အခန်း (၆၀) : လူကို ဒီလိုမျိုးတော့ အနိုင်မကျင့်ကြဘူး
ကျဲန်အိုက်က ဂိမ်းကစားရာတွင် ဘယ်တုန်းကမှ အရည်အချင်းမရှိခဲ့ပေ။ ၎င်းက ဖျော်ဖြေရေးကစားနည်းတစ်ခုသာဖြစ်သောကြောင့် သူမ၏ စိတ်စွမ်းအင်ကျင့်ကြံနည်းများကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။ သို့သော်လည်း ကျဲန်အိုက်က အလွန်ပျော်ရွှင်နေခဲ့သည်။ ဒါကတော့ စိတ်ပူပင်သောကကင်းပြီး ဝန်ထုပ်ဝန်ပိုးမရှိတဲ့ ဖြူစင်တဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ။
ထိုအချိန်တွင် မိန်းကလေးသုံးယောက်က ပလတ်စတစ်တူတစ်ချောင်းစီကိုင်ကာ ပွေးကစားနည်းကို ကစားနေကြသည်။ အဝေးတစ်နေရာတွင်တော့ လင်ယိ၏အကြည့်က ကျဲန်အိုက်၏ မျက်နှာဘေးတစ်ခြမ်းပေါ်သို့ ကျရောက်နေသည်။ ဂိမ်းမြို့တော်၏ မီးရောင်များက သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာဘေးတစ်ခြမ်းပေါ်သို့ ဖြာကျနေကာ သူမအား တောက်ပစေသည်။ သူမ၏ တောက်ပနေတဲ့ မျက်ဝန်းတွေထဲမှာ အလင်းစက်လေးတွေ ရှိနေသလိုပဲ။ သူမရဲ့အပြုံးကတော့ ခမ်းနားထည်ဝါပြီး မသိစိတ်နဲ့ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်လိုပါပဲ။
အိမ်ပြန်ရောက်တော့ ည ၈ နာရီနီးပါး ရှိနေပြီဖြစ်သည်။ ကျဲန်အိုက်က တံခါးတွန်းဖွင့်လိုက်တော့ ဝမ်ယွင်မေ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ ကြောင်သွားမိသည်။ သို့သော် ဘာမှမပြောနိုင်ခင်မှာပင် ဆိုဖာ၏ တစ်ဖက်စွန်းတွင် လူနှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အမျိုးသားက အသက်သုံးဆယ်ကျော်လောက်ရှိပုံရပြီး အရပ်ပုကာ ပိန်လှီသည်။ သူ့ဆံပင်က အနည်းငယ်ကောက်နေပြီး ဖြူဖျော့ဖျော့မျက်နှာနဲ့ပေါင်းစပ်လိုက်တော့ အနည်းငယ် နေမကောင်းတဲ့ပုံပေါက်နေသည်။
အမျိုးသားဘေးတွင် အသက်ငါးဆယ်ကျော်အရွယ် အဖွားအိုတစ်ယောက် ထိုင်နေသည်။ သူမမျက်နှာပေါ်တွင် အရေးအကြောင်းများ သိပ်မရှိသော်လည်း ဆံပင်အရင်းမှဖြာထွက်နေသော ဆံပင်ဖြူများက သူမ အသက်မငယ်တော့ဘူးဆိုတာကို သိသာစေသည်။ သူမ၏ ထက်မြက်မှုတွေနဲ့ပြည့်နှက်နေတဲ့ မျက်လုံးတစ်စုံက သာမန်သက်ကြီးပိုင်းတွေရဲ့ မှုန်ဝါးဝါးအမြင်မျိုးနဲ့မတူဘဲ ထူးထူးခြားခြား တောက်ပနေခဲ့သည်။
သူမ၏ မှတ်ဉာဏ်ထဲမှ ဤမျက်နှာနှစ်ခုက ဝေဝါးနေခဲ့ပြီ။ သူမအမေဆုံးပါးသွားစဉ်က အလွန်ရိုးရှင်းသော ဈာပနတွင် သူမ၏ အငယ်ဆုံးအဒေါ်နှင့် ဦးလေးမှလွဲ၍ အခြားမည်သူမျှ မရှိခဲ့ပေ။
ဒါကြောင့်မို့ အခု ရုတ်တရက်ဆိုသလို သူမဦးလေးနဲ့ အဖွားက သူမရှေ့မှာ ပေါ်လာတဲ့အခါ ကျဲန်အိုက်က အဲ့ဒီနေရာမှာတင် တစ်ခဏရပ်တန့်သွားပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုတောင် မေ့သွားခဲ့သည်။
"ရှောင်အိုက် ပြန်လာပြီပဲ။" ဝမ်ယွင်မေက သူမသမီးကိုမြင်တော့ လှမ်းခေါ်လိုက်ကာ ကျဲန်အိုက်ကို အသိပြန်ဝင်လာစေခဲ့သည်။
သတိပြန်ဝင်လာပြီးနောက် ကျဲန်အိုက်က သူမအမေကို ပြန်ဖြေလိုက်ပြီး သူတို့ကို ခေါ်လိုက်သည်။ "အဖွား၊ ဦးလေး။"
ချိုင်ချွမ်းဟွာက ကျဲန်အိုက်ကို တည်ငြိမ်စွာကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ပြန်လာပြီပေါ့လေ။"
သူမ၏လေသံက အေးစက်ပြီး ခပ်စိမ်းစိမ်းနိုင်ကာ ဆွေမျိုးသားချင်းသံယောဇဉ် တစ်စွန်းတစ်စမျှ မပါဝင်ခဲ့ပေ။
ဝမ်ယွင်ဖာက မျက်လုံးပင်မပင့်ခဲ့ပေ။ သူက ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ထိုင်နေပြီး ကျဲန်အိုက်ကို မသိသလိုပင်။
ဝမ်ယွင်မေက သူမကြောင့် မည်သူကမျှ သူမ၏ကလေးများကို မကြိုက်ကြဘူးဆိုတာကို သိသည်။ ကျဲန်အိုက် စိတ်မကောင်းဖြစ်မှာစိုးသောကြောင့် သူမက အမြန်ခေါ်လိုက်သည်။ "ရှောင်အိုက်၊ မေမေ မီးဖိုချောင်ထဲမှာ သမီးအတွက် အစားအသောက်ချန်ထားတယ်။ အရင်သွားစားနှင့်လိုက်ဦး။ အဖွားနဲ့ ဦးလေးနဲ့ ပြောစရာလေးရှိလို့။"
ကျဲန်အိုက်က ခေါင်းညိတ်ပြီး ဘာမှမပြောခဲ့ပေ။ သူမက လွယ်အိတ်ကိုပစ်ချပြီး မီးဖိုချောင်ထဲသို့ ဝင်သွားကာ မီးဖိုချောင်တံခါးကို ပိတ်ဖို့လည်း မမေ့ခဲ့ပေ။
ဤသည်ကိုမြင်တော့ ဝမ်ယွင်မေက သက်ပြင်းချပြီး အဖွားအိုနှင့် သူမမောင်ကို ကြည့်လိုက်သည်။ "မေမေ၊ သမီးပြောစရာရှိတာတွေ ပြောပြီးသွားပြီ။ သမီး အလုပ်သွားရဦးမယ်။ မေမေတို့ အရင်ပြန်ကြပါဦး။"
"ပြန်ရမယ် ဟုတ်လား။ ဘယ်ကိုပြန်ရမှာလဲ။" ချိုင်ချွမ်းဟွာက အသံမြှင့်ပြီး သူမသမီးကို ကြည့်လိုက်သည်။ "နင့်မောင်က အသက်သုံးဆယ်ကျော်နေပြီ။ သူ အိမ်ထောင်ဖက်တစ်ယောက်ရှာပြီး အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်ဘူး။ နင်က ဒါကို ဖျက်ဆီးပစ်ဖို့ စိတ်အားထက်သန်နေတာလား။"
"အစ်မ၊ အစ်မက ကျွန်တော့်ကို တမင်တကာ လူပျိုကြီးဖြစ်အောင် လုပ်နေတာလား။" ဝမ်ယွင်ဖာက မကျေမနပ်မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
ဝမ်ယွင်မေက ဘယ်တုန်းကမှ အနိုင်ကျင့်ခံရမည့်သူတစ်ယောက် မဟုတ်ခဲ့ပေ။ ဒါ့အပြင် ဒီကိစ္စက သူမနဲ့ ဘာဆိုင်လို့လဲ။ သူမမောင်က အိမ်ထောင်ပြုတော့မည်၊ မိန်းကလေးဘက်က အိမ်အသစ်တစ်လုံးလိုချင်သည်။ သူ မတတ်နိုင်ဘူးဆိုရင် ဘာလို့ သူမဆီကို ပိုက်ဆံလာတောင်းရတာလဲ။ သူမက ပိုက်ဆံမပေးတော့ တမင်တကာ ပြဿနာရှာနေတာလား။
"မေမေ၊ မေမေ ယုတ္တိရှိရှိပြောလို့ရမလား။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ကျဲန်ယွီနဲ့ ကျဲန်အိုက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ဖို့ ပိုက်ဆံရှာရတာ လွယ်တယ်လို့ မေမေထင်နေတာလား။ မေမေ မကူညီခဲ့တာထားပါတော့၊ အခုကျတော့ အစ်ကိုအိမ်ဝယ်ပြီး အိမ်ထောင်ပြုဖို့ ကျွန်မဆီကို ပိုက်ဆံလာတောင်းတယ် ဟုတ်လား။ ရှင်တို့ လူကို ဒီလိုမျိုး အနိုင်ကျင့်လို့ရသလား။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: