ယန်ထျန်းက ကျဲန်အိုက်ကို သိပ်ပြီးတော့ အမြင်မစောင်းခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က လောကမတူကြဘူးလေ။ အချစ်စာကိစ္စမဖြစ်ခင်တုန်းက သူတို့ရဲ့ဆက်ဆံရေးက သုညနီးပါးပဲ။ တခါတလေ ကျဲန်အိုက်အကြောင်း အတင်းအဖျင်းတချို့ကြားရပေမဲ့ ဒါတွေက သူမရဲ့မိသားစုအခြေအနေအပေါ် တခြားသူတွေရဲ့လှောင်ပြောင်သရော်မှုတွေသက်သက်ပဲ။ ယန်ထန်းက စိတ်မဝင်စားခဲ့ဘူး။

ကျဲန်အိုက်က လင်ယိကို တစ်လစာနေ့လယ်စာဝယ်ကျွေးခိုင်းတော့မှ ယန်ထျန်းက အန္တရာယ်မရှိပုံပေါ်တဲ့ ဒီမိန်းကလေးကို သတိထားလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် လင်ယိက ပထမနှစ်မှာ အချောဆုံးနဲ့ အချမ်းသာဆုံးကောင်လေးပဲလေ။ ဒါ့အပြင် အချစ်စာကြောင့် ကျဲန်အိုက်က လင်ယိကိုကြိုက်တယ်ဆိုတာကို လူတိုင်းသိကြသည်။ ယန်ထျန်းက လင်ယိအပေါ်ထားတဲ့ သူမရဲ့ရည်ရွယ်ချက်က မဖြူစင်ဘူးလို့ သဘာဝအတိုင်း တွေးမိမှာပဲ။

သူမက လင်ယိရဲ့တောင်းပန်မှုကို လက်ခံခဲ့ပေမဲ့ ဒီအခွင့်အရေးကို အသုံးချပြီး လင်ယိနဲ့ ပိုနီးစပ်အောင်လုပ်ချင်နေတာဖြစ်ရမယ်လို့ သူထင်ခဲ့သည်။

အထူးသဖြင့် လင်ယိရဲ့ ကျဲန်အိုက်အပေါ်ထားတဲ့သဘောထားကလည်း ပြောင်းလဲလာခဲ့သည်။ ဒါက ယန်ထျန်းကို ကျဲန်အိုက်က ရက်အနည်းငယ်အတွင်းမှာ ဒီလောက်တောင်လုပ်နိုင်ခဲ့တာကြောင့် အရမ်းကိုစွမ်းဆောင်ရည်ရှိတယ်လို့ ခံစားလိုက်ရစေသည်။

"ချင်းဟွမ်က သူငယ်ချင်းဖွဲ့တဲ့နေရာမှာ သူ့စံနှုန်းနဲ့သူ အမြဲရှိခဲ့တယ်။ သူနဲ့သူငယ်ချင်းဖြစ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို မင်းအသိဆုံးပဲ။ သူက ကျဲန်အိုက်နဲ့ ဆက်ဆံချင်နေမှတော့ ဒါက ချင်းဟွမ်က ကျဲန်အိုက်ရဲ့တစ်စုံတစ်ခုကို သဘောကျနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ လင်ယိရဲ့ သူ့အပေါ်ထားတဲ့သဘောထားတောင် ပြောင်းလဲလာခဲ့ပြီ၊ ဒါက ဒီပြဿနာကို သက်သေပြဖို့ လုံလောက်နေပြီ" လို့ ကောင်းရန်က ကားမောင်းရင်း တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။

ကောင်းရန်သာ မပြောခဲ့ရင် ကိစ္စမရှိပေမဲ့ သူပြောလိုက်တော့မှ ယန်ထျန်းက သူတို့နှစ်ယောက်ကြားမှာ သဘောတူညီမှုတစ်ခု ရှိနေသလို ခံစားလိုက်ရသည်။ ယန်ထျန်းက ချက်ချင်းဆိုသလို ကောင်းရန်ကို သူ့လို အတွေးတူတဲ့သူကို တွေ့လိုက်ရသလို ကြည့်ပြီး "မင်းလည်း လင်ယိရဲ့ ကျဲန်အိုက်အပေါ်ထားတဲ့ သဘောထားပြောင်းလဲလာတာကို ခံစားမိတယ်ဟုတ်လား။ ငါတစ်ယောက်တည်း ဒီလိုတွေးနေတာမဟုတ်ဘူးဆိုတာကို ငါသိသားပဲ" လို့ ပြောလိုက်သည်။

"ဟေး၊ ဟေး။ မင်းတို့နှစ်ယောက်သာ ချင်းဟွမ်အကြောင်းပြောချင်ရင် ပြောလေ။ ငါ့ကို ဒီအထဲကို ဆွဲမထည့်နဲ့။" လင်ယိက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အလျင်စလိုဖြစ်နေပေမဲ့ သူ့နှလုံးသားကတော့ တစ်ချက်ခုန်သွားသလိုပဲ။

ကျဲန်အိုက်အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေ ပြောင်းလဲသွားသလားဆိုတာကို သူ မပြောနိုင်ခဲ့ဘူး။ သူက ကျဲန်အိုက်အပေါ်ထားတဲ့ သူ့ရဲ့ဂရုစိုက်မှုကို သူမအပေါ်ထားတဲ့ အပြစ်ရှိသလိုခံစားချက်တစ်ခုအဖြစ် အမြဲတမ်း တွေးထင်ခဲ့သည်။

"ငြင်းမနေနဲ့။ ငါ့ကိုအမှန်အတိုင်းပြော။ မင်း သူ့ကို သဘောကျသွားပြီလား။" ယန်ထျန်းရဲ့မျက်နှာအမူအရာက လေးနက်သွားခဲ့သည်။ "ကျဲန်အိုက်က တကယ်ပဲ ချောတာပဲ။ မင်းသာ သူ့ကို သဘောကျသွားခဲ့ရင် ငါနည်းနည်းလေးမှ သံသယဝင်မှာမဟုတ်ဘူး!"

"သွားစမ်းပါ။ အဲ့ဒီလိုမျိုးမရှိဘူး!" လင်ယိက စိတ်မရှည်စွာနဲ့ ပြောလိုက်ပေမဲ့ သူ့မျက်နှာကတော့ နီရဲနေခဲ့ပြီ။

ယန်ထျန်းက လင်ယိကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ "မင်းမှာ မရှိဘူးလား။"

လင်ယိ။ "မရှိဘူး!"

လင်ယိက ဒီလောက်လွယ်လွယ်ကူကူ ငြင်းလိုက်တာကိုမြင်တော့ ယန်ထျန်းက အများကြီးမစဉ်းစားတော့ဘူး။ သူက ချက်ချင်းနှုတ်ခမ်းမဲ့ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့။ မင်းသူမကို ငါတို့နဲ့အတူ ကစားစေချင်တယ်ဆိုရင် ငါဘာမှပြောစရာမရှိဘူး။ ဘာပဲဖြစ်ဖြစ် ချင်းဟွမ်ကလည်း သူမကို သဘောကျတာပဲ။ ဒါပေမဲ့ သူမသာ မင်းအပေါ်မှာ မသမာတဲ့ရည်ရွယ်ချက်တွေရှိခဲ့ရင်တော့ ငါသူ့ကို မျက်နှာသာပေးမှာမဟုတ်ဘူး။"

သူတို့စကားပြောနေကြတုန်းမှာပဲ အကစက်ဆီကနေ ရုတ်တရက် အားပေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရှရှန့်ဟွမ်က ကခုန်ပြီးသွားခဲ့ပြီး အမှတ်ပြည့်ရခဲ့သည်။ ဒါပေမဲ့ အရင်စံချိန်ကလည်း အမှတ်ပြည့်ဖြစ်နေတာကြောင့် မချိုးနိုင်ခဲ့ပေ။

သီချင်းပြီးသွားတော့ ရှရှန့်ဟွမ်ရဲ့ ချောမွေ့တဲ့နဖူးပေါ်မှာ ချွေးပါးပါးလေးတစ်လွှာ ဖြစ်ပေါ်လာခဲ့သည်။ ကွမ်းထောင်က လေးစားတဲ့အကြည့်နဲ့ သူမဆီကို သွားခဲ့ပြီး မျက်လုံးတွေက တလက်လက်တောက်ပနေလျက် "ရှရှန့်ဟွမ်၊ နင်အရမ်းတော်တာပဲ။ ငါကြည့်နေရင်းနဲ့ ကြောင်ငေးသွားတာပဲ" လို့ ပြောလိုက်သည်။

ကျဲန်အိုက်က ရှရှန့်ဟွမ်ကို သူမရဲ့ကုတ်အင်္ကျီကို ပေးလိုက်ပြီး အံ့အားသင့်တဲ့လေသံနဲ့ "နင်က ပုံမှန်ဒါတွေနဲ့ ကစားတတ်မယ်လို့ ငါမထင်ထားခဲ့ဘူး။"

ရှရှန့်ဟွမ်က သူမရဲ့ကုတ်အင်္ကျီကိုဝတ်ဆင်ပြီး ကျဲန်အိုက်ကို ပြုံးပြလိုက်သည်။ သူမက စနောက်ကျီစယ်တဲ့လေသံနဲ့ "ဘာလို့လဲ။ ငါက ဘာဘီရုပ်လေးတွေနဲ့ပဲ နေ့တိုင်းကစားတတ်တဲ့ သူဌေးသမီးလေးတွေလိုမျိုးလို့ နင်ထင်နေတာလား။"

ကျဲန်အိုက်နဲ့ ကွမ်းထောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘာမှဝင်မပြောခဲ့ကြပေ။ သူတို့တွေးနေခဲ့တာက ဒါပဲလေ။

"နင်တို့မသိသေးတဲ့အရာတွေ အများကြီးရှိသေးတယ်!" ရှရှန့်ဟွမ်က သူတို့ရဲ့လက်မောင်းတွေကိုကိုင်ပြီး ပြုံးလျက် ပြောလိုက်သည်။ "သွားကြရအောင်။ ငါနင်တို့ကို တခြားတစ်ခုခုကစားဖို့ ခေါ်သွားမယ်။ ဒီမှာ ပျော်စရာကောင်းတာတွေ အများကြီးရှိတယ်!"