အခန်း (၄၂) : ကျွန်မက အဲ့လောက် အတင်းပြောတတ်တဲ့သူမဟုတ်ပါဘူး
ကျဲန်အိုက် ဆိုလိုချင်တာကတော့ သူတို့မိသားစုမှာ အခု ပိုက်ဆံမရှားတော့ဘူး ဆိုတာပါပဲ။
"ဘယ်… ဘယ်လောက်တောင်လဲ။" ကျဲန်ယွီက နားမလည်နိုင်ဖြစ်သွားတယ်။ "မေမေ့ရဲ့ တစ်နှစ်စာလစာက ယွမ်သုံးသိန်းတောင်လား။"
ကျဲန်အိုက်က ကြောင်ငေးနေတဲ့ ကျဲန်ယွီကို ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ သူမက ထပ်ဖြည့်ပြောဖို့လည်း မမေ့ခဲ့ဘူး။ "နှစ်ကုန်ရင် ဘောနပ်စ်တွေလည်း ရှိသေးတယ်။"
ဝမ်ယွင်မေက သူမ ရာထူးတိုးသွားတာနဲ့ ဘဏ်စာအုပ်ထဲမှာ ယွမ်တစ်သန်းပိုလာတာကို အသားမကျသေးသလိုပဲ။ ဒါကြောင့်မို့ သူမက ဒီအကြောင်းတွေအကုန်လုံးကို မေ့နေခဲ့တာ။
သူမသမီးရဲ့ သုံးသပ်ချက်ကိုကြားတော့ ဝမ်ယွင်မေရဲ့ အတွေးတွေက တဖြည်းဖြည်း ရှင်းလင်းလာခဲ့တယ်။ အဲ့ဒီအချိန်ကျရင် အစားထိုးတိုက်ခန်းတစ်ခန်း ရမှာဖြစ်ပေမဲ့ သူမသားလေးအနာဂတ်မှာ အိမ်ထောင်ပြုတဲ့အခါ အိမ်တစ်လုံးလိုအပ်လာဦးမှာပဲ။ အထွေထွေမန်နေဂျာရာထူးကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာကိုလည်း သူမမသိသေးတာကြောင့် ယွမ်သုံးသိန်းတန် နှစ်စဉ်လစာအပေါ်မှာပဲ မျှော်လင့်ချက်ပုံအပ်ထားလို့မဖြစ်ဘူး။ အဲဒီအစား အခုတတ်နိုင်တုန်းမှာ အိမ်တစ်လုံးပိုဝယ်ထားသင့်တယ်။
ဒီလိုတွေးလိုက်မိတာနဲ့ ဝမ်ယွင်မေက ချက်ချင်းနားလည်သွားခဲ့တယ်။ သူမသမီးက ဒီလောက်တောင် စေ့စေ့စပ်စပ်ရှိလိမ့်မယ်လို့ သူမမထင်ထားခဲ့ဘူး။ သူမက ချက်ချင်းခေါင်းညိတ်ပြီး "ရှောင်အိုက်ပြောတာမှန်တယ်။ ငါတို့အခု အိမ်ဝယ်ထားရမယ်။ မဟုတ်ရင် ဖြိုဖျက်ရေးသတင်းထွက်လာတာနဲ့ အိမ်ခြံမြေဈေးတွေ တက်သွားလိမ့်မယ်။"
သူမအမေရဲ့စကားကိုကြားတော့ ကျဲန်အိုက်က သူမအမေ သူမရဲ့အဓိပ္ပာယ်ကို နားလည်သွားပြီဆိုတာကို သိလိုက်တယ်။ သူမက ချက်ချင်းဆိုသလို သက်ပြင်းချနိုင်သွားခဲ့တယ်။
ကျဲန်ယွီက သူ့ညီမကိုတစ်လှည့် သူ့အမေကိုတစ်လှည့် ကြည့်လိုက်တယ်။ သူက အံ့အားသင့်စွာနဲ့ "မေမေ၊ စဉ်းစားပြီးသွားပြီလား။ အိမ်ဝယ်တော့မှာလား။"
ဝမ်ယွင်မေက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်နေသလိုပဲ။ "ဟုတ်တယ်၊ နေ့လယ်ကျရင် အိမ်တွေသွားကြည့်မယ်!"
