အခန်း (၅၆) : မတတ်နိုင်ရင် လျော်ပေးရုံပဲ
ယန်ထျန်းက ဘယ်သူ့ကိုမှမကြောက်တတ်တဲ့သူတစ်ယောက် ဖြစ်သည်။ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် သူက အမြဲတမ်း ဘုရင်တစ်ဆူလို နေထိုင်ခဲ့သည်။ သို့သော် သူကြောက်ရတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ချစ်သူ ရှရှန့်ဟွမ်ပဲ ဖြစ်သည်။
သူမက သူ့ဘက်မှာမရပ်တည်ဘဲ၊ သူမကြိုက်မှန်းသိလျက်နဲ့ ကျဲန်အိုက်အပေါ် ဖော်ရွေစွာပြုမူနေတဲ့အတွက် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေပေမဲ့၊ ဒီအကြောင်းတွေကိုတော့ သူ စိတ်ထဲမှာသာ တီးတိုးရေရွတ်နေခဲ့သည်။ ဘယ်လိုလုပ်ပြီး အပြင်ထုတ်ပြောရဲမှာလဲ။
ချက်ချင်းဆိုသလို ယန်ထျန်းက ခေါင်းစောင်းပြီး ကားပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ သူက ဘာကိုမှဂရုမစိုက်တဲ့ပုံစံဖြစ်နေပြီး နောက်ထပ်ဘာစကားတစ်ခွန်းမှ မပြောရဲတော့ပေ။
"သူ့ကို လျစ်လျူရှုလိုက်ပါ။ ဒီရက်ပိုင်း သူ့ကို သင်ခန်းစာမပေးဖြစ်တာ၊ သူ့အရေပြားတွေ ယားလာပြီထင်တယ်။" ကျဲန်အိုက် အနေရခက်သွားမှာစိုးသလို ရှရှန့်ဟွမ်က အကြောင်းအရာပြောင်းပြီး ကွမ်းထောင်ကို ကြည့်လိုက်သည်။ "နင့်နာမည် ဘယ်လိုခေါ်လဲ။ နင်က ကျဲန်အိုက်နဲ့ အမြဲတမ်း အတူတူရှိနေတာကို ငါတွေ့တယ်။"
ကွမ်းထောင်က အချိုရည်တစ်ငုံကို မော့သောက်လိုက်ရုံရှိသေးသည်။ ရှရှန့်ဟွမ်က သူမကို အစပျိုးပြီး စကားလာပြောလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ စိတ်လှုပ်ရှားသွားတာကြောင့် သူမ အချိုရည်သီးသွားခဲ့သည်။
"အဟွတ်… အဟွတ်…"
ချောင်းဆိုးသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်မှာ ကွမ်းထောင်ရဲ့မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။ သူမရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်းရန်က ဒီမြင်ကွင်းကိုမြင်တော့ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူက လက်ကိုမြှောက်ပြီး သူ့နှာတံပေါ်က မျက်မှန်ကို ညင်သာစွာ ထောက်ပင့်လိုက်သည်။ ကွမ်းထောင်က တစ်ခုခုကိုရှာနေသလို ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကောင်းရန် ဒါကိုမြင်တော့ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူက သူ့ရှပ်အင်္ကျီအိတ်ကပ်ထဲကနေ ပိုးသားလက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။
သူငယ်ချင်းတို့၊ ရှင်တို့ မျက်စိမှားနေတာမဟုတ်ပါဘူး။ သခင်လေးကောင်းက အဖြူရောင် ပိုးသားလက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်တာပါ။
သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေက ပိုးသားလက်ကိုင်ပဝါရဲ့အစွန်းကို ဆုပ်ကိုင်ထားပြီး ကွမ်းထောင်ကို ကမ်းပေးလိုက်သည်။
ကွမ်းထောင်က စိတ်ရှုပ်ထွေးနေပြီး သေချာမကြည့်မိခဲ့ပေ။ သူမက မူလကတော့ ဒါကို တစ်ရှူးလို့ ထင်ခဲ့တာကြောင့် လက်ခံပြီးနောက်မှာ သူမပါးစပ်ကို သုတ်လိုက်သည်။ နူးညံ့ပြီး သိမ်မွေ့တဲ့အထိအတွေ့ကို ခံစားလိုက်ရတော့မှ သူမ ရုတ်တရက် ကြောင်သွားခဲ့သည်။
သူမ မော့ကြည့်လိုက်တော့ လက်ကိုင်ပဝါရဲ့အစွန်းမှာ LV ဆိုတဲ့ လိုဂိုသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
အမလေး။ ကွမ်းထောင်က ထိုင်ခုံပေါ်မှာ တောင့်ခနဲဖြစ်သွားပြီး လက်ကိုင်ပဝါကို သူမရှေ့က စားပွဲပေါ်ကို အမြန်တင်လိုက်သည်။ "တောင်း… တောင်းပန်ပါတယ်။ ရှင့်လက်ကိုင်ပဝါကို ကျွန်မ ညစ်ပတ်သွားအောင် လုပ်မိပြီ…"
ကွမ်းထောင်ရဲ့မျက်နှာက ပျာယာခတ်နေခဲ့သည်။ LV လက်ကိုင်ပဝါတစ်ထည်က အနည်းဆုံး ယွမ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တန်ဖိုးရှိသည်။ သူမ မတတ်နိုင်ဘူး၊ လျော်ပေးဖို့ဆိုတာ ဝေးရောပေါ့။
အစကနေအဆုံးထိ ကောင်းရန်က မျက်နှာသေနဲ့ ထိုင်နေခဲ့သည်။ ငယ်စဉ်ကတည်းက သူက ယဉ်ကျေးသိမ်မွေ့တဲ့အငွေ့အသက်တစ်ခု ရှိနေခဲ့သည်။ ရွှေရောင်ဘောင်နောက်က သူ့မျက်လုံးတွေက တည်ငြိမ်ပြီး ပညာရှိတဲ့အကြည့်ကို ဖုံးကွယ်ထားခဲ့သည်။ ယန်ထျန်းနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့နှစ်ယောက်က စိတ်နေစိတ်ထားအရ အစွန်းနှစ်ဖက်မှာ ရှိနေခဲ့သည်။
ကွမ်းထောင်ရဲ့ ကူကယ်ရာမဲ့ဖြစ်နေမှုကို ရင်ဆိုင်ရတဲ့အခါ ကောင်းရန်က စကားတစ်ခွန်းမှမပြောခဲ့ပေ။ ဒါက ကွမ်းထောင်ကို ပိုပြီးတော့တောင် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ သူမ ခဏစဉ်းစားပြီးမှ "အာ… ကျွန်မ လျှော်ပြီးရင် ရှင့်ကို ပြန်ပေးပါ့မယ်" လို့ ပြောလိုက်သည်။
ကောင်းရန်ရဲ့တုံ့ပြန်မှုကို မစောင့်ဘဲ သူမက ပိုးသားလက်ကိုင်ပဝါကို ဆွဲယူပြီး သူမရဲ့ကျောင်းဝတ်စုံအိတ်ကပ်ထဲကို ထိုးထည့်လိုက်သည်။
ကျဲန်အိုက်က သူတို့ကို ကြည့်နေခဲ့သည်။ မတူညီတဲ့ကမ္ဘာတွေက လူတွေ တစ်နေရာတည်းမှာ ဆုံစည်းကြတဲ့ သိမ်မွေ့တဲ့လေထုကို သူမခံစားလိုက်ရပြီး ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။
အရင်ဘဝတုန်းက ကွမ်းထောင်က နောက်ပိုင်းမှာ သူဌေးမိသားစုတစ်ခုထဲကို လက်ထပ်ဝင်ရောက်ခဲ့သည်။ အဲ့ဒီအမျိုးသားရဲ့ ဇွဲနဘဲကြီးစွာ လိုက်လံပိုးပန်းမှုကြောင့်သာ သူမ သဘောတူခဲ့ရခြင်းဖြစ်သည်။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူ့ယောက္ခမတွေက အစပိုင်းမှာ သူမကိုမကြိုက်ခဲ့ကြပေ။ သူမက သားနှစ်ယောက်မွေးပြီးမှသာ သူတို့ စိတ်သက်သာရာရပြီး အေးအေးဆေးဆေးဖြစ်သွားခဲ့သည်။
အခုတော့ ကွမ်းထောင်က သူမရှေ့က သူဌေးသားသမီးတွေကို ရင်ဆိုင်ရတဲ့အခါ သူမက အလိုလိုနေရင်း အားငယ်စိတ်ဝင်သွားခဲ့သည်။ ရှရှန့်ဟွမ်ရဲ့ဖိတ်ခေါ်မှုနဲ့ အစပျိုးစကားပြောဆိုမှုက ကွမ်းထောင်ကို ဘုရင့်မျက်နှာသာပေးမှုကို ခံရသလို စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူမရဲ့အရင်ဘဝတုန်းကလိုပဲ ကျဲန်အိုက်က လင်ယိကို တစ်ဖက်သတ်ကြိုက်ခဲ့ရတုန်းက အားငယ်စိတ်ဝင်ခဲ့ရသလိုပေါ့။
"ငါ့နာမည်က ကွမ်းထောင်ပါ။ ငါက အတန်း (၄) ကပါ" ကွမ်းထောင်က ရှရှန့်ဟွမ်ကို ပြန်ဖြေဖို့ မမေ့ခဲ့ပေ။
"နင်က ကွမ်းထောင်ကိုး။ နင့်ကို ငါသိသလိုပဲ!" ရှရှန့်ဟွမ်ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့သည်။ "လွန်ခဲ့တဲ့လက လစဉ်စာမေးပွဲမှာ နင်က အဆင့်ငါးရခဲ့တာ။ ငါနင့်ကိုသိတယ်!"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: