အခန်း (၆၈) : ရှေးဟောင်းဂိုဏ်းမှ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲမှ တစ်ဦး
ညဘက်မှာတော့ ကျဲန်အိုက်က ရေချိုးပြီး ဧည့်ခန်းကို ရှင်းလင်းကာ ရုပ်မြင်သံကြားကို ဖွင့်လိုက်သည်။
ရုပ်မြင်သံကြားမှာ နာမည်ကြီး အိုင်ဒေါဇာတ်လမ်းတွဲတစ်ခု ပြသနေခဲ့သည်။ ဇာတ်လမ်းကတော့ ဘဝင်မြင့်တဲ့ CEO တစ်ယောက်က စင်ဒရဲလားလေးကို ချစ်ကြိုက်သွားတဲ့ ရိုးအီနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တစ်ခုသာ ဖြစ်သည်။ ကျဲန်အိုက်က ပန်းသီးတစ်လုံးကို ဆေးကြောပြီး ဆိုဖာပေါ်မှာ ကွေးကွေးလေးထိုင်ကာ ပျင်းရိစွာ ကြည့်ရှုနေခဲ့သည်။
မကြာခင်မှာပဲ အိပ်ချင်စိတ်က ကျဲန်အိုက်ကို လွှမ်းမိုးလာခဲ့သည်။ မှေးခနဲဖြစ်ပြီး အိပ်ပျော်သွားခါနီးမှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
သူမ ထပြီး အချိန်ကို ကြည့်လိုက်တော့ ည ဆယ်နာရီခွဲ ရှိနေပြီ။ ကျဲန်အိုက် မျက်မှောင်ကြုတ်လိုက်သည်။ ဒီအချိန်ကြီး ဘယ်သူကများ တံခါးလာခေါက်ရတာလဲ။
သိပ်ပြီးမစဉ်းစားဘဲ ကျဲန်အိုက်က ထပြီး တံခါးဖွင့်လိုက်တော့ ဘယ်သူမှမရှိဘဲ လစ်လပ်နေတာကို တွေ့လိုက်ရသည်။ သို့သော် ကျဲန်အိုက် ညည်းတွားလို့မဆုံးခင်မှာပဲ သူမတစ်ကိုယ်လုံး တုန်သွားခဲ့သည်။
"အမလေး…" ကျဲန်အိုက် အော်ဟစ်ပြီး နောက်ကို အမြန်ခုန်ဆုတ်လိုက်သည်။ နှလုံးသားက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မလိုပင်။
တံခါးဝတွင် ဝတ်စုံပြည့်ဝတ်ထားသည့် ဆံပင်ငွေရောင်နှင့် အမျိုးသားတစ်ယောက်က သူ့ညာဘက်လက်ကို လက်သီးဆုပ်ပြီး ဘယ်ဘက်ရင်အုံပေါ်မှာ တင်ထားသည်။ သူက ခေါင်းငုံ့ထားပြီး အရိပ်ထဲမှာ နစ်မြုပ်နေသော သူ့မျက်နှာကို မြင်နိုင်ခြင်းမရှိပေ။ ကျဲန်အိုက် တံခါးဖွင့်လိုက်တုန်းက သူ့ကိုမမြင်လိုက်ရခြင်းမှာ သူက အပြင်ဘက်တွင် ဒူးတစ်ဖက်ထောက်ပြီး ထိုင်နေသောကြောင့် ဖြစ်သည်။
ဒါက ဘာကြီးလဲ။
ညဘက်ကြီးဖြစ်တာကြောင့် ကျဲန်အိုက်က တစ္ဆေမြင်လိုက်ရသည်ဟုပင် ထင်သွားမိသည်။ နှလုံးခုန်သံများ မြန်ဆန်လာသည်။ ကျဲန်အိုက်က တံခါးဝတွင် လေးစားစွာ ဒူးထောက်နေသော လူကိုကြည့်ပြီး စမ်းသပ်သည့်အနေဖြင့် "ရှင်… ရှင်ဘယ်သူလဲ။" ဟု မေးလိုက်သည်။
သူမက ပြန်လည်မွေးဖွားလာခဲ့ပြီး စိတ်စွမ်းအင်ကျင့်ကြံနည်းများကို သင်ယူတတ်မြောက်ထားသော်လည်း ဤသို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ကျဲန်အိုက် စိတ်တည်ငြိမ်နိုင်ခြင်းမရှိသေးပေ။ ဒါ့အပြင် ဒီလူက ဒီလို မှောင်မိုက်ပြီး လေထန်တဲ့ညကြီးမှာ ရုတ်တရက် ပေါ်လာခဲ့တာက အလွန်ထူးဆန်းနေသည်။
ထိုအချိန်တွင် ဆံပင်ငွေရောင်နှင့် အမျိုးသားက ဒူးထောက်ထားသည့် အနေအထားအတိုင်းပင် "ကျွန်တော်မျိုးက ရှေးဟောင်းဂိုဏ်းရဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ဦးပါ။ ပရောဖတ် ပိုင်ကျိုးက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!" ဟု ပြန်ဖြေလိုက်သည်။
ဟမ်!