နေ့လယ်ပိုင်းမှာ ကျဲန်အိုက်က ကျဲန်ယွီရဲ့ဘဏ်စာအုပ်ကို ငှားပြီး ယွမ်နှစ်သန်းတန် ချက်လက်မှတ်နဲ့အတူ ဘဏ်ကိုသွားခဲ့တယ်။ တစ်ဆယ့်လေးနှစ်အရွယ်မိန်းကလေးတစ်ယောက်က ယွမ်နှစ်သန်းတန် ချက်လက်မှတ်နဲ့ ရောက်လာတာကြောင့် ဘဏ်ဝန်ထမ်းကတော့ သဘာဝအတိုင်းပဲ လန့်သွားခဲ့တယ်။ ဒါပေမဲ့ ချက်လက်မှတ်ရဲ့စစ်မှန်မှုကို အတည်ပြုဖို့ လီချန်ဆီကို ဖုန်းခေါ်ပြီးနောက်မှာတော့ ဘာအခက်အခဲမှမရှိတော့ဘူး။ ပိုက်ဆံက ကျဲန်ယွီရဲ့ဘဏ်စာအုပ်ထဲကို အောင်မြင်စွာ လွှဲပြောင်းပြီးသွားခဲ့တယ်။
အိမ်ပြန်ရောက်ပြီး ဘဏ်စာအုပ်ကို ဝှက်ထားပြီးနောက်မှာတော့ ကျဲန်အိုက်က နောက်တစ်ခါ အိပ်စက်လိုက်တယ်။ နေ့လယ်နှစ်နာရီမှာ နှိုးစက်နာရီက သူမကိုနှိုးလိုက်တယ်။ မျက်နှာသစ်ပြီးနောက်မှာတော့ သူမက သူမအမေနဲ့ အစ်ကိုတို့နဲ့အတူ အိမ်တွေသွားကြည့်ဖို့ အပြင်ထွက်လာခဲ့တယ်။
"မေမေ၊ ဘယ်ခရိုင်မှာ အိမ်ဝယ်ချင်လဲ။" ကျဲန်အိုက်က လမ်းမှာမေးလိုက်တယ်။
မနက်ကတည်းက အိမ်ဝယ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက်မှာတော့ ဝမ်ယွင်မေက ပြန်ရောက်ကတည်းက အိပ်မပျော်နိုင်ခဲ့ဘူး။ သူမက အရမ်းကို စိတ်လှုပ်ရှားပြီး ရင်ခုန်နေခဲ့တယ်။ ဘယ်ခရိုင်မှာ အိမ်ဝယ်မလဲဆိုတာအပါအဝင် အကြောင်းအရာတွေအများကြီးကို သူမစဉ်းစားခဲ့တယ်။
"ဟိုင်ချန်ခရိုင်!"
အိမ်ဝယ်ဖို့ ဆုံးဖြတ်ပြီးမှတော့ အစည်ကားဆုံးခရိုင်မှာပဲ ဝယ်ရမှာပေါ့။
သူမအမေရဲ့စကားကိုကြားတော့ ကျဲန်အိုက် မပြုံးဘဲမနေနိုင်တော့ဘူး။ ဟိုင်ချန်ခရိုင်က ပိုင်ယွင်မြို့ရဲ့ အကြီးဆုံးခရိုင်ပဲ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အရမ်းစည်ကားတယ်။ ဒီအကြောင်းကြောင့်ပဲ အနာဂတ်မှာ တန်ဖိုးတက်နိုင်ခြေက သဘာဝအတိုင်း အများဆုံးဖြစ်နေခဲ့တာ။
ကျဲန်ယွီက ကျဲန်အိုက်ကို ဘေးကိုဆွဲခေါ်ပြီး အသံတိုးတိုးနဲ့ "မနက်က နင်ပြောတာတွေက ယုတ္တိရှိတယ်လို့ ငါထင်ပါတယ်။ ဒါပေမဲ့ ဟိုင်ချန်ခရိုင်မှာ အိမ်ဝယ်တာက အရမ်းစွန့်စားရာမကျလွန်းဘူးလား။ ဈေးအရမ်းကြီးတာကိုး။"
"အစ်ကို၊ ဈေးကြီးလို့ကို ဝယ်ရမှာ။ အခုမဝယ်ရင် နောင်ကျရင် ပိုပြီးတော့တောင် ဈေးကြီးလာမှာပဲ! ပိုဈေးကြီးလာတဲ့အခါမှာ ငါတို့မတတ်နိုင်တော့တာကို လိုချင်တာလား၊ ဒါမှမဟုတ် ငါတို့ပိုင်ဆိုင်ပြီးသားဖြစ်နေတဲ့အချိန်မှာ ပိုဈေးကြီးလာတာကို လိုချင်တာလား။ မေမေ့ရဲ့ တစ်နှစ်စာလစာက ယွမ်သုံးသိန်းဖြစ်ပေမဲ့ အဲ့ဒီသခင်လေးဂျီရဲ့စိတ်သဘောထားက မှောင်မိုက်ပြီး ကြိုတင်ခန့်မှန်းလို့မရဘူး။ မေမေက ဘယ်နေ့အလုပ်ထုတ်ခံရမလဲဆိုတာမသိဘူး။ ဒါပေမဲ့ အိမ်ကတော့ အနာဂတ်မှာတန်ဖိုးတက်လာမယ့် ပုံသေပိုင်ဆိုင်မှုတစ်ခုပဲ။ ဖြိုဖျက်နစ်နာကြေးနဲ့ အနာဂတ်အစားထိုးတိုက်ခန်းတွေအပြင် ငါတို့မိသားစုက နောင်ကျရင် ပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ဘူး။"
ကျဲန်ယွီက သူ့ညီမရဲ့စကားတစ်ဝက်လောက်ကိုပဲ နားလည်နိုင်ခဲ့တယ်။ သူက မူလကတည်းက နည်းနည်းနှေးတဲ့သူဖြစ်တော့ ခေါင်းညိတ်ရုံပဲ တတ်နိုင်ခဲ့တယ်။ "မေမေက ဒီလိုပြောမှတော့ နင်ပြောတာမှန်လောက်မှာပါ။"
သူမအစ်ကိုရဲ့ပုံစံကိုကြည့်ပြီး ကျဲန်အိုက် မရယ်ဘဲမနေနိုင်တော့ဘူး။ "ငါ့ရဲ့တုံးအတဲ့အစ်ကိုကြီးရယ်၊ ဘယ်မိန်းကလေးကများ နင့်ကိုသဘောကျသွားပါလိမ့်နော်။"
ကျဲန်ယွီက ကြောက်လန့်ပြီး ကျဲန်အိုက်ရဲ့အဝတ်အစားတွေကို အမြန်ဆွဲလိုက်ပြီး သတိကြီးစွာနဲ့ အသံကိုနှိမ့်ချလိုက်တယ်။ "ဒီအကြောင်းကို မေမေ့ကိုမပြောနဲ့နော်၊ မဟုတ်ရင် နင့်ကို အလိုလိုက်တော့မှာမဟုတ်ဘူး။"
ကျဲန်အိုက်က ပြုံးပြီး "ငါသိပါတယ်။ ငါက အဲ့လောက် အတင်းပြောတတ်တဲ့သူမဟုတ်ပါဘူး!"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: