အခန်း (၄၉) : ဈေးလျှော့ပေးခြင်း
အသက်ရှူမမှန်တာကြောင့် အဘိုးကြီးဂျီရဲ့ မျက်လုံးထဲမှာ ကြယ်တွေလတွေ မြင်နေခဲ့ရသည်။ အခု ဂျယ်လီထွက်သွားတော့ သူက အသက်ကိုပြင်းပြင်းရှူရင်း ပျို့အန်နေခဲ့သည်။ သူ့မျက်နှာပေါ်က အရောင်က အနည်းငယ်ဖျော့သွားပြီး သေဘေးကနေ လွတ်မြောက်လာခဲ့သလို ပုံပေါက်နေသည်။
"ထွက်သွားပြီ၊ ထွက်သွားပြီ…"
ဒီမြင်ကွင်းကိုမြင်တော့ ဝတ်စုံဝတ်အမျိုးသားက အဘိုးကြီးဂျီကို ဆိုဖာပေါ်မှာထိုင်ဖို့ အမြန်ကူညီပေးလိုက်ပြီး စိုးရိမ်တကြီးနဲ့ "အဘိုးကြီးဂျီ၊ ကျွန်တော့်ကို လန့်သေအောင်လုပ်တာပဲ။ အခုဘယ်လိုနေသေးလဲ။ လူနာတင်ကား မကြာခင်ရောက်လာတော့မှာပါ!"
ဒီအမျိုးသားကတော့ စင်ကျူရီအိမ်ရာရဲ့ နောက်ကွယ်က သူဌေးကြီး ချန်လေ့ ကိုယ်တိုင်ပဲ ဖြစ်သည်။ ဒီနေ့ အဘိုးကြီးဂျီက အိမ်ရာစီမံကိန်းအသစ်တစ်ခုမှာ ဗီလာတစ်လုံးဝယ်မယ်လို့ပြောတာကြောင့် ချန်လေ့က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံခဲ့ခြင်းဖြစ်သည်။ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ကံကောင်းစွာနဲ့ အဘိုးကြီးဂျီ ဘာမှမဖြစ်ခဲ့ဘူး။ သာ၍ အဘိုးကြီးဂျီသာ သူ့နေရာမှာ တစ်ခုခုဖြစ်သွားခဲ့ရင် အိမ်ဝယ်ဖို့မပြောနဲ့၊ သူ့ကုမ္ပဏီကိုတောင် ဆက်ဖွင့်စရာမလိုတော့ဘူး!
အဘိုးကြီးဂျီက ခဏအကြာမှ သတိပြန်ဝင်လာခဲ့သည်။ သူက ချက်ချင်းဆိုသလို လက်ကိုဝှေ့ယမ်းပြီး အသက်ကိုပြင်းပြင်းရှူရင်း "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ငါက စားချင်စိတ်များသွားလို့ပါ" လို့ ပြောလိုက်သည်။
သူဘာမှမဖြစ်တော့ဘူးဆိုတာကို မြင်တော့ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ကျဲန်အိုက်နဲ့ ကျန်တဲ့သူတွေလည်း ထွက်သွားဖို့ပြင်ဆင်နေကြသည်။ သူတို့က မှတ်ပုံတင်ပြီး ငွေပေးချေကာ ဝယ်ယူရေးစာချုပ်ကို လက်မှတ်ထိုးဖို့ စောင့်နေကြတုန်းမှာပဲ ချန်လေ့က သူတို့ကို တားလိုက်သည်။ "သမီးလေး၊ ခဏနေပါဦး။"
ကျဲန်အိုက်က ဒီစကားကိုကြားတော့ ခြေလှမ်းရပ်တန့်လိုက်သည်။ သူမက ချန်လေ့ မတ်တပ်ရပ်၊ သူ့ဝတ်စုံဂျာကင်ကို ဆွဲဆန့်ပြီး ကျေးဇူးတင်တဲ့အမူအရာနဲ့ ရှေ့ကိုလျှောက်လာတာကို တွေ့လိုက်ရသည်။ "သမီးလေး၊ ခုနက မင်းကြောင့်သာပဲ။ မင်းကို ကျေးဇူးတင်ရမှာ!"
အဲ့ဒီအချိန်မှာ အရောင်းဝန်ထမ်းအမျိုးသမီးက သူတို့ဘေးမှာ ရပ်နေခဲ့သည်။ ချန်လေ့ ဒါကိုမြင်တော့ "မင်းတို့ အိမ်တွေလာကြည့်တာ ဟုတ်တယ်မလား။ တစ်လုံးရွေးလိုက်ရင် ငါ့ရဲ့ကျေးဇူးတင်မှုကိုပြတဲ့အနေနဲ့ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်!"
ချန်လေ့က လက်လွတ်စပယ်လုပ်နေတာမဟုတ်ဘူး။ အဘိုးကြီးဂျီရဲ့အသက်ဘေးကင်းမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ယွမ်သိန်းဂဏန်းအနည်းငယ်က သူ့အတွက် ဘာမှမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ သူ့ကျောပေါ်က ချွေးစေးတွေက မခြောက်သေးဘဲ သူ ကြောက်လန့်နေတုန်းပဲ။
"ဒါရိုက်တာချန်၊ ဒီဧည့်သည်တွေက ခုနက ဈေးလျှော့ကံစမ်းမဲကို ပါဝင်ခဲ့ပြီး အထူးဆုပေါက်သွားပါတယ်" လို့ အရောင်းဝန်ထမ်းအမျိုးသမီးက ပြောလိုက်သည်။
"တကယ်လား။" ချန်လေ့က အံ့အားသင့်တဲ့ပုံ ပေါက်နေခဲ့သည်။ ပြီးတော့ သူက ကျဲန်အိုက်နဲ့ ကျန်တဲ့သူတွေကို ကြည့်ပြီး "သမီးလေး၊ မင်းကံအရမ်းကောင်းတာပဲ။ အထူးဆုကြောင့် တစ်ဆယ့်ငါးရာခိုင်နှုန်း ဈေးလျှော့ရပြီးသားပဲ။ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ဆိုရင် ဦးလေးက ကပ်စေးနှဲသလိုဖြစ်သွားမှာပေါ့။"
ချန်လေ့က ခဏရပ်တန့်ပြီး ခိုင်မာစွာနဲ့ "ဒီလိုလုပ်လေ။ ဦးလေး မင်းကို ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်!"
ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့!
ဝမ်ယွင်မေနဲ့ ကျဲန်ယွီမပြောနဲ့၊ ကျဲန်အိုက်တောင် ကြောင်သွားခဲ့သည်။
ယွမ်ခုနစ်သိန်းတန်အိမ်တစ်လုံးအတွက် ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့တဲ့လား။ ဒီလောက်ကောင်းတဲ့ရပ်ကွက်နဲ့ လူနေထိုင်မှုပုံစံနဲ့ဆိုရင် ယွမ်သုံးသိန်းကျော်လေးနဲ့ ရောင်းလိုက်ရတာက အမြတ်မကျန်သလောက်ပဲ!
မမျှော်လင့်ဘဲ ကျဲန်အိုက် သဘောတူခွင့်မရခင်မှာပဲ သတိပြန်ဝင်လာတဲ့ အဘိုးကြီးဂျီက "ကျန်တဲ့ဝယ်ယူခတစ်ဝက်ကို ငါပေးချေလိုက်မယ်!" လို့ ပြောလိုက်သည်။
ဟမ်؟
ဝမ်ယွင်မေနဲ့ ကျဲန်ယွီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ကျဲန်အိုက်ရဲ့လုပ်ရပ်က အမျိုးသားနှစ်ယောက်စလုံးက သူတို့ကိုအိမ်တစ်လုံးပေးလိုက်တဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး။
"အဘိုး…" ကျဲန်အိုက်က သတိပြန်ဝင်လာပြီး အဘိုးကြီးဂျီကို ကြည့်လိုက်တယ်။ "ခုနကဖြစ်ခဲ့တာကို သမီးက မတော်တဆတွေ့လိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိနေခဲ့လို့ပါ။ အဘိုး ဒီလိုလုပ်စရာမလိုပါဘူး…"
ကျဲန်အိုက်က အခွင့်အရေးရတိုင်း အမြတ်ထုတ်တတ်တဲ့လူတစ်ယောက် မဟုတ်ဘူး။ သူဌေးချန်က သူမကို ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးတာက ယုတ္တိရှိတယ်လို့ သူမခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သူဌေးချန်ရဲ့ ပိုင်ဆိုင်မှုပဲလေ။ လူတစ်ယောက်သာ သေသွားခဲ့ရင် သူတို့က ဒါထက်ပိုပြီး နစ်နာဆုံးရှုံးရမှာပဲ။
ဒါ့အပြင် သူမက မူလကတည်းက တစ်ဆယ့်ငါးရာခိုင်နှုန်း ဈေးလျှော့ရပြီးသားပဲ။ ဒီငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့က အဲ့ဒီအပေါ်မှာ ထပ်ပေါင်းလိုက်တာ။ သူမကို ငါးဆယ်ရာခိုင်နှုန်းအပြည့် ဈေးလျှော့ပေးရင်တောင် ပိုက်ဆံတစ်ဝက်ကိုတော့ ထုတ်ပေးရဦးမှာပဲ။ ဒါပေမဲ့ အဘိုးကြီးဂျီသာ ဝင်ပါလိုက်ရင် သူမက တစ်စုံတစ်ယောက်ရဲ့အိမ်ကို အလကားသက်သက် ယူလိုက်ရသလိုဖြစ်သွားမှာပဲ။
အရေးအကြီးဆုံးကတော့ အဘိုးကြီးဂျီကို ရင်ဆိုင်ရတဲ့အခါ ကျဲန်အိုက်ရဲ့ခုနကလုပ်ရပ်မှာ ဘာရည်ရွယ်ချက်မှမရှိခဲ့ဘူး။ သာ၍ လမ်းပေါ်က သာမန်လူတစ်ယောက်သာ တစ်ခုခုဖြစ်ခဲ့ရင်တောင် သူမက တခြားဘာအတွေးမှမရှိဘဲ ကယ်တင်ပေးမှာပဲ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: