"မင်းက ငါ့အသက်ကို ကယ်ခဲ့တာလေ။ ရှောင်ချန်ရဲ့ကျေးဇူးတင်စကားကိုပဲ လက်ခံပြီး ငါ့ကျေးဇူးတင်စကားကိုတော့ ဘာလို့လက်မခံရတာလဲ။" အဘိုးကြီးဂျီက နှုတ်ခမ်းစူလိုက်ပြီး ကျဲန်အိုက်ရဲ့လုပ်ရပ်အပေါ် မကျေမနပ်ဖြစ်နေသလိုပဲ။

ကျဲန်အိုက်က ရှင်းပြဖို့ပြင်လိုက်ချိန်မှာပဲ စိုးရိမ်တကြီးပုံစံနဲ့လူတစ်ယောက်က တံခါးတွန်းဖွင့်ပြီး ဝင်လာခဲ့တယ်။

"အဘိုး!"

ဂျီဟောက်ယွီက လေလိုလျင်မြန်စွာ လျှောက်လာပြီး သူ့ခြေလှမ်းတွေက အလျင်စလိုဖြစ်နေခဲ့တယ်။ စိတ်လှုပ်ရှားမှုတွေက သူ့ရဲ့ခန့်ညားတဲ့မျက်နှာတစ်ခုလုံးမှာ ရေးသားထားသလိုပဲ။

အဘိုးကြီးဂျီက အဲ့ဒီလူကိုမြင်တော့ တစ်ခဏတော့ ကြောင်သွားပြီးမှ သူ့ဘေးက ဝတ်စုံဝတ်အမျိုးသားကို အပြစ်တင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့မြေးကို ဘယ်သူက အကြောင်းကြားခဲ့သလဲဆိုတာကို သူသိနေမှန်း ထင်ရှားနေခဲ့တယ်။

"အဘိုး၊ အဘိုး သက်သာရဲ့လား။"

ဂျီဟောက်ယွီက သူ့ရဲ့ပုံမှန် ကစားသမားပုံစံကို ပြောင်းလဲလိုက်ပြီး ရှားရှားပါးပါး လေးနက်တဲ့အမူအရာနဲ့ ရှိနေခဲ့တယ်။ သူ့မျက်လုံးတွေက သူ့အဘိုး သက်သာရဲ့လားဆိုတာကို အတည်ပြုသလို အဘိုးကြီးဂျီကို အကဲခတ်ကြည့်နေခဲ့တယ်။

"ငါ သက်သာပါတယ်။ ပွဲဆူအောင်မလုပ်နဲ့။" အဘိုးကြီးဂျီက လက်ဝှေ့ယမ်းလိုက်တယ်။

ကျဲန်အိုက်နဲ့ ဝမ်ယွင်မေတို့က အဲ့ဒီလူကိုမြင်တော့ တုန်လှုပ်သွားကြတယ်။ ဒါက ဂျီအုပ်စုရဲ့ သခင်လေးဂျီ မဟုတ်ဘူးလား။ ပြီးတော့ ဒီအဘိုးအိုကို အဘိုးကြီးဂျီလို့ ခေါ်ကြတယ်။ သူက ဂျီဟောက်ယွီရဲ့အဘိုးပဲ!

အဲ့ဒီအချိန်မှာ ချန်လေ့က ပြုံးပြီး ရှေ့ကိုတိုးလိုက်တယ်။ "သခင်လေးဂျီ၊ ကျွန်တော် အဘိုးကြီးဂျီကို ကောင်းကောင်းဧည့်မခံနိုင်ခဲ့ဘူး။ ကံကောင်းစွာနဲ့ ဒီသမီးငယ်လေးနဲ့ တွေ့ခဲ့ရလို့ ဘာမှမဖြစ်ခဲ့တာပါ။"

ဂျီဟောက်ယွီက ဒီစကားကိုကြားတော့ မော့ကြည့်လိုက်တယ်။ သူက ကျဲန်အိုက်ကို တစ်ချက်ကြည့်ရုံနဲ့မြင်လိုက်ပြီး ဝမ်ယွင်မေကို ကြည့်လိုက်တယ်။ သူ့ရဲ့နက်ရှိုင်းတဲ့ မက်မွန်ပွင့်မျက်လုံးတွေထဲမှာ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ဖြတ်ခနဲပေါ်လာခဲ့တယ်။ ပြီးတော့ သူ့နှုတ်ခမ်းထောင့်တွေကွေးတက်သွားပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ဖော်ပြလိုက်တယ်။ "မင်းတို့ကိုး!"

စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့အဘိုးအတွက် စိုးရိမ်တကြီးဖြစ်နေခဲ့တဲ့အမျိုးသားက ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူတို့ရှေ့က ဂျီဟောက်ယွီက Play Boy ဆန်တဲ့ သခင်လေးဂျီအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ပြောင်းလဲမှုက အရမ်းသဘာဝကျလွန်းလို့ လူတွေကို နှုတ်ခမ်းသပ်သွားစေခဲ့တယ်။

"ဟောက်ယွီ၊ မင်းသူတို့ကို သိလို့လား။" အဘိုးကြီးဂျီက မယုံကြည်နိုင်စွာနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

ဂျီဟောက်ယွီက ရယ်ကျဲကျဲနဲ့ ခေါင်းညိတ်လိုက်တယ်။ "အဘိုး၊ မနေ့ညက ယောက်ချီမှာဖြစ်ခဲ့တဲ့အကြောင်းကို ကျွန်တော်မနက်က အဘိုးကိုပြောပြခဲ့တာ မှတ်မိသေးလား။ အဘိုးရှေ့ကတစ်ယောက်က ယောက်ချီရဲ့ အထွေထွေမန်နေဂျာအသစ်ပဲ။ သူမနာမည်က…"

ပြောပြောဆိုဆိုနဲ့ ဂျီဟောက်ယွီက မျက်မှောင်ကြုတ်ပြီး ခဏစဉ်းစားလိုက်တယ်။ သူက ညည်းတွားလိုက်တယ်၊ "ဘာနာမည်တဲ့လဲ။"

"သခင်လေးဂျီ၊ ကျွန်မနာမည်က ဝမ်ယွင်မေပါ!" ဝမ်ယွင်မေက သခင်လေးဂျီရဲ့စကားကို သဘာဝအတိုင်းကြားလိုက်ပြီး အမြန်ပြန်ဖြေလိုက်တယ်။

"အော်၊ ဟုတ်သားပဲ။ ယောက်ချီကလူတိုင်းက သူမကို အမမေလို့ခေါ်ကြတယ်။ သူအဲ့ဒီမှာ အလုပ်လုပ်ခဲ့တာ ဆယ်နှစ်ကျော်ပြီ" ဂျီဟောက်ယွီက ပြောလိုက်တယ်။

အဘိုးကြီးဂျီ ဒါကိုကြားတော့ ဝမ်ယွင်မေကို လေးစားတဲ့အကြည့်နဲ့ ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ "မနေ့ကဖြစ်ခဲ့တာတွေကို ငါကြားပြီးသွားပြီ။ ဒီလိုအမေတစ်ယောက်ရှိမှတော့ နင့်သမီးက ဒီလောက်ထူးချွန်တာ အံ့ဩစရာမရှိတော့ဘူး။"

"အဘိုးဂျီ၊ ခုနက အဘိုးက ကျွန်မကို ကျေးဇူးတင်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်မအမေကို ယောက်ချီကနေ ထွက်ခွင့်ပေးလိုက်ပါ!" ကျဲန်အိုက်က မနေ့ညက ဂျီဟောက်ယွီကို မပြောလိုက်ရတဲ့စကားတွေကို ပြောဖို့ အခွင့်အရေးတစ်ခုရှာတွေ့သွားသလိုပဲ။ "ကျွန်မယုံကြည်ပါတယ်၊ သခင်လေးဂျီက မနေ့ညက စိတ်ထင်တိုင်းလုပ်လိုက်တာသက်သက်ပဲ ဖြစ်မှာပါ။ ဒါက နောက်ပြောင်မှုတစ်ခုပဲ ဖြစ်နိုင်ပါတယ်။"

"နောက်ပြောင်မှု ဟုတ်လား။" အဘိုးကြီးဂျီက ဒါကိုကြားတော့ မရယ်ဘဲမနေနိုင်တော့ဘူး။ သူက ကျဲန်အိုက်ကိုကြည့်ပြီး "သမီးငယ်၊ ငါ့မြေးက နောက်ပြောင်မှုတစ်ခုကြောင့် တစ်စုံတစ်ယောက်ကို ယောက်ချီရဲ့အထွေထွေမန်နေဂျာဖြစ်ခွင့်ပေးလိမ့်မယ်လို့ မင်းထင်နေတာလား။ မင်းသူ့ကို အထင်သေးလွန်းတယ်!"

ပြောပြောဆိုဆိုနဲ့ အဘိုးကြီးဂျီက မတ်တပ်ရပ်ပြီး ကျဲန်အိုက်ဆီကို လျှောက်လာခဲ့တယ်။ "သမီး၊ ယောက်ချီက ဂျီအုပ်စုရဲ့လုပ်ငန်းတစ်ခုပဲ။ အထွေထွေမန်နေဂျာရာထူးက ယောက်ချီမှာ အငြင်းပွားဖွယ်မရှိဘူး၊ ပြီးတော့ တစ်နှစ်စာလစာက ယွမ်သိန်းဂဏန်းအထိရှိတယ်။ ဒါက အကျိုးအမြတ်များတဲ့အလုပ်တစ်ခုပဲ။ မနေ့ကဖြစ်ခဲ့တာတွေအားလုံးကို ဟောက်ယွီက ငါ့ကိုပြောပြပြီးပြီ။ တစ်စုံတစ်ယောက်က ယောက်ချီမှာ ပြဿနာရှာခဲ့ပေမဲ့ မင်းအမေတစ်ယောက်တည်းသာ မကြောက်မရွံ့ဘဲ ရပ်တန့်ဖို့ထွက်လာခဲ့တယ်။ ဒီအကြောင်းကြောင့်တောင် သူဒဏ်ရာရခဲ့သေးတယ်။ ငါ့ရဲ့ဒီမြေးက အပြင်ပန်းမှာ နည်းနည်းတော့ ပုံမကျဘူးလို့ထင်ရပေမဲ့ ဒါက မင်းသူ့ကိုနားမလည်သေးလို့ပဲ။ တချို့အရာတွေကို သူက တခြားဘယ်သူထက်မဆို ပိုသိတယ်။"