အဲ့ဒီနေ့ နေ့လယ်မှာ ရှဖခင်ဆီက ဖုန်းပြန်ဆက်လာပြီး သမီးဖြစ်သူ ရှရှားလင်လင် Blind date လုပ်ဖို့ သဘောတူကြောင်း ပြောတယ်။

ဒါကြောင့် ညစာစားပြီးတာနဲ့ ကျန်းဖုန်းက အတည်ပြုဖို့ရော၊ မိန်းကလေးကို ယုံကြည်မှု တိုးစေဖို့ရော ရည်ရွယ်ပြီး ရှမိသားစုအိမ်ကို နောက်တစ်ခေါက် ထပ်သွားတယ်။

နှုတ်ဆက်ပြီးတာနဲ့ ကျန်းဖုန်းက ရှရှားလင်လင်ကို ကြည့်ပြီး "ဦးလေးရှ၊ အဒေါ်ရှနဲ့ ညီမလင်လင်... လိုရင်းမရောက်ခင် မေးခွန်းတစ်ခုလောက် မေးပါရစေ" ဆိုပြီး စကားစတယ်။

"မေးပါ အောင်သွယ်တော် ကျန်း။"

"ကျွန်တော့်လို လူငယ်အောင်သွယ်ကို အရင်က မတွေ့ဖူးကြဘူးမလား။ တစ်ဖက်လူက ကုဋေကြွယ်သူဌေးဗျ။ ဝါရင့်အောင်သွယ်တွေ အများကြီးရှိရက်နဲ့ ဘာလို့ ကျွန်တော့်လို လူငယ်လေးကို အောင်သွယ်အဖြစ် ရွေးပြီး ငှားတယ်လို့ ထင်လဲ။"

ကျန်းဖုန်း ဒီမေးခွန်း မေးလိုက်တော့ ရှမိသားစု ၃ ယောက်လုံး ကြောင်အမ်းသွားကြတယ်။ မမေးရင် သတိမထားမိပေမယ့် မေးလိုက်တော့မှ နည်းနည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်။

ရှဖခင်က မနေနိုင်ဘဲ "ဘာလို့လဲ အောင်သွယ်တော် ကျန်း" လို့ မေးလိုက်တယ်။

ကျန်းဖုန်းက ရယ်မောပြီး "ဘာလို့လဲဆိုတော့ ကျွန်တော်က အောင်သွယ်သက်သက် မဟုတ်ဘဲ မျက်နှာကြည့်ဟောတာ၊ ဗေဒင်တွက်တာတွေပါ တတ်လို့လေ။ အထူးသဖြင့် အိမ်ထောင်ရေးကံကို ဟောတာ အရမ်းတော်တယ်ဗျ" လို့ ဖြေလိုက်တယ်။

ဗေဒင်နဲ့ မျက်နှာကြည့်ဟောတာ...။ အိမ်ထောင်ရေးကံကို ဟောနိုင်တယ်...။

ရှရှားလင်လင်ကတော့ လိမ်လည်သူနဲ့ တွေ့နေပြီလို့ ခံစားလိုက်ရတယ်။ ရှမိဘနှစ်ပါးလည်း ဘာပြန်ပြောရမှန်းမသိဘဲ နေရခက်သွားကြတယ်။

ရှမိသားစုရဲ့ တုံ့ပြန်မှုကို ကျန်းဖုန်း မျှော်လင့်ထားပြီးသားပါ။ ယုံကြည်မှုရှိရှိ ပြုံးပြီး "မယုံဘူးဆိုတာ သိပါတယ်။ စမ်းသပ်ကြည့်ကြမလား။ ခင်ဗျားတို့သိတဲ့ စုံတွဲတစ်တွဲ နာမည်ပြောကြည့်၊ သူတို့ အိမ်ထောင်ရေးအခြေအနေကို ဟောပြမယ်။ မှန်မမှန် ကြည့်ကြတာပေါ့" လို့ စိန်ခေါ်လိုက်တယ်။

ဒီလောက် ယုံကြည်မှု ရှိနေတာလား။

ရှရှားလင်လင်က သံသယဝင်နေတုန်းပဲမို့ ပြည်နယ်မြို့တော်မှာ နေထိုင်တဲ့ ဝေးလံတဲ့ အဒေါ်နဲ့ ဦးလေးနာမည်ကို ချက်ချင်း ပြောလိုက်တယ်။

နာမည်သိရတာနဲ့ ကျန်းဖုန်းက ပါးစပ်က ရေရွတ်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်သလို ဟန်ဆောင်လိုက်တယ်။ တကယ်တမ်းကျတော့ သူ့ရဲ့ မှော်စွမ်းရည်ကို သုံးပြီး သူတို့နှစ်ယောက်ကို Match လုပ်ကြည့်လိုက်တာပါ။ အိမ်ထောင်ရေး သုံးသပ်ချက်ကို ဖတ်ပြီးနောက် ရှရှားလင်လင်ကို ကြည့်ပြီး ပြောလိုက်တယ်။ "ခြုံငုံပြောရရင် ဒီစုံတွဲက ဆက်ဆံရေး တော်တော်ကောင်းတယ်။ နေ့စဉ်ဘဝမှာ အသေးအဖွဲ ပွတ်တိုက်မှုလေးတွေ ရှိပေမယ့် အန္တရာယ်မရှိပါဘူး။ ဒီနေ့ ရန်ဖြစ်ရင် မနက်ဖြန် ပြန်တည့်သွားတာမျိုးပါ။"

"ယောကျ်ားက စီးပွားရှာ၊ မိန်းမက အိမ်မှုထိန်းသိမ်းတဲ့ ပုံစံမျိုးပေါ့။ ယောကျ်ားက ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့တယ်၊ ဇနီးသည်က အိမ်မှုကိစ္စနဲ့ ကလေးတွေကို တာဝန်ယူတယ်။ သူတို့က ယောက္ခမတွေနဲ့လည်း ဆက်ဆံရေး ကောင်းကြတယ်။"

"ရှေးစကားလိုပဲ 'အိမ်တွင်းရေး သာယာရင် အရာရာ ဖြောင့်ဖြူးတယ်' ဆိုသလို ဒီစုံတွဲက သက်တောင့်သက်သာ ဘဝမျိုး ပိုင်ဆိုင်ထားတယ်။ ညီမလင်လင်... အစ်ကိုပြောတာ မှန်ရဲ့လား။"

ဒီစကားတွေကို ကြားတော့ ရှရှားလင်လင်တင်မကဘူး မိဘတွေပါ အံ့သြသွားကြတယ်။ ဘာလို့လဲဆိုတော့ ကျန်းဖုန်းပြောတာ အကုန်မှန်နေလို့လေ။

ဒါပေမဲ့ အံ့သြရာကနေ သတိဝင်လာတော့ ရှဖခင်က ကျန်းဖုန်း ကြိုစုံစမ်းထားတာ ဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ဖြစ်နိုင်ချေ နည်းပေမယ့် သေချာအောင်လို့ သူ့မိတ်ဆွေစုံတွဲ ၂ တွဲရဲ့ နာမည်ကို ထပ်ပြောပြီး စမ်းသပ်လိုက်တယ်။ ဒီလူတွေက သူ့မိတ်ဆွေတွေမို့ ကျန်းဖုန်း မှန်အောင် ဖြေနိုင်ရင်တော့ တကယ် စွမ်းတဲ့သူပဲ။

ရလဒ်ကတော့... တစ်မိနစ်တောင် မကြာဘူး၊ ကျန်းဖုန်းက အဖြေပေးတယ်။ "ဒီစုံတွဲရဲ့ ဆက်ဆံရေးက စာမေးပွဲ အောင်မှတ် မီရုံလေးပါပဲ။ မူလက စရိုက်ချင်း ကိုက်ညီပေမယ့် ယောက္ခမနဲ့ ချွေးမ ပြဿနာကြောင့် လင်မယားကြားမှာ မကြာခဏ ပဋိပက္ခတွေ ဖြစ်ပြီး အိမ်ထောင်ရေး သာယာမှု ပျက်ပြားနေရတဲ့ စုံတွဲပါပဲ။"

"ခြုံပြောရရင် မိသားစု ဆက်ဆံရေးကြောင့် အိမ်ထောင်ရေး ထိခိုက်ရတဲ့ စံပြဥပမာတစ်ခုလို့ ပြောလို့ရတယ်။ နှမြောစရာပါပဲ။"

"အောင်သွယ်တော် ကျန်း... ခင်ဗျား တကယ် စွမ်းတာပဲ။ အကုန်မှန်တယ်ဗျာ" လို့ ရှဖခင်က မနေနိုင်ဘဲ ချီးကျူးလိုက်တယ်။

ဒါကိုမြင်တော့ ရှမိခင်ကလည်း သူမ သူငယ်ချင်း လင်မယားနာမည် ပြောပြီး ထပ်မေးကြည့်တယ်။ ရလဒ်ကတော့ ရှင်းပါတယ်... ကျန်းဖုန်းရဲ့ ဟောကိန်းတွေက ကွက်တိမှန်နေပြီး ရှမိခင် ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံရတော့တာပဲ။

ကျန်းဖုန်း ဟောပြီးသွားတဲ့အချိန်မှာတော့ ရှမိသားစု ၃ ယောက်လုံး သူ့ကို နတ်ဘုရားတစ်ပါးလို ကြည့်နေကြပြီ။ အယူသည်းတာတွေ မယုံဘူးဆိုရင် ထားပါ၊ တကယ်လို့ ယုံသွားပြီဆိုရင်တော့ တဖက်လူ ပြောသမျှ အကုန်ယုံသွားတတ်တာ လူတိုင်းပါပဲ။

ရှဖခင်က ရိုရိုသေသေနဲ့ "အောင်သွယ်တော် ကျန်း... အဲ မဟုတ်ဘူး၊ ဆရာကျန်းလို့ ခေါ်မှ မှန်မယ်။ နာမည်သိရုံနဲ့ အိမ်ထောင်ရေးကံကို တိတိကျကျ ဟောနိုင်တာ တကယ် အံ့မခန်းပါပဲ။ ကျွန်တော် ဒီလောက်စွမ်းတဲ့ ဆရာမျိုး မတွေ့ဖူးဘူး။ ဝေမိသားစုက ဆရာ့ကို အောင်သွယ်ခိုင်းတာ မဆန်းပါဘူး၊ ဆရာက နတ်ဘုရားပဲကိုး" လို့ ပြောတယ်။

ရှမိခင်ကလည်း စိတ်လှုပ်ရှားစွာနဲ့ "ဟုတ်တယ် ဆရာကျန်း... ရှင် တကယ် တော်တာပဲ။ နာမည်လေးနဲ့တင် ဒီလောက် အသေးစိတ် ဟောနိုင်တာ။ လူချင်းသာ တွေ့ပြီး ဟောရင် ဘယ်လောက်တောင် မှန်လိုက်မလဲ" လို့ ပြောတယ်။

ကျန်းဖုန်း ခေါင်းခါပြီး ရယ်မောကာ "အဲ့လိုတော့ ပြောလို့မရဘူးဗျ။ လူတိုင်းမှာ ကျွမ်းကျင်မှု ကိုယ်စီ ရှိကြတာပဲ။ ကျွန်တော်က အိမ်ထောင်ရေးကံ ဟောတာပဲ တော်တာ၊ တခြားဟာတွေကျတော့ အားနည်းပါတယ်" လို့ နှိမ့်ချလိုက်တယ်။

"ဒါတောင် တော်လှပါပြီ။ ဆရာကျန်းလောက် တော်တဲ့သူ မတွေ့ဖူးသေးဘူး" လို့ ရှမိခင်က ပြောတယ်။

ရှရှားလင်လင်က ပညာတတ်၊ ဘုရားတရား သိပ်မယုံသူ ဖြစ်ပေမယ့် အခု ကျန်းဖုန်းရဲ့ အိမ်ထောင်ရေး ဟောကိန်းထုတ်နိုင်စွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ဆန်းကြယ်မှုတွေ လောကမှာ ရှိနိုင်တယ်ဆိုတာ လက်ခံလိုက်ရတယ်။

ရှရှားလင်လင်က ဉာဏ်ကောင်းသူပီပီ ကျန်းဖုန်းမှာ မှော်စွမ်းရည်ရှိမှန်း ယုံကြည်သွားတာနဲ့ သူမနဲ့ ဝေရွှယ်ဖုန်းတို့ရဲ့ ကံကြမ္မာကို ချက်ချင်း တွေးမိလိုက်တယ်။

သူမ မနေနိုင်ဘဲ မေးလိုက်တယ်။ "ဆရာကျန်း... ဝေရွှယ်ဖုန်းအတွက် အောင်သွယ်လာလုပ်တုန်းက ကျွန်မနဲ့ သူ့ရဲ့ ဇာတာကို တွက်ကြည့်ခဲ့သေးလား။"

ကျန်းဖုန်းက ပြုံးပြီး ခေါင်းညိတ်ကာ "ညီမလင်လင်က ဉာဏ်ကောင်းသားပဲ။ ဟုတ်တယ်... အစ်ကို သူ့အတွက် လာပြီး အောင်သွယ်လုပ်ရတဲ့ အဓိက အကြောင်းရင်းက ခင်ဗျားတို့နှစ်ယောက်ရဲ့ ဇာတာက အရမ်းလိုက်ဖက်ညီနေလို့ပါ။ တကယ် ကောင်းမွန်တဲ့ အတွဲအဖက်ပါပဲ။"

"ကျွန်တော့် တွက်ချက်မှုအရဆိုရင် ညီမသာ အစ်ကိုဖုန်းနဲ့ လက်ထပ်လိုက်ရင် လင်မယား ဆက်ဆံရေး ကောင်းရုံတင်မကဘူး၊ ယောက္ခမတွေနဲ့လည်း အရမ်း အဆင်ပြေမှာ။ 'ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ စုံတွဲ' လို့ ပြောရင်တောင် မမှားပါဘူး။"

"အတွေ့အကြုံရှိတဲ့ ဦးလေးရှနဲ့ အဒေါ်ရှတို့ဆိုရင် ချွေးမနဲ့ ယောက္ခမ ဆက်ဆံရေးကောင်းတာက အိမ်ထောင်ရေးအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလဲဆိုတာ နားလည်မှာပါ။ ခုနက အဒေါ်ရှ မေးတဲ့ စုံတွဲကို ကြည့်ပါလား... ယောက္ခမနဲ့ ချွေးမ မတည့်လို့ အိမ်ထောင်ရေး သာယာမှု ပျက်ပြားနေရတာလေ။"

"ဒါကြောင့် ညီမလင်လင်... အစ်ကိုဖုန်းက ရုပ်မချောလို့ဆိုပြီး စိတ်မပျက်ပါနဲ့။ သူ့ရဲ့ ကောင်းကွက်တွေကို ရှာဖွေကြည့်ပါ။ ဖူးစာပါတဲ့သူတွေ ဖြစ်တဲ့အတွက် နှလုံးသားနဲ့ရင်းပြီး ဆက်ဆံရမှာ မကြောက်ပါနဲ့။ ရှေးစကားလိုပဲ 'စေတနာ ရောင်ပြန်ဟပ်တယ်' လို့ ဆိုကြတယ်လေ။ ကိုယ်က ရိုးသားရင် သူကလည်း ရိုးသားမှာပါ။"

ဒီစကားတွေက ရှရှားလင်လင်ကို တကယ် လှုပ်ခတ်သွားစေတယ်။ အရင်က အိမ်နီးချင်းရဲ့ အဖြစ်ဆိုးကြောင့် Blind date လုပ်ဖို့ လက်ခံခဲ့တာဆိုရင် အခုတော့ ဝေရွှယ်ဖုန်းကို တကယ် စမ်းပြီး တွဲကြည့်ချင်စိတ် ဖြစ်လာခဲ့ပြီ။ ဒီလောက် စွမ်းတဲ့ ဆရာကတောင် သူတို့နှစ်ယောက် ဖူးစာပါတယ်၊ ယူလိုက်ရင် ပျော်ရွှင်ရမယ်လို့ ပြောနေမှတော့ ဟုတ်မှာပေါ့။

သူ့ရဲ့ ဗျူဟာတွေ အလုပ်ဖြစ်သွားတာ မြင်တော့ ကျန်းဖုန်း ကျေနပ်သွားတယ်။ နောက်တော့ ရှရှားလင်လင်ရဲ့ အားလပ်ရက်ကို မေး၊ Blind date အတွက် အချိန်နဲ့ နေရာ ချိန်း၊ သူမရဲ့ ဓာတ်ပုံလှလှလေး ရိုက်ယူပြီး နှုတ်ဆက် ပြန်လာခဲ့တယ်။