အခန်း (၁၆၆) ဖမ်းဆီးခြင်း
ဝမ်တန်တန် စိတ်လှုပ်ရှားပြီး အံ့သြနေတဲ့အချိန်မှာပဲ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်
"ယန်ယန်ရဲ့ အမေ ခြေထောက်ဝေဒနာကို ကုသပေးရန် မစ်ရှင်ပြီးမြောက်ပါပြီ။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် နှစ်မှတ်"
အသံကြားတော့ လင်းထျန် သူ့ရဲ့ အသိစိတ်ပင်လယ်ထဲ စိတ်ရောက်သွားတယ်။ လေထဲမှာ ပျံဝဲနေတဲ့ စွမ်းရည်အမှတ်တွေကို ကြည့်ပြီး "စွမ်းရည်အမှတ် ခုနစ်မှတ် ရှိပြီ" လို့ တွေးလိုက်တယ်။
လင်းထျန်က အခု စွမ်းရည်အမှတ် တစ်မှတ်သုံးလိုက်ပေမယ့် နှစ်မှတ် ပြန်ရလိုက်တော့ နောက်ထပ် စွမ်းရည်အမှတ် တစ်မှတ် မြတ်သွားတာပေါ့။ အခု သူစုစုပေါင်း စွမ်းရည်အမှတ် ခုနစ်မှတ် ရှိသွားပြီ။
နာရီဝက်ကြာတော့ လင်းထျန် ယန်ယန်တို့အိမ်ကနေ ထွက်လာခဲ့တယ်။
ယန်ယန်က လင်းထျန်ကို လိုက်ပို့ပေးရင်း "တကယ် ကျေးဇူးတင်ပါတယ်! ငါ... ငါ စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး" လို့ ပြောတယ်။
စိတ်လှုပ်ရှားနေတဲ့ ကောင်မလေးကို ကြည့်ပြီး လင်းထျန် ရယ်မောလိုက်တယ် - "ကျေးဇူးတင်ချင်ရင် အနမ်းလေး တစ်ပွင့်လောက် ပေးလိုက်လေ။ လာပါ အလှလေးရယ် အနမ်းလေး ပေးပါဦး" ပြောရင်းနဲ့ လင်းထျန်က နှုတ်ခမ်းစူပြီး မျက်နှာကို ရှေ့တိုးလိုက်တယ်!
"သွားစမ်းပါ" ယန်ယန်က လင်းထျန်ကို တွန်းထုတ်လိုက်ပြီး ပြောစရာစကားမဲ့တဲ့ပုံစံနဲ့ "နင်ကလေ နှာဘူးမထဘဲ မနေနိုင်ဘူးလား။ ပြီးတော့ နင့်မှာ ကောင်မလေးနှစ်ယောက်တောင် ရှိနေပြီးသားလေ တခြားမိန်းကလေးတွေကို လာပိုးနေသေးတယ်" လို့ ပြောလိုက်တယ်။
"အမ်..." ယန်ယန်စကားကြားတော့ လင်းထျန် နည်းနည်း ရှက်သွားတယ်။
ယန်ယန်က လင်းထျန်ကို မျက်စောင်းထိုးပြီး "ပြီးတော့ နင်အရင်တခေါက်က ပေးတဲ့ဖုန်းနံပါတ်က အမြဲ မအားနေဘူး။ ဒီတစ်ခါတော့ ဖုန်းနံပါတ်အစစ် ပေးပါနော်" လို့ ပြောရင်း ဖုန်းထုတ်လိုက်တယ်။
"အင်း ငါ့ဖုန်းနံပါတ်က ၁၃၉..." လင်းထျန်က သူ့ရဲ့ ပုံမှန်ဖုန်းနံပါတ်ကို ပြောပြလိုက်တယ်။
အကြိမ်ကြိမ် ဆုံတွေ့ပြီးနောက် လင်းထျန်က ယန်ယန်ကို သူ့သူငယ်ချင်းစာရင်းထဲ ထည့်သွင်းလိုက်ပါပြီ။
လင်းထျန်ရဲ့ ဖုန်းနံပါတ်ကို မှတ်ပြီးနောက် ယန်ယန်က မော့ကြည့်ပြီး "ဒီတစ်ခါ အတုကြီး မဟုတ်ပါဘူးနော်" လို့ မေးလိုက်တယ်။
"လုံးဝ မဟုတ်ပါဘူး အာမခံပါတယ်" လင်းထျန်က သေချာပေါက် ပြောလိုက်တယ်။
နောက်ထပ် မိနစ်နည်းနည်းလောက် စကားပြောပြီးနောက် လင်းထျန် အိမ်ပြန်ဖို့ တက္ကစီငှားလိုက်တယ်။ တော်တော်မိုးချုပ်နေပြီမို့ ဟယ်ချန်ချန်လည်း အိပ်လောက်ပြီဆိုပြီး လင်းထျန် သူ့ဆီ မသွားတော့ပါဘူး။
အဲဒီညက ဘာမှထူးထူးခြားခြား မရှိခဲ့ပါဘူး။
နောက်တစ်နေ့မနက် လင်းထျန် မနက်စာစားပြီး ဟယ်ချန်ချန်ဆီသွားဖို့ ပြင်နေတုန်း ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရတယ်။
လင်းထျန် စူးစမ်းချင်စိတ်နဲ့ တံခါးသွားဖွင့်လိုက်တော့ လာတဲ့လူတွေကိုမြင်ပြီး လန့်သွားတယ်။
ရဲတွေ!
ရဲအရာရှိနှစ်ယောက် ရောက်လာတာပါ။
ရဲတစ်ယောက်က လင်းထျန်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ထဲက ဓာတ်ပုံကို ပြန်ကြည့်ကာ "မင်းက လင်းထျန် မလား။ ငါတို့နဲ့ လိုက်ခဲ့ပါ" လို့ ခံစားချက်မပါတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ" သူတို့နှစ်ယောက်ကို မြင်တော့ လင်းထျန် မျက်မှောင်ကြုတ်လိုက်တယ်။
"မနေ့ည ရှစ်နာရီတုန်းက မင်း ဘာလုပ်နေလဲ" ရဲတစ်ယောက်က စိတ်မရှည်တဲ့ပုံစံနဲ့ မေးလိုက်တယ်။ "မင်းက တမင် ရန်ပြုတိုက်ခိုက်မှုနဲ့ သံသယရှိခံထားရတယ်။ ငါတို့နဲ့ လိုက်ခဲ့ပါ"
"မနေ့ည ရှစ်နာရီ..." လင်းထျန် စဉ်းစားလိုက်တယ်။
ယန်ယန်ကို ကယ်တုန်းက ရိုက်ခဲ့တဲ့ ကောင်လေးကို ချက်ချင်း သတိရလိုက်တယ်။ အဲဒီကိစ္စကြောင့် ဖြစ်နိုင်လား။
"မြန်မြန်လုပ် ဘာလုပ်နေတာလဲ" လင်းထျန်ရဲ့ ပုံစံကို မြင်တော့ ရဲတစ်ယောက်က စိတ်မရှည်တဲ့ပုံစံနဲ့ ပြောတယ်။
လင်းထျန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖိနပ်ကုန်းလဲကာ ဘာမှမပြောဘဲ လိုက်သွားဖို့ ပြင်လိုက်တယ်။ တချိန်တည်းမှာပဲ ကြောက်လန့်နေတဲ့ သူ့ညီမဘက်လှည့်ပြီး "စိတ်မပူနဲ့ အစ်ကို ခဏနေရင် ပြန်လာခဲ့မယ်။ အဖေနဲ့အမေကို မပြောနဲ့နော်" လို့ မှာလိုက်တယ်။
"သောက်ကျိုးနည်း မြန်မြန်လုပ်" လင်းထျန် နှေးကွေးနေတာမြင်တော့ ရဲတစ်ယောက်က သူ့ကို တွန်းလိုက်တယ်။
ရုတ်တရက်ဖြစ်သွားတာကြောင့်ရော ကုန်းနေတာကြောင့်ရော လင်းထျန် အတွန်းခံလိုက်ရပြီး ယိုင်လဲလုနီးပါး ဖြစ်သွားတယ်။
ယိုင်တိုင်တိုင် ခြေလှမ်းနည်းနည်း လှမ်းပြီးနောက် လင်းထျန် အားပြုပြီး ပြန်ထိန်းလိုက်တယ်။
လင်းထျန်ရဲ့ မျက်နှာက ပြာနှမ်းသွားတယ်!
အသက်ပြင်းပြင်းရှူပြီး လင်းထျန် ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ လှည့်ကြည့်လိုက်တော့ ရဲက သူ့ကို အေးစက်စက် ပြုံးပြီး ကြည့်နေတာ တွေ့လိုက်ရတယ်!
လင်းထျန် မျက်လုံးအနည်းငယ်မှေးလိုက်ပြီး ခြေတစ်လှမ်းကျယ်ကျယ်လှမ်းကာ ရဲအနားကို အမြန်လျှောက်သွားပြီး ရဲရဲ့ လည်ပင်းကို လက်တစ်ဖက်တည်းနဲ့ ညှစ်ကာ နံရံကို အားကုန် ဖိကပ်လိုက်တယ်!
လင်းထျန် သူ့ကို စိုက်ကြည့်ပြီး "သောက်ကျိုးနည်း ငါ့ကို နောက်တစ်ခါ ထပ်တွန်းရဲ တွန်းကြည့်စမ်း" လို့ ဟိန်းဟောက်လိုက်တယ်။
"အွတ်..." ရဲရဲ့ လည်ပင်းက လင်းထျန်ရဲ့ လက်ထဲမှာ တင်းတင်းကျပ်ကျပ် ညှစ်ခံထားရပြီး အသက်ရှူမရလို့ မျက်နှာကြီး နီရဲလာတယ်။
"တော်ပါတော့ တော်ပါတော့" ဒါမြင်တော့ ဘေးနားက နောက်ထပ်ရဲတစ်ယောက် ခဏကြောင်သွားပြီးမှ အမြန်ပြေးလာပြီး လင်းထျန်ရဲ့ လက်ကို ဆွဲဖယ်လိုက်တယ်။
ဒီလူရောက်လာတာမြင်တော့ လင်းထျန် ပြဿနာမဖြစ်ချင်တာနဲ့ နှာမှုတ်ပြီး လက်လွှတ်ပေးလိုက်တယ်။
"သောက်ကျိုးနည်း" လင်းထျန် လက်လွှတ်ပေးလိုက်တာနဲ့ ရဲက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
သူတို့ ပြေးဝင်လာဖို့ ပြင်လိုက်ကြတယ်။
"ဘာလုပ်တာလဲ" ဒါမြင်တော့ နောက်ထပ်ရဲတစ်ယောက်က သူ့ကို အမြန် ဆွဲတားလိုက်တယ်။
ရဲက အဲဒီလူကို ဘေးဆွဲခေါ်သွားပြီး "မင်း ရူးနေလား။ သူဘယ်သူလဲ မင်းသိလား။ သူက ဓားကိုင်ထားတဲ့ လူမိုက်ဆယ်ယောက်ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး ဘာမှမဖြစ်ခဲ့တဲ့လူကွ။ မင်းက ဝင်ပြီး အသေခံမလို့လား" လို့ တိုးတိုးလေး ပြောလိုက်တယ်။
"ဟင်" ဒါကြားတော့ ဟိုလူ လန့်သွားတယ်။
ရဲက သူ့ကို ပြောစရာစကားမဲ့တဲ့ပုံစံနဲ့ ကြည့်ပြီး "ဝင်လာကတည်းက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ မမောက်မာပါနဲ့လို့ ငါမပြောဘူးလား" လို့ ရှင်းပြတယ်။
"သောက်ကျိုးနည်း" ဒါကြားတော့ ဟိုလူ လင်းထျန်ကို ဘာမှမလုပ်ရဲတော့ဘူး။ သူက နည်းနည်းနာနေတဲ့ လည်ပင်းကို ပွတ်သပ်ရင်း "စခန်းရောက်မှ သူ့ကို ပညာပေးရမယ်" လို့ တီးတိုးရေရွတ်လိုက်တယ်။
ရဲက သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောတော့ဘူး။ ပြီးတော့ လင်းထျန်ဘက်လှည့်ကာ ပြုံးပြီး "စိတ်မရှိပါနဲ့ ကျနော်တို့က အမိန့်အတိုင်း လုပ်ရတာပါ။ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ" လို့ ပြောလိုက်တယ်။
လင်းထျန် သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောတော့ဘူး။ ပြီးတော့ သူ့ညီမဘက်လှည့်ကာ "အစ်ကို ဘာမှမဖြစ်ပါဘူး။ ခဏနေ ပြန်လာခဲ့မယ်။ စိတ်မပူနဲ့နော်" လို့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ လင်းထျန် သူတို့နောက်ကနေ အောက်ထပ်ဆင်းလိုက်တယ်။
အောက်ထပ်ရောက်တော့ ရဲကားတစ်စီး ရောက်နှင့်နေတာ တွေ့လိုက်ရတယ်။
"သွားမယ်" ရဲက လင်းထျန်ကို ကြည့်ပြီး ပြောလိုက်တယ်။
လင်းထျန် ဘာမှမပြောဘဲ ကားပေါ် တက်လိုက်တယ်။
ကားပေါ်ရောက်တော့ လင်းထျန်က သူ့ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်နေတဲ့ ရဲနှစ်ယောက်ကို ကြည့်ပြီး "ဖုန်းတစ်ချက်လောက် ဆက်လို့ရမလား" လို့ မေးလိုက်တယ်။
"ရပါတယ် ကိစ္စမရှိပါဘူး" ရဲက ခေါင်းညိတ်လိုက်တယ်။
လင်းထျန် ဖုန်းထုတ်ပြီး ဖုန်းစာအုပ်ဖွင့်ကာ ချန်ရိရွှမ်ရဲ့ နံပါတ်ကို ရှာလိုက်တယ်။
ချန်ရိရွှမ်ရဲ့ ဖုန်းနံပါတ်ကို တွေ့တာနဲ့ လင်းထျန် ချက်ချင်း ခေါ်လိုက်တယ်။
ဖုန်းသံခဏမြည်ပြီးနောက် တဖက်က ဖုန်းကိုင်လိုက်တယ်။
"ဟဲလို ချန်ရိရွှမ်လား"
"ဟင်... လင်းထျန်လား။ ဘာကိစ္စလဲ" အဆက်အသွယ်မလုပ်ဖြစ်တာ ကြာပြီဖြစ်ပေမယ့် ချန်ရိရွှမ်က လင်းထျန်ကို ကောင်းကောင်း မှတ်မိနေတုန်းပါပဲ။
"အင်း... နင့်ကို ပြောပြစရာ တစ်ခုရှိလို့" ခဏလောက် တွေဝေပြီးမှ လင်းထျန် ပြောလိုက်တယ်။
"ဘာကိစ္စလဲ အရင်ပြောပါဦး" ဖုန်းတဖက်ခြမ်းကနေ ချန်ရိရွှမ်ရဲ့ တည်ငြိမ်တဲ့အသံ ထွက်ပေါ်လာတယ်။
"ဒီလိုပါ မနေ့က..." လင်းထျန်က အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ မနေ့က ဖြစ်ပျက်ခဲ့တာ အများစုကို အမှန်အတိုင်း ပြောပြလိုက်ပေမယ့် ယန်ယန် ကားထဲမှာ ရှိနေမှန်း ဘယ်လိုသိလဲဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။
"ဪ... သိပြီ။ အဲဒီပြဿနာပဲဆိုရင်တော့ ငါကူညီပေးမယ်။ နင် မကြာခင် ပြန်လွတ်လာမှာပါ"
"တကယ်လား။ ကျေးဇူးပါပဲ" ဒါကြားတော့ လင်းထျန် ဝမ်းသာသွားတယ်။
"ရပါတယ်။ အင်း... ဖုန်းချလိုက်တော့မယ်"
"အေး အေး" လင်းထျန် ပြောပြီး ဖုန်းချလိုက်တယ်။
ဖုန်းချပြီးနောက် လင်းထျန် သက်ပြင်းချလိုက်တယ်။ ချန်ရိရွှမ်ရဲ့ လေသံအရဆိုရင် ကိစ္စပြတ်သွားပြီမို့ သူ မကြာခင် ပြန်လွတ်လာနိုင်လောက်တယ်။
ချန်ရိရွှမ်ကို ဖုန်းဆက်ရတဲ့ အကြောင်းရင်းကတော့ ရဲစခန်းမှာ သူသိတာ ချန်ရိရွှမ်တစ်ယောက်ပဲ ရှိလို့ပါ။ ပြီးတော့ ချန်ရိရွှမ်က အဆက်အသွယ်ကောင်းပုံရတယ်။
အကူအညီမတောင်းရင် လင်းထျန် လချီပြီး အချုပ်ခံရမှာ ကြောက်မိတယ်။
ဒီလူတွေက ဘာမဆို လုပ်ရဲကြတာလေ။
"မင်းက ခေါင်းဆောင်ချန်ကို သိတာလား" အဲဒီအချိန်မှာ အစက ဝင်တားပေးတဲ့ ရဲက လင်းထျန်ကို စူးစမ်းသလို ကြည့်ပြီး မေးလိုက်တယ်။
"အင်း သိတယ်" လင်းထျန် သူ့ကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ ဒီရဲကို သူ မှတ်မိသလိုလို ရှိတယ် အရင်က မြင်ဖူးသလိုပဲ။
"ပုံမှန်ဆိုရင် ခေါင်းဆောင်ချန်က မင်းကို သေချာပေါက် ကူညီပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ မကူညီနိုင်လောက်ဘူး ထင်တယ်" ဟိုလူက ပြောလိုက်တယ်။
"ဟင်" ဒါကြားတော့ လင်းထျန် ရင်ထိတ်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။
ဟိုလူက လင်းထျန်ကို တစ်ချက်ကြည့်ပြီး အနားတိုးကာ "မနေ့က မင်း ရိုက်လိုက်တဲ့လူက ဘယ်သူလဲ သိလား။ ဒုတိယမြို့တော်ဝန်လင်းရဲ့ သားကွ။ မြို့တော်ဝန်လင်းက ကော်မတီအဖွဲ့ဝင်လေ။ အထက်ကလူတွေက တရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အထူးတလည် အမိန့်ပေးထားတာ" လို့ တိုးတိုးလေး ပြောပြတယ်။
"ဟင်" ဒါကြားတော့ လင်းထျန် လန့်သွားတယ်။
လင်းထျန်ရဲ့ အံ့သြနေတဲ့ မျက်နှာထားကို သတိထားမိတော့ လင်းထျန်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ ရဲအရာရှိက အားရကျေနပ်တဲ့ အပြုံးနဲ့ လင်းထျန်ကို လှောင်ပြောင်သလိုကြည့်ပြီး "သူ့ကို ဘာပြောစရာ ရှိလို့လဲ။ သေသင့်တဲ့ကောင်ပဲ။ မှားတဲ့လူကို သွားရန်စမိတာကိုး" လို့ ပြောလိုက်တယ်။
လင်းထျန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့အရိပ်အယောင် ဖြတ်ပြေးသွားပြီး ဟိုလူ့ကို အေးစက်စက် စိုက်ကြည့်ကာ "မင်း ထပ်ပြီး စကားညစ်ညမ်းတွေ ပြောနေရင် မင်းသွားတွေ ကျွတ်ထွက်သွားအောင် လုပ်ပစ်မယ်ဆိုတာ ယုံလား" လို့ ပြောလိုက်တယ်။
"သောက်ကျိုးနည်း ဟေ့ကောင် မင်း ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေလား။ စခန်းရောက်ရင် မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား" ရဲက ဒေါသတကြီး ပြောလိုက်တယ်။
ရဲရဲ့ မောက်မာတဲ့ပုံစံကို မြင်တော့ လင်းထျန် ဘာမှမပြောတော့ဘဲ လက်လှမ်းပြီး ရဲရဲ့ခေါင်းကို ဆွဲကာ ကားမှန်တံခါးနဲ့ အားကုန် ဆောင့်လိုက်တယ်!
ဘုန်း!
ကွဲအက်သံနဲ့အတူ ရဲရဲ့ခေါင်းက ကားမှန်တံခါးကို ဖောက်ထွက်သွားတယ်!
ခေါင်းကနေ သွေးတွေ အများကြီး ထွက်လာတယ်!
လင်းထျန်က သူ့ခေါင်းကို ဆွဲထားပြီး ရှေ့တိုးကာ သွေးတွေပေနေတဲ့ မျက်နှာကိုကြည့်ပြီး "ငါက ပြည်သူ့ထမင်းစားပြီး ပြည်သူကို နှိပ်စက်တဲ့ကောင်တွေကို အမုန်းဆုံးပဲ။ မင်း ဆက်ပြီး မိုက်ရိုင်းနေရင် မင်းကို သေအောင် ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလိုက်" လို့ တစ်လုံးချင်း ပြောလိုက်တယ်။
"ဟူး... ဟူး..." ရဲက အသက်ပြင်းပြင်းရှူနေပြီး လင်းထျန်ရဲ့ ကြမ်းကြုတ်တဲ့ မျက်နှာထားကို မြင်တော့ သူ တကယ် ကြောက်လန့်သွားပြီ!
အနောက်ကနေ ရုတ်တရက် ကျယ်လောင်တဲ့အသံ ထွက်လာလို့ ရှေ့က ယာဉ်မောင်း လန့်သွားပြီး ကားကို ဘေးကပ်ကာ ဘရိတ်အုပ်လိုက်တယ်!
"ဘာဖြစ်တာလဲ" ယာဉ်မောင်း အမြန် လှည့်ကြည့်လိုက်တယ်။
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး စခန်းကို အရင်မောင်း" ဒါမြင်တော့ ဘေးနားက နောက်ထပ်ရဲတစ်ယောက် တံတွေးမြိုချလိုက်တယ်။
အခုချိန်မှာ သေနတ်မယူလာမိတာ သူနောင်တရနေပြီ။ လင်းထျန်က ဒေါသအရမ်းကြီးလွန်းတယ်။
ရဲစခန်းရောက်ဖို့ မီတာတစ်ရာလောက်ပဲ လိုတော့တာမို့ ယာဉ်မောင်းက အနောက်က အခြေအနေကို တစ်ချက်ကြည့်ပြီး အကြမ်းဖျင်း သဘောပေါက်လိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အရှိန်တင်ပြီး ရဲစခန်းဆီ မောင်းထွက်သွားတယ်။
ကားပေါ်ကဆင်းတာနဲ့ လင်းထျန်ကို စစ်ဆေးမေးမြန်းရေးအခန်းထဲ ခေါ်သွားပြီး လက်ထိပ်ခတ်ထားလိုက်တယ်။
လင်းထျန် မခုခံပါဘူး။
ကုလားထိုင်မှာ လက်ထိပ်ခတ်ခံထားရရင်း လင်းထျန် တိတ်ဆိတ်စွာ စောင့်နေလိုက်တယ်။ ချန်ရိရွှမ် သူ့ကို လာကယ်မလားဆိုတာ စောင့်ကြည့်နေတာပါ။
အချိန်တွေ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး မကြာခင် နေ့လည်ရောက်သွားတယ်။
အဲဒီအချိန်အတွင်း ဘယ်သူမှ လင်းထျန်ကို လာမကြည့်ကြဘူး။ ထမင်းလာပို့တာ ရေလာတိုက်တာလည်း မရှိဘူး။
အစတုန်းက ချန်ရိရွှမ် လာကယ်လိမ့်မယ်လို့ လင်းထျန် မျှော်လင့်နေပေမယ့် အချိန်ကြာလာတာနဲ့အမျှ လင်းထျန် တဖြည်းဖြည်း စိတ်ပျက်လာတယ်။
တချိန်တည်းမှာပဲ ဟိုရဲပြောခဲ့တဲ့ စကားတွေကို လင်းထျန် စပြီး ယုံကြည်လာတယ်။
မနေ့က သူရိုက်ခဲ့တဲ့လူက တကယ်ပဲ မြို့တော်ဝန်လင်းရဲ့ သား ဖြစ်နိုင်တယ်။ ဒါကြောင့် ချန်ရိရွှမ် သူ့ကို ထုတ်ပေးလို့ မရတာ ဖြစ်မယ်။
တစ်နေ့လုံး ထိုင်နေရတာကြောင့် လင်းထျန် ပင်ပန်းပြီး ဗိုက်ဆာလာတယ်။ သူ့စိတ်တွေလည်း တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာတယ်။
"ငါ နည်းလမ်းရှာမှ ဖြစ်မယ်" လင်းထျန် တွေးလိုက်တယ်။
လင်းထျန် စဉ်းစားနေတုန်း ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရတယ်။
တံခါးဖွင့်သံကြားတော့ လင်းထျန် မော့ကြည့်လိုက်တဲ့အခါ ပင်ပန်းနွမ်းနယ်နေတဲ့ ချန်ရိရွှမ် ဝင်လာတာ တွေ့လိုက်ရတယ်။
လင်းထျန်အနားရောက်တော့ ချန်ရိရွှမ်က ပင်ပန်းနွမ်းနယ်ပြီး အားနာတဲ့လေသံနဲ့ "တောင်းပန်ပါတယ် ဒီတစ်ခါ နင်သွားထိလိုက်တဲ့လူက နောက်ခံ အရမ်းတောင့်တင်းတယ်။ ငါအကြာကြီး ကြိုးစားကြည့်ပေမယ့် အဆင်မပြေဘူး" လို့ ပြောလိုက်တယ်။
ပင်ပန်းနွမ်းနယ်နေတဲ့ ချန်ရိရွှမ်ရဲ့ မျက်နှာကို ကြည့်ပြီး သူအကောင်းဆုံး ကြိုးစားခဲ့မှန်း သိသာတာကြောင့် လင်းထျန် သူ့ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး "ရပါတယ် ငါ့မှာ နည်းလမ်းရှိပါတယ်။ နေပါဦး ငါ့ကို ရေနဲ့ အစားအစာ နည်းနည်းလောက် ပေးလို့ရမလား" လို့ ပြုံးပြီး ပြောလိုက်တယ်။
လင်းထျန်ရဲ့ နှုတ်ခမ်းတွေ ခြောက်သွေ့နေတာကို သတိထားမိတော့ ချန်ရိရွှမ်က "နင် တနေကုန် ဘာမှမစားရသေးဘူးလား" လို့ အံ့သြတကြီး မေးလိုက်တယ်။
လင်းထျန် တိတ်ဆိတ်နေလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: