အခန်း (၁၆၁) သူ ဘယ်သူလဲ
တံခါးအပြင်ဘက်က ခြေသံတွေကို ကြားတာနဲ့ လင်းထျန် လှည့်ကြည့်လိုက်တော့ အရပ်တစ်မီတာလောက်ရှိပြီး ဆံပင်ကေအပြားနဲ့ အမျိုးသားတစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာတာကို တွေ့လိုက်ရတယ်။
ဒီလူကလည်း အဖြူရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားပြီး ခါးမှာ ခါးပတ်အမည်း ပတ်ထားကာ သူ့အနောက်မှာ လူတစ်စု လိုက်ပါလာတယ်။
ဒီလူကို မြင်တော့ ဝမ်ချောင်က တိုးတိုးလေး ရှင်းပြတယ်။ "ဒီလူက ကရာတေးကလပ်ရဲ့ ဥက္ကဋ္ဌ ဂျပန်လူမျိုး ဂျူနီချီ ယမမိုတိုတဲ့။ သူက ၉-ဒန် အဆင့်ရှိတဲ့ ခါးပတ်နက်ဆရာတစ်ယောက်လို့ ကြားဖူးတယ်"
လင်းထျန်က ဘာမှမပြောဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။
ဒီလူအုပ်စုနှစ်စု ဝင်လာတော့ တလောကလုံး တိတ်ဆိတ်သွားတယ်။ အခန်းထဲမှာ အခု အုပ်စုသုံးစု ကွဲပြားနေပြီ။
ဆန်ဒါ၊ ကရာတေး၊ တိုက်ကွမ်ဒို။
လူစုံပြီဆိုတာ မြင်တော့ ကင်ယွဲ့ဝမ်က ဝမ်ဝေဝေကို ဦးညွှတ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်တယ်။ "တိုက်ကွမ်ဒို ကလပ်က စိန်ခေါ်ဖို့ ရောက်လာပါပြီ"
တချိန်တည်းမှာပဲ ဂျူနီချီ ယမမိုတိုကလည်း ကိုးဆယ်ဒီဂရီ ဦးညွှတ်ပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်တယ်။ "ကရာတေးကလပ်က သင်ကြားလမ်းညွှန်မှု ခံယူဖို့ ရောက်လာပါပြီ"
အဲဒီလူနှစ်ယောက်ကို ကြည့်ပြီး ဝမ်ချောင်ရဲ့ မျက်နှာထားက တော်တော်လေး မကောင်းဖြစ်သွားတယ်။ နှစ်ခါသုံးခါဆက်တိုက် အနိုင်ကျင့်ခံရပြီးမှတော့ သူဒေါသထွက်တာ အံ့သြစရာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့ကို ငါအခက်တွေ့အောင် လုပ်ရမယ်။
ဒါကိုတွေးပြီး ဝမ်ချောင်က ခေါင်းလှည့်ကာ သူ့ဘေးက လင်းထျန်ကို တစ်ချက်ကြည့်လိုက်တယ်။
ဝမ်ချောင်ရဲ့ အကြည့်ကို သတိထားမိတော့ လင်းထျန်က ပြဿနာမရှိကြောင်း အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။
လင်းထျန် ခေါင်းညိတ်တာမြင်တော့ ဝမ်ချောင်က ကင်ယွဲ့ဝမ်ကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်တယ်။ "စကားတွေ ဝေ့ဝိုက်မနေတော့ဘူးကွာ။ မင်းတို့ ဘာဆိုလိုလဲဆိုတာ ငါသိပါတယ် ငါ့အသင်းသားတွေကို လာလုတာမလား။ ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ ငါတို့က မင်းတို့လောက်မှ မတော်တာ။ အပိုစကားတွေ ပြောမနေနဲ့တော့ စလိုက်ကြစို့"
ဝမ်ချောင်ရဲ့ ပွင့်လင်းမှုကို ကြားတော့ ကင်ယွဲ့ဝမ်နဲ့ ဂျူနီချီ ယမမိုတိုတို့နှစ်ယောက်လုံး အံ့သြသွားကြတယ်။ ဝမ်ချောင်က ဒီနေ့ တစ်မျိုးဖြစ်နေသလိုပဲ သူ့မှာ ပိုပြီး သန်မာတဲ့ အရှိန်အဝါ ရှိနေသလိုပဲ။
ဘာအကြောင်းရင်းလဲ။
ဒါကိုတွေးပြီး သူတို့နှစ်ယောက်က ဝမ်ချောင်ဘေးနားက လင်းထျန်ဆီ အကြည့်ရောက်သွားကြတယ်။ ခုနလေးတင် ဝမ်ချောင်က လင်းထျန်နဲ့ စကားပြောနေတာကို သူတို့ တွေ့လိုက်ရတယ်လေ။
ဒါက ဝမ်ချောင်ဖိတ်ထားတဲ့ ဆရာတစ်ဆူများလား။
သူတို့ရင်ထဲမှာ ထင်ကြေးပေးနေကြပေမယ့် ဘယ်သူကမှ လင်းထျန်ကို အလေးအနက် မထားကြပါဘူး။
ဘာလို့လဲဆိုတော့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိတယ်လေ။ သူတို့ရဲ့ သိုင်းပညာကို သူတို့ ယုံကြည်တယ်။
ဝမ်ချောင်က သဘောတူလိုက်တာကြောင့် ကင်ယွဲ့ဝမ်နဲ့ တခြားအမျိုးသမီးက အချိန်ဖြုန်းမနေတော့ဘူး။ တိုင်ပင်ပြီးတာနဲ့ ချက်ချင်း တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်။
မူလကတော့ လင်းထျန် ကိုယ်တိုင်တက်ပြီး ဒီလူတွေကို ရှင်းပစ်ဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ လင်းထျန် ကွင်းထဲခြေမချခင်မှာပဲ ဆန်ဒါကလပ်က ဝမ်ရန် ခုန်တက်သွားတယ်။
ဝမ်ရန်က တိုက်ကွမ်ဒို ကလပ်က ကင်ဟွန်းဂျွန်ကို ရှုံးနိမ့်ခဲ့ကတည်းက မကျေမနပ်ဖြစ်နေပြီး ဒီတစ်ခါ လက်စားချေဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် လင်းထျန် စင်ပေါ်မတက်ခင် သူအရင် ခုန်တက်သွားတာပါ။ လင်းထျန် တက်သွားရင် သူ့အတွက် အခွင့်အရေးရှိတော့မယ်လို့ မထင်ဘူးလေ။
ဝမ်ရန်က ဖျာပေါ် တန်းခုန်တက်လိုက်ပြီး တိုက်ကွမ်ဒို ကလပ်က အသင်းသားတစ်ယောက်ကို လက်ညှိုးထိုးကာ "လာခဲ့ ဒီတစ်ခါ မင်းကို ငါ ထပ်စိန်ခေါ်မယ်" လို့ အော်ပြောလိုက်တယ်။
လင်းထျန်က ဝမ်ရန် လက်ညှိုးထိုးတဲ့ဘက်ကို ကြည့်လိုက်တော့ တိုက်ကွမ်ဒို ကလပ်အသင်းသားတွေကြားက ခါးပတ်နက်ပတ်ထားတဲ့ ၁.၈ မီတာလောက်ရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
ဝမ်ရန်က သူ့ကို လက်ညှိုးထိုးတာမြင်တော့ ကင်ဟွန်းဂျွန် အံ့သြသွားပြီး နှုတ်ခမ်းစွန်းမှာ အထင်သေးတဲ့အပြုံးတစ်ခု ပေါ်လာတယ်။ "အရှုံးသမားကများ စင်ပေါ်တက်စရာ မလိုပါဘူးကွာ"
ဒီလို လှောင်ပြောင်တဲ့စကားကို ကြားတော့ ဝမ်ရန် ဒေါသထွက်သွားပြီး မျက်လုံးပြူးကာ "ဘာလဲ မင်း မရဲဘူးလား။ သတ္တိရှိရင် တက်ခဲ့လေ" လို့ ပြန်ပြောလိုက်တယ်။
နှုတ်ခမ်းစွန်းမှာ အပြုံးရေးရေးလေးနဲ့ ကင်ဟွန်းဂျွန် ရှေ့တက်လာပြီး ဝမ်ရန်ရှေ့မှာ ရပ်ကာ တည်ငြိမ်စွာ ကြည့်လိုက်တယ်။ "မင်းက အနာခံချင်နေမှတော့ ငါလည်း အားမနာတော့ဘူး"
"ဟွန့် လေကြီးမနေနဲ့" ဝမ်ရန် နှာမှုတ်လိုက်တယ်။
နှစ်ယောက်သား ဦးညွှတ်လိုက်ကြတယ်။
ဦးညွှတ်ပြီးတာနဲ့ ဝမ်ရန် မျက်လုံးမှေးလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ကာ မြေအိုးကြီးလောက်ရှိတဲ့ လက်သီးနဲ့ အားကုန် ထိုးချလိုက်တယ်။
ဘုန်း!
ကင်ဟွန်းဂျွန် ပိတ်လိုက်တယ် ဟား!
ကျယ်လောင်စွာ အော်ဟစ်ပြီး ကင်ဟွန်းဂျွန် ကန်ထည့်လိုက်တယ်။
ဘုန်း!
ဝမ်ရန်က တံတောင်ဆစ်နဲ့ တန်းကာလိုက်တယ်!
ဝှစ်!
နောက်ထပ် ကန်ချက်တစ်ချက် ရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ။
ဝမ်ရန် ထပ်ကာလိုက်ပြန်တယ်!
အား!
တစ်ချိန်တည်းမှာပဲ ဝမ်ရန် ဟိန်းဟောက်ပြီး ပစ်မှတ်ဆီ တည့်တည့်ပြေးဝင်သွားတယ်...
လင်းထျန်က သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို ဘေးကနေ ကြည့်နေတယ်။ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းသလို နှစ်ယောက်လုံးကလည်း အရမ်း တိုက်ခိုက်လိုစိတ် ပြင်းထန်နေကြတယ်။
ဝမ်ရန်က နှေးပေမယ့် သူ့ရဲ့ လက်သီးချက်တိုင်းက အားပါပြီး လေးလံတယ်။ ကင်ဟွန်းဂျွန်ကတော့ မြန်ဆန်ပြီး ခြေထောက်ကိုသုံး တိုက်ခိုက်တာကြောင့် သူ့ရဲ့ တိုက်ခိုက်အားကလည်း မသေးလှဘူး။
ခဏလောက်တော့ နှစ်ယောက်သား အကြိတ်အနယ် တိုက်ခိုက်နေကြပြီး အနိုင်အရှုံး မကွဲပြားသေးဘူး။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဝမ်ရန် ရုန်းကန်လာရပြီး နောက်ဆုံးမှာတော့ ကင်ဟွန်းဂျွန်ရဲ့ ဆက်တိုက် ကန်ချက်တွေကိုတောင် ခံလိုက်ရတယ်။
"အား..." ကင်ဟွန်းဂျွန် ဒေါသတကြီး အော်ဟစ်ပြီး ခြေထောက်နဲ့ ရိုက်ချလိုက်တယ်။
ဘုန်း!
ဝမ်ရန်ရဲ့ ခန္ဓာကိုယ်က ကင်ဟွန်းဂျွန်ရဲ့ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး ဖျာပေါ် ဘုန်းခနဲ ပြုတ်ကျသွားတယ်။
"ဟူး..." ကင်ဟွန်းဂျွန် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရှေ့က ဝမ်ရန်ကို ပြုံးပြလိုက်တယ်။ "မင်း ငါ့ကို မြှောက်ပေးနေတာပဲ"
ပြောပြီးတာနဲ့ ကင်ဟွန်းဂျွန်က အောက်က ဆန်ဒါ (တရုတ်လက်ဝှေ့) အသင်းသားတွေကို မော့ကြည့်ပြီး အော်ပြောလိုက်တယ်။ "လူတိုင်းကို တိုက်ကွမ်ဒို ကလပ်က ကြိုဆိုပါတယ်။ တိုက်ကွမ်ဒိုက ကမ္ဘာ့နံပါတ်တစ် ကိုယ်ခံပညာပါ ဒီလို အပေါ်ယံ အကွက်တွေ မဟုတ်ပါဘူး"
"ဟေး ဘာပြောတာလဲ။ ကရာတေးကမှ အစစ်ကွ မင်းသိရဲ့လား"
"ဟုတ်တယ် ဟုတ်တယ်"
"ငါတို့ တိုက်ကွမ်ဒိုနဲ့ ယှဉ်ရင် မင်းတို့ ကရာတေးက ဘာမို့လို့လဲ။ ဒါမှ တကယ့် သိုင်းပညာကွ"
"မကျေနပ်ရင် တစ်ပွဲလောက် ချကြမလား"
လာလေ လာလေ။
ရုတ်တရက် တိုက်ကွမ်ဒိုနဲ့ ကရာတေး သမားတွေ ငြင်းခုံကုန်ကြတယ်။ ငြင်းရတဲ့ အကြောင်းရင်းကတော့ ဆန်ဒါကလပ်က အသင်းသားတွေကို လုဖို့ပါပဲ။
ဒါကိုမြင်တော့ ဝမ်ရဲ့ မျက်နှာ ပျက်သွားတယ်။ သူတို့က သူ့ကို လုံးဝ ဂရုမစိုက်ကြဘူး။ ဆန်ဒါကလပ် အသင်းသားတွေကို သူတို့ရဲ့ သားကောင်တွေလို သဘောထားနေကြတာ။
ဒါကိုမြင်တော့ လင်းထျန် ပြောစရာစကားမဲ့သွားတယ်။ ဒီအုပ်စုနှစ်စုက တော်တော် မောက်မာတာပဲ ဆန်ဒါကလပ်ကို လုံးဝ မျက်လုံးထဲ မထည့်ကြဘူး။
ဒါကိုတွေးပြီး လင်းထျန် ဆက်မစောင့်တော့ဘဲ အထဲကို ဝင်သွားလိုက်တယ်။
လင်းထျန် လှုပ်ရှားလိုက်တာနဲ့ အားလုံး တိတ်ဆိတ်သွားပြီး သူ့ကို ကြည့်လိုက်ကြတယ်။
လင်းထျန်က ကင်ဟွန်းဂျွန်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး လက်အုပ်ချီကာ နှုတ်ဆက်လိုက်တယ်။ "ဆန်ဒါကလပ်က လင်းထျန်ပါ မင်းဆီက ပညာယူချင်လို့ပါ"
"မင်းက သူတို့ငှားလာတဲ့ ဆရာလို့ ထင်နေတာလား။ ငါ့စိတ်ထင် မင်းကို ကန်ချက်တစ်ချက်တည်းနဲ့ ကန်ထုတ်ပစ်လို့ရမယ် ထင်တယ်" ကင်ဟွန်းဂျွန်က လင်းထျန်ကို အထင်သေးတဲ့အကြည့်နဲ့ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်တယ်။
"ဟုတ်လား။ ငါတော့ မျှော်လင့်နေမိတယ်" လင်းထျန် အနည်းငယ် ပြုံးလိုက်တယ်။
သူတို့နှစ်ယောက် အပြန်အလှန် ဦးညွှတ်ပြီး တိတ်ဆိတ်စွာ စိုက်ကြည့်နေကြတယ်။ ရုတ်တရက် ကင်ဟွန်းဂျွန် အော်ဟစ်ပြီး လင်းထျန်ရဲ့ ခေါင်းကို ကန်လိုက်တယ်။
ခြေထောက်က သူ့ဆီ ဝင်လာတာမြင်တော့ လင်းထျန် မျက်လုံးမှေးလိုက်ပြီး လျှပ်စီးလို အမြန်နှုန်းနဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။
ဖျောင်း! လင်းထျန်က ကင်ဟွန်းဂျွန်ရဲ့ ခြေကျင်းဝတ်ကို မြဲမြံစွာ ဖမ်းဆွဲလိုက်တယ်။
လင်းထျန်ရဲ့ လက်ချောင်းငါးချောင်းက သံကွင်းတွေလိုပဲ ကင်ဟွန်းဂျွန်ရဲ့ ခြေထောက်ကို ချက်ချင်း မလှုပ်နိုင်အောင် ချုပ်တည်းလိုက်တယ်။
"ဟင်" ကင်ဟွန်းဂျွန် အံ့သြသွားပြီး ခြေထောက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် လုံးဝ မလှုပ်ဘူး။
လင်းထျန်ရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာပြီး ကြွက်သားတွေကို ချက်ချင်း တင်းရင်းစေကာ ကျယ်လောင်စွာ အော်ဟစ်ပြီး လက်ကို ဝှေ့ယမ်းလိုက်တယ်။
ဝှစ်!
လင်းထျန်က ကင်ဟွန်းဂျွန်ကို ဖမ်းဆွဲပြီး လက်တစ်ဖက်တည်းနဲ့ မလိုက်တယ်!
လင်းထျန်က ကင်ဟွန်းဂျွန်ကို လှည့်ပတ်ပြီး ရုတ်တရက် လွှတ်ပေးလိုက်တယ်။
ဖျောင်း!
ကင်ဟွန်းဂျွန်ရဲ့ ခန္ဓာကိုယ်က ဝှစ်ခနဲ လွင့်ထွက်သွားပြီး ဖျာပေါ် ဘုန်းခနဲ ကျသွားတယ်။
ကင်ဟွန်းဂျွန် ကြမ်းပြင်ပေါ် ပြားပြားမှောက်ကျသွားတာကို မြင်တော့ တလောကလုံး တိတ်ဆိတ်သွားတယ်။
မြန်တယ်! အရမ်းမြန်လွန်းတယ်!
လင်းထျန်နဲ့ ယှဉ်လိုက်ရင် ကင်ဟွန်းဂျွန်က သုံးနှစ်သား ကလေးလေးလို အားနည်းနေသလိုပဲ။
ခဏလောက် မှင်သက်သွားပြီးနောက် ဆန်ဒါကလပ် အသင်းသားတွေဆီကနေ အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာတယ်။
"ကောင်းတယ်ဟေ့ ရှယ်မိုက်တယ်" အားလုံးက အရမ်းစိတ်လှုပ်ရှားနေပုံရတယ်။
ဆန်ဒါကလပ်က တိုက်ကွမ်ဒို ကလပ်ရဲ့ အနိုင်ကျင့်တာကို အမြဲခံခဲ့ရပြီး ဒေါသထွက်စရာ နေရာမရှိခဲ့ဘူး။ ဒါပေမဲ့ လင်းထျန်က ပြိုင်ဘက်ရဲ့ ခြေထောက်ကိုဆွဲပြီး လွှင့်ပစ်လိုက်တဲ့ မြင်ကွင်းက အရမ်းလွှမ်းမိုးမှုရှိပြီး ကျေနပ်စရာ ကောင်းလိုက်တာ။
ခဏလောက် မှင်သက်သွားပြီးနောက် ကင်ယွဲ့ဝမ်က လင်းထျန်ကို ကြည့်ပြီး ဘေးနားကလူကို တိုးတိုးလေး မေးလိုက်တယ်။ "သူ ဘယ်သူလဲ"
တစ်ချိန်တည်းမှာပဲ တခြားတစ်ဖက်မှာလည်း ဂျူနီချီ ယမမိုတိုက လင်းထျန်ကို လေးနက်တဲ့ မျက်နှာထားနဲ့ ကြည့်ပြီး မေးလိုက်တယ်။ "သူ ဘယ်သူလဲ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: