အခန်း (၁၆၇) ဒေါသအမျက်
"သူတို့ ဘာလုပ်နေကြတာလဲ။ ဒါက လွန်လွန်းနေပြီ" လင်းထျန် တိတ်ဆိတ်နေတာကို မြင်တော့ ချန်ရိရွှမ် ချက်ချင်း ဒေါသထွက်သွားတယ်။
"ခဏစောင့်ဦး" ချန်ရိရွှမ်က လင်းထျန်ကို ပြောလိုက်ပြီး စစ်ဆေးမေးမြန်းရေးအခန်းထဲကနေ အမြန် ထွက်သွားတယ်။
ချန်ရိရွှမ် ထွက်သွားပြီးနောက် လင်းထျန် မျက်လုံးမှိတ်ထားလိုက်တယ်။ ဘာမှမရှိတော့တဲ့ စစ်ဆေးမေးမြန်းရေးအခန်းထဲမှာ တိတ်ဆိတ်စွာ ထိုင်နေလိုက်တယ်။
ဒေါသ!
စိတ်ပျက်စရာကောင်းလိုက်တာ!
တစ်နေ့လုံး ကုန်ဆုံးသွားပြီးနောက် လင်းထျန်ရဲ့ ခံစားချက်က ဒီလိုဖြစ်နေတာပါ။
ငယ်ငယ်ကတည်းက ဘယ်သူမှ သူ့ကို ဒီလိုမဆက်ဆံဖူးပါဘူး။
ဒေါသ!
လင်းထျန် တကယ် ဒေါသထွက်နေပြီ။
မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ ခဏကြာတော့ တံခါးပြန်ပွင့်လာတယ်။
တံခါးဖွင့်သံကြားတော့ လင်းထျန် မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ချန်ရိရွှမ်က ရေနွေးဖြောထားတဲ့ ခေါက်ဆွဲပြုတ်တစ်ဘူးနဲ့ သောက်ရေသန့်တစ်ပုလင်းကို ကိုင်ပြီး ဝင်လာတယ်။ သူ့အနောက်မှာ ရဲတစ်ယောက် ပါလာတယ်။
ခေါက်ဆွဲပြုတ်နဲ့ ရေပုလင်းကို စားပွဲပေါ်တင်ပြီးနောက် ချန်ရိရွှမ်က အနောက်က ရဲကို လှည့်ကြည့်ပြီး "လက်ထိပ်ဖြုတ်ပေးလိုက်" လို့ အေးစက်စက် ပြောလိုက်တယ်။
"ခေါင်းဆောင်ချန် ဒါက..." ဒါကြားတော့ ဟိုလူ တွန့်ဆုတ်နေတယ်။
"ငါ ဖွင့်ပေးလိုက်လို့ ပြောနေတယ်လေ" ချန်ရိရွှမ် ဒေါသတကြီး အော်ပြောလိုက်တယ်။
ခဏလောက် တွေဝေပြီးနောက် ဟိုလူ လင်းထျန်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး လင်းထျန်ရဲ့ လက်တွေကို ကုလားထိုင်ကနေ ဖြုတ်ပေးလိုက်တယ်။
ကလစ်ဆိုတဲ့အသံနဲ့အတူ လင်းထျန်ရဲ့ လက်ကောက်ဝတ်က လက်ထိပ်ပွင့်သွားတာကို ခံစားလိုက်ရတယ်။
လင်းထျန် သူ့လက်ကောက်ဝတ်တွေကို လှုပ်ရှားလိုက်တယ်။ ပုံစံတစ်မျိုးတည်း အကြာကြီး နေခဲ့ရလို့ ထုံကျင်နေတာကိုး။
လက်ကောက်ဝတ်ကို လှည့်လိုက်တော့မှပဲ သက်သာသွားတော့တယ်!
ခဏလောက် အကြောလျှော့ပြီးနောက် လင်းထျန် စားပွဲဆီ တိတ်တဆိတ် လျှောက်သွားတယ်။
စားပွဲရောက်တာနဲ့ လင်းထျန် ဘာစကားမှမပြောဘဲ အငမ်းမရ စားတော့တယ်။
လင်းထျန်က ဆယ်စက္ကန့်ကျော်အတွင်းမှာပဲ ခေါက်ဆွဲပြုတ်တစ်ဘူးလုံး ကုန်အောင် စားလိုက်တာပါ!
ပြီးတော့ လင်းထျန်က ရေသန့်ပုလင်းအဖုံးကို ဖွင့်ပြီး မော့ကာ တရှိန်ထိုး သောက်ချလိုက်တယ်။
"ဝါး..." လင်းထျန် လေတက်လိုက်ပြီး ပါးစပ်ထောင့်က ရေစက်တွေကို သုတ်ကာ ချန်ရိရွှမ်ကို ပြုံးပြလိုက်တယ်။ "ဗိုက်ဝသွားပြီ ကျေးဇူးပဲ"
"အင်း... နင် ဗိုက်ဆာနေသေးရင် နောက်တစ်ဘူး ထပ်လုပ်ပေးမယ်။ အစားအသောက်က ဘာမှမရှိတော့ဘူး ခေါက်ဆွဲပြုတ်ပဲ ရှိတော့တာ" ချန်ရိရွှမ်က လင်းထျန်ကို ကြည့်ပြီး ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်။
ခဏလောက် စဉ်းစားပြီးနောက် လင်းထျန် ပြုံးပြီး "ရမယ်ဆိုရင်တော့ နောက်တစ်ဘူးလောက် ထပ်စားချင်တယ်" လို့ ပြောလိုက်တယ်။
ငါးမိနစ်ကြာတော့ လင်းထျန် ခေါင်းငုံ့ပြီး ခေါက်ဆွဲပြုတ်ကို အငမ်းမရ ထပ်စားနေပြန်တယ်။
လင်းထျန်က ငတ်ပြတ်နေတဲ့ တစ္ဆေတစ်ကောင်လို ခေါက်ဆွဲပြုတ်ကို အငမ်းမရ စားနေတာကြည့်ပြီး ချန်ရိရွှမ် ရုတ်တရက် စိတ်မကောင်းဖြစ်သွားတယ်။ သူ အသက်ပြင်းပြင်းရှူပြီး "စိတ်မပူပါနဲ့ နင့်ကို ဒီကနေ အမြန်ဆုံး လွတ်အောင် ငါလုပ်ပေးပါ့မယ်" လို့ အားနာစွာ ပြောလိုက်တယ်။
"ဟူး..." နောက်ဆုံးကျန်တဲ့ ခေါက်ဆွဲဖတ်တွေကို စားပြီးနောက် လင်းထျန် ပါးစပ်သုတ်လိုက်တယ်။ ပြီးတော့ ချန်ရိရွှမ်ကို မော့ကြည့်ပြီး ပြုံးကာ "စိတ်မပူပါနဲ့ ငါ့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
"နင်က ဘာကူညီနိုင်မှာမို့လို့လဲ။ ထားပါတော့ ငါ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်" ချန်ရိရွှမ် သက်ပြင်းချပြီး မတတ်သာတဲ့အဆုံး ခေါင်းခါလိုက်တယ်။
တစ်ခုခုကို သတိရသွားပြီး ချန်ရိရွှမ်က ဘေးမှာရပ်နေတဲ့ ရဲဘက်လှည့်ကာ "ခဏနေရင် လက်ထိပ်ပြန်မခတ်နဲ့တော့" လို့ ပြောလိုက်တယ်။
"ဒါက..."
ဟိုလူ ခဏလောက် တွေဝေပြီးမှ ချန်ရိရွှမ်ကို အခက်တွေ့နေတဲ့ မျက်နှာထားနဲ့ ကြည့်ကာ "ဒါက ညွှန်ကြားရေးမှူးရဲ့ အမိန့်မို့ပါ ဒါက ကျနော် လုပ်ပေးနိုင်သလောက်ပါပဲ" လို့ ပြောလိုက်တယ်။
"မင်း ဘာပြောလိုက်တာလဲ..." ဒါကြားတော့ ချန်ရိရွှမ် ဒေါသထွက်သွားတယ်။
"ရပါတယ် ခတ်လိုက်ပါ" လင်းထျန်က ချန်ရိရွှမ်စကားကို ဖြတ်ပြောပြီး ကုလားထိုင်မှာ ဝင်ထိုင်ကာ လက်နှစ်ဖက်ကို အနောက်ပစ်ထားလိုက်တယ်။
အမ်...
လင်းထျန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင်တော့ ရဲသား အံ့သြသွားတယ်။
"လာလေ ဘာရပ်လုပ်နေတာလဲ" ဟိုလူ ကြောင်နေတာမြင်တော့ လင်းထျန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
ရဲက ခေါင်းခါလိုက်ပြီး လျှောက်လာကာ လင်းထျန်ရဲ့လက်တွေကို ကုလားထိုင်နဲ့တွဲပြီး လက်ထိပ်ပြန်ခတ်လိုက်တယ်။
လက်ထိပ်ခတ်ခံနေရတုန်း လင်းထျန်က ချန်ရိရွှမ်ကို မော့ကြည့်ပြီး ပြုံးကာ "ကဲပါ ကူညီပေးတာ ကျေးဇူးပါပဲ။ ကျန်တာ ငါ့ဘာသာ ကြည့်ရှင်းလိုက်ပါမယ်။ ငါ့ဘာသာ ပြန်ထွက်သွားလို့ ရပါတယ်။ ငါ့မှာ နည်းလမ်းရှိပါတယ်" လို့ ပြောလိုက်တယ်။
လင်းထျန်ရဲ့ မျက်နှာထားက တည်ငြိမ်နေပေမယ့် အဲဒီတည်ငြိမ်နေတဲ့ မျက်လုံးတွေထဲမှာတော့ ဒေါသတွေ တောက်လောင်နေတယ်။
"နင် ဘာမှနားမလည်ပါဘူး နင် မသိပါဘူး..." ချန်ရိရွှမ် စကားရပ်သွားပြီး ခေါင်းခါလိုက်တယ်။ နောက်ဆုံးတော့ ဘာမှဆက်မပြောတော့ဘဲ သက်ပြင်းချကာ လှည့်ထွက်သွားတယ်။
ချန်ရိရွှမ် ထွက်သွားတော့ ရဲသားလည်း လိုက်ထွက်သွားတယ်။
ခဏအတွင်းမှာပဲ စစ်ဆေးမေးမြန်းရေးအခန်းထဲမှာ လင်းထျန် တစ်ယောက်တည်း ကျန်ခဲ့တယ်။
ဘာမှမရှိတော့တဲ့ အခန်းကို ကြည့်ပြီး လင်းထျန် အသက်ပြင်းပြင်းရှူကာ ကုလားထိုင်ကို မှီပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်။
လင်းထျန် အရမ်းစိတ်တိုပြီး ဒေါသထွက်နေတယ်။
ဒါပေမဲ့ လင်းထျန် တည်ငြိမ်နေတုန်းပါပဲ!
တကယ့်ဒေါသဆိုတာ အော်ဟစ်ဆူညံနေတာ မဟုတ်ဘူး။
အဲဒီအစား ပေါက်ကွဲခါနီး မီးတောင်တစ်ခုလို တည်ငြိမ်နေတာကမှ တကယ့်ဒေါသအစစ်ပဲ!
လင်းထျန် ဒေါသထွက်လွန်းလို့ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ!
"ဟူး..."
လင်းထျန် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်း တည်ငြိမ်အောင် လုပ်လိုက်တယ် - "ဒီကနေ ထွက်ဖို့ နည်းလမ်းအရင် ရှာရမယ်။ မထွက်ရင် အိမ်ကလူတွေ စိတ်ပူနေလိမ့်မယ် မနက်ဖြန်လည်း အတန်းရှိသေးတယ်။ ပြီးတော့ မထွက်ရင် ဖြေရှင်းလို့မရတဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်"
ဒါကိုတွေးမိတော့ လင်းထျန် ဒေါသထွက်သွားတယ်။ လက်စားချေဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒီလိုမျိုး အကစားခံရတာ သူတခါမှ မကြုံဖူးဘူး။
"ဒါပေမဲ့ ဒီကနေ အရင်ထွက်မှ ဖြစ်မယ် မဟုတ်ရင် အကုန်ပြီးသွားလိမ့်မယ်" လင်းထျန် တွေးလိုက်တယ်။
လင်းထျန်သာ အတင်းထွက်ချင်ရင် ဒီမှာရှိတဲ့ ဘယ်သူမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ လက်ထိပ်ခတ်ထားလို့ လင်းထျန် ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့။
ဒါပေမဲ့ အတင်းထွက်တာက သေချာပေါက် ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူး။ မနက်ဖြန်ကျရင် နိုင်ငံတော်အဆင့် ဝရမ်းပြေး မဖြစ်ချင်ဘူးလေ။
လင်းထျန်က ဒီမှာ ဆက်နေရဦးမှာ သူ့မှာ မိသားစုနဲ့ သူငယ်ချင်းတွေ ရှိသေးတယ်။
အတင်းလုပ်တာက မိုက်မဲတဲ့ လုပ်ရပ်ပဲ။
ကိုယ်ပျောက်မလား?
လင်းထျန် ကိုယ်ပျောက်စွမ်းရည်ကို သတိရလိုက်တယ်။
ဒါပေမဲ့...
ဒါကိုတွေးပြီး လင်းထျန်က နံရံထောင့်က စောင့်ကြည့်ကင်မရာကို မော့ကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။
တကယ်လို့ သူသာ ကိုယ်ပျောက်လိုက်ရင် လုံခြုံရေးကင်မရာက သေချာပေါက် မှတ်တမ်းတင်ထားလိမ့်မယ်။ အခန်းထဲကလူ ရုတ်တရက် ပျောက်သွားရင် စောင့်ကြည့်မှတ်တမ်းကို ပြန်စစ်တဲ့အခါ ဒီထူးဆန်းတဲ့ ဖြစ်ရပ်ကို သူတို့ သေချာပေါက် သတိထားမိကြမှာ။
အဲဒီကျရင် ဝရမ်းထုတ်ခံရတာလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ အဖမ်းခံရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ အဖြတ်ခံရနိုင်တယ်။
"ဒီနည်းလမ်းတွေ အလုပ်မဖြစ်ရင် သမားရိုးကျ နည်းလမ်းပဲ သုံးရတော့မယ် ထင်တယ်" လင်းထျန် တွေးလိုက်တယ်။
"ဘယ်နည်းလမ်း သုံးရမလဲ" လင်းထျန် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားတယ်။
"ကလစ်!" လင်းထျန် စဉ်းစားနေတုန်း ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရတယ်။
အသံကြားတော့ လင်းထျန် မျက်လုံးဖွင့်ပြီး တံခါးပေါက်ကို ကြည့်လိုက်တယ်။
လာတဲ့သူကို မြင်တာနဲ့ လင်းထျန် မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်!
လင်းလောင်!
လာတဲ့သူက မနေ့က သူရိုက်ခဲ့တဲ့လူပါပဲ။ နာမည်မသိပေမယ့် လင်းထျန် မှတ်မိနေတယ်။
အဲဒီအချိန်မှာ လင်းလောင်ရဲ့ ညာလက်ကို ပတ်တီးစည်းထားတုန်းပဲ။ မနေ့က လင်းထျန် နင်းခဲ့တဲ့ဒဏ်ရာ မပျောက်သေးဘူးဆိုတာ သိသာတယ်။
လင်းလောင်က လင်းထျန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားက ရဲဘက်လှည့်ကာ "သူ့ခြေထောက်ကိုပါ လက်ထိပ်ခတ်လိုက်" လို့ ပြောလိုက်တယ်။
ဒါကြားတော့ ရဲက ခဏလောက် တွေဝေပေမယ့် လင်းထျန်အနားသွားပြီး ခြေထောက်ကိုပါ လက်ထိပ်ခတ်လိုက်တယ်။
လင်းထျန် ငြိမ်နေလိုက်ပြီး ခြေထောက်ကို လက်ထိပ်ခတ်ခိုင်းလိုက်တယ်။
လင်းထျန်ရဲ့ လက်ရော ခြေထောက်ပါ လက်ထိပ်ခတ်ခံထားရတာ မြင်တော့ လင်းလောင်က ပြုံးပြီး လျှောက်လာတယ်။ လင်းထျန်အနားရောက်တော့ လင်းထျန်ရဲ့ ပေါင်ကို အားကုန် ကန်ထည့်လိုက်ပြီး "သောက်ကျိုးနည်း မင်းက တော်တော်မိုက်တယ်ပေါ့လေ။ လာလေ ထပ်မိုက်ကြည့်လေ" လို့ ဆဲရေးလိုက်တယ်။
ပြောရင်းနဲ့ သူက လင်းထျန်ကို ထပ်ကန်လိုက်ပြန်တယ်!
လင်းထျန် မျက်လုံးမှေးလိုက်ပြီး ကြွက်သားတွေကို တင်းရင်းစေကာ ကန်ချင်သလောက် ကန်ပါစေလို့ လွှတ်ထားလိုက်တယ်။
လင်းလောင်က လင်းထျန်ကို အကြိမ်ကြိမ် ကန်ပြီးမှ ရပ်လိုက်တယ်။ လင်းထျန်ရဲ့ ခေါင်းကို ဆွဲမော့ပြီး "ဟေ့ကောင် မင်းက တော်တော်မိုက်တယ်ပေါ့။ လာလေ အရူးကောင်ရဲ့" လို့ လှောင်ပြောင်လိုက်တယ်။
"ထွီ!" ပြောပြောဆိုဆိုနဲ့ လင်းလောင်က လင်းထျန်ရဲ့ မျက်နှာကို တံတွေးနဲ့ တည့်တည့် ထွေးလိုက်တယ်!
ဖြောင်း!
လင်းထျန် ခေါင်းငုံ့ပြီး အမြန် ရှောင်လိုက်ပေမယ့် အကွာအဝေးက အရမ်းနီးကပ်လွန်းတာကြောင့် တံတွေးတချို့ လင်းထျန်ရဲ့ မျက်နှာပေါ် စင်သွားတယ်။
လင်းထျန် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာက ပြာနှမ်းသွားတယ်!
လင်းထျန်ရဲ့ မျက်နှာထားကို သတိထားမိတော့ လင်းလောင်က လင်းထျန်ရဲ့ ခေါင်းကို ဆွဲပြီး "မင်းက ရန်ဖြစ်တာ တော်တော်ကောင်းတယ် မလား။ လာလေကွာ။ မလုပ်နိုင်တော့ဘူး မလား အရူးကောင်" လို့ လှောင်ပြောင်လိုက်တယ်။
ပြောပြီးတာနဲ့ လင်းလောင်က လင်းထျန်ရဲ့ မျက်နှာကို အားကုန် ပါးရိုက်လိုက်တယ်!
"အား..." လင်းထျန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြွက်သားတွေကို တင်းရင်းစေကာ လက်ထိပ်ခတ်ခံထားရတဲ့ လက်နှစ်ဖက်ကို ရုတ်တရက် ဖြဲလိုက်တယ်!
ခွမ်း!
ဘုန်း!
ခဏအတွင်းမှာပဲ ကုလားထိုင်တစ်ခုလုံး အစမကျန် ကွဲကြေသွားတယ်!
"အား..." လင်းထျန် ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်!
ဘုန်း!
ခဏအတွင်းမှာပဲ လင်းထျန်က လက်ထိပ်ကို နှစ်ပိုင်းကျိုးအောင် ဆွဲဖြတ်လိုက်တယ်!
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: