အခန်း (၆၉) : မင်းရဲ့အဆင့်က ဘယ်လောက်လဲ။
ရုတ်တရက်ပေါ်လာသည့် ဤတောက်ပသောအရာကြောင့် ကျဲန်အိုက် တုန်လှုပ်သွားခဲ့သည်။
တိုတမ်က သေးငယ်သော်လည်း သူမကိုယ်ပေါ်တွင် ဤသို့သောတိုတမ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာကို ကျဲန်အိုက် သေချာနေခဲ့သည်။ သူမက တစ်နာရီအကြာကမှ ရေချိုးခဲ့ခြင်းဖြစ်သည်။ သူမကိုယ်ပေါ်တွင် ဤသို့သောတိုတမ်မျိုးသာရှိခဲ့လျှင် မှန်ထဲတွင် မြင်နိုင်မည်ဖြစ်သည်။
ကိစ္စများက ပိုမိုရှုပ်ထွေးလာသလိုဖြစ်နေပြီး ကျဲန်အိုက် လျင်မြန်စွာ မကြေညက်နိုင်အောင် ဖြစ်သွားခဲ့သည်။ ကျဲန်အိုက် ကြောင်ငေးနေတုန်းမှာပင် မြေကြီးပေါ်တွင် ဒူးထောက်နေသော ပိုင်ကျိုးက ရုတ်တရက်ဆိုသလို သူ၏သွယ်လျသောလက်ချောင်းများကို မြှောက်လိုက်ပြီး အနက်ရောင်ဝတ်စုံအောက်မှ အဖြူရောင်ရှပ်အင်္ကျီ၏ တတိယမြောက်ကြယ်သီးကို ဖွင့်လိုက်သည်။
ကျဲန်အိုက်၏ရင်ဘတ်ပေါ်မှ တိုတမ်နှင့် ထပ်တူကျသော ပုံစံတစ်ခုက ပိုင်ကျိုး၏ရင်ဘတ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည်လည်း ခပ်ဖျော့ဖျော့ တောက်ပနေခဲ့သည်။
"ဒါက ကျွန်တော်တို့ ရှေးဟောင်းဂိုဏ်းရဲ့ အမှတ်အသားပါပဲ။ ဂိုဏ်းချုပ်၊ နောက်ဆုံးတော့ ကျွန်တော်မျိုး ဂိုဏ်းချုပ်ကို ရှာဖွေတွေ့ရှိခဲ့ရပါပြီ။" ပိုင်ကျိုး၏ တည်ငြိမ်သောအသံထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
ကျဲန်အိုက်က သတိပြန်ဝင်လာပြီး သူမ၏မျက်နှာအမူအရာကို ပြင်လိုက်သည်။ ထို့နောက် သူမက ပိုင်ကျိုးကို "အရင်ဆုံး ထပါဦး" ဟုဆိုလိုက်သည်။
သူမရှေ့ကလူ ပြောသည်မှာ အမှန်ဟုတ်မဟုတ်ကို ဘေးဖယ်ထားဦး၊ သူ သူမကို ထိခိုက်နာကျင်စေမည်မဟုတ်ကြောင်းကို ကျဲန်အိုက် ခံစားမိသည်။ သူပေါ်လာကတည်းက သူမရှေ့တွင် ဒူးထောက်နေခဲ့သည်။ ကျဲန်အိုက် အနေရခက်မနေဘဲ မနေနိုင်ခဲ့ပေ။
ပိုင်ကျိုး ဤသည်ကိုကြားတော့ ချက်ချင်းဆိုသလို နာခံစွာ မတ်တပ်ရပ်လိုက်သည်။ သူ့တွင် တည့်မတ်ပြီး ရှည်လျားသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အရပ်က ၁.၈၅ မီတာရှည်သည်။ သူခေါင်းမော့လိုက်သည့်အခါ ကျဲန်အိုက် အသက်ပြင်းပြင်းရှူလိုက်မိသည်။
ယောက်ျားတစ်ယောက်က ဘာလို့ ဒီလိုပုံစံမျိုး ဖြစ်နေရတာလဲ။
ခန့်ညားခြင်း သို့မဟုတ် ကြည့်ကောင်းခြင်းမဟုတ်ဘဲ အမျိုးသမီးများကိုပင် နှိုင်းယှဉ်၍မရအောင်ပြုလုပ်နိုင်သော ဆွဲဆောင်မှုရှိသည့် အလှအပမျိုးဖြစ်သည်။
သူ၏ဆံပင်အရှေ့စက သူ့မျက်ခုံးများကို ဖုံးအုပ်ထားပြီး အနည်းငယ် မြင့်တက်နေသော မြေခွေးမျက်လုံးတစ်စုံကိုသာ မြင်နေရသည်။ သူ့၏ အတွင်းဘက်မျက်ခွံနှစ်ထပ်အောက်တွင် သူ့မျက်ဆံများထဲတွင် ကြယ်များ ခုန်ပေါက်နေသလိုပင်။ သူ့မျက်တောင်များက အလွန်အကျူးရှည်လျားပြီး နှစ်မီတာအကွာမှ ကျဲန်အိုက်ပင် မြင်နိုင်ခဲ့သည်။ သူ့နှာတံက ခိုင်မာပြီး သူ့၏ပါးလွှာသောနှုတ်ခမ်းများက ဂျယ်လီကဲ့သို့ ပန်းရောင်သန်းကာ နူးညံ့နေခဲ့သည်။ သူ့ကိုယ်ပေါ်တွင် ပေါ်လွင်နေသော အသားအရေမှာ ဖြူစင်တောက်ပနေခဲ့သည်။ သူ့၏အနည်းငယ်ရှည်လျားသော ဆံပင်ငွေရောင်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူက တခြားသူများကို ဒေါသထွက်သွားစေလောက်အောင် လှပနေခဲ့သည်။
အမျိုးသမီးတစ်ယောက်အနေဖြင့် ကျဲန်အိုက်က သူမကိုယ်သူမ ရုပ်ရည်ကောင်းသည်ဟု ထင်ခဲ့သော်လည်း ဤလူ၏ရှေ့တွင်မူ သူမ ချက်ချင်းဆိုသလို ရှက်ရွံ့သွားမိသည်။
သူမ တုန်လှုပ်သွားပေမယ့် စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်မိတယ်။ ယောက်ျားတစ်ယောက်က ဒီလိုပုံစံမျိုးဖြစ်နေတာက လုံးဝကို အဓိပ္ပာယ်မရှိဘူး။
အရေးအကြီးဆုံးမှာ ပိုင်ကျိုးသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရုပ်ရည်ရှိသော်လည်း သူ့၏ aura က မြင့်မြတ်ပြီး လုံးဝပေါ့ပျက်ပျက်နိုင်ခြင်းမရှိပေ။
ညလေတစ်ချက် တိုက်ခတ်လာရာ ကျဲန်အိုက် တုန်ယင်မနေဘဲ မနေနိုင်ခဲ့ပေ။ သူမ ချက်ချင်းဆိုသလို လန်းဆန်းသွားပြီး "အထဲဝင်ပြီး စကားပြောကြရအောင်။ တံခါးပိတ်လိုက်ပါ" ဟုဆိုလိုက်သည်။
သူတို့နှစ်ယောက် ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။ ကျဲန်အိုက်က အရင်ဆုံး ပိုင်ကျိုးကို အကဲခတ်ကြည့်လိုက်ပြီးမှ ခပ်ဖျော့ဖျော့ဆိုလိုက်သည်။ "ကျွန်မက ရှေးဟောင်းဂိုဏ်းရဲ့ စိတ်စွမ်းအင်ကျင့်ကြံနည်း ဆယ့်နှစ်စုံကို စုပ်ယူခဲ့တာတော့ဟုတ်တယ်၊ ဒါပေမဲ့ ဒါတွေက ကျွန်မအိပ်မက်မက်နေတုန်းက ကျွန်မစိတ်ထဲကို အတင်းအကျပ်ထည့်သွင်းခံခဲ့ရတာတွေပါ။ ရှင် ကျွန်မက ရှေးဟောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်တယ်ဆိုတာကို သေချာလို့လား။"
ကျဲန်အိုက်၏နှလုံးသားထဲတွင် မေးခွန်းများစွာရှိနေခဲ့သည်။ သူမ ၎င်းတို့ကို ဖြေရှင်းရမည်ဖြစ်သည်။ သူမရှေ့က ပိုင်ကျိုးအတွက်မူ သူမ လောလောဆယ် ယုံကြည်ဖို့ ရွေးချယ်လိုက်ရုံသာရှိသည်။
ပိုင်ကျိုးက ခပ်ဖျော့ဖျော့ခေါင်းညိတ်ပြီး ကျဲန်အိုက်ကိုကြည့်ကာ "ဟုတ်ပါတယ်။ ဂိုဏ်းချုပ်တစ်ယောက်တည်းသာ စိတ်စွမ်းအင်ကျင့်ကြံနည်း ဆယ့်နှစ်စုံကို သင်ယူနိုင်ပါတယ်" ဟုဆိုလိုက်သည်။
"မင်းကကော။ မင်းကလည်း ရှေးဟောင်းဂိုဏ်းက မဟုတ်ဘူးလား။ ဒီစိတ်စွမ်းအင်ကျင့်ကြံနည်းတွေကို မင်းမသိဘူးလား။" ကျဲန်အိုက်က အမြန်မေးလိုက်သည်။
ပိုင်ကျိုးက ခေါင်းခါလိုက်သည်။ "ကျွန်တော်မျိုးက အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ဦးပါ။ ရှေးဟောင်းဂိုဏ်းရဲ့ စိတ်စွမ်းအင်ကျင့်ကြံနည်းတွေကို သင်ယူဖို့ အရည်အချင်းမရှိပါဘူး။ ဂိုဏ်းချုပ်တစ်ယောက်တည်းသာ လုပ်နိုင်ပါတယ်။"
"ဒါပေမယ့် အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်လုံးက အလွန်ကျွမ်းကျင်ကြပါတယ်။ ဂိုဏ်းချုပ်က စိတ်စွမ်းအင်ကျင့်ကြံနည်း ဆယ့်နှစ်စုံကို ပိုင်ဆိုင်ထားသလောက် အစွမ်းထက်ခြင်းမရှိပေမဲ့ ကျွန်တော်မျိုးတို့တစ်ယောက်ချင်းစီကတော့ အံ့မခန်းစွမ်းရည်တွေရှိတဲ့လူတွေပါပဲ။ ကျွန်တော်မျိုးတို့ရဲ့အဆင့် ပိုမြင့်လေ၊ ပိုအစွမ်းထက်လေပါပဲ။"
ကျဲန်အိုက် ဤသည်ကိုကြားတော့ သူမထဲတွင် စပ်စုစိတ်နှင့် စိတ်ဝင်စားမှုအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမ မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်ပြီး သူမရှေ့က မကောင်းဆိုးဝါးကဲ့သို့ ခန့်ညားသော ဤအမျိုးသားကို ကြည့်လိုက်သည်။ သူမက အသံတိုးတိုးဖြင့် "ဒါဆိုရင် အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲမှာ မင်းရဲ့အဆင့်က ဘယ်လောက်လဲ။" ဟု မေးလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: