ခေါ် လုံးဝ မကိုင်တော့ဘူး။

ကျိုးလီမေ တစ်ခါမှ ဒီလို အဆက်ဆံ မခံခဲ့ရဖူးဘူး။ ကျူးလျန်နဲ့ လက်ထပ်တုန်းကဆိုရင် သူမက အမြဲတမ်း ဆရာလုပ်ခဲ့တာ။ ညဘက် သူငယ်ချင်းတွေနဲ့ ထွက်သွားရင်တောင် ဖုန်းဆက်လိုက်တာနဲ့ ချက်ချင်း ပြန်လာရတယ်။ မိနစ်နည်းနည်းလောက် နောက်ကျရင်တောင် အဆူခံရတာ။ ဖုန်းချတာတို့၊ ဖုန်းမကိုင်တာတို့ဆိုတာ ကျူးလျန်ဆီမှာ လုံးဝ မရှိခဲ့ဖူးဘူး။

လက်ရှိ ခင်ပွန်းသည်က ကျူးလျန်နဲ့ ကွာရှင်းပြီးနောက် အောင်သွယ်ကနေတဆင့် ယူထားသူပါ။ သူ့မိသားစု အခြေအနေက ကျူးလျန်ထက် သာသလို ရုပ်ရည်ကလည်း မဆိုးဘူး။ အမှန်တိုင်း ပြောရရင် အိပ်ရာပေါ်က ကိစ္စတွေမှာတောင် ခင်ပွန်းဟောင်းထက် သာတယ်။

ခြုံငုံကြည့်ရင် ကျိုးလီမေ ကျေနပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီး တစ်ပတ်လောက် အတွင်းမှာလည်း ခင်ပွန်းသည်က သူမကို ကောင်းကောင်း ဆက်ဆံခဲ့ပါတယ်။ လင်မယားအသစ်တွေပဲလေ။

ဒါပေမဲ့ ဒီည ခင်ပွန်းသည်ရဲ့ အပြုအမူက ကျိုးလီမေရဲ့ ရင်ထဲမှာ မည်းမှောင်တဲ့ အရိပ်တစ်ခု ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဒီည သူပြန်လာတာကို မအိပ်ဘဲ စောင့်နေတာ။ သေချာ မရှင်းပြရင် ပြဿနာရှာမယ်လို့ တေးထားတယ်။

ညဉ့်နက်လာလေ ကျိုးလီမေရဲ့ ဒေါသတွေက ကြီးထွားလာလေပဲ။ ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။ ဘယ်လောက်ကြာအောင် စောင့်လိုက်ရမှန်း မသိဘူး။ ကျိုးလီမေ အိပ်ငိုက်စပြုလာတဲ့အချိန်မှာ တံခါးပွင့်သံ ကြားလိုက်ရတယ်။

အကြာကြီး စောင့်နေခဲ့ရတဲ့ ကျိုးလီမေ ချက်ချင်း နိုးကြားသွားတယ်။ ခလုတ်ဖွင့်သံနဲ့အတူ ဧည့်ခန်းမီး လင်းလာတယ်။ အမှောင်ထဲ နေသားကျနေတဲ့ မျက်လုံးတွေ ကျိန်းသွားပြီး မျက်လုံးမှေးကြည့်လိုက်တယ်။

မကြာခင်မှာပဲ အရက်နံ့ တထောင်းထောင်းနဲ့ လူတစ်ယောက် ဝင်လာတယ်။ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကျိုးလီမေကို မြင်လိုက်တာနဲ့ မုန်းတီးသူတစ်ယောက်ကို တွေ့လိုက်ရသလို ဒေါသတကြီး ပြေးဝင်လာပြီး ကျိုးလီမေရဲ့ ပါးကို "ဖြောင်း" ခနဲ မြည်အောင် ရိုက်ချလိုက်တယ်။

ပြီးတော့ "သောက်ရေးမပါတာ... သူငယ်ချင်းတွေနဲ့ သောက်နေတာကို ဖုန်းဆက်ပြီး ပွစိပွစိ လုပ်နေတယ်။ ငါ့ကိုတောင် ပြန်ဆဲရဲတယ်ပေါ့လေ။ သူငယ်ချင်းတွေရှေ့မှာ ငါ့သိက္ခာကျအောင် လုပ်တဲ့ မင်းကို ဒီနေ့ မှတ်လောက်သားလောက်အောင် ဆုံးမပေးမယ်" လို့ အော်ဟစ်လိုက်တယ်။

ပြောရင်းနဲ့ နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်တယ်။

ပထမတစ်ချက် အရိုက်ခံရတုန်းက ကျိုးလီမေ ကြောင်သွားတယ်။ မူလက သူပြန်လာရင် စာရင်းရှင်းမယ်၊ အမှားဝန်ခံခိုင်းမယ်လို့ တွေးထားတာ။ ပြန်ရောက်ရောက်ချင်း စကားတောင် မပြောရသေးဘူး၊ အရင် စထိုးတာ ခံလိုက်ရတယ်။

