ဒီလိုနေရာမျိုးမှာ သူမရှေ့ကလူကို တွေ့ရလိမ့်မယ်လို့ ဝမ်ယွင်မေ မထင်ထားခဲ့ဘူး။ သူမ ခဏတော့ ကြောင်ငေးသွားပြီးမှ အလျင်အမြန် နှုတ်ဆက်လိုက်တယ်၊ "အစ်ကို"။

ဒီလူကတော့ ဝမ်ယွင်မေရဲ့ အစ်ကိုကြီး ဝမ်ယွင်ကျုံးပဲ ဖြစ်တယ်။

ဝမ်ယွင်မေက ဝမ်မိသားစုရဲ့ ဒုတိယမြောက်ရင်သွေးဖြစ်တယ်။ သူမမှာ အစ်ကိုကြီး ဝမ်ယွင်ကျုံး၊ မောင်ငယ် ဝမ်ယွင်ဖာနဲ့ ညီမငယ် ဝမ်ယွင်ကျိတို့ ရှိတယ်။

သူတို့တတွေ အခု ပိုင်ယွင်မြို့မှာ နေထိုင်ကြပေမဲ့ ပိုင်ယွင်မြို့မှာ ကြီးပြင်းခဲ့ကြတာတော့ မဟုတ်ဘူး။ ဝမ်မိသားစုက ပိုင်ယွင်မြို့အောက်က တောင်ပေါ်ရွာလေးတစ်ရွာက လာကြတာ။ ရွာမှာက ယောက်ျားလေးဦးစားပေးတဲ့ အစွဲအလမ်းက အရမ်းကြီးမားတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက အစ်ကိုကြီးနဲ့ မောင်ငယ်တို့က သူတို့မိဘတွေရဲ့ ရင်သွေးရတနာတွေပဲ။ အထူးသဖြင့် အကြီးဆုံးသား ဝမ်ယွင်ကျုံးပေါ့။ ငယ်ငယ်ကတည်းက မိသားစုထဲက အကောင်းမှန်သမျှက သူ့အတွက်ချည်းပဲ။ သူတို့မိသားစုအခြေအနေက မကောင်းတာကြောင့် လူတစ်ယောက်ကိုပဲ စာသင်ပေးနိုင်ခဲ့တယ်။ အဲ့ဒီလူကလည်း အစ်ကိုကြီးပဲ ဖြစ်နိုင်ခဲ့တာပေါ့။

နောက်တော့ ဝမ်ယွင်ကျုံးက တက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။ တက္ကသိုလ်ကျောင်းသားရှားပါးတဲ့ အဲ့ဒီခေတ်မှာ ရွာထဲက တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုတာက အလွန်ကြီးမားတဲ့ကိစ္စတစ်ခုပဲ။ ဝမ်မိသားစုရဲ့ သက်ကြီးပိုင်းတွေက သူတို့ရဲ့အကြီးဆုံးသားကို ပိုပြီးတော့တောင် အလိုလိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ပိုင်ယွင်မြို့က တက္ကသိုလ်မှာ စာသင်နေတဲ့ သူတို့သားနဲ့အတူနေဖို့ မိသားစုက ရွာကနေ မြို့ကို ပြောင်းရွှေ့လာခဲ့ကြတယ်။

နှစ်အနည်းငယ်အကြာမှာတော့ ဝမ်မိသားစုရဲ့ သက်ကြီးပိုင်းတွေက ဟင်းသီးဟင်းရွက်ရောင်းပြီး ပိုင်ယွင်မြို့မှာ အိမ်နှစ်လုံးဝယ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဝမ်ယွင်မေနဲ့ ဝမ်ယွင်ကျိတို့ကတော့ အိမ်နှစ်လုံးထဲက တစ်လုံးက သူတို့အစ်ကိုကြီးအတွက်ဖြစ်ပြီး နောက်တစ်လုံးက သူတို့ရဲ့တတိယမြောက်မောင်လေးအတွက်ဖြစ်တယ်ဆိုတာကို သိနေခဲ့ကြတယ်။ သမီးနှစ်ယောက်ဖြစ်တဲ့ သူတို့နဲ့ ဘာမှမဆိုင်ခဲ့ဘူး။

သူ့မိဘတွေရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ အစ်ကိုကြီး ဝမ်ယွင်ကျုံးက ငယ်ငယ်ကတည်းက သူက သူ့မောင်နှမတွေထက် ပိုသာတယ်လို့ ခံစားခဲ့ရတယ်။ တက္ကသိုလ်ဝင်ပြီးနောက်မှာတော့ သူက တခြားသူတွေကို အထင်သေးလာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ဒုတိယမြောက်ညီမက ကလပ်ထဲမှာ ဖျော်ဖြေရေးဝန်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သိပြီးနောက်မှာတော့ သူက သူမနဲ့ အဆက်အသွယ်အားလုံးကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်ပြီး နှစ်သစ်ကူးပွဲတော်တွေမှာတောင် အလည်တစ်ခါမှ မသွားတော့ဘူး။

ဝမ်ယွင်ကျုံးကလည်း ဒီလိုမမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရတာကို အနည်းငယ်အံ့အားသင့်သွားခဲ့တယ်။ သူက ချက်ချင်းဆိုသလို ခမ်းနားထည်ဝါတဲ့ အရောင်းရုံးခန်းရဲ့ ဧည့်ကြိုခန်းမကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဝမ်ယွင်မေကို ကြည့်လိုက်တယ်။ ဝမ်ယွင်မေလိုလူက ဒီလိုနေရာမျိုးမှာ ပေါ်လာတာ မဖြစ်သင့်ဘူးလို့ သူခံစားလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ ဒီလိုအဆင့်မြင့်ရပ်ကွက်ကအိမ်ကို သူတောင်မတတ်နိုင်လောက်ဘူးလေ။

မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ယွင်ကျုံးက အေးစက်စက်နဲ့ "နင်ဒီမှာ ဘာလုပ်နေတာလဲ။" လို့ မေးလိုက်တယ်။

ဝမ်ယွင်မေက မူလကတည်းက သူမအစ်ကိုနဲ့ မရင်းနှီးခဲ့ဘူး။ ဒါ့အပြင် ဝမ်ယွင်ကျုံးက အနည်းငယ် အပေါ်စီးဆန်တာကြောင့် ဝမ်ယွင်မေက အနည်းငယ် အားငယ်သွားမိတယ်။ "ကျွန်မ ကလေးတွေကိုခေါ်ပြီး လျှောက်သွားနေတာပါ။"

ကလေးတွေအကြောင်း ပြောမိတော့မှ ဝမ်ယွင်ကျုံးရဲ့အကြည့်က ကျဲန်ယွီနဲ့ ကျဲန်အိုက်ဆီကို ရောက်သွားတယ်။

သူတို့နှစ်ယောက်က ဝမ်ယွင်ကျုံးကို သဘာဝအတိုင်း မှတ်မိကြတာကြောင့် ပါးစပ်ဟပြီး "ဦးလေး" လို့ ခေါ်လိုက်ရုံပဲ တတ်နိုင်ခဲ့တယ်။

ဝမ်ယွင်ကျုံးက မျက်နှာသေနဲ့ ခေါင်းညိတ်လိုက်တယ်။ သူက သူ့ရဲ့အရင်းအချာညီမကိုတောင် ဒီလိုဆက်ဆံမှတော့ သူတို့အပေါ်မှာ ဘယ်လိုစိတ်အားထက်သန်မှုမျိုးပြမှာလဲ။

"ယွင်ကျုံး၊ သူတို့က ဘယ်သူတွေလဲ။" အဲ့ဒီအချိန်မှာ ဝမ်ယွင်ကျုံးရဲ့လက်မောင်းကို ချိတ်ဆွဲထားတဲ့အမျိုးသမီးက စကားပြောလိုက်တယ်။

အမျိုးသမီးက ဖက်ရှင်ကျကျဝတ်စားထားပြီး အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိတဲ့ပုံပေါက်ပေမဲ့ ကျဲန်အိုက်ကတော့ သူမဦးလေးက အိမ်ထောင်ကျတာ ဆယ်နှစ်ကျော်ပြီဆိုတာကို သိနေခဲ့တယ်။ သူမရဲ့အစ်ကိုဝမ်းကွဲက သူမထက် တစ်နှစ်ကြီးပြီး တစ်ဆယ့်သုံးနှစ်အရွယ် ညီမဝမ်းကွဲတစ်ယောက်လည်း ရှိသေးတယ်။

ဒီအမျိုးသမီးက သူမရဲ့အဒေါ်မဟုတ်ဘဲ ဦးလေးရဲ့ မယားငယ်ဖြစ်မှန်း သိသာထင်ရှားနေတယ်။

သူ့ညီမ၊ တူနဲ့တူမတို့ရဲ့ရှေ့မှာ ဝမ်ယွင်ကျုံးက မေးခွန်းကို ရှောင်လွှဲမသွားခဲ့ဘူး။ သူက အမျိုးသမီးရဲ့လက်ကို ညင်သာစွာပုတ်ပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့ "ငါ့ညီမ၊ တူနဲ့တူမလေ။"

"အာ! ဒါဆိုရင် သူတို့ကို ဘယ်လိုခေါ်ရမှာလဲ။" အမျိုးသမီးရဲ့လေသံက အံ့ဩသွားသလိုဖြစ်နေပေမဲ့ သူမကတော့ ပြုံးနေခဲ့တယ်။ ဝမ်ယွင်ကျုံးက သူမကို မရှောင်ဖယ်ခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူနေသလိုပဲ။

ဝမ်ယွင်မေ အနည်းငယ် အနေရခက်သွားခဲ့တယ်။ သူမနဲ့သူမအစ်ကိုကြားက ဆက်ဆံရေးအရ တချို့အရာတွေကို သူမပြောလို့မဖြစ်ဘူး။ ကျဲန်ယွီနဲ့ ကျဲန်အိုက်တို့ကလည်း သူတို့ဦးလေးရဲ့ကိစ္စထဲမှာ ဝင်မပါချင်ကြတာကြောင့် ဘာမှမပြောဘဲနေလိုက်ကြတယ်။

ဝမ်ယွင်ကျုံးကလည်း သူတို့နဲ့ပြောစရာဘာမှမရှိတာ သဘာဝပါပဲ။ သူက ချက်ချင်းဆိုသလို သူ့နာရီကို ကြည့်ချင်ယောင်ဆောင်ပြီး "ငါ့မှာ ကိစ္စတစ်ခုရှိသေးလို့ သွားတော့မယ်။"

ဒီလိုပြောပြီးနောက်မှာတော့ ဝမ်ယွင်မေ ခေါင်းညိတ်တာကို မစောင့်ဘဲ ဝမ်ယွင်ကျုံးက လှည့်ထွက်ပြီး အမျိုးသမီးငယ်နဲ့အတူ ထွက်သွားခဲ့တယ်။