ကျဲန်အိုက်က ချယ်ရီလုံးလေးပုံစံ ညဝတ်အိပ်စက်ဝတ်စုံလေးနှင့် လက်ထဲတွင် ရီမုကွန်ထရိုးတစ်ခုကိုင်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။ သူမရှေ့က အမျိုးသား၏စကားကို နားထောင်ရင်း သူမ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
ဘယ်က အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်လဲ။ ဘယ်က ဂိုဏ်းချုပ်လဲ။
ခဏနေဦး…
ကျဲန်အိုက်၏ မျက်နှာအမူအရာက တောင့်တင်းသွားပြီး ရုတ်တရက်ဆိုသလို တစ်ဖက်လူပြောနေသည့် အဓိကအချက်ကို ဖမ်းဆုပ်မိသွားသည်။ ရှေးဟောင်းဂိုဏ်း!
သူမ၏ စိတ်စွမ်းအင်ကျင့်ကြံနည်းက ရှေးဟောင်းဂိုဏ်းက မဟုတ်ဘူးလား။
သူမ၏အတွေးများ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာသည်။ ကျဲန်အိုက်၏မျက်လုံးများထဲတွင် သတိကြီးစွာထားသည့်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ သူမ မျက်မှောင်ကြုတ်ပြီး သတိထားကာ "ရှင် ခုနကပြောတာ… ရှင်က ရှေးဟောင်းဂိုဏ်းကလို့ ပြောလိုက်တာလား။" ဟု မေးလိုက်သည်။
ကျဲန်အိုက် ဤမျှ သံသယဝင်နေခြင်းကို အပြစ်တင်၍မရပေ။ ရှေးဟောင်းဂိုဏ်းသည် သူမ၏ လျှို့ဝှက်ချက်ဖြစ်သည်။ သူမ စိတ်စွမ်းအင်ကျင့်ကြံနည်းများကို စုပ်ယူနေစဉ်က အိပ်မက်ထဲမှ စကားလုံးများကို မှတ်မိနေသေးသောကြောင့် ကမ္ဘာပေါ်တွင် ရှေးဟောင်းဂိုဏ်းအကြောင်းသိသူမှာ သူမတစ်ယောက်တည်းသာရှိသည်ဟု တစ်ခါက တွေးထင်ခဲ့ဖူးသည်။ ရှေးဟောင်းဂိုဏ်းသည် နှစ်တစ်ထောင်ကျော် သမိုင်းကြောင်းရှိသည်။ ၂၀၀၂ ခုနှစ် ဒီနေ့ခေတ်ကြီးမှာ ရှေးဟောင်းဂိုဏ်းအောက်တွင် အခြားလူများ ရှိနေသေးသည်ကို သူမ မယုံနိုင်ခဲ့ပေ။
ပိုင်ကျိုးကတော့ မလှုပ်မယှက်ပင်ရှိနေပြီး သူ၏ကြည်လင်သောအသံထဲတွင် လျစ်လျူရှု၍မရနိုင်သော လေးစားမှုသံစဉ်တစ်ခု ပါဝင်နေခဲ့သည်။ "ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ ကျွန်တော်မျိုးက ရှေးဟောင်းဂိုဏ်းအောက်က အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ဦးပါ။ ပရောဖတ် ပိုင်ကျိုးပါ။ ကျွန်တော်မျိုးက ဂိုဏ်းချုပ်ရဲ့ခေါ်သံကို ခံစားမိပြီး အမိန့်နာခံဖို့ ရောက်လာခဲ့တာပါ။"
"ခဏနေဦး…" ကျဲန်အိုက် အနည်းငယ် ကြောင်သွားသည်။ အမျိုးသား၏ စိတ်နေစိတ်ထားနှင့် သဘောထားအပြင် သူ၏စကားများကို ကြည့်ရင်း ကျဲန်အိုက် သူ့ကို အနည်းငယ်ယုံကြည်သွားသည်။ ဘာပဲဖြစ်ဖြစ် သူက ရှေးဟောင်းဂိုဏ်းအကြောင်းကို ပြောနိုင်ခဲ့သည်လေ။ သို့သော် အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်အကြောင်းကို သူမ တစ်ခါမျှမကြားဖူးခဲ့ပေ။ ဒါ့အပြင် ဒီအမျိုးသားက သူက အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ဦးဖြစ်သည်ဟု ဆိုသည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့အပြင် နောက်ထပ် တစ်ဆယ့်တစ်ယောက် ရှိသေးသည်တဲ့လား။
အရေးအကြီးဆုံးကတော့ ကျဲန်အိုက် ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။ "ကျွန်မက ရှင့်ကို ဘယ်တုန်းက ခေါ်ယူလိုက်လို့လဲ။"
ရှင်က ပိုကီမွန်များလား။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ရဲ့ ရင်ဘတ်ကို ကြည့်လိုက်ပါ။ ကျွန်တော်မျိုး အမှန်အတိုင်းပြောနေတယ်ဆိုတာကို သိပါလိမ့်မယ်။" ကျဲန်အိုက် သူ့ကို လုံးလုံးမယုံကြည်သေးမှန်း သိသလို ပိုင်ကျိုးက သတိပေးလိုက်သည်။
ကျဲန်အိုက် မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။ သူမ၏ ချောင်ချိသော ညဝတ်အိပ်စက်ဝတ်စုံအောက်တွင် သူမ၏ ဘယ်ဘက်ရင်အုံပေါ်မှာ စက်ဝိုင်းပုံ တိုတမ်တစ်ခုက တောက်ပနေခဲ့သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: