အခန်း (၆၁) : ပြန်ပေးမယ် ဟုတ်လား။ ဘာနဲ့ပြန်ပေးမှာလဲ။
"အစ်မ၊ အစ်မရဲ့စကားတွေက ပြင်းလွန်းတယ်မဟုတ်ဘူးလား။ ပိုက်ဆံနည်းနည်းချေးတာကို အနိုင်ကျင့်တယ်လို့ ခေါ်လို့ရလား။ ကျွန်တော် ပြန်မပေးဘူးလို့ ပြောနေတာမှမဟုတ်တာ။" ဝမ်ယွင်ဖာက နှာခေါင်းရှုံ့ပြီး နှုတ်ခမ်းမဲ့လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အစ်မရဲ့မောင်အရင်းပဲလေ…"
ချိုင်ချွမ်းဟွာရဲ့မျက်နှာကလည်း အေးစက်နေခဲ့သည်။ ဝမ်ယွင်မေ ခုနကပြောလိုက်တဲ့စကားတွေကို သူမ မကျေမနပ်ဖြစ်နေပုံရသည်။ သူမက ချက်ချင်းဆိုသလို ထပ်ဖြည့်ပြောလိုက်သည်။ "သွေးက ရေထက်ပျစ်တယ်လို့ လူတိုင်းပြောကြတာပဲ။ နင့်နှလုံးသားက ကျောက်တုံးနဲ့ ထုထားတာလား။ နင့်မောင်က အသက်မငယ်တော့ဘူး။ အခု နောက်ဆုံးတော့ အိမ်ထောင်ပြုနိုင်တော့မှာကို နင်က သူ့ကို ပိုက်ဆံအရင်ချေးပေးလိုက်လို့ရတာပဲ။ သူပိုက်ဆံရှိတဲ့အခါကျရင် နင့်ကိုပြန်ပေးမှာပေါ့။"
"ဟုတ်တယ်လေ…" ဝမ်ယွင်ဖာက ညည်းတွားလိုက်သည်။
“ပြန်ဆပ်မယ်” ဝမ်ယွမ်မေက ရယ်စရာတစ်ခုခု ကြားလိုက်ရသလိုမျိုး ကြည့်လိုက်သည်။
သူမက ဒေါသထွက်လွန်းလို့ ရယ်တောင်ရယ်လိုက်မိသည်။ သူမက သပ်ရပ်မှုမရှိတဲ့ ဝမ်ယွမ်ဖာကို ကြည့်ပြီး ချိုင်ချွန်းဟွာကို ပြောလိုက်တယ်၊ “မေမေ၊ မေမေက ယွမ်တစ်သိန်းတောင်းနေတာ။ ကျွန်မ ယွမ်တစ်သိန်းရဖို့ မနက်အစောကြီးထပြီး ညဉ့်နက်တဲ့အထိ နှစ်ပေါင်းများစွာ အလုပ်လုပ်ရတယ်ဆိုတာ မေမေသိရဲ့လား။ ကောင်းပြီလေ၊ မေမေနဲ့ ယွမ်ဖာပြောသလိုပဲ၊ အနာဂတ်မှာ ကျွန်မကို ပြန်ဆပ်မယ်ဆိုပါတော့။ သူက ဘာများရှိလို့ နောက်ဆုံးကျ ဒီပိုက်ဆံကို ပြန်ဆပ်နိုင်မှာတဲ့လဲ။”
ဝမ်ယွင်မေက လက်ညှိုးမြှောက်ပြီး ဝမ်ယွင်ဖာကို ထိုးလိုက်သည်။ "မေမေ့သားအကြောင်းကို မေမေမသိဘူးလား။ သူက ငယ်ငယ်ကတည်းက လောင်းကစားလုပ်၊ ရန်ဖြစ်၊ မိန်းမလိုက်စားနဲ့။ ဘယ်တုန်းက ကျွန်မ သူ့ကို ပစ်ထားခဲ့လို့လဲ။ သူ့အစ်မတစ်ယောက်အနေနဲ့ သူ့နောက်ကွယ်ကနေ ရှုပ်သမျှကို လိုက်ရှင်းပေးခဲ့ရတာ မနည်းတော့ဘူး။ မေမေတို့ သက်ကြီးပိုင်းနှစ်ယောက်က သူ့အတွက် ပိုက်ဆံဘယ်လောက်ပေးခဲ့ရလဲဆိုတာကို မသိကြဘူးလား။"
"နှစ်ပေါင်းများစွာ သူဘာလို့ ရည်းစားမရှာနိုင်ခဲ့တာလဲ။ လူတိုင်းက သူက ဝမ်မိသားစုရဲ့ အငယ်ဆုံးသားဆိုတာကို ကြားတာနဲ့ သူ့ကိုရှောင်ကြတယ်။ ပွဲစားကတောင် သူ့ပိုက်ဆံကို မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ အခု သူအသက်သုံးဆယ်ကျော်ပြီး အိမ်ထောင်မပြုနိုင်တော့ဘူး။ ဒါကို သူ့အစ်မဖြစ်တဲ့ ကျွန်မအပေါ် အပြစ်ပုံချလို့ရသလား။"
ဝမ်ယွင်မေက အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ဖွင့်ချလိုက်တော့ ဝမ်ယွင်ဖာက ချက်ချင်းမကျေမနပ်ဖြစ်သွားသည်။ သူက ဆိုဖာပေါ်ကနေထပြီး ဝမ်ယွင်မေကို အော်ပြောလိုက်သည်။ "အစ်မ၊ အစ်မ ပိုက်ဆံမချေးချင်ရင်လည်း ပြီးတာပဲ။ ဒီအကြောင်းတွေပြောနေလို့ ဘာထူးမှာလဲ။ အစ်မလည်း ကလပ်က ဖျော်ဖြေရေးဝန်ထမ်းပဲမဟုတ်ဘူးလား။ ငါတို့နှစ်ယောက်က အဆင့်အတန်းတူတူပဲ။ တစ်ယောက်ကိုတစ်ယောက် အထင်မသေးကြေးပေါ့။"
"ဖြန်း!"
စကားဆုံးတာနဲ့ ဝမ်ယွင်ဖာရဲ့မျက်နှာပေါ်ကို ပါးရိုက်ချက်တစ်ခု ပြင်းပြင်းထန်ထန် ကျရောက်လာခဲ့သည်။
"ခွေးကောင်!" ဝမ်ယွင်မေရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး သူမ မျက်ရည်တွေကို အစွမ်းကုန်ထိန်းထားလိုက်သည်။
ဖျော်ဖြေရေးဝန်ထမ်းတစ်ယောက်ဖြစ်ရခြင်းက တခြားသူတွေရဲ့အမြင်မှာ သိက္ခာရှိတဲ့အလုပ်တစ်ခုမဟုတ်ဘူးဆိုတာကို သူမသိသည်။ သူမပတ်ဝန်းကျင်ကလူတွေက သူမနောက်ကွယ်မှာ မကြာခဏ ဝေဖန်ပြောဆိုနေကြတယ်ဆိုတာကိုလည်း သူမသိသည်။ သို့သော် ဒီစကားတွေက သူမမောင်ငယ်ရဲ့ပါးစပ်ကနေ ထွက်ပေါ်လာပြီး သူမမျက်နှာရှေ့မှာ တည့်တည့်ပြောဆိုခံလိုက်ရတဲ့အခါ ဝမ်ယွင်မေ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
သူမနဲ့သူမမောင်တွေကြားက သံယောဇဉ်က ရေလိုပဲပေါ့ပါးပေမဲ့ သူတို့က ဒီကမ္ဘာပေါ်မှာ မိသားစုလို့သတ်မှတ်လို့ရတဲ့ တစ်ဦးတည်းသောသူတွေပဲ။ သူမ ဘယ်လိုလုပ် စိတ်မပျက်ဘဲနေနိုင်မှာလဲ။
ဝမ်ယွင်ဖာရဲ့မျက်နှာက ပူလောင်နာကျင်နေပြီး အတော်ကြာတဲ့အထိ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ သူ့အစ်မရဲ့စိတ်ဓာတ်က သန်မာတယ်ဆိုတာကို သူသိပေမဲ့ သူမက သူ့အပေါ် လက်ပါလိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ဘူး။ သူက ကြောင်ငေးနေပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုတောင် မေ့နေခဲ့သည်။
ချိုင်ချွမ်းဟွာလည်း တုန်လှုပ်သွားခဲ့သည်။ ဝမ်ယွင်မေက ဒီလောက်တောင် စိတ်လှုပ်ရှားသွားလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။ သူမက တိုးတိုးလေးပြောလိုက်မိသည်။ "ယွင်မေ၊ နင့်မောင်ကလည်း စိုးရိမ်နေတော့ စကားကို ချင့်ချိန်မပြောမိတာပါ။ စိတ်ထဲမထားပါနဲ့တော့။"
နှစ်သိမ့်စကားအနည်းငယ်ပြောပြီးနောက်မှာ အဖွားအိုက အကြောင်းအရာကို ပြန်ဆွဲခေါ်လိုက်သည်။ "ဒါပေမဲ့ နင်လည်းသိတာပဲ၊ နင့်မောင်သာ ဒီတစ်ခါအဆင်မပြေခဲ့ရင် နောင်ကျရင် သူမိန်းမရှာလို့ရတော့မှာမဟုတ်ဘူး။ သူ့အစ်မတစ်ယောက်အနေနဲ့ နင်ဒီလိုလုပ်ရက်နိုင်လို့လား။"
ပြောပြောဆိုဆိုနဲ့ အဖွားအိုရဲ့မျက်လုံးထဲကနေ မျက်ရည်တွေ ကျဆင်းလာခဲ့သည်။ "မေမေက နင်တို့လေးယောက်ကို မွေးခဲ့တာ။ နင့်အစ်ကိုကြီးက လိမ္မာတယ်။ နင်က အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ အခု သားတစ်ယောက်၊ သမီးတစ်ယောက်တောင် ရှိနေပြီ။ ယွင်ကျိက ဘဝနည်းနည်းကြမ်းတမ်းပေမဲ့ နင့်ခဲအိုက သူ့ကိုအလိုလိုက်တာမှာ တော်တယ်။ ယွင်ဖာတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်နေ့နေ့မှာ နင့်အဖေနဲ့ငါသာ မရှိတော့ဘူးဆိုရင် သူ တစ်ကောင်ကြွက် ဖြစ်ကျန်နေခဲ့မှာ။ ပြောစမ်းပါ၊ ငါတို့ ဘယ်လိုလုပ်ရမှာလဲ။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: