ရှရှားလင်လင် တစ်ယောက် ဝေရွှယ်ဖုန်းရဲ့ ဓာတ်ပုံကို ကြည့်နေစဉ်မှာ သူမရဲ့ မိဘတွေကလည်း စပ်စုချင်စိတ်ကို မထိန်းနိုင်ကြတော့ဘဲ တဖက်လူက ဘယ်လောက်တောင် ပု၊ ဝ၊ ရုပ်ဆိုး နေသလဲဆိုတာ သိချင်လို့ ဝင်ကြည့်ကြတယ်။

ဝေရွှယ်ဖုန်းရဲ့ ဓာတ်ပုံကို မြင်လိုက်ရတဲ့အခါ ရှမိဘနှစ်ပါး စကားစပျောက်သွားကြတယ်။ သူ့ရဲ့ ရုပ်ရည်သွင်ပြင် အခြေအနေက တကယ်ပဲ ဆိုးရွားလွန်းလှတယ်။ သူတို့သမီးရဲ့ ရုပ်ရည်၊ ခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် ဒီမင်္ဂလာပွဲက တကယ့်ကို "နွားချေးပုံပေါ်က ပန်းတစ်ပွင့်" လို ဖြစ်နေတော့မှာ။

ကျန်းဖုန်းက ဝေရွှယ်ဖုန်းရဲ့ ဓာတ်ပုံကို ကမ်းပေးလိုက်ကတည်းက ရှရှားလင်လင်ရဲ့ မျက်နှာအမူအရာကို အကဲခတ်နေခဲ့တာပါ။ ပု၊ ဝ၊ ရုပ်ဆိုးတဲ့ ဝေရွှယ်ဖုန်းကို သူမ လက်ခံဖို့ ခက်ခဲမယ်ဆိုတာ သူသိနေပါတယ်။

ထင်တဲ့အတိုင်းပါပဲ... ရှရှားလင်လင်က ဓာတ်ပုံကို မြင်လိုက်တာနဲ့ စိတ်ဓာတ်ကျသွားတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး၊ သူမရဲ့ ရွံရှာမှုတွေက မျက်နှာပေါ်မှာ အထင်းသား ပေါ်လာတယ်။

ဒါကို ကျန်းဖုန်း ကောင်းကောင်း နားလည်ပါတယ်။ လူတွေဆိုတာ အမြင်အာရုံကို ဦးစားပေးတဲ့ သတ္တဝါတွေလေ။ ထူးခြားတဲ့ စိတ်တိမ်းညွတ်မှု ရှိသူတွေကလွဲရင် ဘယ်သူကမှ ရုပ်ဆိုးတဲ့သူကို မကြိုက်ကြပါဘူး။

ဒါပေမဲ့ ဒါက ပထမဆုံးအမြင်ကို ပြောတာပါ။ အချိန်ကြာကြာ ပေါင်းသင်းပြီး တဖက်လူရဲ့ ကောင်းကွက်တွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားရင် ချစ်သွားတတ်ကြတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဝေရွှယ်ဖုန်းနဲ့ ရှရှားလင်လင်တို့ရဲ့ "ချစ်ခင်စုံမက်မှု ရမှတ်" က ၈၃ အထိ ရှိတယ်ဆိုတာက အဲ့ဒီအထဲက တစ်ခုဖြစ်မယ်လို့ ယူဆရတယ်။

လက်ရှိ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေရတာက ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်မိလိုက်ကြလို့ပါ။ ဒါက ရှင်းပြရခက်တဲ့ သာမန်အမှားတစ်ခုပါပဲ။ အချိန်ကြာလာပြီး အပြန်အလှန် နားလည်မှု ရှိလာရင် သံယောဇဉ်က သဘာဝအတိုင်း တိုးတက်လာမှာပါ။

ရှရှားလင်လင်က ဖုန်းကို တိတ်တဆိတ် ပြန်ပေးလာတာကို မြင်တော့ ကျန်းဖုန်းက ဖုန်းကို ယူလိုက်ပြီး "ရှရှားလင်လင်... တစ်ဖက်လူရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို ညီမ မြင်ပြီးပြီ။ သူတို့ရဲ့ မိသားစု နောက်ခံကိုလည်း ရှင်းပြပြီးပြီ။ အခု သူတို့ရဲ့ တခြား အားသာချက်တွေကို ပြောပြမယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ရှမိဘနှစ်ပါးနဲ့ ရှရှားလင်လင် အံ့သြသွားကြတယ်။ တစ်ဖက်လူမှာ တခြား အားသာချက်တွေ ရှိသေးတယ် ဟုတ်လား။

သူတို့ရဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းဖုန်း မရယ်ဘဲ မနေနိုင်တော့ဘူး။ သူက ဘာလို့ ယောကျ်ားလေးရဲ့ တခြားအားသာချက်တွေကို အရင်မပြောဘဲ ပိုက်ဆံအကြောင်းကို အရင်ပြောခဲ့ရသလဲ ဆိုတော့... တဖက်လူရဲ့ ကြွယ်ဝချမ်းသာမှုကို အရင် ထုတ်မပြရင်၊ ဒီလို ပု၊ ဝ၊ ရုပ်ဆိုးတဲ့လူရဲ့ စိတ်ထားကောင်းကြောင်း၊ ရိုးသားကြောင်း၊ မိဘသိတတ်ကြောင်းတွေကို ရှမိသားစု ၃ ယောက်က စိတ်ရှည်လက်ရှည် နားထောင်ပေးမှာ မဟုတ်ဘူးဆိုတာ သူ အသိဆုံးမို့လို့ပါပဲ။

ဒါက သဘာဝကျပါတယ်။ သာမန်လူတစ်ယောက်က လာပြီး "ငါက စိတ်ထားကောင်းတယ်၊ ရိုးသားတယ်" လို့ လာပြောနေရင် ဘယ်သူက စိတ်ဝင်တစား နားထောင်ချင်မှာလဲ။ ဒါပေမဲ့ အဲ့ဒီလူက အာဏာရှိ၊ ငွေရှိတဲ့သူ ဖြစ်နေရင်တော့ လူအများစုက နားထောင်ချင်ကြမှာ သေချာတယ်။

တကယ်တော့ ကျန်းဖုန်းက ဝေရွှယ်ဖုန်းရဲ့ အားသာချက် (စိတ်ထား) ကို အရင်ပြောပြီးမှ အားနည်းချက် (ရုပ်ရည်) ကို ပြောပြလို့ ရပါတယ်။ဒါပေမဲ့ အဲ့လိုလုပ်တာက အဆိုးဆုံး နည်းလမ်းပါပဲ။ ဘာလို့လဲဆိုတော့ အရှေ့မှာ ဘယ်လောက်ပဲ ကောင်းကြောင်း ပြောထားပါစေ၊ "ပု၊ ဝ၊ ရုပ်ဆိုးတယ်" ဆိုတဲ့ အားနည်းချက်ကို ထုတ်ပြလိုက်တာနဲ့ ရှမိဘနှစ်ပါးက ချက်ချင်း ငြင်းပစ်လိုက်မှာ သေချာလို့ပါ။

အဲ့ဒီကျမှ ကျန်းဖုန်းက "သူ့မိသားစုက ကုဋေကြွယ်သူဌေးတွေပါ" ဆိုတဲ့ အကြီးမားဆုံး အားသာချက်ကို ထုတ်ပြောလိုက်ရင် ရှမိဘနှစ်ပါးကို ပါးရိုက်လိုက်သလို ဖြစ်မနေဘူးလား။ သူတို့ ဘယ်လို ခံစားရမလဲ။ ဆက်ငြင်းမလား၊ ဒါမှမဟုတ် "ဆက်ပြောပါဦး" ဆိုပြီး လေသံ ပြောင်းမလား။ (ဒါက သိက္ခာကျစရာ ဖြစ်သွားနိုင်ပါတယ်)။

ဒါကြောင့် ကျန်းဖုန်းက အကြီးမားဆုံး အားသာချက် (ပိုက်ဆံ) ကို အရင် ထုတ်သုံးပြီး စကားဆက်ပြောခွင့်ရအောင် လမ်းကြောင်းဖောက်လိုက်တာပါ။

အောင်သွယ်စလုပ်ကတည်းက ကျန်းဖုန်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က "ရည်းစားထားတာက လူနှစ်ယောက် ကိစ္စ၊ လက်ထပ်တာက မိသားစုနှစ်စု ကိစ္စ" ဆိုတာပါပဲ။ ဒါကြောင့် ဝေရွှယ်ဖုန်းအပေါ် လက်ရှိ လိုက်ဖက်မှုရမှတ် ၃၅ သာရှိတဲ့ ရှရှားလင်လင်ကို ရင်ဆိုင်ရတဲ့အခါ သူက အစကတည်းက ပြင်းထန်တဲ့ နည်းလမ်းကို သုံးပြီး လက်တွေ့အကျဆုံး ရှုထောင့်ကနေ စည်းရုံးခဲ့တာပါ။

ဒါက ကိုယ်ကျင့်တရားနဲ့ ဖိအားပေးတာ မဟုတ်ပါဘူး။ အဲ့လိုပြောရင် လေးနက်လွန်းရာ ကျပါတယ်။ ဒါက စိတ်ခံစားချက်ကို ကစားတာလို့ပဲ ပြောလို့ရမယ်။ ဘာပဲပြောပြော ကျန်းဖုန်းက သူမကို မီးတွင်းထဲ တွန်းပို့နေတာမှ မဟုတ်တာ။ ကုဋေကြွယ်သူဌေးနဲ့ လက်ထပ်ပြီး စိမ်ကျစေချင်တာလေ။ ဒါက လုံးဝ မတူညီတဲ့ သဘောတရားပါ။

ကျန်းဖုန်းသာ စကားပြောတဲ့အခါ ဖိအားနည်းနည်းမှ မပေးခဲ့ရင် သူမက ရုပ်ရည်ကိုကြည့်ပြီး ဝေရွှယ်ဖုန်းကို တွေ့ဖို့ နေနေသာသာ၊ ချက်ချင်း ငြင်းလိုက်မှာ သေချာပါတယ်။

တကယ်တော့ ကျန်းဖုန်းအနေနဲ့ ရှရှားလင်လင်ကိုပဲ မဖြစ်မနေ ရွေးစရာ မလိုပါဘူး။ ဝေရွှယ်ဖုန်းအတွက် တခြားသူ ဆက်ရှာလို့ ရပါတယ်။ နေရာနည်းနည်းလောက် ထပ်သွားလိုက်ရင် ရှရှားလင်လင်ထက် မနိမ့်တဲ့ လိုက်ဖက်မှုရမှတ်ရှိတဲ့ အလှမယ်ကို တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမဲ့ ကျန်းဖုန်းက ထပ်မရှာချင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ ဆက်ရှာရှာ၊ အလှမယ်တွေနဲ့ ဝေရွှယ်ဖုန်းရဲ့ လက်ရှိ "ချစ်ခင်စုံမက်မှု ရမှတ်" က ဝေရွှယ်ဖုန်းရဲ့ ရုပ်ရည်ကန့်သတ်ချက်ကြောင့် သိပ်မြင့်မားလာနိုင်မှာ မဟုတ်လို့ပါ။ ဘယ်အလှမယ်ပဲ လာလာ ပထမဆုံးအမြင် ကတော့ အတူတူလောက်ပဲ ဖြစ်နေမှာ။

အရေးကြီးဆုံးက အချိန်ပေးပြီး အတူနေမှ တိုးတက်လာနိုင်မယ့် "စိတ်ပိုင်းဆိုင်ရာ သံယောဇဉ်" ပါပဲ။

...

ကျန်းဖုန်း ပြုံးပြီး ဆက်ပြောတယ်။ "လူတိုင်းမှာ အားသာချက်တွေ ရှိကြစမြဲပါ။ အစ်ကိုဖုန်းလည်း ခြွင်းချက် မဟုတ်ပါဘူး။ ပထမဆုံး ပညာအရည်အချင်းကို ပြောရရင်... အစ်ကိုဖုန်းက ဘာမှနားမလည်တဲ့ သူဌေးသား မဟုတ်ပါဘူး။ နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရထားတဲ့ ထိပ်တန်းကျောင်းသား တစ်ယောက်ပါ။"

"ဒုတိယအချက်က အစ်ကိုဖုန်းရဲ့ စိတ်နေသဘောထားပါ။ သူက ရိုးသားတယ်၊ ကြင်နာတတ်တယ်၊ မိဘကို သိတတ်တယ်၊ လူယုတ်မာ မဟုတ်ဘူး။ သူ့ရဲ့ အကျင့်စာရိတ္တက အပြစ်ပြောစရာ မရှိပါဘူး။"

"လက်တွေ့ကျကျ ပြောရရင်... အစ်ကိုဖုန်းရဲ့ မိသားစု နောက်ခံနဲ့ဆိုရင် သူက ဝူတာလန် (ဂျပု၊ ရုပ်ဆိုး ဇာတ်ကောင်) လို ရုပ်ပေါက်နေရင်တောင် သူ့ကို လက်ထပ်ချင်တဲ့ အလှမယ်တွေ ဒုနဲ့ဒေး ရှိပါတယ်။ ဒါပေမဲ့ သူက ဒီနေ့ထိ လူပျိုကြီး ဖြစ်နေတယ်။ ဘာလို့လဲ သိလား။"

ရှရှားလင်လင်က မသိကြောင်း ခေါင်းခါပြတယ်။

ကျန်းဖုန်း ဆက်ပြောတယ်။ "ဘာလို့လဲဆိုတော့ အစ်ကိုဖုန်းက 'ကလေးမွေးစက်' သက်သက်ကို အိမ်မခေါ်ချင်လို့ပါ။ သူက ရုပ်ဆိုးပေမယ့် သူ့ပိုက်ဆံကို မဟုတ်ဘဲ သူ့ကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားမယ့် ဇနီးသည်မျိုးကိုပဲ လိုချင်လို့ပါ။"

"တကယ်လို့ အစ်ကိုဖုန်းသာ ဒီမူဝါဒကို စွဲကိုင်မထားခဲ့ရင် အခုလောက်ဆို သူ့ကလေးတွေ အလယ်တန်းတောင် ရောက်နေလောက်ပြီ။ သူ့မိန်းမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကလည်း ညီမထက် နိမ့်မှာ မဟုတ်ဘူး။ ယုံလား။"

ရှရှားလင်လင် မယုံလို့ မရတော့ပါဘူး။ သူမကိုယ်တိုင်က ဒီလိုလူကို လက်မထပ်ချင်ပေမယ့် တခြားမိန်းမတွေလည်း လက်မထပ်ချင်ကြဘူးလို့ ပြောလို့မရဘူးလေ။ ပိုက်ဆံမက်တဲ့သူတွေ အများကြီး ရှိတာပဲ။

ပြောသင့်တာတွေ ပြောပြီးပြီမို့ ကျန်းဖုန်း နိဂုံးချုပ်လိုက်တယ်။ "ရှရှားလင်လင်... ညီမက မိန်းကလေးကောင်းမှန်း အစ်ကို သိပါတယ်။ ညီမရဲ့ အရည်အချင်းနဲ့ဆိုရင် အစ်ကိုဖုန်းထက် အဆတစ်ရာ ပိုချောတဲ့ ယောကျ်ားကို ရှာလို့ရပါတယ်။"

"ဒါပေမဲ့ အိမ်ထောင်ရေးမှာ ရုပ်ချောတာနဲ့ ထမင်းစားလို့ မရပါဘူး။ ရုပ်ချောတဲ့လူနဲ့ ယူတိုင်း ပျော်ရွှင်ရမယ်လို့ အာမမခံနိုင်ပါဘူး။"

"ဒါပေမဲ့ စိတ်ထားကောင်းပြီး ကိုယ့်ကို ရတနာလေးလို တန်ဖိုးထားမယ့် သူဌေးတစ်ယောက်နဲ့ လက်ထပ်ရတာကတော့ အပျော်ရွှင်ဆုံး အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။"

ကျန်းဖုန်း မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်တယ်။ "ကဲ... ပြောစရာရှိတာတွေ ကုန်ပါပြီ။ ဒါ ကျွန်တော့် လိပ်စာကတ်ပါ။ မိသားစုနဲ့ သေချာ တိုင်ပင်ပြီး အမြန်ဆုံး အဖြေပြန်ပေးပါနော်။"

ရှမိသားစု ၃ ယောက်လုံး မတ်တပ်ရပ်လိုက်ကြတယ်။ ရှဖခင်က လိပ်စာကတ်ကို ယူပြီး "ကောင်းပါပြီ အောင်သွယ်တော် ကျန်း... တိုင်ပင်ပြီးရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်" လို့ ပြောတယ်။

ရှမိခင်ကလည်း "ကျေးဇူးပါပဲ အောင်သွယ်တော် ကျန်း... ပင်ပန်းသွားပါပြီ" လို့ နှုတ်ဆက်တယ်။

ကျန်းဖုန်း ကားမောင်းထွက်သွားတော့ ရှမိခင်က သက်ပြင်းချပြီး "လင်လင်... သမီး ဘယ်လို စဉ်းစားလဲ" လို့ မေးတယ်။

ရှရှားလင်လင် ခေါင်းငုံ့ပြီး "သူက အရမ်း ရုပ်ဆိုးတာပဲ" လို့ တိုးတိုးလေး ပြောတယ်။

ရှမိခင်က "ရုပ်ဆိုးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လင်လင်... သမီး ငယ်ပါသေးတယ်။ မိသားစုတစ်ခုအတွက် ငွေကြေးက ဘယ်လောက် အရေးကြီးလဲဆိုတာ သမီး မသိသေးပါဘူး။ အမေ နင့်အဖေနဲ့ လက်ထပ်ပြီးကတည်းက ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရလဲ မသိဘူး။ ပိုက်ဆံကိစ္စနဲ့ နင့်အဖေနဲ့ ရန်ဖြစ်ခဲ့ရတာလည်း မရေတွက်နိုင်တော့ဘူး။ သားသမီးတွေ မျက်နှာ မထောက်ရင် ကွာရှင်းခဲ့တာ ကြာလှပြီ" လို့ ရင်ဖွင့်လိုက်တယ်။

ဒါကို ကြားတော့ ရှရှားလင်လင် ငယ်ငယ်တုန်းက မိဘတွေ မကြာခဏ ရန်ဖြစ်လေ့ရှိတာကို ပြန်သတိရသွားတယ်။ သူမ အရွယ်ရောက်လာမှ ရန်ဖြစ်တာတွေ နည်းသွားခဲ့တာ။ အရင်တုန်းက အကြောင်းရင်းကို မသိခဲ့ပေမယ့် အခု အမေပြောတာ နားထောင်ပြီးမှ ရန်ဖြစ်ရတဲ့ အကြောင်းရင်းအားလုံးက "ပိုက်ဆံ" ကြောင့်ဆိုတာ နားလည်လိုက်ရတယ်။