အခန်း (၆၅) : ယွမ်နှစ်သိန်း၊ ပြောတဲ့အတိုင်းလုပ်မယ်
"ဘာပြောတယ်။" အဖွားအိုက သူမရဲ့ အကြီးဆုံးသား အကျိုးစီးပွားနဲ့ ပတ်သက်လာတာကို ကြားတော့ ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။ "ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဒါက နင့်ဦးလေးအကြီးရဲ့အိမ်လေ။"
ကျဲန်အိုက်က အဖွားအို ဒီလိုတုံ့ပြန်မယ်ဆိုတာကို ကြိုသိနေခဲ့တာကြာပြီ။ ငယ်ငယ်ကတည်းက သူမရဲ့အကြီးဆုံးသားနဲ့ ပတ်သက်တဲ့ကိစ္စမှန်သမျှမှာ သူက အသာစီးရမြဲပဲ။ တခြားဘယ်သူမှ သူ့ဆီက အခွင့်အရေးယူဖို့ စိတ်ကူးတောင်မကူးရဲဘူး။
ကျဲန်အိုက်က အဖွားအိုကိုကြည့်ပြီး "အဖွား၊ သမီးမှတ်မိသလောက်ဆိုရင် အဖွားနဲ့အဖိုးက ဦးလေးကိုပေးထားတဲ့အိမ်က အခုလွတ်နေတာပဲ။ ခြံထဲကမြက်တွေက တစ်မီတာတစ်ဝက်လောက်တောင် ရှည်နေပြီ! ဦးလေးက အခု သူ့အလုပ်အကိုင်မှာ အောင်မြင်နေပြီ။ မြို့ထဲမှာ အိမ်အနည်းဆုံးနှစ်လုံးလောက်ရှိတယ်။ သူ တောင်ပိုင်းမြို့ကို ပြန်လာဦးမယ်လို့ အဖွားထင်နေတုန်းလား။ သူ ဒီလိုခြံတစ်ခြံရှိခဲ့တာကိုတောင် မေ့နေလောက်ပြီ။"
"အခု ဦးလေးငယ်က အိမ်ထောင်ပြုဖို့ ပိုက်ဆံလိုနေတယ်၊ ဦးလေးကြီးကတော့ သူ့ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်မှုက ကျပ်နေလို့ ပိုက်ဆံတစ်ပြားမှ မထုတ်ပေးနိုင်ဘူးလို့ ပြောတယ်။ ဒါက အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ အခုလောလောဆယ် မပြောကြသေးဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက အဲ့ဒီအိမ်ကို အလွတ်ထားထားတာပဲ။ သူ့ညီလေးရဲ့ အရေးပေါ်အခြေအနေအတွက် ပိုက်ဆံနည်းနည်းနဲ့ လဲလှယ်ပေးလို့မရဘူးလား။ ဒါမှမဟုတ် အဖွားက အကြီးဆုံးသားရဲ့အိမ်ကို နှမြောတွန့်တိုနေပြီး ဦးလေးငယ်ရဲ့မင်္ဂလာပွဲ ပျက်သွားတာကိုပဲ လိုလားနေတာလား။"
ကျဲန်အိုက်ရဲ့လေသံက ခပ်ပြတ်ပြတ်နိုင်ပေမဲ့ သူမရဲ့စကားလုံးတွေကတော့ ဆူးတွေလိုပဲ စူးရှလှသည်။
အဖွားအိုက ထိတ်လန့်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။ "နင်လျှောက်ပြောနေတာ။ ဟုတ်ပါတယ်၊ နင့်ဦးလေးရဲ့မင်္ဂလာပွဲက ပိုအရေးကြီးတာပေါ့။"
ဒီစကားကိုကြားတော့ ကျဲန်အိုက်က မျက်ခုံးပင့်လိုက်သည်။ "အဖွားက ဒီလိုပြောမှတော့ သမီးလည်း ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်မယ်။ ကျွန်မတို့မိသားစုက ပိုက်ဆံမချေးဘူး၊ ဒါပေမဲ့ အိမ်ဂရန်စာချုပ်နှစ်စောင်နဲ့ လဲလှယ်လို့ရတယ်။ ကျွန်မတို့က တခြားသူတွေကို အခွင့်ကောင်းယူတတ်တဲ့လူတွေမဟုတ်ပါဘူး။ ဒီအိမ်နှစ်လုံးရဲ့ လက်ရှိတန်ဖိုးက ယွမ်တစ်သိန်းတစ်သောင်း ဒါမှမဟုတ် နှစ်သောင်းလောက်ပဲရှိတာ။ ကျွန်မတို့မိသားစုက ဦးလေးရဲ့မင်္ဂလာဆောင်အတွက် ယွမ်နှစ်သိန်း ထောက်ပံ့ပေးမယ်။ ဒါကို သူ့အစ်မဖြစ်တဲ့ ကျွန်မအမေရဲ့ မေတ္တာလက်ဆောင်တစ်ခုအနေနဲ့လည်း သဘောထားလိုက်ပါဦး။"
"ဘယ်… ဘယ်လောက်တောင်။"
ဝမ်ယွင်ဖာက သူကြားမှားသွားတယ်လို့ထင်ပြီး ချက်ချင်းဆိုသလို အံ့အားသင့်စွာ ပါးစပ်ဟသွားသည်။
အဖွားအိုလည်း ကြောင်သွားခဲ့သည်။ သူမက ဒီနေ့ သူမသမီးဆီကို ယွမ်တစ်သိန်းတောင်းဖို့ လာခဲ့တာဆိုတော့ အိမ်နှစ်လုံးကို ယွမ်တစ်သိန်းနဲ့ လဲလှယ်နိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျဲန်အိုက်က ယွမ်နှစ်သိန်းလို့ ပြောလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
အဲ့ဒီအချိန်မှာတော့ ဝမ်ယွင်မေက သူမသမီးရဲ့ရည်ရွယ်ချက်ကို သိသွားတာကြောင့် စိတ်တည်ငြိမ်သွားခဲ့သည်။
သူမ စိတ်ထဲမှာ တိတ်တိတ်လေး တုန်လှုပ်သွားခဲ့သည်။ သူမသမီးက ကိစ္စတွေကို ဒီအဆင့်အထိ စီစဉ်ထားလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။ သို့သော် သူတို့ပရိယာယ်သုံးနေသည့်သူများမှာ သူမ၏မောင်များဖြစ်နေသည်။ သူမ ပျော်ရွှင်သင့်သလား၊ သို့မဟုတ် အခြားစိတ်ခံစားချက်များ ခံစားသင့်သလားဆိုတာကို သူမမသိခဲ့ပေ။
သူတို့နှစ်ယောက် မယုံကြည်တာကိုမြင်တော့ ကျဲန်အိုက်က ထပ်ပြောလိုက်သည်။ "ယွမ်နှစ်သိန်းပါ။ ကျွန်မတို့မိသားစုက ပြောတဲ့အတိုင်းလုပ်ပါတယ်။ မနက်ဖြန် အိမ်နှစ်လုံးရဲ့ဂရန်စာချုပ်ကို လွှဲပေးလိုက်တာနဲ့ ကျွန်မအမေက ဦးလေးကို ယွမ်နှစ်သိန်း ချက်ချင်းပေးပါလိမ့်မယ်။"
"ဒီပိုက်ဆံက ကျုံးလုံခရိုင်မှာ စတုရန်းမီတာ ရှစ်ဆယ်ရှိတဲ့အိမ်တစ်လုံးဝယ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။ ပိုက်ဆံအများကြီးလည်း ကျန်ဦးမှာ။ ဦးလေးက ဒါကို စေ့စပ်လက်ဆောင်အတွက်သုံးသုံး၊ ကားဝယ်ဝယ်၊ လုံလောက်ပါတယ်။ ဒီမင်္ဂလာပွဲကလည်း ခမ်းနားသွားနိုင်တာပေါ့။"
ဝမ်ယွင်ဖာရဲ့မျက်လုံးတွေက တောက်ပသွားခဲ့သည်။ ကျဲန်အိုက်က သူ့ကို နားချနိုင်ခဲ့မှန်း ထင်ရှားနေခဲ့သည်။ ယွမ်နှစ်သိန်းရှိရင် သူအိမ်တစ်လုံးနဲ့ ကားတစ်စီးဝယ်ရင်တောင် ယွမ်သောင်းဂဏန်းလောက် ကျန်ဦးမှာပဲ။ အိမ်အဟောင်းနှစ်လုံးရဲ့ ဈေးကွက်တန်ဖိုးက ယွမ်တစ်သိန်းပဲရှိပေမဲ့ သူ့အစ်မက အဲ့ဒီပမာဏရဲ့ နှစ်ဆပေးဖို့ ဆန္ဒရှိနေခဲ့တယ်!
"အစ်မ၊ ရှောင်အိုက်ပြောတာ အမှန်လား။ အစ်မ ကျွန်တော့်ကို ယွမ်နှစ်သိန်းပေးဖို့ ဆန္ဒရှိတာလား။" ဝမ်ယွင်ဖာက ဝမ်ယွင်မေကို ကြည့်ပြီး သူမရဲ့အတည်ပြုချက်ကို ရယူလိုခဲ့သည်။
ဝမ်ယွင်မေ တစ်ခဏတော့ တွေဝေသွားသည်။ သို့သော် သူမသမီးက ဒီလိုပြောမှတော့ သူမသမီးရဲ့ရည်ရွယ်ချက်တွေနဲ့ အစီအစဉ်တွေကို သူမသိလိုက်သည်။ ညှိနှိုင်းစရာနေရာမရှိတော့ပေ။ သူမ သွားကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အိမ်နှစ်လုံးနဲ့ လဲလှယ်ရင် နင့်ကို ယွမ်နှစ်သိန်းပေးမယ်။ ဒါက ချေးငွေလို့ သတ်မှတ်မှာမဟုတ်ဘူး၊ နောင်ကျရင်လည်း ပြန်ပေးစရာမလိုဘူး။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: