ကျဲန်အိုက်ရဲ့ စိတ်အေးလက်အေးဖြစ်နေတဲ့ အမူအရာကိုမြင်တော့ လင်ယိရဲ့ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ပျော်ရွှင်မှုတစ်ခု လှိုက်တက်လာခဲ့တယ်။ သူ့နှုတ်ခမ်းတွေက အပေါ်ကို ကွေးတက်သွားတယ်။ "ငါတို့ အတန်းတူတောင် ဖြစ်သွားနိုင်လောက်တယ်။"

ဒီစကားကိုကြားတော့ ကျဲန်အိုက်က ဝက်နံရိုးတွေဆီကနေ အကြည့်ကိုချက်ချင်းလွှဲပြီး လင်ယိကို ကြည့်လိုက်တယ်။ ဘယ်လိုမျက်နှာအမူအရာမျိုး ပြရမလဲဆိုတာကို သူမမသိခဲ့ဘူး။ "နင်ငါ့ကို ဒီလိုပြုံးပြနေရင် ငါ့ကိုဒုက္ခပေးနေတာနဲ့တူတူပဲ။"

ကျဲန်အိုက်က နောက်နေတာဖြစ်ပေမဲ့ လင်ယိက ချက်ချင်းမျက်နှာတည်လိုက်ပြီး "တောင်းပန်ပါတယ်" လို့ တိုးတိုးလေးပြောလိုက်တယ်။

ဒီမြင်ကွင်းကိုမြင်တော့ ကျဲန်အိုက် မရယ်ဘဲမနေနိုင်တော့ဘူး။ လင်ယိရဲ့ အပြစ်ကင်းစင်ပြီး လန်းဆန်းတက်ကြွတဲ့မျက်နှာကိုကြည့်ရင်း ကျဲန်အိုက်က အရင်ဘဝတုန်းက သူ့ကိုတစ်ဖက်သတ်ကြိုက်ခဲ့ရတာ မျက်စိမမှားခဲ့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ သူက တကယ်ပဲ လူကောင်းတစ်ယောက်ပဲ။

"ငါနောက်နေတာပါ" ကျဲန်အိုက်က ပြုံးပြီးပြောလိုက်တယ်။

ဒါပေမဲ့ ကျဲန်အိုက်က ဒီလိုပြုမူလေလေ၊ လင်ယိက ပိုပြီးအပြစ်ရှိသလို ခံစားရလေပဲ။ အဲ့ဒီတုန်းက သူမရဲ့အချစ်စာနဲ့အတူ သူ့ကိုငြင်းပယ်လိုက်တုန်းက မျက်ရည်တွေဝဲပြီး ထွက်ပြေးသွားခဲ့တာကို သူ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။

လင်ယိက တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ကျဲန်အိုက်က သူ့လက်မောင်းကိုဆွဲပြီး ရှေ့ကိုတိုးဝင်လိုက်တယ်။ "ငါတို့အလှည့်ရောက်ပြီ။ ငါဝက်နံရိုးပေါင်းစားချင်တယ်!"

အစားအသောက်တွေဝယ်ပြီးနောက်မှာ ကျဲန်အိုက်က ဗန်းကိုကိုင်ပြီး ပြတင်းပေါက်နားက ထိုင်ခုံတစ်ခုကို ရှာလိုက်တယ်။ မကြာခင်မှာပဲ ကွမ်းထောင် ရောက်လာခဲ့တယ်။

"နင်ဝက်နံရိုးစားချင်တယ်လို့ ပြောထားတာမဟုတ်ဘူးလား။ သောကြာနေ့က ငါမရှိခဲ့ဘူး။ ဒီနေ့ နင့်ကိုပြန်ကျွေးမယ်!" ကျဲန်အိုက်က ပြောပြောဆိုဆိုနဲ့ သူမရဲ့ပန်းကန်ထဲက ဝက်နံရိုးတွေကို ကွမ်းထောင်ကို ပေးလိုက်တယ်။

"တော်ပြီ၊ တော်ပြီ!" ဝက်နံရိုးတွေက သူမအတွက်ဖြစ်မှန်းသိတော့ ကွမ်းထောင်က အမြန်တားလိုက်တယ်။ ပြီးတော့ သူမက ကျဲန်အိုက်ကို ကြည့်ပြီး "လင်ယိက ဝယ်ပေးတာလား။" လို့ တိုးတိုးလေးမေးလိုက်တယ်။

ကျဲန်အိုက်က ကြက်သွန်ဖြူကြော်တစ်ဖတ်ကိုစားပြီး ခေါင်းညိတ်လိုက်တယ်။ "တစ်လစာလေ။ ဒါက ဒုတိယမြောက်အကြိမ်ပဲ ရှိသေးတာ!"

ကွမ်းထောင်က ဝက်နံရိုးတစ်ဖတ်ကိုစားပြီး မျိုချလိုက်ပြီးမှ "အတန်းတွေပြန်ခွဲတဲ့အကြောင်း နင်သိတယ်ဟုတ်လား။"

ကျဲန်အိုက်က ခေါင်းညိတ်လိုက်တယ်။ "စာမေးပွဲကို သေချာဖြေနော်။ နင်က အမြဲတမ်း အဆင့်တစ်ခုလုံးမှာ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါနေတာပဲ!"

"အဲ့ဒီစကားကို နင့်ကိုပဲ ပြန်ပေးမယ်။ နင်တစ်ပတ်လောက် ကျောင်းပျက်ထားတာနော်!" ကွမ်းထောင်က စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။

ကွမ်းထောင်ရဲ့ ယုံကြည်မှုရှိတဲ့ပုံစံကိုမြင်တော့ ကျဲန်အိုက်က စိတ်အေးသွားခဲ့တယ်။ "နင်သာ ပုံမှန်အတိုင်းဖြေနိုင်ခဲ့ရင် ငါ့အတွက် စိတ်ပူစရာမလိုပါဘူး!"

သူတို့နှစ်ယောက်လုံးက အတန်း (၁) ကို ရောက်ဖို့ ယုံကြည်မှုရှိနေကြပြီး ကွမ်းထောင်ကလည်း တခြားကျောင်းသားတွေနဲ့ တူညီတဲ့စိုးရိမ်မှုတွေ ရှိနေခဲ့တယ်။ သူမက ကျဲန်အိုက်ကိုကြည့်ပြီး "နင့်ရဲ့အရင်ရမှတ်တွေအရဆိုရင် နင် လင်ယိနဲ့ အတန်းတူကျမှာပဲ။"

ကျဲန်အိုက်က ဘာမှဝင်မပြောဘဲ ခေါင်းညိတ်လိုက်တယ်။ လင်ယိက အတန်း (၁) က စာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး လစဉ်စာမေးပွဲတွေမှာ အဆင့်တစ်ခုလုံးမှာ အမြဲတမ်း ပထမရလေ့ရှိတယ်။

ဒါပေမဲ့ ကျဲန်အိုက်ကတော့ သူမစိတ်ထဲမှာ အဲ့ဒီရိုးရှင်းတဲ့ တစ်ဆယ့်လေးနှစ်အရွယ်မိန်းကလေး မဟုတ်တော့ဘူး။ လင်ယိက သူမရဲ့အရင်ဘဝက ပထမဆုံးအချစ်ဖြစ်ခဲ့ပေမဲ့ သူမရဲ့ဝိညာဉ်ကတော့ တစ်ဆယ့်လေးနှစ်အရွယ်လေး မဟုတ်တော့ဘူး။

"လင်ယိတစ်ယောက်တည်းမဟုတ်ဘူး။ ယန်ထျန်း၊ ရှရှန့်ဟွမ်နဲ့ ကောင်းရန်တို့လည်း ရှိသေးတယ်။ ပထမနှစ်က ဒီနာမည်ကြီးတဲ့လူတွေအားလုံးက အခြေခံအားဖြင့် အတန်း (၁) မှာပဲ ရှိနေကြမှာပဲ။"

ကျဲန်အိုက်ရဲ့လေသံက ပေါ့ပေါ့ပါးပါးနိုင်တယ်။ သူမစိတ်ထဲမှာတော့ လင်ယိက သူမခုနကပြောခဲ့တဲ့နာမည်တွေနဲ့ ဘာမှမထူးခြားတော့ဘူး။

ကွမ်းထောင်က မူလကတော့ လင်ယိကြောင့် ကျဲန်အိုက် စိတ်မကောင်းဖြစ်နေမှာကို စိုးရိမ်နေခဲ့တာ။ အခု သူတို့ရဲ့ဆက်ဆံရေးက ပြေလည်သွားတော့ သူမ တိတ်တိတ်လေး သက်ပြင်းချနိုင်သွားခဲ့တယ်။

"ရှောင်အိုက်၊ နင် ပြောင်းလဲသွားသလိုပဲ" ကွမ်းထောင်က ရုတ်တရက်ပြောလိုက်တယ်။

ကျဲန်အိုက်က စားနေတာကိုရပ်ပြီး ပြုံးလိုက်တယ်။ "လူဆိုတာ ပြောင်းလဲတတ်ဖို့ သင်ယူရမှာပေါ့။ မဟုတ်ရင် ပျင်းစရာကြီးဖြစ်သွားလိမ့်မယ်။"

ကွမ်းထောင်က လုံးလုံးနားမလည်ပေမဲ့ ခေါင်းညိတ်လိုက်တယ်။ "ဘာပဲဖြစ်ဖြစ်၊ နင်ဖျားပြီးနောက်မှာ ပိုပြီး ပျော်ပျော်နေတတ်လာသလိုပဲ ငါခံစားရတယ်။ နင့်ရဲ့ aura တစ်ခုလုံးက အရင်ကနဲ့မတူတော့ဘူး။"

ကျဲန်အိုက်က ဒီအကြောင်းအရာကို ရှောင်လွှဲဖို့ အစပျိုးလိုက်ပြီး ကွမ်းထောင်ကိုကြည့်ကာ အကြောင်းအရာပြောင်းလိုက်တယ်။ "တောင်ပိုင်းမြို့ခရိုင်က မကြာခင်ဖြိုဖျက်တော့မယ်။ နင်ဒီအကြောင်းသိလား။"

"ဖြိုဖျက်မယ် ဟုတ်လား။" ကွမ်းထောင်က တုန်လှုပ်သွားခဲ့တယ်။ သူမက တူကိုကိုက်ပြီး ခေါင်းခါလိုက်တယ်။ "ငါမသိဘူး! ငါတစ်ခါမှမကြားဖူးဘူး!"