ကျုံကော် ငါးစာဟပ်သွားပြီ။

ပြီးတော့ နောက်တစ်ဆင့်ပဲ လိုတော့တယ်။

ဒါကိုတွေးပြီး လင်းထျန် မတ်တပ်ရပ်ကာ စားပွဲဆီသွားပြီး စားပွဲပေါ်က စာရွက်နဲ့ ဘောပင်ကို ယူလိုက်တယ်။

လင်းထျန်က စာလုံးအချို့ကို အမြန်ရေးလိုက်ပြီး နောက်ထပ် စာရွက်တစ်ရွက်ကို ဆွဲဖြဲကာ စာလုံးအချို့ ထပ်ရေးလိုက်တယ်။ စုစုပေါင်း စာရွက်သုံးရွက်ပေါ် ရေးလိုက်တာပါ။

လင်းထျန်က စာရွက်သုံးရွက်ကို ကြယ်ငါးပွင့်ပုံစံ သုံးခုခေါက်လိုက်ပြီး နံပါတ်စဉ်တပ်လိုက်တယ်။

ကြယ်ငါးပွင့်ပုံစံ စာရွက်သုံးခုကို ကိုင်ထားရင်း လင်းထျန်က ကျုံကော်ကို ကမ်းပေးလိုက်ပြီး "ရော့ ခင်ဗျားအတွက်။ ပထမတစ်ခုကို တစ်နာရီကြာမှ ဖွင့်ကြည့်။ ဒုတိယတစ်ခုကို နှစ်နာရီကြာမှ ဖွင့်ကြည့်။ တတိယတစ်ခုကိုတော့ ဒုတိယတစ်ခု ဖွင့်ကြည့်ပြီးမှ ဖွင့်ကြည့်ပါ" လို့ ပြောလိုက်တယ်။

"မှတ်ထားနော်" လင်းထျန် စကားခဏရပ်လိုက်ပြီး လေးလေးနက်နက် ကြည့်ကာ "သတ်မှတ်ချိန်မတိုင်ခင် ဖွင့်မကြည့်နဲ့။ အဲဒီလိုလုပ်ရင် ကျနော် ခင်ဗျားကို ကယ်နိုင်တော့မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

ပြောရင်းနဲ့ လင်းထျန်က လက်ထဲက ကြယ်ငါးပွင့်စာရွက်ခေါက်သုံးခုကို ကျုံကော်ရဲ့ လက်ဖဝါးထဲ ထည့်ပေးလိုက်တယ်။

ကျုံကော်က လင်းထျန်ကို နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ ကြည့်ပြီး စာရွက်ခေါက်တွေကို ကြောင်ကိုင်ထားလိုက်မိတယ်။

ဒီတစ်ခါတော့ သူ တကယ် စိတ်ရှုပ်သွားတယ်။

ခုနက လင်းထျန် လုပ်ပြသွားတာတွေက လင်းထျန်မှာ မယုံကြည်နိုင်လောက်တဲ့ စွမ်းရည်တွေ ရှိနေတယ်ဆိုတာ ယုံကြည်သွားစေတယ်။

ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အသိစိတ်ကတော့ ဒါက မဖြစ်နိုင်ဘူးလို့ ပြောနေတယ်။

ဆန့်ကျင်ဘက် ခံစားချက်နှစ်ခုက သူ့စိတ်ထဲမှာ တိုက်ပွဲဝင်နေပြီး သံသယစိတ်တွေ တဖျပ်ဖျပ် ဖြစ်ပေါ်နေစေတယ်။

လင်းထျန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အခုအချိန် မဟုတ်သေးမှန်း သိလိုက်တယ်။ နှစ်နာရီကြာမှ သူ့တောင်းဆိုမှုကို လုပ်ရမယ်။

ဒါကိုတွေးပြီး လင်းထျန် လက်ဝှေ့ယမ်းကာ "ခင်ဗျား သွားလို့ရပြီ" လို့ ပြောလိုက်တယ်။

"အမ်..." လက်ထဲက ကြယ်ငါးပွင့်စာရွက်ခေါက်တွေကို ကိုင်ထားရင်း ကျုံကော် ထပ်ကြောင်သွားပြန်တယ်။

မူလက ကျုံကော်က လင်းထျန်ကို နားချဖို့ ရည်ရွယ်ထားပေမယ့် လင်းထျန်က စကားစပြောကတည်းက အခြေအနေကို ထိန်းချုပ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

ပြီးတော့ အခုလည်း သူဘာမှ နားချစရာမလိုဘဲ လင်းထျန်က သူ့ကို ဒီတိုင်း ပြန်လွှတ်လိုက်တယ်။

ဒါ တကယ်ပဲလား။

ခဏလောက် ကြောင်အသွားပြီးနောက် ကျုံကော်က လင်းထျန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်တယ်။ ပြီးတော့ စားပွဲပေါ်မှာ လင်းထျန် ချထားပေးတဲ့ သေနတ်ကို ယူပြီး လှည့်ထွက်သွားတယ်။

"ကလစ်!" တံခါးဖွင့်သံ ထွက်ပေါ်လာတယ်။

အပြင်မှာ စိုးရိမ်တကြီး စောင့်နေကြတဲ့ ရဲတွေ ချက်ချင်း နိုးကြားသွားကြတယ်။

တံခါးပွင့်လာတော့ ကျုံကော် တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာတယ်။

"ညွှန်ကြားရေးမှူး အဆင်ပြေရဲ့လား" ကျုံကော် ထွက်လာတာမြင်တော့ တစ်ယောက်က စိုးရိမ်တကြီး မေးလိုက်တယ်။

"ဘာမှမဖြစ်ဘူး" ကျုံကော် လက်ဝှေ့ယမ်းပြလိုက်တယ်။ ပြီးတော့ အားလုံးကိုကြည့်ပြီး "လူစုခွဲလိုက်ကြတော့။ ဘယ်သူမှ ဒီကိစ္စကို အပြင်မပြောရဘူး" လို့ ပြောလိုက်တယ်။

"ဒါပေမဲ့..." အားလုံး ခဏတွန့်ဆုတ်သွားပြီး အခန်းထဲက လင်းထျန်ကို လှမ်းကြည့်လိုက်ကြတယ်။

လင်းထျန်က လူတစ်ယောက်ကို သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်ရဲတယ်။ ဒီအပြုအမူက အရမ်း လွန်ကျူးတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် လင်းထျန်က အရမ်း အန္တရာယ်များတဲ့ပုံ ပေါက်နေတယ်။

တွန့်ဆုတ်နေတဲ့ လူတွေကို မြင်တော့ ကျုံကော် မျက်မှောင်ကြုတ်ပြီး "ဘာရပ်လုပ်နေကြတာလဲ။ ထွက်သွားကြ။ ပြီးတော့ ချန်ရိရွှမ် မင်း ဒီမှာ နေခဲ့" လို့ အော်ပြောလိုက်တယ်။

အားလုံး ထွက်သွားပြီးနောက် ကျုံကော်က ချန်ရိရွှမ်ကို ကြည့်ပြီး "မင်း ဒီမှာနေခဲ့ပြီး သူ့ကို စောင့်ကြည့်ထား။ ငါ့အမိန့်မရဘဲ ဘယ်သူမှ ဝင်ခွင့်မပြုရဘူး" လို့ ပြောလိုက်တယ်။

ဒီနေရာမှာ ကျုံကော် စကားခဏရပ်ပြီး စဉ်းစားကာ "သူ ဒီအခန်းထဲကနေ မထွက်သရွေ့ သူတောင်းဆိုသမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ" လို့ ပြောလိုက်တယ်။

"ဟုတ်ကဲ့" ချန်ရိရွှမ် ခေါင်းညိတ်လိုက်တယ်။

ကျုံကော်က သူ့အနောက်က စစ်ဆေးမေးမြန်းရေးအခန်းကို လေးနက်တဲ့ မျက်နှာထားနဲ့ တစ်ချက်ကြည့်ပြီးမှ လှည့်ထွက်သွားတယ်။

တစ်နာရီကြာတော့ ကျုံကော် အိမ်ပြန်လမ်းလျှောက်လာရင်း လင်းထျန်အကြောင်း စဉ်းစားနေတုန်းပဲ။

"တစ်နာရီ ပြည့်ပြီ ဖွင့်ကြည့်လို့ ရပြီ" လို့ တွေးလိုက်ပြီး ကျုံကော်က အိတ်ကပ်ထဲက ကြယ်ငါးပွင့်စာရွက်ခေါက် သုံးခုကို ထုတ်လိုက်ပြီး '၁' လို့ ရေးထားတဲ့ စာရွက်ကို ရွေးလိုက်တယ်။

"ဘုန်း!" ကျုံကော် စာရွက်ခေါက်ကို ဖွင့်ဖို့ လုပ်တုန်းမှာပဲ သူ့ရှေ့တည့်တည့်ကနေ ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာတယ်။

ခွမ်း!

သူ့ရှေ့တည့်တည့် ပြုတ်ကျလာပြီး ကွဲကြေသွားတဲ့ ပန်းအိုးကို မြင်တော့ ကျုံကော် ကြောင်သွားတယ်။ မော့ကြည့်လိုက်တော့ အပေါ်ထပ်က လသာဆောင်ပေါ်မှာ ကြောင်တက်ဘီ တစ်ကောင် လမ်းလျှောက်နေတာ တွေ့လိုက်ရတယ်။

ဒါမြင်တော့ ကျုံကော် မျက်မှောင်ကြုတ်လိုက်တယ်။ ပေါ့ဆလိုက်တာကွာ။ တော်ကြာ လူခေါင်းပေါ် ကျသွားရင် ဘယ်လိုလုပ်မလဲ။

ခဏလောက် ကြောင်ပြီးမှ ကျုံကော် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လန့်ဖျပ်သွားတယ်။ သူ နံပါတ် ၁ စာရွက်ခေါက်ကို အလျင်စလို ဖြေကြည့်လိုက်တယ်။

ဖွင့်ကြည့်လိုက်တော့ စာရွက်ပေါ်မှာ ရေးထားတဲ့ စာသားတွေကြောင့် ကျုံကော်ရဲ့ ရင်ထဲအသည်းထဲအထိ အေးစိမ့်သွားတယ်။ "အဲဒီအချိန်မှာ ခင်ဗျားခေါင်းပေါ်ကနေ ပန်းအိုးတစ်လုံး ပြုတ်ကျလာပြီး ခင်ဗျားကို ထိလုနီးပါး ဖြစ်လိမ့်မယ်"

ထိတ်လန့်စရာ!

ဒီစာသားတွေကို မြင်တော့ ကျုံကော် တကယ် မှင်သက်သွားတယ်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

တစ်နာရီအကြာမှာ ဖြစ်ပျက်မယ့်အရာကို သူ ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ။

သူ့မှာ တကယ်ပဲ ဗေဒင်ဟောတဲ့ စွမ်းရည်ရှိတာလား။

အံ့သြထိတ်လန့်မှုတွေနဲ့အတူ ကျုံကော် အိမ်ပြန်ရောက်လာတယ်။

အိမ်ရောက်တော့လည်း သူ စိတ်မငြိမ်သေးဘဲ လင်းထျန်အကြောင်းပဲ အမြဲ တွေးနေမိတယ်။

အိမ်ပြန်ရောက်ပြီးနောက် နံရံက နာရီကိုပဲ တချိန်လုံး လှမ်းကြည့်ပြီး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေတယ်။

ဒုတိယစာရွက်ထဲမှာ ဘာရေးထားလဲဆိုတာ သိချင်လွန်းလို့ အကြိမ်ကြိမ် ဖွင့်ကြည့်ချင်ပေမယ့် သူ အောင့်အီးထားလိုက်တယ်။

"တီ!" အချိန်ပြည့်ပြီ။

အချိန်ပြည့်တာနဲ့ ကျုံကော် စာရွက်ကို အမြန်ဖွင့်လိုက်တယ်။ ဒါပေမဲ့ မဖွင့်ရသေးခင်မှာပဲ သူ့ဖုန်း ရုတ်တရက် မြည်လာတယ်။

မျက်မှောင်ကြုတ်ပြီး ကျုံကော် ဖုန်းကိုင်လိုက်တယ်။ "ဟဲလို လောင်ကျုံလား။ ရှောင်မင်က သူ့အတန်းဖော်နဲ့ ရန်ဖြစ်ပြီး ဟိုကလေးကို ဆေးရုံပို့လိုက်ရတယ်တဲ့။ ငါအခု ဆေးရုံရောက်နေတယ် ခဏနေရင် ပြန်လာခဲ့မယ်"

ဖုန်းကိုင်လိုက်တာနဲ့ သူ့မိန်းမအသံ ထွက်ပေါ်လာတယ်။

ဒါကြားတော့ ကျုံကော် ရင်ထိတ်သွားပြီး စကားနည်းနည်းပြန်ပြောကာ ဖုန်းချလိုက်တယ်။

ပြီးတော့ ကျုံကော် ဒုတိယစာရွက်ကို ဖွင့်ကြည့်လိုက်တယ်။ ဒုတိယစာရွက်ပေါ်မှာ ရေးထားတဲ့ စာသားတွေက ကျုံကော်ကို ချွေးစေးတွေ ပြန်သွားစေတယ်။ "ခင်ဗျားရဲ့ သားက အတန်းဖော်နဲ့ ရန်ဖြစ်ပြီး ဟိုကလေးကို ဆေးရုံတင်လိုက်ရတယ်"

ထိတ်လန့်စရာ!

ဒီစာသားတွေကို မြင်တော့ သူ တကယ် အံ့သြမှင်သက်သွားတယ်။

ကျုံကော်ရဲ့ ကျောရိုးတလျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရတယ်။

ကိုယ့်အကြောင်း အကုန်လုံး အတိတ်ရော အနာဂတ်ပါ သူများက သိနေသလို ခံစားချက်မျိုးပဲ။

ဒါက ကြောက်စရာကောင်းလိုက်တာ!

ခဏလောက် ကြောင်အသွားပြီးနောက် တစ်ခုခုကို သတိရသွားသလို ကျုံကော် တတိယစာရွက်ကို အလျင်စလို ဖွင့်ကြည့်လိုက်တယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူ ချက်ချင်း တောင့်တင်းသွားပြီး မျက်နှာက သေလူလို ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်!

တခြားတစ်ဖက်မှာတော့ ချန်ရိရွှမ်က လုံးဝ အေးဆေးသက်သာ ဖြစ်နေတဲ့ လင်းထျန်ကို ကြည့်ပြီး ပြောစရာစကားမဲ့နေတယ်။

"ဟေး နင် ဒီလောက် မာန်တက်မနေဘဲ နေလို့မရဘူးလား" ချန်ရိရွှမ်က လင်းထျန်ကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

"ဟုတ်လို့လား။ မဟုတ်ပါဘူး" လင်းထျန်က လက်ထဲမှာ ကိုလာတစ်ခွက် ကိုင်ထားပြီး ခြေချိတ်ထိုင်ကာ ရံဖန်ရံခါ ခေါင်းခါလိုက်နဲ့ တော်တော်လေး အေးဆေးဖြစ်နေတယ်။

"နင် နည်းနည်း လွန်မနေဘူးလား။ ဒီကနေ ဘယ်လိုထွက်ရမလဲဆိုတာ စဉ်းစားသင့်တယ်လေ" ချန်ရိရွှမ်က စိတ်ပျက်တဲ့လေသံနဲ့ ပြောတယ်။

"ငါ လွန်နေတာ မဟုတ်ပါဘူး။ ဪ... နေပါဦး ငါ့ကို ရေခဲမုန့်တစ်ချောင်းလောက် ထပ်ဝယ်ပေးပါဦး။ မစားရတာ ကြာလို့ တော်တော်လေး စားချင်နေပြီ" လင်းထျန်က တခစ်ခစ်ရယ်ပြီး ပြောလိုက်တယ်။

"တော်ပါတော့" ချန်ရိရွှမ် ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး လင်းထျန်ကို ကြည့်ကာ "နင် ဘာလုပ်နေတာလဲ။ ဒီနေရာကို နင့်အိမ်လို့ ထင်နေတာလား" လို့ အော်ပြောလိုက်တယ်။

ချန်ရိရွှမ် တကယ် ဒေါသထွက်နေတာ မြင်တော့ လင်းထျန် နှုတ်ခမ်းစူလိုက်ပြီး "ငါ့တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ဟွန့်" လို့ တီးတိုးရေရွတ်လိုက်တယ်။

"နင် ဘာပြောလိုက်တာလဲ" ချန်ရိရွှမ် မျက်လုံးပြူးသွားတယ်။

"ဘာမှမဟုတ်ပါဘူး" လင်းထျန် တခစ်ခစ်ရယ်ပြီး ဘယ်ညာ လှည့်ကြည့်နေလိုက်တယ်။

လင်းထျန်ရဲ့ ပုံစံကို မြင်တော့ ချန်ရိရွှမ်က ဒေါသတကြီးနဲ့ "ငါက နင့်ကို ကူညီဖို့ အသည်းအသန် ကြိုးစားနေတာ နင် ဒီလိုမှန်းသိရင် ငါ နင့်ကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

"စိတ်လျှော့ပါ" လင်းထျန်က လက်ကာပြလိုက်ပြီး ပြုံးကာ "ငါ ပြောပြီးပြီလေ နင်တို့ ညွှန်ကြားရေးမှူး ကိုယ်တိုင် ငါ့ကို လွှတ်ပေးလိမ့်မယ်လို့"

"နင့်ကို လွှတ်ပေးမယ် ဟုတ်လား။ နင်က သမ္မတရဲ့ သားလို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက်" ချန်ရိရွှမ်က အထင်သေးတဲ့လေသံနဲ့ ပြောလိုက်တယ်။ လင်းထျန် ဘယ်သူ့ကို သွားထိထားလဲဆိုတာ သူ ကောင်းကောင်း သိတယ်လေ။ ဒီလောက် လွယ်လွယ်နဲ့ လွတ်ဖို့ဆိုတာ မေ့လိုက်တော့။

"မယုံရင်လည်း နေပါစေတော့။ အင်း... သူ မကြာခင် ရောက်လာတော့မှာပါ" ပြောရင်းနဲ့ လင်းထျန် ဖုန်းထဲက အချိန်ကို ကြည့်လိုက်တယ်။

အခုဆိုရင် တော်တော်လေး အခြေအနေ ဆိုးနေလောက်ပြီ!