အခန်းထဲမှာ တိတ်ဆိတ်သွားသည်။ ကော်ဖီစားပွဲပေါ်က ရေဖန်ခွက်အနည်းငယ်ကို ကြည့်ရင်း ကျဲန်အိုက် သက်ပြင်းချလိုက်မိသည်။

ယောက်ျားလေးဦးစားပေးဝါဒသည် ရှေးခေတ်ကတည်းက ရှိခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ဤသို့သောဓလေ့ထုံးစံမျိုးက သူမ၏အိမ်တွင် ဤမျှတိုင် အမြစ်တွယ်နေလိမ့်မည်ဟု ကျဲန်အိုက် ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ထောင်စုနှစ်သစ်သို့ ရောက်တော့မည်ဖြစ်သော်လည်း ဤသို့သော ခေတ်နောက်ကျသည့်လူများ ရှိနေသေးသည်။ သူတို့သားက အေးသည်ဟု အော်လိုက်လျှင်ပင် သမီးကို အရေခွံခွာပြီး သူ့အတွက် အဝတ်ချုပ်ပေးမည့်အထိပင်။

ကျဲန်အိုက်သည် သူမ ခုနကလုပ်ခဲ့သည့်အရာများတွင် အမှားအယွင်းတစ်စုံတစ်ရာရှိသည်ဟု မထင်ခဲ့ပေ။ ကျဲန်အိုက်အတွက်မူ သွေးသားတော်စပ်သည်ဟုဆိုသော ဤလူအားလုံးသည် လူစိမ်းများနှင့် သိပ်မထူးခြားလှပေ။ အကျိုးအမြတ်မရှိလျှင် ဘယ်သူမှ စောစောမထပေ။ အကျိုးအမြတ်သာမရှိခဲ့လျှင် သူမသည် သူတို့၏ စုတ်ပြတ်နေသောအိမ်များကို အကြောင်းမဲ့ ဝယ်ယူခဲ့မည်မဟုတ်ပေ။ ဤသည်မှာ သူမ၏အရင်ဘဝတွင် စီးပွားရေးသမားတစ်ယောက်အဖြစ် သင်ယူခဲ့ရသော အရာတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် နောင်တွင် ဘာပဲဖြစ်ဖြစ်၊ သူမ၏ ယနေ့လုပ်ရပ်များအတွက် နောင်တရမည်မဟုတ်ပေ။ သူမသည် ဤမိသားစုအတွက်၊ သူမ၏အမေနှင့် အစ်ကိုအတွက် လုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်မူ ကျဲန်အိုက်၏အိမ်မှ ထွက်လာသည်နှင့် ဝမ်ယွင်ဖာက အဖွားအိုအား "မေမေ၊ ကြည့်ရတာ အစ်မက ဒီနှစ်တွေအတွင်း ပိုက်ဆံအများကြီးရှာထားပုံပဲ။ ယွမ်နှစ်သိန်းကို ဒီအတိုင်းလေးပဲ ကမ်းလှမ်းလိုက်တာ" ဟုဆိုလိုက်သည်။

အဖွားအိုက ဝမ်ယွင်ဖာကို စိုက်ကြည့်လိုက်သည်။ "သူဘယ်မှာအလုပ်လုပ်လဲဆိုတာကို နင်မသိတာမှမဟုတ်တာ။ အဲ့ဒီလိုနေရာမျိုးတွေမှာ အလုပ်လုပ်နေတဲ့ ဘယ်သူက သူဌေးကြီးမဟုတ်လို့လဲ။"

"ဒါလည်းဟုတ်တာပဲ။ အစ်မက အဲ့ဒီမှာ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ငွေရှင်တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံတော်တော်လေးပေးထားမှာပဲ။" ဝမ်ယွင်ဖာက နှုတ်ခမ်းမဲ့ပြီး အထင်သေးစွာဆိုလိုက်သည်။

"နင် အရင်ပြန်နှင့်လိုက်။ ငါနင့်အစ်ကိုကို ဒီအကြောင်းသွားပြောလိုက်ဦးမယ်။" အဖွားအိုက လက်ဝှေ့ယမ်းပြီး လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း ဝမ်ယွင်ဖာက သူမကို ဆွဲထားလိုက်သည်။

"မေမေ၊ မေမေ…" ဝမ်ယွင်ဖာက အဖွားအိုကို သစ်ပင်ဘက်သို့ဆွဲခေါ်သွားပြီး အသံကိုနှိမ့်ချလိုက်သည်။ "မေမေ့အထင် ကျွန်တော့်အစ်ကိုက ဂရန်စာချုပ်ကို အလကားပေးမယ်လို့ထင်လား။ အစ်မက ယွမ်နှစ်သိန်းထုတ်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာကို သူသာသိသွားရင် တစ်ဝက်ခွဲယူချင်မှာမဟုတ်ဘူးလား။"

"ဘာဖြစ်လို့လဲ။ နင်က အကုန်လုံးကို တစ်ယောက်တည်း သိမ်းထားချင်လို့လား။" အဖွားအိုက သူ့ကိုစိုက်ကြည့်ပြီး မကျေမနပ်ဖြင့် "အဲ့ဒီအိမ်က မူလကတည်းက နင့်အစ်ကိုပိုင်တာလေ။ ရောင်းလိုက်ရင် တစ်ဝက်တော့ ပေးရမှာပေါ့!"

