လင်းထျန် လက်ထိပ်ကို အားကုန်ဆွဲဖြတ်လိုက်ပြီး ကြောင်နေတဲ့ လင်းလောင်ကို မြင်တာနဲ့ ချက်ချင်း ရိုက်ချလိုက်တယ်။

ဖြောင်း!

ကျယ်လောင်တဲ့ ပါးရိုက်သံ!

လင်းထျန်ရဲ့ ရိုက်ချက်ကြောင့် လင်းလောင် ချက်ချင်း လွင့်ထွက်သွားတယ်!

"ထွီ..."

သွေးတွေရောနေတဲ့ သွားတစ်ချောင်း ပါးစပ်ထဲက ထွက်ကျလာတယ်!

ဘုန်း!

လင်းလောင် ကြမ်းပြင်ပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတယ်။

လင်းထျန် သူ့မျက်နှာပေါ်က တံတွေးတွေကို သုတ်လိုက်ပြီး အေးစက်တဲ့မျက်နှာထားနဲ့ ရှေ့တက်လာတယ်။ လင်းလောင်ရဲ့ ပတ်တီးစည်းထားတဲ့ ညာလက်ကို တစ်ချက်ကြည့်ပြီး အဲဒီလက်ပေါ်ကို ခြေထောက်နဲ့ နင်းချလိုက်တယ်!

"အား..." နာကျင်တဲ့ အော်သံ ချက်ချင်း ထွက်ပေါ်လာတယ်!

လင်းထျန် ခြေထောက်ကို အားကုန် ဖိချလိုက်တဲ့အခါ... ကျွတ်!

အရိုးကျိုးသံ ထွက်ပေါ်လာတယ်!

အေးစက်စက် နှာမှုတ်ပြီး လင်းထျန် ခါးကုန်းကာ လင်းလောင်ကို ဆွဲထူလိုက်ပြီး နံရံနဲ့ ဆောင့်တွန်းကာ အေးစက်စက် ကြည့်ပြီး "ခုနကပဲ မင်း ငါ့ကို လာရိုက်ပါဦးလို့ ပြောနေတာ မဟုတ်လား" လို့ မေးလိုက်တယ်။

"ငါ ရောက်လာပြီလေ မင်းကရော"

ပြောပြီးတာနဲ့ လင်းထျန် သူ့ပါးကို ထပ်ရိုက်လိုက်တယ်။

ဘုန်း!

သူ့ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။

"မလှုပ်နဲ့" အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ ရဲသားတောင် ခဏလောက် ကြောင်နေပြီးမှ ခါးကြားက သေနတ်ကို အလျင်စလို ဆွဲထုတ်လိုက်တယ်။

သူ့ရဲ့ လှုပ်ရှားမှုကို သတိထားမိတာနဲ့ လင်းထျန်ရဲ့ ခြေသလုံးကြွက်သားတွေ တင်းရင်းသွားပြီး အားကုန် ကန်ထည့်လိုက်တယ်!

ဝှစ်!

လင်းထျန် ရှေ့ကို တိုးဝင်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်တယ်!

ဖြောင်း!

ရဲသား မြှောက်လိုက်တဲ့ သေနတ်က လင်းထျန်ရဲ့ ကန်ချက်ကြောင့် ချက်ချင်း လွင့်ထွက်သွားတယ်!

လက်ကောက်ဝတ်မှာ ပူလောင်တဲ့ ခံစားမှု ဖြစ်ပေါ်လာပြီး ရဲသား ချက်ချင်း ကြက်သေသေသွားတယ်။

လင်းထျန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သေနတ်ရှိရာကို လှမ်းသွားကာ ကုန်းကောက်လိုက်တယ်။

ကလစ်!

လင်းထျန် သေနတ်ရဲ့ လုံခြုံရေးခလုတ်ကို ဖြုတ်လိုက်တယ်။

အဲဒီအသံကြားတော့ ရဲသား ချွေးစေးတွေ ပြန်လာတယ်။

"ဒုန်း!" ရုတ်တရက် စစ်ဆေးမေးမြန်းရေးအခန်းတံခါး ကန်ဖွင့်ခံလိုက်ရပြီး ရဲအုပ်စုတစ်စု ဝင်ရောက်လာတယ်။

"ဘာလဲ ဘာဖြစ်တာလဲ" အားလုံး နားမလည်နိုင်ဖြစ်နေကြပေမယ့် လင်းထျန်လက်ထဲက သေနတ်ကို မြင်လိုက်တော့ အားလုံး လန့်သွားကြတယ်။ သေနတ်ပါတဲ့လူတွေက သေနတ်ထုတ်ပြီး လင်းထျန်ကို ချိန်ထားလိုက်ကြတယ်။

လင်းထျန်က သေနတ်ကိုကိုင်ပြီး လင်းလောင်ကို ချိန်ထားတယ်။

"မလှုပ်နဲ့ သေနတ်ချလိုက်" တချို့လူတွေက လင်းထျန်ကို အော်ပြောကြတယ်။

လင်းထျန်က အေးစက်စွာ တိတ်ဆိတ်နေပြီး သေနတ်ကို လင်းလောင်ဆီပဲ ချိန်ထားတယ်။

"သေနတ်ချလိုက်လို့ ပြောနေတယ်" လင်းထျန်ရဲ့ လုပ်ရပ်ကို သတိထားမိတော့ အားလုံး တင်းမာသွားကြတယ်။

ဒါပေမဲ့ လင်းထျန်ကတော့ မလှုပ်မယှက်ပါပဲ။

ကြမ်းပြင်ပေါ်မှာ လဲကျနေပြီး သူ့ကိုချိန်ထားတဲ့ မည်းနက်နေတဲ့ သေနတ်ပြောင်းဝကို ကြည့်ရင်း လင်းလောင် တံတွေးမြိုချလိုက်မိတယ်။ ရင်တွေတဒုန်းဒုန်း ခုန်နေပြီး ဒီကိုလာမိတာ နောင်တရနေမိတယ်။

လက်တွေခြေထောက်တွေ လက်ထိပ်ခတ်ထားတာတောင် လင်းထျန်က ချိုးဖျက်ပြီး လွတ်မြောက်နိုင်လောက်အောင် ကြောက်စရာကောင်းမယ်လို့ သူ လုံးဝ ထင်မထားခဲ့မိဘူး။

ရူးသွပ်စရာပဲ!

"လင်းထျန် နင် ဘာလုပ်နေတာလဲ။ သေနတ်ချလိုက်" အဲဒီအချိန်မှာ နူးညံ့တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။

ရင်းနှီးနေတဲ့ အသံကို ကြားတော့ လင်းထျန် လှည့်ကြည့်လိုက်တဲ့အခါ ချန်ရိရွှမ်က သူ့ကို စိုးရိမ်တကြီး ကြည့်နေတာ တွေ့လိုက်ရတယ်။

လင်းထျန် ချန်ရိရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး တခြားရဲတွေရဲ့ မျက်နှာတွေကို ဖြည်းဖြည်းချင်း ဝေ့ကြည့်ကာ "မင်းတို့ ညွှန်ကြားရေးမှူးကို ခေါ်လိုက်" လို့ တိုးတိုးလေး ပြောလိုက်တယ်။

"ငါပဲ" အဲဒီအချိန်မှာ တည်ငြိမ်တဲ့ အသံတစ်သံ အပြင်ဘက်ကနေ ထွက်ပေါ်လာတယ်။

အသံကြားတော့ လင်းထျန် မော့ကြည့်လိုက်တဲ့အခါ အသက်လေးဆယ်အရွယ် လေးထောင့်စပ်စပ် မျက်နှာနဲ့ လူလတ်ပိုင်းတစ်ယောက် ဝင်လာတာ တွေ့လိုက်ရတယ်။

ဒီလူဝင်လာတာမြင်တော့ ဘေးနားက ရဲတွေ လမ်းဖယ်ပေးလိုက်ကြတယ်။

"ညွှန်ကြားရေးမှူး" တစ်ယောက်က တိုးတိုးလေး ခေါ်လိုက်တယ်။

ကျုံကော်က လက်ကာပြပြီး စကားမပြောဖို့ တားလိုက်ကာ လင်းထျန်ကို ကြည့်ပြီး "ကျုပ်က ဝူအန်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူးပါ။ မင်း ကျုပ်ကို ဘာပြောချင်လို့လဲ" လို့ ဖြည်းဖြည်းချင်း မေးလိုက်တယ်။

လင်းထျန် သူ့ကိုကြည့်ပြီး "ခင်ဗျား ဒီကိုလာခဲ့ ကျန်တဲ့လူတွေ ထွက်သွား" လို့ ပြောလိုက်တယ်။

လင်းထျန်ကို ခဏလောက် တိတ်ဆိတ်စွာ အကဲခတ်ပြီးနောက် ကျုံကော်က ကြမ်းပြင်ပေါ်က လင်းလောင်ကို လက်ညှိုးထိုးပြပြီး "သူ့ကိုပါ ထွက်ခိုင်းလိုက်လေ" လို့ ပြောတယ်။

"အကုန်ထွက်သွား ခင်ဗျားတစ်ယောက်တည်း ကျန်ခဲ့ရင်ရပြီ။ ခင်ဗျားကို ပြောစရာရှိတယ်" လင်းထျန်က လင်းလောင်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။

"သူ့ကို အရင်ထွက်ခိုင်းလိုက်ပါ" ကျုံကော်က လင်းလောင်ကို ညွှန်ပြတယ်။

လင်းထျန် မငြင်းပါဘူး လင်းလောင်ကို ဂရုမစိုက်တဲ့ပုံစံနဲ့ ကြည့်ပြီး "ထွက်သွား" လို့ ပြောလိုက်တယ်။

ဒါကြားတော့ လင်းလောင် အလျင်စလို ကုန်းရုန်းထွက်သွားတယ်။

လင်းလောင် ထွက်သွားတာမြင်တော့ ကျုံကော် သက်ပြင်းချလိုက်တယ်။ သူ့ကို သေနတ်နဲ့ချိန်ထားတဲ့ လင်းထျန်ကို မော့ကြည့်ပြီး လက်ဝှေ့ယမ်းကာ ရဲတွေကို "မင်းတို့အားလုံး ထွက်သွားလို့ရပြီ" လို့ လေးလေးနက်နက် ပြောလိုက်တယ်။

"ညွှန်ကြားရေးမှူး" ဒါကြားတော့ တစ်ယောက်က စိုးရိမ်တကြီး ခေါ်လိုက်တယ်။

"ထွက်သွား" ကျုံကော် အော်ပြောလိုက်တယ်။

ကျုံကော်ရဲ့ ဒေါသသံကို ကြားတော့ တခြားရဲတွေ ခဏတွန့်ဆုတ်သွားပြီးမှ နောက်ဆုတ်သွားကြတယ်။

လင်းထျန်က မလှုပ်မယှက် ရပ်နေတဲ့ ချန်ရိရွှမ်ကို မျက်လုံးထောင့်ကနေ ကြည့်ပြီး "မင်းလည်း ထွက်သွား" လို့ ပြောလိုက်တယ်။

ချန်ရိရွှမ်က လင်းထျန်ကို စူးစူးဝါးဝါး ကြည့်ပြီး "မိုက်မဲတာတွေ မလုပ်နဲ့နော်" လို့ ဒေါသတကြီး ပြောတယ်။

"ထွက်သွား" လင်းထျန် အေးစက်စက် ပြောလိုက်တယ်။

"နင်..." ချန်ရိရွှမ် လင်းထျန်ကို စိုက်ကြည့်နေပေမယ့် မလှုပ်ဘူး။

"ထွက်သွားလို့ ပြောနေတယ်လေ" ဒီအချိန်မှာ ကျုံကော် ဝင်ပြောလိုက်တယ်။

ဒါကြားတော့ ချန်ရိရွှမ် ခဏတွန့်ဆုတ်ပြီးမှ လှည့်ထွက်သွားတယ်။

"တံခါးပိတ်သွား" ထွက်သွားခါနီးမှာ လင်းထျန် လှမ်းပြောလိုက်တယ်။

"ဒုန်း!" ချန်ရိရွှမ် တံခါးကို ဆောင့်ပိတ်သွားတယ်။

တံခါးပိတ်သွားတော့ အခန်းထဲမှာ လင်းထျန်နဲ့ ကျုံကော် နှစ်ယောက်တည်း ကျန်ခဲ့တယ်။

လင်းထျန်ကို ကြည့်ပြီး ကျုံကော်က ပြုံးကာ "ငါ မင်းကို သိပါတယ် လင်းထျန်။ မင်း ငါတို့ ရဲစခန်းကို အများကြီး ကူညီပေးခဲ့တာပါ" လို့ ပြောလိုက်တယ်။

"ဟဲဟဲ" အပြုံးဖျော့ဖျော့လေးနဲ့ လင်းထျန် အိတ်ကပ်ထဲက ဒင်္ဂါးပြားတစ်ပြား ထုတ်ပြီး နံရံဘက် ပစ်ပေါက်လိုက်တယ်။

ခွမ်း!

ကွဲအက်သံ ချက်ချင်း ထွက်ပေါ်လာတယ်။

ထောင့်က စောင့်ကြည့်ကင်မရာ လင်းထျန်လက်ချက်နဲ့ ကွဲသွားတယ်။

ကွဲသွားတဲ့ ကင်မရာကို တစ်ချက်ကြည့်ပြီး လင်းထျန် စစ်ဆေးမေးမြန်းရေးအခန်း တံခါးကို အမြန်ပိတ်လိုက်တယ်။ ဒါတွေလုပ်ပြီးမှ လင်းထျန် ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ကျုံကော်ကို ကြည့်ပြီး "အခု စကားပြောလို့ ရပြီ" လို့ ပြုံးပြီး ပြောလိုက်တယ်။

ကျုံကော်က လင်းထျန်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ "မင်း တော်တော်စွမ်းတာပဲ။ အမှားကြီး မလုပ်မိခင် သေနတ်ချလိုက်ပါ" လို့ ပြောတယ်။

လင်းထျန် အနည်းငယ်ပြုံးပြီး သေနတ်ကို သိမ်းလိုက်ကာ လုံခြုံရေးခလုတ်ကို ပြန်ပိတ်လိုက်ပြီး "သေနတ်ချလိုက်တာ ပြဿနာမရှိပါဘူး ဒါပေမဲ့ ခင်ဗျားကို အကြံပေးချင်တာက ထွက်ပြေးဖို့ မကြိုးစားပါနဲ့။ ကျနော့် စွမ်းရည်ကို ခင်ဗျား သိမှာပါ" လို့ ပြုံးပြီး ပြောလိုက်တယ်။

"ကိစ္စမရှိပါဘူး" ကျုံကော် အနည်းငယ်ပြုံးပြီး သူ့ကိုကြည့်ကာ "မင်းကိစ္စနဲ့ ပတ်သက်ပြီး..."

"ရပ်လိုက်"

လင်းထျန်က ကျုံကော်စကားကို ဖြတ်ပြောပြီး သူ့ကိုကြည့်ကာ ပြုံးပြီး "ကျနော့်ကိစ္စ နောက်မှပြောမယ် ခင်ဗျားကိစ္စ အရင်ပြောရအောင်" လို့ ပြောလိုက်တယ်။

"ငါ့ကိစ္စ" ကျုံကော် အံ့သြသွားတယ်။

"ဟုတ်တယ်" လင်းထျန် အိတ်ကပ်ထဲက ဒင်္ဂါးပြားသုံးပြား ထုတ်လိုက်ပြီး သူ့ကိုကြည့်ကာ ပြုံးပြီး "ခင်ဗျား ဗေဒင်ယုံလား" လို့ မေးလိုက်တယ်။

"ဟင်" ကျုံကော် လင်းထျန်ကို နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ ကြည့်တယ်။

လင်းထျန် ဘာမှမပြောဘဲ လက်ထဲက ဒင်္ဂါးပြားသုံးပြားကို ပစ်ချလိုက်တယ်!

ဂျီ...

ချက်ချင်းပဲ ဒင်္ဂါးပြားသုံးပြား ကြမ်းပြင်ပေါ်မှာ ငွေရောင်ဂျင်တွေလို အရှိန်ပြင်းပြင်း လည်သွားတယ်။

ဆယ်စက္ကန့်ကြာတော့ ဒင်္ဂါးပြားတွေ ရပ်သွားတယ်။

ဒင်္ဂါးပြားတွေ ရပ်တာနဲ့ လင်းထျန်ခေါင်းထဲ သတင်းအချက်အလက် တစ်ခု ဝင်လာတယ်။

ခေါင်းထဲရောက်လာတဲ့ အချက်အလက်ကို အာရုံခံမိတော့ လင်းထျန် မျက်လုံးတွေ အရောင်တောက်သွားတယ်။

ပြုံးပြီး လင်းထျန် ကျုံကော်ကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ "ခင်ဗျားနာမည် ကျုံကော် လွန်ခဲ့တဲ့ တစ်နှစ်ကမှ ရဲညွှန်ကြားရေးမှူး ရာထူးတိုးထားတာ။ ခင်ဗျားမှာ သားနှစ်ယောက် သမီးတစ်ယောက် ရှိတယ်။ သမီးက မယားငယ်နဲ့ရတဲ့ တရားမဝင် ကလေး"

ဒါကြားတော့ ကျုံကော်ရဲ့ မျက်နှာထား နည်းနည်း ပြောင်းလဲသွားတယ်။

ကျုံကော်ရဲ့ မျက်နှာထားကို သတိထားမိတော့ လင်းထျန် အနည်းငယ်ပြုံးပြီး ဆက်ပြောတယ်။ "ခင်ဗျား ဒီနေ့ ပန်းပွင့်ပုံစံ အတွင်းခံ ဝတ်ထားတယ် အိတ်ကပ်ထဲမှာ ၅၀၈ ယွမ် ပါတယ် ပြီးတော့ ခြေအိတ်ကို မလျှော်ဘဲ ဝတ်လာတာ နှစ်ရက်ရှိပြီ"

ဒီနေရာမှာ လင်းထျန် စကားရပ်လိုက်ပြီး ကျုံကော်ကို ပြုံးပြီး ကြည့်နေတယ်။

အဲဒီအချိန်မှာ ကျုံကော် ကြောင်အသွားပြီး လင်းထျန်ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတယ်။ သူ့မျက်နှာမှာ မယုံကြည်နိုင်မှုတွေ အပြည့်ပါပဲ။

အစပိုင်း အချက်အလက်လောက်ဆိုရင် လင်းထျန် စုံစမ်းထားလို့ ရတယ်ဆိုတာ လက်ခံနိုင်စရာပါ။ ဒါပေမဲ့ သူဘာအတွင်းခံ ဝတ်ထားလဲ ခြေအိတ်ကို ဘယ်နှရက် ဝတ်ထားလဲဆိုတာ လင်းထျန် ဘယ်လိုလုပ် သိနိုင်မှာလဲ။

ပြီးတော့ သူ့အိတ်ထဲက ပိုက်ဆံ။

ဒါကိုတွေးမိပြီး ကျုံကော် အိတ်ကပ်ထဲက ပိုက်ဆံတွေကို အမြန်ထုတ်ကြည့်လိုက်တယ်။ သေချာရေတွက်ကြည့်တော့ တကယ်ပဲ ၅၀၈ ယွမ် ဖြစ်နေတယ်။

သူကိုယ်တိုင်တောင် သူ့ဆီမှာ ပိုက်ဆံဘယ်လောက်ပါလဲဆိုတာ မသိဘူး လွန်ခဲ့တဲ့ တစ်နာရီကမှ စီးကရက်တစ်ဘူး ဝယ်ခဲ့တာလေ။

ဒီမှာ အချုပ်ခံထားရတဲ့ လင်းထျန်က ဒါကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချက်ချင်းဆိုသလို လင်းထျန်ကို ကြည့်တဲ့ ကျုံကော်ရဲ့ အကြည့်တွေ ပြောင်းလဲသွားတယ်။

ဒါကိုမြင်တော့ လင်းထျန်ရဲ့ နှုတ်ခမ်းစွန်း နည်းနည်းကွေးတက်သွားပြီး အပြုံးတစ်ခု ပေါ်လာတယ်။ ကျုံကော် ငါးစာဟပ်သွားပြီဆိုတာ သူ သိလိုက်ပြီ!