ဒုတိယတစ်ချက် အရိုက်ခံရမှ ကျိုးလီမေ သတိဝင်လာတယ်။ ဒီလို စော်ကားမှုမျိုး တစ်ခါမှ မခံစားဖူးတဲ့ သူမဟာ အမြီးအကိုက်ခံရတဲ့ ကြောင်တစ်ကောင်လို ချက်ချင်း စိတ်ရိုင်းဝင်သွားပြီး အဲ့ဒီလူကို ပြန်ခုန်အုပ်ကာ ကိုက်ဆွဲ၊ ကုတ်ခြစ်ပြီး လုံးထွေး သတ်ပုတ်ကြတော့တယ်။

၁၀ မိနစ်အကြာမှာ။ ကျိုးလီမေရဲ့ ပုံစံက ကြည့်မကောင်းတော့ဘူး။ ဆံပင်တွေ ရှုပ်ပွ၊ အဝတ်အစားတွေ စုတ်ပြဲ၊ အသားပေါ်တဲ့ နေရာတွေမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့၊ မျက်နှာက ရောင်ရမ်းနေပြီး ပါးစပ်ထောင့်မှာ သွေးစတွေ ထွက်နေတယ်။ တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေတယ်။

တစ်ဖက်လူလည်း သက်သာလှတာ မဟုတ်ပါဘူး။ မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ ကုတ်ခြစ်ရာတွေ ပြည့်နေပြီး ပခုံးမှာလည်း အကိုက်ခံထားရတယ်။ သူလည်း ဖရိုဖရဲ ဖြစ်နေတာပါပဲ။

ခဏလောက် တိတ်ဆိတ်နေပြီးမှ ကျိုးလီမေက အသံတုန်တုန်နဲ့ "ကွာရှင်းကြစို့" လို့ ပြောလိုက်တယ်။

ယောကျ်ားဖြစ်သူက "ကွာရှင်းတာတော့ ရတယ်။ ဒါပေမဲ့ ပိုက်ဆံ ပြန်ပေး" လို့ တိုးတိုးလေး ပြောတယ်။

ဒီအချိန်မှာ ကျိုးလီမေက ဒီယောကျ်ားဆီကနေ အမြန်ဆုံး ထွက်သွားချင်နေပြီမို့ ဈေးဆစ်မနေတော့ဘဲ "ကောင်းပြီ... မနက်ဖြန် တရားရုံးပိတ်တော့ သဘက်ခါမနက်ကျရင် တရားရုံးမှာ တွေ့မယ်" လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။

ပြောပြီးတာနဲ့ ကျိုးလီမေ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ပြီး ဧည့်ခန်းထဲဝင်ကာ တံခါး Lock ချလိုက်တယ်။

ကုတင်ပေါ် လှဲရင်း ကျိုးလီမေ ပြတင်းပေါက်ကို ငေးကြည့်နေမိတယ်။ ဒီည အဖြစ်အပျက်ကို ကြုံလိုက်ရတော့မှ ခင်ပွန်းဟောင်း ကျူးလျန် ဘယ်လောက်ကောင်းလဲဆိုတာ ရုတ်တရက် သတိရသွားတယ်။ တစ်နှစ်၊ နှစ်နှစ်လောက် အတူနေခဲ့တဲ့ ကာလမှာ သူမက ကျူးလျန်အပေါ် တကယ် ဆိုးခဲ့တာ။ သူ့ကို အိမ်ဖော်တစ်ယောက်လို ဆက်ဆံပြီး ကြိုက်သလို ဆဲဆိုခဲ့တာ။

ဒါပေမဲ့ သူမ ဘယ်လောက်ပဲ ဆူဆူ၊ ကျူးလျန်က ပြန်ပြောခဲသလို၊ ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ဆိုတာ ဝေလာဝေး... တစ်ခါမှ မလုပ်ဖူးဘူး။ အဲ့တုန်းကတော့ သူ့ကို သတ္တိမရှိတဲ့ကောင်၊ ယောကျ်ားမပီသတဲ့ကောင်လို့ ထင်ပြီး ရင်ထဲကနေ အထင်သေးခဲ့မိတယ်။

အခု ပြန်စဉ်းစားကြည့်မှ ဒါတွေအားလုံးက အားသာချက်တွေ ဖြစ်နေပါလားဆိုတာ ကျိုးလီမေ နားလည်လိုက်ရတယ်။ အခု သူမကို ရိုက်နှက်တဲ့ကောင်နဲ့ ယှဉ်ရင် ကျူးလျန်က အဆတစ်ရာလောက် သာတယ်။

အဲ့ဒီအချိန်မှာ ကျိုးလီမေ ရင်ထဲမှာ နောင်တတွေ ရလာတယ်။ ကွာရှင်းပြီးတဲ့နောက် သူ ဘယ်လို နေနေမလဲ မသိဘူး။

ဒါကို တွေးမိပြီး ကျိုးလီမေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ သဘက်ခါ ဒီလူနဲ့ ကွာရှင်းပြီးရင် ခင်ပွန်းဟောင်း အိမ်ကို သွားပြီး ကလေးတွေကို သွားကြည့်မယ်။ ပြီးတော့ ခင်ပွန်းဟောင်း အခြေအနေကိုပါ အကဲခတ်ကြည့်မယ်။

အခွင့်အရေးရရင် သူ့ကို ပြန်လက်ထပ်ပြီး ကောင်းကောင်းမွန်မွန် ပေါင်းသင်းသွားမယ်။ တကယ်တော့ သူက လူကောင်းတစ်ယောက်ပဲလေ။