"မဟုတ်ဘူးလေ၊ ဒါဆိုရင် ကျွန်တော့်မှာ ယွမ်တစ်သိန်းပဲ ကျန်တော့မှာပေါ့။ အိမ်အသစ်တစ်လုံးဝယ်ပြီးရင် တစ်ပြားတစ်ချပ်မှ ကျန်တော့မှာမဟုတ်ဘူး။" ဝမ်ယွင်ဖာ၏မျက်နှာက ရှုံ့မဲ့သွားပြီး နှမြောတွန့်တိုနေပုံရသည်။

"ဒါဆို နင်က ဘာကိုဆိုလိုတာလဲ။ နင့်အစ်ကိုက အိမ်ကို အလကားပေးစေချင်တာလား။" အဖွားအိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ဝမ်ယွင်ဖာက ပြုံးစိစိလုပ်ပြီး ချွဲနွဲ့သောလေသံဖြင့် "မေမေ… အစ်ကို့ရဲ့ကုမ္ပဏီက ယွမ်တစ်သန်းကျော်တန်တဲ့ ပိုင်ဆိုင်မှုတွေရှိတာလေ။ ဒီလိုစုတ်ပြတ်နေတဲ့ ခြံဝင်းလေးတစ်ခုကို သူက ဂရုစိုက်နေမှာလား။ ဒါ့အပြင် ဒီခြံဝင်းက နှစ်ပေါင်းများစွာ လွတ်နေခဲ့တာပဲ။ သူက ရောင်းလည်းမရောင်းနိုင်၊ အဲ့ဒီမှာလည်း ထပ်နေတော့မှာမဟုတ်ဘူး။ ဒါကို ကျွန်တော့်အတွက် မင်္ဂလာလက်ဆောင်အဖြစ် ပေးလိုက်ပါလားလို့ ပြောပေးပါလား၊ ဟုတ်ပြီလား။"

"ဒါ့အပြင် မေမေ အရင်က သူ့ဆီက ပိုက်ဆံတောင်းခဲ့ပေမဲ့ သူက မပေးခဲ့ဘူးမဟုတ်လား။ အခု သူက ကျွန်တော့်ကို ဒီအိမ်အလွတ်ကြီးကို ပေးလို့မရဘူးလား။"

နောက်ဆုံးတွင် ဝမ်ယွင်ဖာ၏စကားနောက်ကွယ်က အဓိပ္ပာယ်မှာ သူက ယွမ်နှစ်သိန်းကို တစ်ယောက်တည်း အပိုင်စီးချင်ခြင်းပင်ဖြစ်သည်။ သို့သော် ဤစကားကို သူ့အစ်ကိုအား ပြောရန်မကောင်းသောကြောင့် အဖွားအိုထံတွင်သာ ချွဲနွဲ့နေရခြင်းဖြစ်သည်။

အဖွားအိုသည် သူမ၏အကြီးဆုံးသားကို အချစ်ဆုံးဖြစ်သော်လည်း သူမ၏အငယ်ဆုံးသားသည်လည်း သူမ၏ရင်သွေးတစ်ယောက်ပင်။ ဝမ်ယွင်ဖာက သူမအပေါ် ပျော့ပျော့ပျောင်းပျောင်းနှင့်တစ်ဖုံ၊ မာမာထန်ထန်နှင့်တစ်လှည့် နည်းမျိုးစုံသုံးနေပြီး သူကလည်း နောက်ဆုံးတော့ အိမ်ထောင်ပြုတော့မည်ဖြစ်သည်။ အဖွားအို၏နှလုံးသားသည် ပျော့ပျောင်းသွားမိသည်။ သူမက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ကောင်းပြီ။ ငါနင့်အစ်ကိုကြီးဆီကို ဒီဂရန်စာချုပ်ကို သွားတောင်းပေးမယ်။ ဒါပေမဲ့ နင်က ပါးစပ်လုံအောင်နေရမယ်နော်။ နင့်အစ်ကိုသာ နင်ဒီအိမ်ကို နင့်အစ်မကို ဒီလောက်ပိုက်ဆံနဲ့ ရောင်းလိုက်တယ်ဆိုတာကို သိသွားရင် သူငါ့ကို အပြစ်တင်လိမ့်မယ်။"

ဝမ်ယွင်ဖာသည် ဤသည်ကိုကြားတော့ ဝမ်းသာအားရဖြစ်သွားသည်။ သူက အမြန်ခေါင်းညိတ်လိုက်သည်။ "မေမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် တစ်ခွန်းမှပြောမှာမဟုတ်ပါဘူး! ကျွန်တော်အိမ်ထောင်ကျရင် မေမေ့အတွက် မြေးယောက်ျားလေးတစ်ယောက် မြန်မြန်မွေးပေးပြီး ပျော်ရွှင်စေမှာပေါ့!"

"ဒါမှ ငါ့သားကွ!" အဖွားအိုသည် 'မြေးယောက်ျားလေး' ဆိုသည့်စကားလုံးကိုကြားတော့ ဝမ်းသာအားရဖြစ်သွားသည်။