သူမအစ်ကို ဧည့်ခန်းမထဲကနေ နောက်လှည့်မကြည့်ဘဲ ထွက်သွားတာကိုမြင်တော့ ဝမ်ယွင်မေ စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်များများစားစားမရှိခဲ့တာကြောင့် သူမ ဝမ်းမနည်းခဲ့ဘူး။ အဲဒီအစား သူမအစ်ကိုက သူမအိမ်ဝယ်ချင်နေတာကို သိသွားပြီး မလိုအပ်တဲ့ပြဿနာတွေ ဖန်တီးလာမှာကို စိုးရိမ်နေခဲ့တာ။

မိသားစုထဲက မောင်နှမလေးယောက်ထဲမှာ ဝမ်ယွင်မေက သူမရဲ့စတုတ္ထမြောက်ညီမနဲ့သာ အနည်းငယ်ပိုရင်းနှီးခဲ့တယ်။ သူတို့နှစ်ယောက်လုံး ငယ်ငယ်ကတည်းက မိသားစုရဲ့တန်ဖိုးထားမှုကို မခံခဲ့ရတာကြောင့် ကံကြမ္မာကချည်နှောင်ပေးခဲ့တဲ့ သံယောဇဉ်တချို့ သူတို့မှာရှိခဲ့တယ်။

"ဦးလေးက အရမ်းပေါ်ပေါ်ထင်ထင်လုပ်တာပဲ။ အဒေါ်သိသွားမှာ မကြောက်ဘူးလားမသိဘူး။" ကျဲန်ယွီက ပျောက်ကွယ်သွားတဲ့ပုံရိပ်ကိုကြည့်ပြီး ညည်းတွားလိုက်တယ်။

ကျဲန်အိုက်ကတော့ ဘာမှမပြောခဲ့ဘူး။ သူမဦးလေးက ဒီလောက်ပေါ်ပေါ်တင်တင်လုပ်ရဲမှတော့ သူတို့မိသားစုကို အလေးမထားတာ သဘာဝပါပဲ။ တစ်ဖက်မှာတော့ ကျဲန်အိုက်က သူမအဒေါ်က သီလရှိပြီး ကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို မှတ်မိနေခဲ့တယ်။ သူမက သူမဦးလေးရဲ့ တက္ကသိုလ်အတန်းဖော်ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ အိမ်မှုကိစ္စတွေကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီအမျိုးသားအကြောင်းကိုတော့ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ဘူး။ လူတွေက ချမ်းသာလာရင် ပိုဆိုးလာတတ်တယ်လို့ ပြောကြပေမဲ့ ကျဲန်အိုက်ကတော့ လူအများစုကို တစ်ပြုံတည်းသိမ်းကျုံးလို့မရဘူးဆိုတာကို သိနေခဲ့တယ်။ ချမ်းသာပြီး ကောင်းမွန်တဲ့အမျိုးသားတွေ အများကြီးရှိပေမဲ့ သူမဦးလေးကတော့ အဲ့ဒီထဲမှာမပါဝင်တာ ထင်ရှားနေခဲ့တယ်။

တစ်ဖက်မှာတော့ ဝမ်ယွင်ကျုံးက သူ့ရဲ့ချစ်သူငယ်လေးကို အရောင်းရုံးခန်းထဲကနေခေါ်ထုတ်ပြီး သူ့ကားထဲကို ဝင်သွားခဲ့တယ်။ အမျိုးသမီးငယ်က "ယွင်ကျုံး၊ ရှင့်ညီမက တော်တော်လှတာပဲနော်။ အသက်ငယ်ငယ်လေးနဲ့တူပြီး ကလေးနှစ်ယောက်အမေနဲ့တောင် မတူဘူး။"

ဝမ်ယွင်ကျုံး ဒါကိုကြားတော့ နှုတ်ခမ်းထောင့်တွေကွေးတက်သွားပြီး အေးစက်စက်အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်တယ်။ "သူမမှာ ဒါပဲရှိတာ။ မဟုတ်ရင် သူက ဘာအရည်အချင်းမှမရှိဘူး။ ငတ်သေသွားလောက်ပြီ။"

သူ့စကားနောက်ကွယ်က အဓိပ္ပာယ်ကတော့ သူ့ညီမက သူမရဲ့အလှကိုသုံးပြီး ပိုက်ဆံရှာနေတာကို အထင်သေးနေမှန်း ထင်ရှားနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ယောက်ချီလိုအဆင့်ကလပ်မျိုးက သာမန်လူတွေဝင်နိုင်တဲ့နေရာမဟုတ်ဘူးလေ။

အမျိုးသမီးက ဝမ်ယွင်ကျုံးရဲ့လေသံကိုကြားတော့ သူ့ရဲ့ညီမနဲ့ဆက်ဆံရေးက မရင်းနှီးဘူးဆိုတာကို စိတ်ထဲမှာ သိလိုက်တယ်။ သူမက ဒီကိစ္စကို ဆက်မလိုက်တော့ဘဲ သူ့အနားကိုကပ်ပြီး ချွဲနွဲ့စွာနဲ့ "ယွင်ကျုံး၊ ကျွန်မတို့ တခြားနေရာတစ်ခု ပြောင်းကြည့်ကြရအောင်။ ဒီနေရာက ဈေးအရမ်းကြီးတယ်။ ရှင့်ကို ပိုက်ဆံအများကြီး အကုန်အကျမခံစေချင်ဘူး။"

ဝမ်ယွင်ကျုံး ဒါကိုကြားတော့ အမျိုးသမီးရဲ့နှာခေါင်းကို အချစ်တွေနဲ့ ညှစ်လိုက်တယ်။ "မင်းတစ်ယောက်ပဲ အသိတရားရှိတာ!"

တစ်ဖက်မှာတော့ ကျဲန်အိုက်နဲ့ ကျဲန်ယွီတို့က ဝမ်ယွင်မေနဲ့အတူ စတုရန်းမီတာ နှစ်ရာတန် နမူနာပုံစံငယ်အနည်းငယ်ကို ကြည့်ရှုခဲ့ကြတယ်။ တချို့ကတော့ ပုံစံအမျိုးမျိုးနဲ့ အလှဆင်ပြီးသားဖြစ်နေခဲ့ပြီ။ သဘောကျတယ်ဆိုရင် အလှဆင်ပြီးသားတွေကို တိုက်ရိုက်ဝယ်ယူနိုင်ပြီး နေထိုင်ဖို့အတွက် အဆင်ပြေစေမှာပဲ။

ဟုတ်ပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်က သူတို့ကြိုက်တဲ့ပုံစံနဲ့ အလှဆင်နိုင်တဲ့အိမ်တချို့ကိုတော့ ချန်ထားခဲ့သေးတယ်။ ဈေးနှုန်းကလည်း အလှဆင်ပြီးသားတွေထက် ပိုသက်သာခဲ့တယ်။

ပုံစံငယ်တွေကို ကြည့်ပြီးနောက်မှာတော့ သူတို့က အရောင်းဝန်ထမ်းအမျိုးသမီးနောက်ကိုလိုက်ပြီး စင်ကျူရီအိမ်ရာထဲက အိမ်အနည်းငယ်ကို သွားကြည့်ခဲ့ကြတယ်။ ရပ်ကွက်က အရောင်းရုံးခန်းက စားပွဲပေါ်ရှိမော်ဒယ်နဲ့ အတူတူနီးပါးပဲ။ ခမ်းနားထည်ဝါတဲ့အိမ်အနည်းငယ်က ခန့်ညားလှပေမဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက်မှာတော့ သူတို့က ကိုယ်တိုင်အလှဆင်နိုင်တဲ့အိမ်တစ်လုံးကိုပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

တောင်ပိုင်းမြို့က အနာဂတ်မှာ ဖြိုဖျက်ခံရမှာဖြစ်ပေမဲ့ သတင်းမထွက်သေးတာကြောင့် ပြောင်းရွှေ့ဖို့ အလျင်မလိုကြဘူး။ ဒါ့အပြင် ဒါက သူတို့မိသားစုရဲ့ ပထမဆုံးဝယ်တဲ့အိမ်ဖြစ်ပြီး အားလုံးက သူတို့ကြိုက်တဲ့ပုံစံနဲ့ အလှဆင်ချင်ကြတယ်။ အလှဆင်ပြီးသားအိမ်တွေက ပြီးပြည့်စုံပေမဲ့ ဝမ်ယွင်မေကတော့ စိတ်ဝင်စားစရာမကောင်းသလို အဓိပ္ပာယ်လည်းမရှိဘူးလို့ ခံစားလိုက်ရတယ်။

"စတုရန်းမီတာ နှစ်ရာတန်အိမ်တွေက အထပ်သုံးဆယ်အထက်မှာရှိပါတယ်။ မြောက်ဘက်ခြမ်းက တစ်စတုရန်းမီတာကို သုံးထောင့်နှစ်ရာ့ငါးဆယ်ယွမ်ကျပြီး စုစုပေါင်း ခြောက်သိန်းငါးသောင်းယွမ်ကျပါတယ်။ တောင်ဘက်ခြမ်းကတော့ ခုနစ်သိန်းယွမ်နဲ့ ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ အိမ်ကိုလွှမ်းခြုံထားတဲ့ လသာဆောင်လေးခုကတော့ အခမဲ့ဖြစ်ပြီး စတုရန်းမီတာထဲမှာ ထည့်မတွက်ပါဘူး။ ဒါ့အပြင် စတုရန်းမီတာ နှစ်ရာတန်အိမ်ဝယ်တဲ့ပိုင်ရှင်တိုင်းက ပုံသေကားပါကင်နှစ်နေရာကိုလည်း အခမဲ့ရရှိမှာဖြစ်ပါတယ်" အရောင်းဝန်ထမ်းအမျိုးသမီးက အိမ်က ရောင်းထွက်တော့မယ်လို့ ခံစားလိုက်ရပြီး အပိုလက်ဆောင်တချို့ကို အမြန်ထုတ်ပြလိုက်တယ်။

ဝမ်ယွင်မေ စဉ်းစားလိုက်တယ်။ ဒီအိမ်က ယွမ်ခုနစ်သိန်းကျပြီး အလှဆင်စရိတ်ကလည်း မနည်းလှဘူး။ သူမရဲ့ကတ်ထဲမှာ စုထားတဲ့ယွမ်တစ်သန်းနဲ့ဆိုရင် ဒီအိမ်ကိုဝယ်ပြီးနောက်မှာတော့ သိပ်ပြီးကျန်တော့မှာမဟုတ်ဘူး။